Saturday, October 1, 2011

အဝေးပျံငှက်-အပိုင်း(၅)




အဝေးပျံငှက်-အပိုင်း(၅)



(၁၀)

မြစ်ရေပြင်၏ လှိုင်းအရိုက်အပုတ်ဒဏ်ကို ကြောက်ရွံ့သော ဖြူသည် အပြောကျယ်လှသော သမုဒ္ဒရာရေပြင် သို့ထွက်ခဲ့ပေပြီ။ ဖြူ အိမ်ကို မပြန်တော့ချေ။ ပုလဲငွေရောင်ဇာတ်အဖွဲ့ ရန်ကုန်အ၀င်၌ မိုးခိုင်သည် သူ ၀ါဿနာ ပါသော ဂီတအဖွဲ့နှင့် ဆက်စပ်မိသွားသည်။ မိုးခိုင်က ပုလဲငွေရောင်နှင့် ဆက်မလိုက်တော့ဘဲ ရန်ကုန်မှာ နေရစ် ခဲ့စေဖို့ ဆုံးဖြတ်သောအခါ ဖြူ လည်းကျန်ရစ်ခဲ့ဖို့သာ ရှိတော့သည်။ မိုးခိုင်မရှိဘဲ ပုလဲငွေရောင်တွင် ဆက်လက် ရှင်သန်ရန် မ၀ံ့စားလှပါ။ မိုးခိုင်၏ အရိပ်ကို ခိုဝင်ခြင်းမမည်ပေမယ့် ကိုယ့်ကံကြမ္မာကို လွတ်လပ်စွာ ဖန်တီးနိုင်ဖို့၊ ကိုယ့်သမိုင်းကို တတ်နိုင်သမျှ အညစ်အကြေး ကင်းစင်အောင်ရေးထိုး ဖို့ တာဝန်အရှိဆုံးသူမှာ ဖြူ ကိုယ်တိုင် ပင်ဖြစ်ကြောင်း နားလည်ခဲ့ပြီဖြစ်သည်။ အမိအဖအသိုက်အမြုံနှင့် ဝေးခဲ့ပြီ။ ထိုသို့ဝေးခဲ့အောင် ဖန်တီးခဲ့သူမှာ မည်သူ လဲ။ ဖြူကိုယ်တိုင်ပင်။ ဘ၀ရှေ့စာမျက်နှာတွင် ခြေတစ်ချက်ချော်ခဲ့မိပြီးမှတော့ ကျန်လမ်းတလျှောက်ကို မယိမ်းမယိုင်ဆက်လျှောက်ရန် စိတ်မာန်တို့တင်း ရပြီ။ ရေမနစ်သေးပေမယ့် မိုးခိုင်က ဖြူ့အတွက် ကောက်ရိုးတစ်မျှင်ပင်။

“နင့်မှာ ပိုက်ဆံဘယ်လောက်ရှိသေးးလဲ ဖြူ”

“ငါက ညကြေးရယ်လို့ သတ်သတ်မှတ်မှတ်ရလို့လား။ နင့်လို ပရိသတ်က ဆုတွေချ၊ မင်းသားက ချစ်ခင်ပြီး ညကြေးအမြဲရနေတဲ့သူ မဟုတ်ဘူး မိုးခိုင်”

ထိန်းထားသည့်ကြားမှပင် ဖြူ့အသံတို့ ခပ်ဆတ်ဆတ်။ မိုးခိုင်က ဇဝေဇ၀ါနှင့် ဖြူ့ကို မေးသည်။


“ဘယ်လို ဖြူ...ကိုနိုင်က နင့်ကို ဘာမှ မပေးဘူးလား”

“တစ်ခါတလေ မုန့်ဖိုးပေးတာကလွဲလို့..ညကြေးးဆိုပြီး ငါ့ကို တစ်ခါမှ မပေးဘူး။ ပုလဲငွေရောင်မှာ ငါ ဘယ်လိုရပ်တည်နေရလဲ၊ နင် ငါ့ကို နည်းနည်းလေးမှ လှည့်မကြည့်ခဲ့ဘူးမလား မိုးခိုင်”

မြိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟဖြစ်ပြန်သောအခါ ဖြူ တသိမ့်သိမ့်ရှိုက်ငိုမိတော့သည်။ မိုးခိုင်က သက်ပြင်းတစ်ချက်ချကာ စိတ်မကောင်းနောင်တရဟန်ဖြင့် အသာငေးကြည့်နေသည်။ အတန်ကြာမှ-

“ကဲ မငိုပါနဲ့တော့ ဖြူရာ၊ ငါတို့ သူငယ်ချင်းနှစ်ယောက် အကောင်းဆုံးကို တွေးကြတာပေါ့။ တစ်ခုခုတော့ ဆုံးဖြတ်ချက်ချကြရအောင်”

“...........”

