Saturday, September 27, 2014

ခင်မင်ခြင်း









(၁)

“ငါ့မှာ ခင်တဲ့သူတွေ အများကြီးပဲ” ဟုလူတစ်ယောက်ကို ပြောဆိုမိလျှင် ထိုသူမယုံနိုင်စရာ မရှိပါ ။ကျွန်မ၏ ငယ် ဘ၀အစသည် ကစားစရာမျိုးစုံ ၊အရုပ်မျိုးစုံ ၊အထိန်းတော် ၊အချီတော် ၊အချော့တော်များနှင့် ကြီးပြင်းခဲ့ရသည်။ လူမှန်းသိ တတ်စ အရွယ်ကပင် “ခင်တွယ်ခြင်း” ဟူသည်ကို တစ်မျိုးတစ်ဘာသာ နား လည်ခဲ့သည် ။အလှအပကို ဦးစားပေးတတ်ပြီး ပိုကာဝိုင်း (ထိုအချိန်ကတော့ မည်သည့်နေရာသို့ သွားမှန်း မသိခဲ့ပါ) သို့မကြာခဏ သွားတတ်သော မာမာ သည်ကျွန်မ၏ ခင်တွယ်ရာ မဖြစ်ခဲ့ပေ ။မာမာ နှင့် ကျွန်မ သုံးရက်ကြာ၍ပင် တစ်ခါမတွေ့ဖြစ်ခဲ့ပါ ။အဆောင်ဆောင် အခန်းခန်းတို့နှင့် ကျယ်ပြောလှသော ကျွန်မတို့ အိမ်ကြီးသည် မာမာနှင့် မတွေ့ဖြစ်အောင် ဖန်တီးခဲ့သည် ထင်သည် ။မျက်နှာထား လွန်စွာ တည်၍ စီးပွားရေးကိစ္စ၌သာ လုံးပန်းနေသော ပါပါသည်လည်း ကျွန်မ၏ အားကိုးရာ မဖြစ်ခဲ့ ။တစ်ခါတရံ မည်သည့် အကြောင်းကိစ္စကြောင့် မသိဘဲမြည်တွန်တောက်တီးကာ ဒေါသတကြီး ဖန်ခွက်များ ၊ပန်းအိုးများကို မကြာ ခဏ ပေါက်ခွဲ တာကြောင့်လည်း ဖြစ်မည် ။ထို့အတူ ပိန်ပိန်ပါးပါး၊ အသားညိုညိုနှင့် ၀တ္တရားကျေပွန်သော မျက်လုံးတစ်စုံပိုင်ဆိုင်ထား သည့် နာနီကိုလည်း ကျွန်မမနှစ်သက်ခဲ့ပေ။ ကလေးဘ၀၏ ငြီးငွေ့မှုများ အတွေးများထဲတွင် ကျွန်မတို့ ”သီရိဂေဟာ” ရှိလူအားလုံးသည် ကျွန်မကစားနေသော စက်ရုပ်ကလေး များနှင့် တူသည်ဟုထင်တာလည်းပါသည်။ အသစ်အဆန်း ကစားစရာများသည်လည်းကောင်း၊ ဂါဝန်မျိုးစုံ၊ ဖိနပ်မျိုးစုံသည်လည်းကောင်း၊ ကျွန်မအတွက် စိတ်ဝင်စားစရာ မဖြစ်ခဲ့ပေ။ 




ထိုသို့အနှစ်သာရ မရှိလှသော ပျော်ရွှင်ခြင်းကင်းသည့် ကျွန်မ၏ ကလေးဘ၀ထဲသို့ ပထမဆုံး ၀င်ရောက် လာ သည်မှာ ”ဦးကျော်ကြီး” ဖြစ်သည်။ ဦးကျော်ကြီးသည် ကျွန်မတို့အိမ်ဘေးရှိ ဇရပ်လိုလို အိမ်ပျက်လိုလို အိမ်မှဖြစ်သည်။ သူသည် မည်သည့်အချိန်အခါကတည်းက ထိုနေရာသို့ ရောက်ရှိနေသည် မသိပါ။ မည်သည့်နေရာမှလာ၍ မည်သည့် အလုပ်ကို လုပ်ကိုင်မှန်းလဲ မသိပေ။ ကျွန်မသိသည်က ”ဦးကျော်ကြီး” သည်သူမ ဘ၀၏ပထမဆုံးခင်တွယ်ရသူ ဖြစ်သည်။ ကစားဖော်မရှိလှသော ကျွန်မဘ၀ အတွက် ”ဦးကျော်ကြီး” သည်ကစားဖော်ဖြစ်သည်။ ကျွန်မအတွက် ပုံပြင်အပုဒ်ပေါင်း များစွာကို မရိုးရ   အောင် ပြောပြသူလည်းဖြစ်သည်။ ကျွန်မ၏ ခင်တွယ်စွဲလမ်းမှုမှာ မည်မျှအထိနက်ရှိုင်းသလဲဆိုသော် ကျွန်မတို့အိမ်ရှိ စားစရာမျိုးစုံကို နာနီကစားရန်သတ်မှတ်ပေးပြီး အထုပ်ကြီး၊ အထုပ်ငယ်တို့ကို ကျွန်မရှေ့၌ ချထားချိန်၌ ကျွန်မကတော့ ဦးကျော်ကြီး၏ မာလကာသီးပွပွကြီးများကိုသာ မြင်ယောင်နေမိသည်။ ထိုနေ့ က ကျွန်မနေ့လည်စာ မစားဖြစ်ပါ။ အချိန်မှန်မှန်မစား၍လည်းကောင်း၊ ကျွေးနေကျစကေးလျော့လျှင် အဆူ ခံရမှာစိုးသည်ကြောင့်လည်းကောင်း၊ ရေရွတ်မြည်တမ်းနေသောနာနီ၏ စကားသံများကို ကျွန်မလျစ်လျူရှု   နေလိုက်သည်။ ညနေ လေးနာရီတီးသည်နှင့်တပြိုင် နက်  ဦးကျော်ကြီးတို့ခြံထဲသို့ ပြေးသွားလိုက်သည်။ ကျွန်မ၏ရေးကြီးသုတ်ပျာနိုင်မှုကို ဦးကျော်ကြီးက  အလန့်တ ကြား ကြည့်လျှက်-


”ပုံ့ပုံ့ ဘာဖြစ်လာတာလဲ”

