Taare Zamee Par ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားလေးကိုဝယ်ထားခဲ့တာကြာပါပြီ။ ဒရာမာကားလေး တွေသီးသန့်ရွေးဝယ်တတ်တဲ့အလေ့အထအရ ရွေးခြယ်ဝယ်ယူထားတဲ့အခွေတွေထဲကတစ်ခွေပါ။
ဒီနေ့ တော့ အခွေ တစ်ခွေတော့ ကြည့်ဦးမှပဲလို့ ကြံရွယ်တဲ့အခါ ကလေးငယ်လေးတစ်ယောက်နဲ့ လူကြီးတစ် ယောက် အတူတူ ငေးနေတဲ့ ကာဗာလေးကို ရွေးထုတ်ဖြစ်ခဲ့ပါတယ်။ ကားနာမည်က အိန္ဒိယနာမည်မို့ ဘာကိုဆိုလိုတယ်
မသိရ ပြန်ဘူး..။ ဒါပေမယ့် ငေးနေတဲ့မျက်ဝန်းလေးတွေက ကျွန်မကို တစ်စုံတရာ ဆွဲဆောင်လိုက်တဲ့အခါ
အဲဒီ့ ကား လေးကို ရွေးပြီးကြည့်ဖြစ်လိုက်ပါတယ်။
အသက်ရှစ်နှစ်အရွယ်ရှိ အီရှန် ဟာထူးခြားတဲ့အတွေးအမြင်၊
ခံစားမှု ရှိနေတဲ့ ကလေးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ကူးထဲက အရောင်တွေ၊ ငှက်ကလေးတွေ၊
ငါးကလေးတွေ၊ ရုပ်ပုံလေးတွေ၊ စွန်ကလေး တွေ၊ တိမ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေဟာ အစဉ်လှုပ်ရှားလွန့်လူးလို့နေပါတယ်။
ဒါတွေကို ပန်းချီလေးတွေ အဖြစ် မကြာခဏပုံဖော်ခဲ့တယ်။ ဒါပေမယ့် အီရှန်ဟာ လူနေမှုအသိုင်းအဝိုင်းမှာ
သဟ ဇာတမဖြစ်လှဘူး။ သူ ဟာ အက္ခရာတွေ၊ ကိန်းဂဏန်းတွေကို မှတ်နိုင်စွမ်းအားနည်းတဲ့ ရောဂါကို ခံစားနေ ရသူလေးဖြစ်ပါတယ်။
သူဟာ ကျောင်းစာကိုသင်ယူနိုင်စွမ်းမရှိဘူး။ သင်ခန်းစာတွေကို လိုက်မီနိုင်စွမ်း မရှိဘူး။
မလုပ်နိုင်ခြင်းကို ဝန်မခံချင်တဲ့ အီရှန်ရဲ့ အငုံ့စိတ်မာနဟာ ပြဿနာတွေကို ထပ်တလဲလဲဖန်တီးသူ အဖြစ်သာ
ရောက်ရှိစေခဲ့ပါတယ်။
ပညာတတ်အလွှာဖြစ်တဲ့ ဂုဏ်သရေရှိမိဘတွေအတွက်တော့
အီရှန်ရဲ့အဖြစ်တွေဟာ အရှက်ရစရာ ပါပဲ။ အများနည်းတူဖြစ်တဲ့သူ့ကို နှိမ့်ချခြင်းတွေမှာ
သူဟာငိုကြွေးမနေဘဲ ရန်ပွဲတွေဖန်တီးခဲ့တယ်။ အိမ်တိုင် ယာ ရောက်တိုင်တောခြင်းတွေ ခံခဲ့ရတယ်။
သုညရောက်လုနီးပါးအမှတ်တွေပြည့်နေတဲ့ အရည်အချင်းစစ် ကဒ်ပြားကို သူ ဖျက်ဆီးခဲ့တယ်၊ အပြစ်ပေးခံရတဲ့အကြိမ်တွေများလာတဲ့