”ဖြူ........ငါ ခုနက ပိုက်ဆံဘယ်လောက်ရှိလဲ မေးတာက လောလောဆယ်နေဖို့ ထိုင်ဖို့ စီစဉ်ဖို့ဟ”

“တစ်သောင်းကျော်ကျော်လောက်တော့ ရှိလိမ့်မယ်၊ အဆောင် စုံစမ်းပေးပါ မိုးခိုင်”

“အေး ငါ့မှာ လေး ငါး သောင်းတော့ ရှိတယ် ဖြူ၊ ငါက အခု ကိုမော်ကြီးနောက်ကိုပဲ လိုက်နေမှာဆိုတော့ နေရေး၊ စားရေး သိပ်ပူစရာမရှိဘူး။ နင့်အတွက်ပဲ အဓိက စဉ်းစားပေးရမှာ”

မိုးခိုင်က သူနှင့် ရင်းနှီးကျွမ်းဝင်ရာ ဂီတအသိုင်းအ၀ိုင်းမှ ကိုမော်ကြီးဆိုသူနှင့် ချိတ်ဆက်မိသွားပြီ။ ကိုမော်ကြီးသည် ဂီတကို ချစ်ခင်မြတ်နိုးသူ မှန်သမျှ အကူအညီပေးရန်ဝန်မလေးသည့်၊ စိတ်သဘော ထား ကောင်းမွန်လှသည့် ဒရမ်သမားတစ်ယောက်ဖြစ်သည်။ တစ်ကိုယ်ရေ တကာယဖြစ်သော ကိုမော်ကြီးးက မိုးးခိုင်ကို ခေါ်ထားရုံသာမက ဖြူ့ကို အဆောင်ရှာပေးသည့်ကိစ္စ၊ ဖြူနှင့် မိုးခိုင်အတွက် အလုပ်ရှာပေးသည့် ကိစ္စစသဖြင့် အကြောင်း အရာ တော်တော်များများကိုလည်း ကူညီခဲ့ပြန်ပါလေသည်။ မြို့ပြ၏ သူစိမ်း အရိပ်ငွေ့တို့ကြားဝယ် ကိုမော်ကြီးသည် ဖြူတို့အတွက် လှိုက်လှဲနွေးထွေးခြင်းတွေ ကို ပေးစွမ်းနိုင်ခဲ့သည်။ ကိုမော်ကြီးသာ မရှိခဲ့လျှင် ဆယ်တန်းအောင်လက်မှတ်ထုတ်ရန်ကိုပင် ဖြူနှင့် မိုးခိုင် ယောင်ဝါးဝါးဖြစ်နေခဲ့မည်ထင်သည်။

တကယ်တမ်း အလုပ်ရသောအခါ ဖြူ အရင်ရသည်။ Super Market မှ အရောင်းဝန်ထမ်းအဖြစ် အလုပ်ရသောအခါ ၀တ်စုံငါးစုံပါ ဖြူ ပိုင်ဆိုင် ရလေသည်။ ဖြူ့အဖို့ ကျောင်းဝတ်စုံပြီးလျှင် ပထမဆုံး ၀တ်ဆင်ရမည့်ဝတ်စုံပင်။ အဖြူ အစိမ်းဝတ်ခဲ့တုန်းကလို ကျောင်းသူမလေး မဟုတ်တော့။ စာတစ်မျိုးသာ ကျက်ဖို့၊ လိမ္မာယဉ်ကျေးဖို့သာ အေးအေးသက်သာနေထိုင်ရမည့် ကျောင်းသူ သူငယ်မလေးမဟုတ်တော့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမည်၊ ကိုယ့်တာဝန်ကိုယ် ကျေပွန်ရမည်၊ အကောင်းအဆိုးဝေဖန် ဆုံးဖြတ်နိုင်ရမည်ဟု ထိုဝတ်စုံက ဖြူ့ကို သတိပေးနေသလိုပင်။ လမ်းတော့ရှိနေပြီ။ အဆုံးထိလျှောက်နိုင်ဖို့သာ ကျန်တော့သည်။ သည်နှယ် စိတ်တင်းရင်း အားမာန်တို့မွေးရပြန်ပါလေသည်။