ဦးကျော်ကြီးက ကျွန်မကို မာမာတို့ခေါ်သည့်အတိုင်း ပုံ့ပုံ့ဟုခေါ်သည်။ ကျွန်မက မျက်နှာကို ရှုံ့မဲ့လျှက်-
”ဗိုက်ဆာလို့ ဦးကျော်ကြီးရဲ့ ပုံ့ အခုထိနေ့လည်စာ မစားရသေးဘူး”
ကျွန်မစကားအဆုံးတွင် ဦးကျော်ကြီးမျက်နှာ၌ အရိပ်အယောင်တစ်မျိုး ဖြတ်ပြေးသွားသည်။ ထို့နောက် ကျွန်မဆံပင်ကို ညင်သာစွာ ပွတ်လျှက်-

”သမီးရယ်....ဘာဖြစ်လို့ မစားတာလဲ၊ သမီးလေး အစာအိမ်ရောဂါရလိမ့်မယ်”

”ဟင် နာနီက ဦးကျော်ကြီးလို စေတနာမှ မပါတာ”

    ကျွန်မ စကားအဆုံး၌ သူကဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။သို့သော် သူ့အသံ၌ နာကျင်ကြေကွဲရိပ်များ ပါနေသည်ဟု ကျွန်မထင်သည်။ ထို့နောက် ကျွန်မအတွက် သိမ်းဆည်းထားသော ပဲထမင်းပန်းကန်ကို ထုတ်ပေးသည်။ ကိုယ့်ဒုက္ခကိုယ်ရှာသောကြောင့် အဆာလွန်ကာ ငတ်နေသော ကျွန်မသည် ဟန်ပင်မဆောင်နိုင်ဘဲ အားပါးတရ စားလေသည်။ ကျွန်မစားနေပုံကို ကြည့်ပြီး ဦးကျော်ကြီးက ခေါင်းတယမ်းယမ်းနှင့် ။ပြီးတော့ သူ့နှုတ်ခမ်းမှ တိုးဖွဖွ ရေရွတ်ပြီး ကျွန်မကိုငေးကြည့်နေသည်။

“အင်း ရွှေဘုံစံတဲ့ကွယ်..သနားစရာကောင်းလိုက်တာ ။နာနီတွေရဲ့စိတ်ဓာတ် ကတော့ ပြုပြင်ဖို့   ကောင်း နေပြီ။ ဟင့်အင်း....နာနီတွေကြောင့်လည်း မဟုတ်ပါဘူး”
* * * * * *
(၂)
ကျွန်မ ဦးကျော်ကြီးကို အားကိုးတွယ်တာခဲ့ပါသည် ။သို့သော် ကျွန်မငါးနှစ်သမီးတွင် ဦးကျော်ကြီး သည် ကျွန်မကို နှုတ်ဆက်ပြီး အဝေးသို့ ထွက်ခွာသွားခဲ့သည်။ထိုနေ့က ကျွန်မကို သူကလူကြီးလေး တစ်ယောက်လိုနှုတ်ဆက်ပွဲလေး လုပ်ပေးခဲ့သည်။ ကျွန်မကတော့ မကြာခင် ခွဲခွာရမည်ကို စိုးစဉ်းမျှ မတွေးမိဘဲ ပျော်ရွှင်နေခဲ့သည်။

“ဟယ်..ဦးကျော်ကြီးရေ....ဒီမှာလည်း ခေါက်ဆွဲကြော်တွေပါလား စုံနေပြီကွနော်၊ ၀က်သားပေါင်း၊ ကြက်ပဲ (ကြက်သားနှင့်ပဲ၊ ပလာတာ ရောချက်ထားသော) ၊အာလူးကြော် ၊အင်း ဒါက ဘာတွေလည်း မသိဘူး။ဟင် ဒီမှာ အရက် တွေလား ၊အချိုရည် တွေလည်း ရှိတယ်။အချိုရည်တွေပဲသောက်ပါ ဦးကျော်ကြီးရယ်။ အရက် မသောက်ပါနဲ့..ပါပါ အရက် သောက်ရင် သမီးကို ဆူတတ်တယ်။ပန်းကန်တွေလည်း ခွဲတယ်။ဦးကျော်ကြီး လည်း အရက်သောက်ရင် အဲဒီလိုပဲ ဖြစ်မှာ ။အရက်မသောက်နဲ့နော် ။ဟင် ဒါနဲ့ မုန့်တွေဘာလို့ ဒီလောက် များနေတာလဲဟင်...ဦးကျော်ကြီး မွေးနေ့လား၊ ဒါမှ မဟုတ်................”

“တော်ပါတော့ မရွှေစာရယ်၊ ကျုပ် ပြောပါရစေဦး၊ ဦးကျော်ကြီး တခြားမြို့ကို ပြောင်းတော့မယ် ပုံ့ပုံ့၊ အဲဒါ ကြောင့် သမီးအတွက် နှုတ်ဆက်ပွဲလုပ်ပေးတာ”

“ဟင် ဘာလို့ ပြောင်းရမှာလဲ မပြောင်းရပါဘူး။ပုံ့ပုံ့ ကိုထားခဲ့ပြီး ဘယ်မှ မသွားရပါဘူး။ မသွားရဘူး၊ မသွားရဘူးနော်၊ ပုံ့ပုံ့ကို မနောက်နဲ့။ ပုံ့ပုံ့ ငိုမှာ အီး ဟီး”

“ပုံ့ပုံ့ မငိုပါနဲ့ကွ၊ ပုံ့ပုံ့ အာ နေပါဦး ပုံ့ပုံ့ ရယ်၊ ဦးပြောပါရစေဦး၊ ဒုက္ခပဲ တောင်းပဲ တောင်းပန်နေရပါလား”

   ကျွန်မသည် ငိုကြွေးရင်း ငိုကြွေးရင်းဖြင့် ဒေါသတကြီး ဖြစ်လာသည်။ ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ မုန့်ပန်းကန်များကို လက်လှမ်းမီသမျှ အကုန်မှောက်ပစ်သည်။ပထမတော့ ဦးကျော်ကြီးသည် ကျွန်မလက်ထဲမှ ပန်းကန်များကို လိုက်လုသည်။သို့နောက်တွင်တော့ အလျော့ပေးတတ်သော မျက်ဝန်းတစ်စုံဖြင့် ကုလားထိုင်ပေါ် အရုပ်ကြိုးပျက် ထိုင်ချကာ ကျွန်မကို ဘာမှ ပြန်မပြောတော့ချေ။ ထိုအခါ လိုက်ဆွဲစဉ်က ဆတ်ဆတ်ထိမခံအောင် သောင်းကျန်းသော ကျွန်မသည် တားမြစ်မည့်သူ မရှိသည့်အခါ ငြိမ်သက်သွားလေသည်။ဦးကျော်ကြီးသည် ကျွန်မမျက်လုံးတည့်တည့်သို့ စိုက်ကြည့်ပြီးနောက်