ကျောင်းမှာ မနေပျော်တဲ့ အခါ ကျောင်းပြေးတယ်၊ နောက် ခွင့်စာအတုတွေလည်း တစ်ဦးတည်းသောအစ်ကိုဖြစ်သူကို
အကူအညီ တောင်းပြီး ပြုလုပ်ခဲ့ပြန်ပါသေး တယ်။
အီရှန်ကိုမထိန်းချုပ်နိုင်တော့ဘူးလို့
ယူဆလာတဲ့ မိဘတွေဟာ သူ့ကို ကျောင်းအိပ်ကျောင်းစား ကျောင်း ကို ပို့ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။
ဒါဟာ အီရှန်အတွက် ငရဲပါပဲ။ စည်းကမ်းရှိဖို့၊
ပညာတတ်ဖို့၊ ထိပ်ဆုံးရောက်ဖို့ဆိုတဲ့ မိဘတွေ ရဲ့လိုလား ချက်ကို သူ မသိပါဘူး၊ နားလည်းမလည်ဘူး။
သူ သိတာ သူ ဟာ မိသားစုကိုချစ်တယ်။ သူချစ် တဲ့ ပါပါ၊ မာမာ၊ ဒါဒါ (အစ်ကို) တို့နဲ့ဝေးရာကိုခွဲပြီး
ဘယ်ကိုမှ မသွားချင်ဘူး။ သူ လုပ်ခဲ့သမျှတွေလည်း တမင်လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာ သူ
ကိုယ်တိုင်ပဲသိတယ်။ သူ ဟာ လူကြီးမိဘတွေကို ပမာပခန့် ပြုပြီး ပြဿနာတွေကိုမှ ထပ်တလဲလဲတမင်တကာပြုနေခြင်း
မဟုတ်ဘူးဆိုတာ မိဘတွေနားလည်လာ အောင် မပြောပြနိုင်ခဲ့ဘူး။ တကယ် တော့ အီရှန်ဟာသူ ဘာဖြစ်နေသလဲဆိုတာတောင်
ရေရာစွာ မပြောပြတတ်တဲ့ နုနယ်တဲ့ကလေးငယ်လေး တစ်ယောက်ပါပဲ။
စည်းကမ်းသေဝပ်ပြီး ကျောင်းစာတော်လာမယ်လို့
မျှော်လင့်ချက်နဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်း ကိုပို့ထားပေမယ့် အီရှန်ဟာ တိုးတက်ကောင်းမွန်မလာတဲ့အပြင်
မိသားစုကိုလွမ်းဆွတ်စိတ်၊ အဖယ်ကြဉ်ခံ ရပြီ ရယ်လို့ ဝမ်းနည်းကြေကွဲစိတ်နဲ့ စိတ်ဒဏ်ရာပါရလာပါတယ်။
ကျောင်းစာကိုလည်း မလိုက်နိုင်တဲ့အခါ ထို ကျောင်းမှာလည်း ပြဿနာဖန်တီးသူ၊ ဘေးပတ်ဝန်းကျင်ကို
အနှောက်အယှက်ပေးသူ လူဆိုးလေး အဖြစ်သာ ရောက်ရှိခဲ့ပါတယ်။ သူ ဘာကိုမှလုပ်နိုင်စွမ်းမရှိဘူးဆိုတဲ့
အငုံ့စိတ်၊ မိသားစုကဘေးဖယ်ထားပြီ ဆိုတဲ့ နာကျင်စိတ်က အီရှန့်ကို ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေ
တရိပ်ရိပ်ကျဆင်းစေခဲ့ပါတယ်။
အီရှန်ဟာ စကားတစ်ခွန်းမှ မဆိုသူဖြစ်လာတယ်။
