(၁)
“ငါ့မှာ ခင်တဲ့သူတွေ အများကြီးပဲ”
ဟုလူတစ်ယောက်ကို ပြောဆိုမိလျှင် ထိုသူမယုံနိုင်စရာ မရှိပါ ။ကျွန်မ၏ ငယ် ဘ၀အစသည်
ကစားစရာမျိုးစုံ ၊အရုပ်မျိုးစုံ ၊အထိန်းတော် ၊အချီတော် ၊အချော့တော်များနှင့်
ကြီးပြင်းခဲ့ရသည်။ လူမှန်းသိ တတ်စ အရွယ်ကပင် “ခင်တွယ်ခြင်း” ဟူသည်ကို တစ်မျိုးတစ်ဘာသာ
နား လည်ခဲ့သည် ။အလှအပကို ဦးစားပေးတတ်ပြီး ပိုကာဝိုင်း (ထိုအချိန်ကတော့
မည်သည့်နေရာသို့ သွားမှန်း မသိခဲ့ပါ) သို့မကြာခဏ သွားတတ်သော မာမာ သည်ကျွန်မ၏
ခင်တွယ်ရာ မဖြစ်ခဲ့ပေ ။မာမာ နှင့် ကျွန်မ သုံးရက်ကြာ၍ပင် တစ်ခါမတွေ့ဖြစ်ခဲ့ပါ ။အဆောင်ဆောင်
အခန်းခန်းတို့နှင့် ကျယ်ပြောလှသော ကျွန်မတို့ အိမ်ကြီးသည် မာမာနှင့် မတွေ့ဖြစ်အောင်
ဖန်တီးခဲ့သည် ထင်သည် ။မျက်နှာထား လွန်စွာ တည်၍ စီးပွားရေးကိစ္စ၌သာ လုံးပန်းနေသော
ပါပါသည်လည်း ကျွန်မ၏ အားကိုးရာ မဖြစ်ခဲ့ ။တစ်ခါတရံ မည်သည့် အကြောင်းကိစ္စကြောင့်
မသိဘဲမြည်တွန်တောက်တီးကာ ဒေါသတကြီး ဖန်ခွက်များ ၊ပန်းအိုးများကို မကြာ ခဏ ပေါက်ခွဲ တာကြောင့်လည်း
ဖြစ်မည် ။ထို့အတူ ပိန်ပိန်ပါးပါး၊ အသားညိုညိုနှင့် ၀တ္တရားကျေပွန်သော
မျက်လုံးတစ်စုံပိုင်ဆိုင်ထား သည့် နာနီကိုလည်း ကျွန်မမနှစ်သက်ခဲ့ပေ။ ကလေးဘ၀၏
ငြီးငွေ့မှုများ အတွေးများထဲတွင် ကျွန်မတို့ ”သီရိဂေဟာ” ရှိလူအားလုံးသည်
ကျွန်မကစားနေသော စက်ရုပ်ကလေး များနှင့် တူသည်ဟုထင်တာလည်းပါသည်။ အသစ်အဆန်း ကစားစရာများသည်လည်းကောင်း၊
ဂါဝန်မျိုးစုံ၊ ဖိနပ်မျိုးစုံသည်လည်းကောင်း၊ ကျွန်မအတွက် စိတ်ဝင်စားစရာ
မဖြစ်ခဲ့ပေ။