“ဦးဦး မသွားတော့ဘူးပုံ့ပုံ့ ဟု တိုးညင်းစွာ ပြောလိုက်သည်”

ထိုနေ့က ကျွန်မတို့ ပျော်ရွှင်ခဲ့ပါသည်။သို့သော် နောက်တစ်နေ့ နံနက်မှ စ၍ဦးကျော်ကြီးကို ကျွန်မ မတွေ့ရတော့ချေ။

*  *   *  *
(၃)

မိုးစက်ကလေးများ တဖွဲဖွဲကျဆင်းပြီး အေးမြလှသော နေ့ကလေးတစ်နေ့တွင် ကျွန်မကျောင်းစတင် တက်ရလေသည်။ စတက်ကာစရက်တွင်တော့ ကျွန်မစိုးရွံ့နေသေးသည်။သို့သော် သူငယ်ချင်းများစွာနှင့် ထိတွေ့ဆက်ဆံရသော ကျောင်းသူ ဘ၀ကို တစ်စတစ်စနှစ်ခြိုက်လာခဲ့ရသည်။ နာနီမှ တစ်ပါး အုပ်ထိန်းသူတစ်ယောက်ဖြစ်သော ကျွန်မတို့ ဆရာမကိုလေးစား ချစ်ခင်စိတ်နှင့် စာကြိုးစားခဲ့သဖြင့် စာတော်သူတစ်ယောက်အဖြစ် ၀ံ့ကြွားနိုင်ခဲ့လေသည်။ ဆုပေးပွဲများတွင် ကျွန်မနာမည် သည် ထိပ်ဆုံးမှ ကြွားကြွားဝံ့ဝံ့။ သို့သော် ဆုယူသည့် အခါတိုင်း ပါပါနှင့် မာမာ မပါဝင်တတ်ပါ။ ကျွန်မ တစ်ယောက်တည်း ဆရာမများနှင့်သာ ဆုပေးပွဲကို ဆင်နွှဲမြဲ။ အစ ပထမတော့ ဆုပေးပွဲဖိတ်စာကိုကိုင်ကာ ပါပါနှင့် မာမာ ထံသို့ဝမ်းသာအားရ ပြေးသွားခဲ့သည်။ ပါပါသည် သူမ၏ ဖိတ်စာကို သာမာန်စာရွက် တစ်ရွက် အနေနှင့်သာ ကြည့်၍

“ဟေ အေးအေး၊ မာမာ့ကို ၀တ်စုံအသစ်ချုပ်ခိုင်းပေါ့၊ ပါပါ မအားသေးဘူးကွယ်၊ Excuse me ”

“အမယ် ပုံ့ပုံ့ နင့်ပါပါကိုတော့ ငါ မပြောချင်တော့ဘူး။ သူ့တစ်ယောက်တည်း အလုပ်ရှိတာ ကျနေတာပဲ၊ ထစ်ကနဲရှိ ဒီက မိန်းမပဲ ဟွန်း၊ ကဲ ပုံ့ပုံ့ ရေ သမီး အင်္ကျီချုပ်ချင်ရင် နာနီကို စီစဉ်ခိုင်းလိုက်မယ်။ မာမာလည်း မအားဘူးကွယ်၊ ဆုပေးပွဲက အချိန်ကြာမှာ မာမာ ဒီနေ့ ၀ိုင်းရှိတယ်”

ထိုအဖြစ်အပျက်နောက်တွင်တော့ ကျွန်မသည် ကျွန်မ၏ ၀မ်းသာ ၀မ်းနည်းမှုမှန်သမျှ ပါပါနှင့် မာမာထံသို့ မတင်ပြတော့ပဲ ကျွန်မဒိုင်ယာရီနှင့်ပင်အဖော်ပြု တတ်သည့် အလေ့အထရလာခဲ့သည်။ ထိုသို့ အထီးကျန်ဆန်၍ ပျင်းရိခြောက်သွေ့ဖွယ် ကောင်းလှသော ကျွန်မဘ၀ထဲသို့ ဒုတိယအကြိမ် ၀င်ရောက်လာသူမှာ “ရီနွယ်ဦး” ဖြစ်သည်။
*  *   *  *   *   *
(၄)

ရီနွယ်ဦးကို ငါးတန်းတက်စ အရွယ်တွင် စတင်တွေ့ဆုံရသည်။ စစတွေ့တွေ့ချင်း၌ ကျွန်မတို့ နှစ်ယောက် အဆင်မပြေကြပါ။ ဆရာမ အစီအစဉ်တကျနေရာ ချထားပေး၍သာ နှစ်ယောက်အတူထိုင်ရသော်လည်း မကျေလည်ကြ။ ကျွန်မက ရီနွယ်ဦး ကို ဘာကိုအမြင်ကတ်မှန်း မသိ၊ အမြင်ကတ်နေရသလို၊ ရီနွယ်ဦး ကလည်း ကျွန်မကို မျက်မုန်းကျိုး နေခဲ့သည်။ အသားညို လှသော ကျွန်မက အသားဖြူလှသည့် တရုတ်မ ရီနွယ်ဦးကို မနာလိုနေခဲ့သလို မျက်လုံးအိမ်သေးသေး မှေးမှေး ရီနွယ်ဦး ကလည်း ရွှန်းလဲ့ဝိုင်းရီနေသည့် မျက်ဝန်းပိုင်ရှင် ကျွန်မကို တစ်ရံခါမှ ကြည့်မရချေ။ ကျွန်မတို့ အမုန်းတရားက ထိုမျှသာ ဖြစ်သည်။သို့သော် ထိုအမုန်းတရားကပင် အလွန်ခင်သော သူငယ်ချင်းနှစ်ယောက်အဖြစ် အသွင်ပြောင်းပေးလိုက်သည်မှာ အနည်းငယ်တော့ ရယ်စရာကောင်းလှသည်။ထိုနေ့က မိုးအလွန်သည်းထန်သော နေ့တစ်နေ့ ဖြစ်သည်။ ကျွန်မတို့ အတန်း သား အားလုံးလိုလိုပင်အနွေးထည်ကိုယ်စီနှင့်။ မိုးအေးလွန်း၍ရော၊ အနည်းငယ်   နေမကောင်းသောကြောင့် ချမ်းစိမ့်စိမ့် နေ၍ရော ကျွန်မထိုင်ခုံမှာပင် ခပ်ကုပ်ကုပ်နှင့် ထိုင်နေမိသည်။ ထိုအချိန်မှာပင် အညိုရင့်ရောင် အနွေးထည် လက်ရှည်လေး နှင့် ရီနွယ်ဦး အတန်းထဲသို့ ၀င်လာသည်။   ဖြူဝင်းသော အသားအရည်သည် အညိုရင့်ရောင်လေးနှင့် ပနံရလှသည်။ နို့နှစ်ရောင်ပြေးသော မျက်နှာ လုံးလုံးလေး၍ ရေစက်ရေပေါက်တို့ အနည်းငယ် တွဲရွဲခိုလျှက်။ မိုးစို၍ စိတ်ပျက်သော အရှိန် နှင့် မျက်လုံး များကို မှေးစင်းထားပုံကတော့ အနည်းငယ် ရယ်ဖွယ်ကောင်းလှသည်။ သတိလက်လွတ် ဂရုတစိုက် ကြည့်နေလျှက်၌ ရီနွယ်ဦး ကျွန်မအနီးသို့ ရောက်လာသည်။ ဘေး၌ ထိုင်လိုက်ရင်း ကျွန်မကို မမြင်ဘူး သလို ငေးစိုက်ကြည့်ကာ ထူးဆန်းစွာပင် ပြုံးပြလေသည် ။ ရီနွယ်ဦး၏ အပြုံးကြောင့်ပင် ကျွန်မ အားတက်လာပြီး