အရာရာကို ထုံပေပေနိုင်သူဖြစ်လာတယ်။ ကြောင်တွေနေတဲ့မျက်ဝန်းတွေနဲ့ သူ့ရဲ့အကြည့်တွေကို
ဘယ်သူကမှ နားလည်နိုင်စွမ်းမရှိခဲ့ကြဘူး။ ဒါအပြင် သူ့စိတ်ကူး ထဲက အရောင်တွေ၊ ရုပ်ပုံလေးတွေ၊
သဘာဝပတ်ဝန်းကျင်တွေပါ ကွယ်ပျောက်စပြုခဲ့ပါ တယ်။ အီရှန်ရဲ့ စိတ် နှလုံးသားဟာ ရေခဲပြင်တစ်ခုလို
အေးစက်ထုံကျင်လာပါတော့တယ်။
အဲဒီ့ကျောင်းကို ယာယီအနုပညာဆရာတစ်ယောက်သာ
ရောက်မလာခဲ့ဘူးဆိုရင် အီရှန်ရဲ့အဖြစ် ဟာ ဘယ်အထိရောက်မသွားမလဲ မပြောနိုင်ဘူး။ ထိုဆရာ
ဟာ နီကမ် လို့အမည်ရပါတယ်။ သူ ဟာ မသန်စွမ်းကလေးများသင်ကြားပေးရာ ကျူးလစ်ကျောင်းမှ ဆရာတစ်ဦးလည်းဖြစ်တယ်။
နီကမ်ဟာ စ, ရောက်ကာစ နေ့ မှာပဲ ကလေးတွေကို စိတ်ဝင်စားအောင်ဖမ်းစားနိုင်ခဲ့ပါတယ်။ သူဟာ
ကရောင်းတစ်ဦး လိုဝတ်စားဆင်ယင်ပြီး ကခုန်ခြင်းနဲ့စာသင်ခန်းထဲကို ဝင်ရောက်လာခဲ့တယ်။ ကလေးငယ်တွေကို
စိတ်လွတ် လက်လွတ် ကခုန်မြူတူး ခြင်းနဲ့ အဖွင့်ကို စတင်ခဲ့ပါတယ်။
နီကမ် ဟာ လုပ်ပြီးသွားတဲ့အရာတွေဘယ်လို
ဆိုတာထက် ဘယ်လိုတွေးနိုင်သလဲ၊ ဘာတွေ စိတ်ကူး နိုင်သလဲ၊ နှလုံးသားထဲမှာ ဘာတွေရှိသလဲ၊
ဘာတွေဖော်ထုတ်နိုင်သလဲဆိုတာကို သင်ကြားပေးခဲ့ ပါတယ်။ ဒါဟာ ကလေးဗဟိုပြုသင်ကြားရေးပါပဲ။
နီကမ် ကို အခြား ဆရာတွေက ပြက်ရယ်ပြုကြပေမယ့် နီကမ်ဟာ သူ့ လမ်းအတိုင်းမှန်မှန် လျှောက်ခဲ့သလို
ကလေးငယ်တွေနဲ့လည်း ချစ်ခင်စွာတသားတည်း ကျ လာပါတော့တယ်။
အားလုံးပျော်ရွှင်သွက်လက်နေချိန်မှာ
တစ်ယောက်တည်းငေးငိုင်နေတဲ့ အီရှန်ကို နီကမ်က သတိ ထားမိလာတယ်။ မပျော်ရွှင်တဲ့၊ စကားတစ်ခွန်းမှမဆိုတဲ့၊
တုန့်ပြန်မှုအလျင်းမရှိတဲ့ ကလေးငယ်ရဲ့အပြုအမူ က နီကမ်ကို အံ့အားသင့်စေတယ်။ ဝမ်းနည်းအားငယ်ရိပ်သန်းနေတဲ့
မျက်ဝန်းကအရိပ်တွေကို တစွန်းတစ ဖတ်နိုင်သွားတဲ့ နီကမ် ဟာ အီရှန်ရဲ့ဖြစ်စဉ်ကို သိရှိဖို့ကြိုးပမ်းပါတော့တယ်။
နီကမ် ဟာ ကျောင်းမှတ်တမ်းတွေကတဆင့်
အီရှန် ရဲ့ အခြေအနေတွေကို စစ်တမ်းကောက် သလို ပြုစုခဲ့တယ်။ နောက်ဆုံး အီရှန့်အိမ်အထိသွားပြီး