ဖြူ အလုပ်ဝင်ပြီး နှစ်ပတ်ခန့်အကြာတွင် မိုးခိုင်လည်း အလုပ်ရသည်။ ကိုမော်ကြီး၏ ဦးလေးဖွင့်ထားသော အင်တာနက်ဆိုင်တွင်ပင်။ နေ့ဆိုင်း၊ ညဆိုင်း နှစ်မျိုးအနက် မိုးခိုင်က ညဆိုင်းကို ယူသည်။ နေ့ပိုင်းတွင် မိုးခိုင်မအားပါ။ ကိုမော်ကြီးနောက် လိုက်ရသည်။ သီချင်းတိုက်ရင်း၊ သီချင်းကျင့်ရင်း၊ ဂီတအသိုင်း အ၀ိုင်းထဲကျင်လည်ရင်း သူဝါဿနာပါရာ သံစဉ်တွေကြားထဲ နစ်မြုပ်နေသည်။ ရန်ကုန်စတိတ်ရှိုး တွင်ပါဝင် ခွင့်ရဖို့၊ ကိုမော်ကြီးတို့၏ Blue Star Band တွင် ပင်တိုင်အဖြစ်သီဆိုခွင့်ရဖို့...သူလည်း အိပ်မက်တွေ ထုဆစ်စပြုနေပြီ။ အရင်လို ခပ်ပေါ့ပေါ့ကောင်လေးတစ်ယောက်မဟုတ်တော့။ သူ့တွင်အပြစ်ရှိနေသည့် အသွင် ဖြူ့ လိုအပ်ချက် မှန်သမျှကိုလည်း ဂရုတစိုက်ဖြည့်စည်းပေးခဲ့ပြန်သေးသည်။ ဘ၀အလှည့်အပြောင်း အရိုက်အပုတ်သည် မိုးခိုင်ကို တည်ငြိမ်စေရန် ပြုပြင်ပေးခဲ့ဟန်တူပါသည်။

ဖြူ တို့နှစ်ယောက်လုံးတူညီသည့် သဘောထားမှာ ကျောင်းကုန်းကို မပြန်လိုတော့ပါ။ သူ့မိဘ၊ ကိုယ့်မိဘ အသီးသီး ထံကို အဖြစ်အပျက်အလုံးစုံ စာရှည်ကြီးတစ်စောင်စီ ရေးကြသည်။ သို့သော် တူညီစွာပင် ပေးပို့သူ၏ လိပ်စာကားထည့်မထားခဲ့ကြပါ။

ဘ၀ဆိုတာ ကစားပွဲတစ်ခုဖြစ်လျှင် နိုင်အောင်သာ အဆုံးထိ ဖြူ ကစားချင်သည်။ GAME OVER တော့ မဖြစ်လိုလှပါ။ ဖြူ ကချင်သည်။ ဖြူ့မှာ အနုပညာတွေ သိုဝှက်ကိန်းအောင်းနေမြဲ။ ဒါတွေအသုံးမပြုရသေး။ ပုလဲငွေရောင်နှင့် လိုက်ခဲ့မိတုန်းကတော့ ကကြည့်ချင်ရုံ သက်သက်ဖြစ်သည်။

ယခုတော့ ဖြူ့စိတ်တွေ ပြောင်းလဲခဲ့ပြီ။ မြန်မာ့အနုပညာစစ်စစ်ကို သင်ယူလေ့လာချင်သည်။ ကကြိုးတွေ၊ ကကွက်တွေ...ဖြူ မသင်ရသေးသောအရာတွေ အများကြီး ရှိနေသေးသည်။ မင်းသမီးလေးမြနှင်းဖြူ ဟူသော ဘ၀တစ်ခုကို ထုဆစ်ပုံဖော် ကြည့်ချင် ပါသေးသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေ ဖြည့်ရသောအခါ `ယဉ်ကျေးမှုတက္ကသိုလ်´ ဟူသော စာတန်းလေး ကို မြင်မိသည့်အခိုက် ဖြူ တွေဝေငိုင်လျသွားသည်။ သို့သော် ချက်ချင်းနှယ် စိတ်မာန်တင်းဖြစ်သည်။ ဖြူ့ အနေအထားက တက္ကသိုလ်တက်ရန် အခွင့်မသာသေးးပါ။ နောက်ကို ခြေလှမ်းတော့ဆုတ်ရပေဦးမည်။ တစ်လှမ်းလား.....နှစ်လှမ်းးလားး...ဘယ်နှစ်ပေါင်းများစွာလဲ။ ဖြူ မသိ။ ရှေ့ကိုတိုးရန် ဆုံးဖြတ်ချက်ချထားပြီးပြီပဲ။ ဒီခြေလှမ်းအဆုတ်ကိုတော့ ဖြူ ငိုင်တွေမနေချင်တော့ပါ။ `အဝေးသင်တက္ကသိုလ်´ ဟူ၍ ခပ်သွက်သွက်ရေးချမိတော့သည်။