“ နင်ဒီနေ့ သိပ်လှတာပဲ၊ တကယ်ပြောတာ အဲဒီ့အင်္ကျီနဲ့ နင်နဲ့ လိုက်တယ်”

ထိုအခါ ရီနွယ်ဦးက ကြည်ကြည်စင်စင်ပြုံးလျှက်

“နင်က ဦးသွားပြီ။ ငါက ပြောတော့ မလို့၊ နင်ဖျားနေတယ်ထင်တယ်၊ နင့်မျက်လုံးထဲမှာ မျက်ရည်ကြည်တွေ နဲ့ နီနေတယ်။ဒါပေမယ့် သိပ်လှတာပဲ၊ ရွှန်းလဲ့နေတာပဲ”
ထို့နောက် ကျွန်မတို့နှစ်ယောက်လုံးတိုင်ပင်မထားဘဲ လွတ်လပ်ပေါ့ပါးစွာ ရယ်မောလိုက်ကြသည်။ ထိုနေ့မှ စ၍ ကျွန်မတို့နှစ် ယောက် အခင်ဆုံးသူငယ်ချင်းအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။ ခင်ကြပြီဟူသောအခါ၌ အစွဲအလမ်းကြီးတတ် သော ကျွန်မ ၏စရိုက်အတိုင်းရီနွယ်ဦီး မရှိလျှင် မနေတတ်တော့ချေ။ ကျောင်း၌ ထမင်းအတူတူစားခဲ့ရချိန်တွင် ပျော်ရွှင်ခဲ့ သလောက် အိမ်၌အထီးကျန်စွာ ထမင်းစားရချိန်တွင် တစ်ခုခုလို   နေသလိုခံစားရကာ စားမ၀င်တော့ချေ။ သင်္ချာတွက်ချိန် တွင်ပင် တစ် ယောက်နှင့်တစ်ယောက် အဖြေညှိ ၍တွက်သဖြင့် အမှားတူကာ အရိုက်ခံခဲ့ရဖူးသည်။ ငါးတန်းမှ ရှစ်တန်းအထိ နှစ်ကိုယ့် တစ်စိတ်လိုနေခဲ့၊ ချစ်ခင်ခဲ့ကြပြီးနောက်တွင်ကား ကျွန်မငါးနှစ်သမီးအရွယ်ကကဲ့သို့ အဖြစ်အပျက်များ ထပ်မံပေါ် ပေါက် လာလေသည်။ ရီနွယ်ဦး၏ ဖခင်မှာ မြို့နယ်ဆရာဝန်ကြီးဖြစ်သဖြင့် ရန်ကုန်သို့ ပြောင်းရွှေ့မိန့်ကျလာသည်။ ရှစ်တန်း ဖြေပြီးနွေရာသီဖြစ်သဖြင့် ခြံထဲ၌ ကျွန်မတစ်ယောက်တည်း ဒန်းလေးပေါ်၌ နားကျပ်ကက်ဆက်   ဖြင့် အေးအေးလူလူ လဲ လျောင်းလျှက်ရှိသည်။ ပတ်ဝန်းကျင်၌ မည်သည့်အရာမှ မရှိတော့လေသယောင်၊ ကျွန်မအကြားအာရုံထဲ၌ သီချင်း ချိုသြရှရှ အသံလေးသာ တငြိမ့်ငြိမ့်စီးမျောလျှက်။ ထိုစဉ်မှာပင် ကျွန်မပခုံး ကို ခပ်ကြမ်းကြမ်းလှုပ်ခါလျှက် အော်ဟစ်နေသောအသံတစ်သံကို ကြားလိုက်ရသဖြင့်အလျှင်အမြန်ထကာ မျက်လုံးဖွင့်လိုက်ရသည်။ ကြည့်လိုက်သော အခါ ရီနွယ်ဦး....မျက်လုံးအိမ်နီရဲပြီး မျက်ရည်ဒလဟော ကျနေသော ရီနွယ်ဦးကို ကျွန်မအကြောင်သား ငေးကြည့်နေမိ သည်။အတန်ကြာမှ ထိတ်လန့်တုန်လှုပ်စွာ   ဖြင့် နားကျပ်ကိုဖြုတ်လျှက်-


“ရီနွယ် ဘာဖြစ်တာလဲဟင်၊ ဘာဖြစ်တာလဲ၊ ငါ့ကို ပြောပါဦး”
“ပန်းအိ ငါ ငါတို့ ပြောင်းရတော့မယ်။ရန်ကုန်ကို နင် နဲ့ ငါနဲ့ ခွဲရတော့မယ်”
“ဘာ ဘာပြောတယ်၊ ရီနွယ် နင်တို့ပြောင်းရတော့မယ်။ ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး၊ နင် ငါ့ကို နောက်နေတာမလား၊ ငါ့ကို မနောက်ပါနဲ့ ရီနွယ် မနောက်ပါနဲ့၊  ဟင့် ဟင့် ငါ နင့်နဲ့ ခွဲရရင် သေမှာနော်..ဟီးး ဟင့် ဟင့်”
“ပန်းအိရယ်”