အီရှန်ရဲ့ ဟိုး အစကတည်းက ဘယ်လိုအားနည်း ချက်ရှိသလဲ၊ ဘာပြဿနာရှိသလဲဆိုတာ အဖြေရှာခဲ့ပါတယ်။
အမှားတွေ ထပ်တလဲလဲမှားတာ၊ ဆင်တူနေ တဲ့အက္ခရာတွေကို မမှတ်နိုင်တာ၊ စာအချို့ကို မှန်စာလို
ပြောင်းပြန်သာမြင်တတ်တာ၊ အင်္ကျီကြယ်သီး တည့်အောင်မတပ်တတ်တာ၊ ကိန်းဂဏန်းတွေ မတွက်နိုင်တာ…အဲသလို
ဖြစ်ရပ်အစအဆုံး ကို သေချာ အကဲဖြတ်ပြီးတဲ့အခါ အီရှန်ဟာ Dyslexia ဆိုတဲ့ စာဖတ်နိုင်စွမ်းချို့ယွင်းတဲ့
အားနည်းချက်ကို ရောဂါ သဖွယ်ထမ်းပိုးထားရသူလေးဖြစ်ကြောင်း သိရှိခဲ့ပါတယ်။
ဒါအပြင် အီရှန်ရဲ့ ပန်းချီအနုပညာပါရမီကိုလည်း
အမှတ်မထင်သိခွင့်ရခဲ့တယ်။ စိတ်ကူးကွန့်မြူးစွာ ရေးဆွဲထားတဲ့ ပန်းချီရုပ်ပုံတွေနဲ့ပြည့်နှက်နေတဲ့
အီရှန့်အခန်းကို ဝင်ကြည့်ခွင့်ရတဲ့အခါ နီကမ် ဟာ ရင်သပ်ရှုမောခံစားမှုနဲ့အတူ သူဘာလုပ်ရမယ်ဆိုတာလည်း
တထိုင်တည်းနားလည်ခဲ့ပြီးသား ဖြစ်နေပါ တယ်။
စာဖတ်နိုင်စွမ်းအားနည်းတာဟာ ကမ္ဘာပေါ်မှာတစ်ယောက်တည်းမဟုတ်ကြောင်း
အီရှန် သိစေဖို့ နီကမ် က ကြိုးပမ်းခဲ့ပါတယ်။ သောမတ်အယ်လ်ဒီဆင်၊ လီယိုနာဒိုဒါဗင်ချီ၊သောမတ်အယ်လ်ဖာအက်ဒီဆင်၊
ပက်ဘလို ပီကာဆို၊ နီဒိုင်းမွန်း၊ အက်ဂတာခရစ်စတီး၊ အဘီရှက်ဘချမ်း စတဲ့ နယ်ပယ်ပေါင်းစုံမှ
ကျော်ကြားသူတွေရဲ့ အကြောင်းကို စာသင်ခန်းထဲပြောပြခဲ့တယ်။ သူတို့တွေဟာ စာဖတ်နိုင်စွမ်းအား နည်းသူတွေဖြစ်ကြပေမယ့်
တစ်ပါးသူမသိမြင်နိုင်တဲ့ ဖော်ထုတ်မှုတွေ၊ တစ်ပါးသူမဖန်တီးနိုင်တဲ့ အနု ပညာတွေ ဖန်တီးနိုင်ကြကြောင်း
သိစေ ခဲ့တယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ တစ်ပါးသူနဲ့မတူ တမူထူးနေတဲ့ သူတို့ရဲ့အသိအမြင်၊ အတွေးအခေါ်တွေ
ကြောင့်ပါပဲ၊ ဒီလိုထူးခြားမှုတွေကို ဖော်ထုတ်အသုံးချနိုင်တဲ့တစ်နေ့ ကမ္ဘာကအသိအမှတ်ပြုရပြီး
ကျော်ကြားသူ တွေအဖြစ်ကို ရောက်ရှိသွားခဲ့တယ်လို့ ပြောပြနိုင်ခဲ့ပါတယ်။
အဲသလိုသိမြင်စေခြင်းရဲ့ အကျိုးဆက်ကတော့
အီရှန်ရဲ့ ဖန်တီးနိုင်စွမ်းတစ်ခုကို စတင်မြင်ခွင့် ရလိုက်တာပါပဲ။ ရေပေါ်မှာ ပြေးလွှားနေတဲ့