တစ်နှစ်လုံးမှ အနီးကပ်ဆယ်ရက်သာတက်ရသော၊ စာမေးပွဲဖြေရက်ပါ အားလုံးပေါင်းမှ တစ်လပင် မပြည့်သော ရက်အရေအတွက်က ဖြူ ရုန်းကန်လှုပ်ရှားရန် အဆင်ပြေမည်ထင်ပါသည်။ ကျောင်းအပ်ပြီး၍ စာစဉ်တင်ရန် စာအုပ်တွေထုတ်ပြီးခိုက် ထိုစာအုပ်တွေကို ပိုက်ကာ ဖြူ ပြုံးမြမြဖြစ် ရသေးးသည်။ ဘယ်သူ ဘာပြောမလဲ။ ဖြူ တက္ကသိုလ်ကျောင်းသူဖြစ်ပြီ။ ဘ၀တစ်ခု၏ လိုအပ်ချက်ကို ဆေးတစ်စတော့ တို့ဖြစ်ပြီထင်သည်။ ကျန်သည့် အိပ်မက်တွေကော ဘယ်မှာလဲ။ ဖြူ မတွေးအားသးပါ။ စားဝတ်နေရေး၊ ပညာရေး ဒါတွေ အချိန်မီ လည်ပတ်ဖို့စာ ဖြူ စိတ်မောမိပါသည်။ မြို့ပြ၏ ဘ၀၀ဲဂယက်တွင် လူးလိမ့်မျောပါရင်း ဖြူ သည် ယခင်ကနှယ် ကြောက်ရွံ့ငြိမ်သက်ခြင်း မရှိတော့ပါ။ သို့သော် အခက်အခဲ၊ အကျပ်အတည်းတွေက ဖြူ့ကို မလူးမလွန့်သာအောင် တုပ်နှောင်လာတိုင်း ရင်တော့မောမိပြန်သည်။ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ အမျိုးသမီးဘော်ဒါဆောင်၏ အခန်းကျဉ်းကလေး ထဲတွင် ဖြူ့အိပ်မက်တွေသည် ဝေ့ဝေ့၀ဲဝဲ။


* * * * * *


(၁၁)

အခါတိုင်းလိုပင် ဖြူ့ အဆောင်သို့ မိုးခိုင်ရောက်လာသောအခါ ဧည့်သည်တစ်ယောက်ပါလာခဲ့သည်။ ကိုနေလှိုင်း တဲ့။ Blue Star မှ ကီးဘုတ်ဆရာ။

`ဒါ ကျွန်တော့သူငယ်ချင်း မြနှင်းဖြူ၊ ဖြူ ကိုနေလှိုင်းက နင့်ဆရာ ဖြစ်ရင် ဖြစ်လာမှာနော်..ကိုနေလှို်င်းမှာ အနုပညာတွေအပြည့်´

မိုးခိုင်က ရယ်ရယ်မောမောမိတ်ဆက်ပေးသောအခါ ဖြူ သူ့ဆီအကြည့်ရောက်မိ သည်။ ဖြူ့ကို နွေးထွေး ညင်သာစွာ ပြုံးပြသော အပြုံးတစ်ချက်အောက်၌ ဖြူ အခိုက်အတံ့မင်တက်ငေးမောသွားသည်။ အပြင်ပန်း တည်ငြိမ်နေပေမယ့် ဖြူ့ရင်တွင်းမှာတော့ တ၀ုန်းဝုန်း။ ဖြူ ဘာလို့ ရင်ခုန်လှုပ်ရှားနေပါလိမ့်။ ဖြူ ဘာလို့ စိတ်တွေ တုန်လှုပ်နေပါလိမ့်။