ကျွန်မရင်ထဲ ရုတ်တရက်ဆို့တက်လာကာ မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင်ငိုချလိုက်သည်။ကျွန်မကို ရီနွယ်ဦးက ဆို့နင့်စွာ ကြည့်နေသည်။ ထို့နောက် ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်၍ ၀မ်းပန်းတနည်း ငိုကြွေးကြသည်။ ရီနွယ်ဦးတို့ပြောင်းသောနေ့၌ ကျွန်မအပြင်းအထန်ဖျားနေ၍ လိုက်မပို့ဖြစ်ချေ။ ကျွန်မနည်းတူ ရီနွယ်ဦးကလည်း အသည်း အသန်ငိုကြွေးနေသဖြင့် လာမနှုတ်ဆက်၊ ဤနည်းဖြင့် ကျွန်မတို့ နှစ်ယောက်နောက်ဆုံးအချိန်၌ နှုတ်မဆက်ဖြစ်ဘဲ ကွဲကွာ ခဲ့ကြရသည်။

*     *        *       *
(၅)

ကိုးတန်းတက်သည့်နှစ်စတွင် ကျွန်မသည်အူတိအူကြောင်နိုင်ကာ ယောင်ချာချာ ဖြစ်နေခဲ့သည်။ အထက် တန်းကျောင်းသို့ စရောက်ခါစနှစ်ဖြစ်သောကြောင့် အသိအကျွမ်းဟူ၍လည်း တစ်ယောက်မှမရှိ။ ခပ်အေး   အေးတသီးတသန့်နေတတ်သော ကျွန်မစရိုက်အတိုင်း   မည်သူနှင့်မှလည်း သိပ်ရင်းရင်းနှီးနှီး မခင်ဖြစ်။ ထိုနှစ်တစ်နှစ်လုံး အထီးကျန်ခြောက်သွေ့စွာ၊ ရိုးစင်းစွာ သမားရိုးကျနေ့များကို ဖြတ်သန်းခဲ့ရသည်။ ဆယ်တန်းတက်သည့်နှစ်တွင်မူ ကျွန်မဘ၀အတွက် အဆန်းကြယ် ဆုံးဖြစ်ရပ်များကို ပေးစွမ်းခဲ့လေသည်။ ထို့အတူ တုန်လှုပ်ခြင်းကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ပထမအထိတ လန့် ဆုံးဖြစ်ရပ် မှာ  ပါပါ၏ လုပ်ငန်းများ ကျဆင်းခြင်းနှင့်  မာမာအဆိပ်သောက်သေခြင်း ဖြစ်သည်။ ပါပါ၏နီရဲကြောင်စီနေသော မျက်ဝန်း အစုံ၊ ပျားပန်းခတ် သွားလာ နေသောရဲအရာရှိများ၊ လူကြီးအများအပြားကို ကျွန်မငေးကြောင်ကြည့်နေမိသည်။ ကျွန်မရင်ကို တစ်စုံတစ်ခုက ဆုပ်ကိုင် ချေမွ ထားသလို တင်းကြပ်ကြပ်ဖြစ်နေသည်။ မာမာ့ကို ဆေးရုံကား   နှင့် ခေါ်သွားသည်ကို တွေ့ လိုက်ရပြီးနောက် ကျွန်မမှာ အမှောင်တိုက် တစ်ခုထဲသို့ရောက်ရှိပြီး မည်သည့် အရာမှမသိတော့ချေ။ ထို့နောက်တွင်တော့ မာမာလည်း ဆုံးပါးသွားသည်။ ပါပါလည်း ကျွန်မတို့နှင့် အတူ မနေချင်။ လုပ်ငန်းများကျဆင်းသည်ဟူပြီး နယ်စပ်ဘက်သို့ ထွက်၍ လုပ်ငန်းတိုးချဲ့သည်။ အောင်မြင်သည်၊ မအောင်မြင်သည်ကို ကျွန်မသေချာမသိ။ ကျွန်မ၏စားဝတ်နေရေးအတွက် လစဉ်ပုံမှန်လှမ်းပို့သည်။ ပါပါ၏ ပို့ငွေသည် အိမ်ရှိအလုပ်သမားများကို လခပေးရန်မလုံလောက်သဖြင့် အချို့တော်တော် များများကို အလုပ် မှ ထုတ်ပစ် ရသည်။ နောက်ဆုံးတွင် သူမတို့အိမ်၌ခြံစောင့်အဘကြီးနှင့် ကျွန်မ၏ အထိန်းတော်ကြီးသာ ကျန်တော့သည်။ 

ကျွန်မသည် မျက်မြင်ကြဲုံတွေ့နေရသော အဖြစ်အပျက်တော်တော်များများကို မယုံနိုင်သလို အံ့အားတသင့်   ဖြစ်နေသည်။ ထို့နောက် ကြီးမြင့်လာသော ကုန်ဈေးနှုန်းနှင့်ပါပါ၏ပို့ငွေသည် အလှမ်းမမှီဖြစ်လာ သည်။ နောက်ဆုံးတွင် အထိန်းတော်ကြီး ဒေါ်ပန်းကျင်အစီအစဉ်နှင့် ကျွန်မတို့သီရိဂေဟာကြီးကိုရောင်းကာ ရက်ကွက်ငယ်တစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အထိန်း တော်ကြီးက ထိုရက်ကွက်ငယ်ကလေး၌ပင် စာအုပ် အငှားဆိုင်ဖွင့်သည်။ ထိုအခါ ယခင်ကတည်းက အခြားသူများနှင့် ရောရော နှောနှောမနေတတ်သော ကျွန်မသည် စာအုပ်များကြား၌ နစ်မြုပ်ကာ ပို၍အထီးကျန်ဆန်လာသည်။ ကျွန်မ အတွက် အပေါင်း အဖော် ဟူသည်မရှိ။ မိတ်ဆွေသူငယ်ချင်းဟူသည်နတ္တိ၊ ပတ်ဝန်းကျင်နှင့် ကျွန်မသည် တသီးတခြားဖြစ်နေသည်။ 