သံပတ်သဖွယ်ပေးလို့ရတဲ့ အရုပ်ငယ်လေးတစ်ခုကို အီရှန် က ကျောင်းသား အားလုံးရဲ့ရှေ့မှာ လုပ်ပြနိုင်ခဲ့ပါတယ်။
ဒါဟာ အီရှန်ရဲ့ စိတ်ကို အကောင်းဘက်ကို ပြောင်းလဲလာစေမယ့် ယုံကြည်ချက်ပြန်ရစေမယ့် ပထမဆုံးသော
အောင်မြင်မှုတစ်ခုပါပဲ။ အီရှန်ဟာ သူ့ကိုယ်သူ ရှာတွေ့စ ပြုနိုင်ခဲ့ပါပြီ။
နီကမ်ဟာ အီရှန်ကို စိတ်ရှည်လက်ရှည်စာသင်ကြားပေးခဲ့တယ်။
ဟယ်လင်ကယ်လာကို သင်ကြား ပေးမယ့်ဆရာ ပေါ်ခဲ့သလိုပါပဲ…အီရှန်ဟာ ထိတွေ့ခြင်း၊ သိမြင်ခြင်းနဲ့
စိတ်ကိုမြင်ပေးနိုင်တဲ့ ဆရာရဲ့ ညင်သာတဲ့ သင်ကြားမှုနဲ့အတူ အက္ခရာတွေ၊ ကိန်းဂဏန်းတွေလည်း
ဖြည်းညင်းစွာသင်ယူနိုင်ခဲ့ပါတယ်။ အီရှန်ကို ဒီလို သင်ကြားခွင့်အတွက်လည်း လိုအပ်တဲ့အချိန်ကာလတစ်ခုကို
ကျောင်းအုပ်ဆရာကြီးထံမှ နီကမ်က တောင်းခံယူ ခဲ့ရပါတယ်။ တကယ်တော့ နီကမ်ဟာ အနုပညာဆရာတစ်ဦးမျှသာပါ။
အီရှန်ရဲ့စိတ်အမှောင်တွေဟာ တစစရှင်းလင်းလာပြီး
အတွေးအာရုံထဲကအရောင်တွေ၊ ရုပ်ပုံတွေ ဟာ လည်း ယခင်ကနှယ် ပြန်လည်ကခုန်လှုပ်ရှားလို့ လာခဲ့ပါပြီ။
နောက်ဆုံးမှာတော့ ကျောင်းတွင်း ပန်းချီပြိုင်ပွဲမှာ ဆရာဖြစ်သူကိုတောင် ကျော်ဖြတ်ပြီး
အီရှန်က တစ်ဦးတည်းသောအနိုင်ရရှိသူဖြစ်သွားခဲ့ ပါတယ်။ အီရှန်က သူပထမဆုံးအောင်မြင်မှုရခဲ့ရာ
ကန်နံဘေးကိုပဲ အခြေပြုလို့ သူ့စိတ်ကူးထဲက ရုပ်ပုံလေး တွေနဲ့ အသက်သွင်း လှပပြောင်မြောက်တဲ့
ပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့တာပါ။
နီကမ်
ရေးဆွဲတဲ့ပုံကတော့ အားအင်ရှိတဲ့မျက်ဝန်းတောက်တောက်တွေနဲ့ လှပတဲ့အနာဂတ်ကို ယခုပင်ထုဆစ်တော့မဟန်
အားပါးတရရယ်မောနေတဲ့ အီရှန် ရဲ့ မျက်နှာပုံလေးပဲ ဖြစ်ပါတယ်။
အဆုံးသတ်မှာတော့ အီရှန်ဟာ ထူးချွန်ထက်မြက်တဲ့
ကလေးငယ်တစ်ယောက်အဖြစ် ပြောင်းလဲ သွားခဲ့ပါတော့တယ်။
Taare Zamee Par ဟာ ၂၀၀၇ ခုနှစ်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး
အိန္ဒိယနိုင်ငံရဲ့ ပညာတတ်မိသားစု တွေ ကို dyslexia အကြောင်းနဲ့ အခြားသောဆက်နွယ်နေတဲ့