သို့သော် ဤသို့ အေးစက်ခြောက်သွေ့လှသော ဘ၀တွင်ပင် လေးစားချစ်ခင်ဖွယ်ကောင်းသော အတန်းပိုင် ဆရာမကိုကား မခင်တွယ်ပဲ မနေ နိုင် ခဲ့ပေ။ ကျွန်မတို့ အတန်းပိုင်ဆရာမ၏ ကျောင်းသားများ အပေါ် ထားသော မေတ္တာ၊ စေတနာတို့ကား အံ့မခန်းပင်။ ငွေကြေး မတတ် နိုင်သော တပည့်များအတွက် စာအုပ် စာတမ်းအချို့ကို ၀ယ်ခြမ်းပေးလိုက်သည်။ ကျူရှင် မတတ်နိုင်ပါကလည်း သူကိုယ်တိုင် ပိုက်ဆံ စိုက်ထုတ် ထားပေးတတ်သည်။ အတန်းထဲက တပည့်များကို မည်သည့် အကြောင်းနှင့်မျှ စိတ်အညှိုးနွမ်းမခံ၊ စာအပျက်မခံ၊ ဆယ် တန်နှစ်သည် ကျွန်မတို့အတွက် ဘ၀ကို အဆုံးအဖြတ်ပေး သည့်တိုက်ပွဲဟုလည်း မကြာခဏပြောတတ်သည်။ မည်သည့် အခက် အခဲပင် ဖြစ်စေ၊ ဆရာမထံတင်ပြဟုလည်း သတိပေးတတ် သည်။ (ပညာရေးသည် အဓိက) ဟုထာဝစဉ်ကြွေးကြော်တတ်သော ဆရာမ ကိုချစ်ခင်မိသဖြင့် သူမ စာကို ပို၍ကြိုးစားလေ့ကျင့်ရတတ်သည်။ ဆယ်တန်းတစ်နှစ်တာပတ်လုံးသည် စာတွေနှင့်သာ လုံးထွေးရစ်ပတ် ရင်း သူမဘ၀ရှင်သန်စေခဲ့သည်။ ဆယ်တန်းစာမေးပွဲဖြေပြီးချိန်တွင်မူ ဆရာမထံကျွန်မအပြေးရောက်ခဲ့ သည်။ ဆရာမအိမ် သို့ရောက်လျှက်ရောက်ခြင်း သိမ်းဆည်းနေသောအထုပ်အပိုးများက ကျွန်မကို ဆီးကြိုနေသည်။ ဆရာမ က ရန်ကုန် ပြောင်းတော့မည်တဲ့။ ထိုအချိန်၌တွင်မူ ခွဲခွာခြင်း၌ ကျင့်သားရနေခဲ့   သော ကျွန်မနှလုံးသားတို့ ပြင်းထန်စွာပေါက်ကွဲမှု မဖြစ်ခဲ့ပေ။ ၀မ်းနည်းကြေကွဲနေသောစိတ်တို့ကို   ဖြေသိမ့်ရင်း ဆို့နင့်မှုကို သိုသိပ်စေခဲ့သည်။ ထိုသို့နှင့်ပင် ဆရာမနှင့် ကျွန်မသည်လည်း ထပ်မံဝေးကွာ ခဲ့ပြန်သည်။

* * * *   
(၆)
           

ဆယ်တန်းဖြေပြီးစပျင်းရိဖွယ်ကောင်းလှသော ကျွန်မဘ၀ထဲသို့ ထပ်မံဝင်ရောက်လာသူမှာ ကိုကိုဖြစ်သည်။ ကိုကိုသည် အခြားမြို့တစ်မြို့မှကျွန်မတို့မြို့ကလေးသို့ပြောင်းရွှေ့လာသူဖြစ်သည်။ကျွန်မတို့ လမ်းထဲနေထိုင် ရင်း ကျွန်မ စာအုပ်ဆိုင်ကလေးသို့ မကြာခဏ စာအုပ်လာငှားတတ်သည်။ ကိုကိုသည် စာပေ၀ါသနာပါသူ တစ်ဦးဖြစ်ရာကျွန်မနှင့်ခဏတွင်းပင်ခင်မင်သွားခဲ့သည်။အေးဆေးသိမ်မွေ့သော၊ကျွန်မကိုဦးစားပေး ဆက်ဆံသော ကိုကို့ကို ကျွန်မ ခင် တွယ်မိ သည်မှာ မဆန်းလှချေ။

“ပန်းကလေးက စာပေတော်တော်ဝါသနာပါတာပဲ။ စာရေးဆရာမ လုပ်ပါလား”
(ကိုကိုက ကျွန်မကို ပန်းကလေးဟု ခေါ်သည်။သူမ ကတော့ ကိုကို့ကို သူ့နာမည်ရင်း ကိုကို ဟုသာ အလွယ်တကူခေါ်ခဲ့သည်။)

“ဟင် ကိုကို လုပ်ပါလား၊ ပန်း က မရေးချင်ပါဘူး”

“ရောမချပါနဲ့ ပန်းကလေးရယ်၊ မရေးတတ်ရင် မရေးတတ်ဘူးပေါ့။ ခပ်တည်တည်နဲ့ မလှိမ့်ကြေးလေ”

“အောင်မာ မရေးချင်လို့ပါနော်၊ ရေးလိုက်ရင် စာရေးဆရာမတွေ ထမင်းငတ်ကုန်မှာ စိုးလို့“

“အေးပါ အေးပါ ထားပါတော့၊ စာရေးဆရာမတွေ ကိုယ်စား ကျွန်တော်မျိုးကပဲ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။”

“ဟင်း ဟင်း  ကိုကိုရာ မျက်နှာသိပ်ပြောင်တာပဲ”

ကိုကိုနှင့်နေရသော ကာလများသည် ကျွန်မအတွက် ပျော်စရာကာလများ ဖြစ်သည်ကိုတော့ ငြင်းမရချေ။ သို့သော် တစ်နေ့™ ကျွန်မ၏ ပျော်ရွှင်မှုကို ပျက်ပြားစေမည့် အဖြစ်အပျက်ကို ကိုကိုက စတင်သယ်ဆောင် လာစေသည်။

“ပန်းကလေး”

“ဟော ကိုကိုပါလား၊ လာ အတော်ပဲ လက်ဖက်သုပ်စားရမယ်”

“အားနာစရာကြီး များများချနော်”

“ဟင်း ဟန်တောင်မဆောင်ဘူး”

“ပန်းကလေး”

“ဟင်”

“ကိုယ် ပန်းကလေးကိုသိပ်ချစ်တယ်၊ မြတ်မြတ်နိုးနိုးနဲ့ကို ရင်ထဲကချစ်မိတာပါ။ ကိုယ့်ကိုလက်ခံပါ ပန်းကလေးရယ်”

ထိုစကားတို့ကို ကြားရချင်းချင်း ကျွန်မကြက်သေသေနေခဲ့သည်။ ကိုကိုကကျွန်မကို ချစ်သည်တဲ့။ လက်ခံပါတဲ့။ ရုတ်တရက် အသိဝင်လာချိန်၌ ကိုကိုကိုင်ထားသော ကျွန်မလက်ကို ဆောင့်ရုန်းကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ လက်မခံနိုင်ပါ၊ ဘယ်နည်းနှင့်မှ လက်မခံနိုင်ပါ။ ကျွန်မခင်တွယ်ခဲ့သော၊ လေးစားခဲ့သောကိုကိုသည် သူမပတ်ဝန်းကျင်မှ ယောကျာ်းသားများနည်းတူပင် ကျွန်မအပေါ်ကို အရောင်ပြောင်းလဲခဲ့လေပြီ။ သူမ၏ခါးခါးသီးသီးငြင်းဆန်မှုသည် ကိုကို့ကို အံ့အားသင့်စေခဲ့သည်။ တစ်ခုဝမ်းနည်းစရာကောင်းသည်မှာ သူမက ကိုကို့ကိုအလွယ်တကူ လက်ခံလိမ့်မည်ဟု ထင်မှတ် နေခြင်းပင်။ ကျွန်မအမှန်တကယ် ငြင်းဆိုနေမှန်း ကိုကိုနားလည်သွားသောအခါ ကျွန်မကို ပြတ်ပြတ်သားသား အဖြေတစ်ခု ကိုကိုက တောင်းခံခဲ့သည်။

“ပန်းကလေး ဘာကြောင့် ကိုယ့်ကို ဒီလောက်ငြင်းနေရတာလဲ၊ ကိုယ်က မင်းကို တကယ်ချစ်...”

“တောက် ပန်း စိတ်ဆိုးလာပြီ၊ ဆက်မပြောနဲ့တော့ ကိုကို့ကို ပန်းမချစ်ဘူး”

“ဘာ ဒါဆို မင်းက ဘာလို့ ကိုယ့်ကိုခင်တွယ်မှုတွေ ပေးနေရတာလဲ”

“ဘုရားရေ ခင်တွယ်တာနဲ့ ချစ်တာ တခြားစီပါ ကိုကို၊ ချစ်သူတစ်ယောက်လို ချစ်တာဆို ပိုဆိုးသေးတယ်”

“ဒါဆို မင်းက ငါ့ကို မုန်းတယ်ပေါ့”

“မုန်းတယ်လို့လည်း ပန်း မပြောမိပါလား၊ ပန်း မချစ်နိုင်တာကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပြတာ”

“မချစ်နိုင်တာတွေ၊ မမုန်းတာတွေ ကိုယ့်ကို မပြောနဲ့ ပန်း၊ ကိုယ် သိချင်တဲ့ အဖြေက တစ်ခုတည်း ချစ်သလား မုန်းသလား ဒီတစ်ခုတည်း”

ကိုကိုက ကျွန်မကို အကျပ်ကိုင်စပြုလာသည်။ ကိုကို့အပေါ်ထားရှိသော ကျွန်မသံယောဇဉ်ကို သိရှိပြီးသည့်အလျောက် မုန်းသည်ဟု မပြောနိုင်လျှင် သူလိုချင်သော အဖြေကို ပေးလိမ့်မည်ဟု မျှောင်လင့်ပုံရသည်။ ကျွန်မ ကိုကို့ကို မမုန်းပါ။သို့သော်

“ကောင်းပြီလေ ကိုကို သိချင်တာ တစ်ခုတည်းဆို ပန်းကလည်း ဖြေပေးပါမယ်၊ ကိုကို့ကို မုန်းတယ်”

“ပန်း......မင်းး.....”

ကိုကိုသည် မျက်နှာနီရဲလျှက် အံကိုကြိတ်ကာ ကျွန်မအပါးမှ ချာကနဲလှည့်ထွက်သွားသည်။ သူမဘ၀တွင် ခင်မင်ရသူ တစ်ယောက် ပျောက်ဆုံးသွားပြီဟု ထိုအချိန်မှစ၍ နားလည်ခဲ့ရသည်။ ကျွန်မအပေါ် မရိုးသားသော ယောကျာ်း တစ်ယောက်ကို ဆက်လက်၍ ခင်မင်မှုပြသနေရန် မလိုအပ်တော့ပါ။ ကျွန်မဘ၀တွင် ဤတစ်ကြိမ်၌မူ ကံကြမ္မာကြောင့် မဟုတ်ဘဲ ခင်မင်ရသူတစ်ယောက်ကို ကျွန်မကိုယ်တိုင်ပင်ခွဲခွာခဲ့ရလေသည်။
* * * *
(၇)

ဘ၀ဟူသော ခရီးတာတစ်ခုတွင် လျှောက်လှမ်းနေသူများထဲ၌ သူမသည်လည်း တစ်ယောက် အပါ အ၀င်   ဖြစ်ခဲ့သည်။ ဘ၀ခရီးတွင် လျှောက်လှမ်းရင်း အချိန်များလာသည်နှင့်အမျှ ခင်မင်မှုဟူသည် ဆက်လက် တိုးပွားလာမြဲဖြစ်ပေလိမ့်မည်။ ဘ၀တစ်ခု၏ခင်မင်ခြင်းဟူသည် မဆန်းကြယ်လှသော သမားရိုးကျ အဖြစ် အပျက်တစ်ခုသာ ဖြစ်သည်။ ကျွန်မဘ၀တွင် ခင်မင်ခဲ့သောသူများ၊ ဆက်လက်ခင်မင်ရမည့်သူများနှင့်   နောင်တစ်ချိန်၌ခွဲခွာရဦးပေမည်။ ထိုအချိန်သည် သေခြင်းတရားမှ လွဲ၍အခြားမဖြစ်နိုင်၊ ဘ၀ခရီး၌ မည်သို့သော သူများနှင့် ဆုံတွေ့ခင်မင်ရပြီး မည်သည့်အချိန်၌ခွဲခွာရမည်ကိုလည်း ကျွန်မမသိနိုင်။ မည်သို့ ပင်ဖြစ်စေ ကျွန်မဘ၀တလျှောက်လုံးတွင် ခင်မင်ခဲံ့သူများအား ကျွန်မအတွက်သေခြင်းတ၇ား   ရောက်မလာခင်အချိန်အထိ နှလုံးအိမ်ထဲ၌ ထာဝစဉ်တည်မြဲနေမည်ကားငြင်းမရနိုင်တည်း။       