အခြေအနေတွေကို သိရှိစေရန်ရည်ရွယ်ခဲ့ပါ တယ်။ အမြင့်ဆုံးကိုမှလိုချင်တတ်တဲ့ မိဘတွေရဲ့
လွဲမှားတဲ့အတ္တ၊ ကောင်းစေချင်တဲ့ မေတ္တာ၊ ထိပ်ဆုံးဆို တာတွေ နောက်,လိုက်ရင်း အပြိုင်အဆိုင်ဖြစ်လာတာတွေကို
ညွှန်ပြပေးခဲ့ပါတယ်။
Aamir Khan က ထုတ်လုပ်သူ၊ ဒါရိုက်တာအဖြစ်သာမက
နီကမ် အဖြစ်ပါသရုပ်ဆောင်ခဲ့ပါတယ်။ Taare Zamee Parဟာ ရုပ်ရှင်ဆုပေါင်း များစွာကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
Film Best Award 2008, National Film Award for Best Film on Family Welfare 2008,
Academy Awards Best Foreign Film 2009 စတဲ့ရုပ်ရှင်ဆုတွေမှာ Best Film, Best
Director, Beat Supporting Actor, Beat Story, Best Child Artist(Actor), Best
Music, Best Dialogue စတဲ့ ဆုတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။
Wikipedia မှာတော့ မီဒီယာလောကမှာ Slumdog
Millionaire အမည်ရတဲ့ဗြိတိသျှရုပ်ရှင်နဲ့ Taare Zamee Par ဟာ ပြိုင်ဖက်ကင်းအောင်ကောင်းမွန်ကျော်ကြားလှတယ်လို့ဆိုပါတယ်။
Taare Zamee Par ရဲ့ အင်္ဂလိပ်ခေါင်းစဉ်က ‘Like Stars on Earth’ ပါ။ ကမ္ဘာပေါ်ကထင်ရှားကျော်ကြားတဲ့
ကြယ်ပွင့်တွေလို ပဲ မီးမောင်းထိုးပြတဲ့သဘောပါ။
လူ့ဘဝမှာ အောင်မြင်မှုဟာ စိတ်နှလုံးသားရဲ့လိုအင်ကိုတောက်ပအောင် မွမ်းမံနိုင်ခြင်းဆိုတာ သိမြင်ဖို့ Taare Zamee Par က ကောင်းစွာတင်ပြနိုင်ခဲ့ပါတယ်။
ချစ်ခြင်းမေတ္တာနဲ့ မြင်အောင်ကြည့်တတ်ရင် ကောင်းသောအရာတွေပဲ မြင်နိုင်တယ်ဆိုတာလည်း ပြသခဲ့ပါတယ်။ အမျိုးမျိုးသော ချို့ယွင်းချက်တွေ လူတိုင်း လူတိုင်း မှာ ရှိနေပြီး အထူးထူးအခြားခြားသော
ထူးချွန်မှုပါရမီတွေလည်း ကိုယ်စီမှာ ရှိနေကြတယ်လို့ သိမ်မွေ့စွာပြသ နိုင်ခဲ့ပါတယ်။ ဒါတွေကို
သိမြင်နိုင်ဖို့ တော့ စာနာနားလည် တဲ့နှလုံးသားတော့ လိုပါလိမ့်မယ်..။ ။
ရွှေအိမ်စည်မေ
14.10.2014
AM;3:43
Yangon Time.
San San Htun နဲ့ Adora တို့ခေါ်ထားတဲ့ BPP Challengeအတွက်ပါ..။ နှစ်ယောက်ပေါင်းပြီးပဲ ရေးခွင့်ပြုပေးပါ..။ :))
သူကြီးက စန်းထွန်းစိန်ခေါ်ထားတာ အခုမှ မြင်ကာစရှိသေး။ ရွှေအိမ်စည်တို့က တုန့်ပြန်ပြီးပြီ။ အဲလောက် တော်တာ။
ReplyDeleteအဲဒီကလေး သူကြီးနဲ့တူတယ် ပန်းချီမဆွဲတတ်တာလေး တစ်ခုက လွဲရင်ပေါ့။း)
သဘာဝကျကျ ဇာတ်လမ်းလေးစိတ်ဝင်စားစရာကောင်းတယ် သူသူရေ...
ReplyDeleteနုနယ်နှလုံးသားပိုင်ဆိုင်တဲ့ ကလေးငယ်တိုင်းရဲ့ အားနည်းချက် အားသာချက် သူတို့လေးတွေရဲ့ ခံစားချက်ကို မိဘ ဆရာတို့ နားလည်သဘောပေါက်အောင် ကြိုးစားသင့်တယ်။ စိန်ခေါ်ပို့စ်လေးအတွက် အားကြိုးမာန်တက် ဖတ်သွားပြီနော်။
တကယ်ကောင်းတဲ့ ဇတ်ကားလေးပါ။ သူ(Aamir khan) ပါတဲ့ 3 idots (စာလုံးပေါင်းမှားနိုင်) ကားကလဲ အရမ်းကောင်းပါတယ်။
ReplyDeleteညီမသူသူ အရေးကောင်းတာနဲ့ . အဲဒီ ဇာတ်ကားလေး ကြည့်အုန်းမှာပါ။ :) :)
ReplyDeleteရွှေအိမ်စည်လေးရေ-------အဲဒီကားကိုမကြည့်ဖူးသေးဘူး စာဖတ်ပြီးတော့ပိုပြီးစိတ်ဝင်စားရပြီ အားတဲ့အချိန်လေးကြည့်အုန်းမှ
ReplyDeleteသူသူကြော်ငြာအားကောင်းတာကြည့်ဦးမှပါလေ
ReplyDeleteဇာတ်ကားကောင်းလေးအကြောင်း ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ သူသူ။ အာရ်မားပါတဲ့ 3 idiots ကားလည်း အရမ်းကောင်းတယ်။ ခုကားကိုတော့ နာမည်ကြီးကားတစ်ကားအဖြစ် သိထားပေမယ့် မကြည့်ဖြစ်သေးဘူး။ ဗြိတိသျှဒါရိုက်တာဒန်နီဘွိုင်းလ်ရိုက်ကူးတဲ့ အိန္ဒိယနောက်ခံရုပ်ရှင်ဇာတ်ကား slumdog millionaire လည်း အရမ်းကောင်းတယ် သူသူရဲ့။ နောက်ကြုံရင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ မဇွန် တိုက်တွန်းချင်တယ်.။း)
ReplyDeleteအရေးအသားကောင်းလို့ကြည့်နေရသလိုခံစားရတယ် စိတ်ဓာတ်ကျနေတဲ့အချိန်မှာဖတ်လိုက်ရလို့ စိတ်အားလဲတတ်မိပါရဲ့ ဇာတ်လမ်းကောင်းလေးအတွက်ကျေးဇူးပါနော်
ReplyDeleteကျွန်တော့်တူလေးတစ်ယောက်ကလည်းအဲ့လိုပဲ
ReplyDeleteစာမှာတော့သူများတွေလိုကျက်မှတ်နိုင်စွမ်းတော့မရှိဘူး
ဒါပေမယ့်
တီထွင်တတ်တဲ့အနုပညာအမြင်တော့ရှိတယ်
ပုံတွေဆွဲရင် 3Dမကျတကျပဲ ခက်တာကဒို့နယ်ဘက်မှာ သူ့အနုပညာအစွမ်းကိုမြှင့်တင်ပေးနိုင်မယ့် သင်တန်း တွေ မရှိတာပဲ