20.5.2000
2001,Feb:Beauty magazine

(လွန်ခဲ့ပြီးတဲ့ လ အနည်းငယ်က ကျွန်မငယ်ရွယ်စဉ်ရေးသားခဲ့တဲ့ စာမူဟောင်းလေးနှစ်ပုဒ် အမှတ်မထင်ပြန်ရလိုက်ပါတယ်။ တစ်ပုဒ်က ပထမဆုံးပုံနှိပ်စာမူဖြစ်တဲ့ 'ရင်၌စွဲထင်ကျန်ရစ်သော' ဆိုတဲ့ အပျိုမမဂ္ဂဇင်းပါဝတ္တုလေးနဲ့ နောက်တစ်ပုဒ်က 'ခင်မင်ခြင်း' ဆိုတဲ့ Beauty Magazine ပါ ဝတ္တုလေးရယ်ပါ။
နွမ်းကြေနေတဲ့စာရွက်လေးတွေပေါ်က အဲဒီ့ဝတ္တုလေးတွေ ပြန်ဖတ်ကြည့်တဲ့အခါ သည်လိုတွေ ငါ ရေးခဲ့ပါလားဆိုတဲ့ရှက်စနိုးဖြစ်မှုနဲ့ အတူ စာစီစာကုံးဆန်တဲ့အရေးအသားအတွက်လည်း အခါခါပြုံးမိပါတယ်။ ရှက်အားပိုစွာပဲ သည်ဝတ္တုလေးတွေကို ဘယ်သူမှမမြင်အောင် သိမ်းဆည်းလိုက်မယ်လို့ အကြံလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စာရွက်လေးတွေပျက်စီးသွားရင် ဒုက္ခပဲဆိုတဲ့ကြောင့်ကြစိတ်နဲ့ ကွန်ပြူတာစာလုံးအဖြစ် ပြန်စီခဲ့ပါတယ်။ 'ခင်မင်ခြင်း' ဆိုတဲ့တစ်ပုဒ်ကို စာစီအပြီးမှာ ကျွန်မ အတွေးတစ်ခု ပြန်ဝင်လာပါတယ်။  ငါ ဘာကြောင့်ရှက်နေရမှာလဲဆိုတဲ့အတွေးပါ။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဒါ ကျွန်မရေးခဲ့တာအမှန်ပဲဆိုတာ ငြင်းကွယ်စရာမရှိတဲ့အရာပဲလို့ ဆင်ခြင်မိပါတယ်။ တစ်နည်း အမှတ်တရအဖြစ် ထားရှိသင့်တာပဲလို့လည်း ဆန္ဒရောက်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မရဲ့ စာပေလက်ရာလေးတွေကို တစ်စုတစည်းထားရှိရာ ဘလော့ဂ်လေးမှာ တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ စာအရင်စီပြီးတဲ့ 'ခင်မင်ခြင်း' ကိုတင်ဖြစ်ခဲ့ပါတယ်။ သည်တုန်းက ကလောင်အတိုင်းပဲ တပ်ခဲ့ပါတယ်။
သည်ဝတ္တုလေးကို ဖတ်တဲ့အခါ အသက်သုံးဆယ့်နှစ်နှစ်အရွယ် အမျိုးသမီးစာရေးသူတစ်ယောက်ရေးတဲ့ဝတ္တုပါလားလို့ အတွေးမရောက်ဘဲ ဆယ့်ရှစ်နှစ်သမီးတစ်ယောက်ရေးတဲ့ ဝတ္တုပါလားလို့ မြင်ပေးစေချင်ပါတယ်။
ဝေမျှခြင်းသက်သက်ရယ်ပါ။
ကျေးဇူးတင်ပါတယ်ရှင်။)

5 comments:

  1. ဆယ့်​​လေးနှစ်​သား​လေးဖတ်​သွားပါတယ်
    ခင်​တာနဲ့ ချစ်​တာတခြားစီဘဲ လို့နာလည်
    သ​ဘော​ပေါက်​မိတယ်

    ReplyDelete
  2. အိမ်စည်ရေ လာလည်သွားတယ်။ BPP Challenge မှာတဂ်ထားသေးတယ်။ ဒါပေမဲ့ မဖတ်ရသေးတဲ့ စာကောင်းကောင်းလေးဖတ်လိုက်ရတော့ ကျေနပ်ပါတယ်။ ၁၈နှစ်သမီးရေးတဲ့စာလေးကို အသက်၃၀အရွယ်မိန်းမတယောက်လဲ နှစ်နှစ်ခြိုက်ခြိုက်ဩဘာပေးသွားပါတယ်ရှင်

    ReplyDelete
  3. မနေ့ညက ဖတ်ပြီး မီးပျက်သွားလို့ ဒီမနက်မှ ကွန်မန့်ပြန်လာရေးဖြစ်တယ် သူသူရေ...
    ငယ်စဉ်ဘ၀ထဲက အရေးအသားလေးတွေဟာ လက်ရှိအသက်အရွယ်အတွက် ခိုင်မာတဲ့အုတ်မြစ်လေးတွေပါပဲ။
    သူသူ့ဆောင်းပါးလေးတွေ ဖတ်ပြီးရင် ရင်ထဲမှာ စိတ်ဝင်စားစရာလေးတွေ ကျန်ခဲ့စမြဲ။

    ReplyDelete
  4. မမရဲ့ဆယ့်ရှစ်နှစ်သမီးလက်ရာလေးကို တမီးလာဖတ်တွားတယ် ... ဘာပဲပြောပြော ဇာတ်လမ်းဖွဲ့တည်မှုလေးကို ကြိုက်တယ် ... :)

    ReplyDelete
  5. ခင်တာနဲ့ချစ်တာအဲလိုလေးပေါ့နော် စိတ်ဝင်းစားစရာကောင်းတယ်ရွှေအိမ်လေးရေ
    အမြဲမရောက်လဲ စိတ်ထဲရှိနေတာပါ

    ReplyDelete