`မိုးခိုင်ဆီကနေ ကြားသင့်သလောက်တော့ ကြားထားပါတယ် မြနှင်းဖြူ။ ဘ၀ကို မယိုင်လဲအောင် ရုန်းကန်နေတဲ့ စိတ်ကိုလေးစားပါတယ်။ မြနှင်းဖြူရဲ့ အိပ်မက်တွေအတွက် ကျွန်တော် တစ်ထောင့်တစ်နေရာကတော့ ကူညီခွင့်ရမယ်ထင်ပါရဲ့´

`ဖြူ လို့ပဲ ခေါ်ပါ ဆရာ´

´ဗျာ....ကျွန်တော့်ကို ဘယ်လို ခေါ်လိုက်တယ်´

`ဆရာ လို့ ဖြူ ခေါ်လိုက်တာပါ´

´အား..ဖြူ က နောက်ပြီဗျာ´

ကိုနေလှိုင်းက မျက်နှာနီမြန်းကာ ခေါင်းကိုကုတ်သည်။ မိုးခိုင်ကတော့ တဟားဟား ရယ်သည်။

`ဖြူ က အပိုင်ကို ချည်တုတ်တော့တာပါပဲ´ ဟူ၍လည်း ရယ်ဟဟပြောသည်။


ဖြူ ပြုံးလျှက်သာနေသည်။ မိုးခိုင်ပြောသလို နောက်တာလည်း မဟုတ်။ သူ့ကို မြင်ရတာ ဖြူ လုံခြုံငြိမ်းချမ်းနေ သလိုပင်။ ဖြူ့ကို လမ်းပြပေးမည်ဟုလည်း အလိုလိုသိမြင် ယုံကြည်နေသည်။ အာရုံဟုပြောရမည်လား. သေချာတာတစ်ခုကတော့ သူ့ကို ဆရာဟု ချစ်ခင်လေးစားစွာ ဖြူ တကယ် ခေါ်ချင်နေခြင်းပင်။


ထိုနေ့တစ်နေ့တည်းနဲ့ ဆရာနှင့် ဖြူ့အကြား ရင်းနှီးမှုက လျင်မြန်စွာပင် ထုထည်ကြီးမားခဲ့သည်။ `ပန်းသစ္စာ´ ဟူသော အအေးဆိုင်လေးတွင် ဆရာ၊ မိုးခိုင်တို့နှင့်အတူ ကုန်ဆုံးသွားခဲ့သည်။ အဆောင်ပြန်ရောက်၍ အိပ်ရာပေါ်လှဲချမိသည့်တိုင် ဆရာ့ကို ဖြူ မြင်ယောင်နေဆဲ။ ယခင်ကတော့ တနင်္ဂနွေနေ့သည် အ၀တ်လျှော်ဖွပ်၊ မီးပူတိုက်၊ ပစ္စည်းများများစားစား မရှိလှသော ဖြူ့ အခန်းကျဉ်းလေးကို သန့်စင်လှည်းကျဉ်း စသဖြင့် ကုန်လွန်သွားခဲ့မြဲ ဖြစ်သည်။ မိုးခိုင်ရောက်လာတတ်သော်လည်း ခဏတဖြုတ်သာ။ ဖြူ ဘာတွေ လိုအပ်လဲ မေးမြန်းတတ်ပြီး အဆင်ပြေလား၊ မပြေသလား အကဲခတ်ကာ ပြန်သွားလေ့ရှိ သည်။ ထိုနေ့ကတော့ ဆရာ့ထံမှ စိတ်ဝင်စားဖွယ် အြော့င်းအရာတော်တော်များများ နားထောင်နေခဲ့ရသဖြင့် အချိန်တွေ ကုန်မှန်းမသိကုန်လွန်သွားခဲ့ရသည်။


အ၀တ်ခြင်းတောင်းထဲ အ၀တ်ပုံနေလျှင် မနေတတ်သော ဖြူ ထိုနေ့က အ၀တ်တွေလျှံကျနေသော ထိုခြင်းတောင်းကိုတော့ မသိဟန်ပြုနေခဲ့သည်။ ထိုနေ့အဖို့ ငြိမ်ငြိမ်လေးသာ ဖြူ နေလိုသည်။ ဆရာ့ရဲ့ အားမာန်၊ ဆရာ့ရဲ့ အနုပညာကို သူပြောပြသောစကားများမှ တဆင့် ဖြူ သိခွင့်ရခဲ့သည်။ ပြီးတော့ သူက ဖြူ့ကို ဂီတ၊ အက ကိုသင်ပေးမည်ဆိုပဲ။ ဆံပင်ခပ်ကြမ်းကြမ်းရှည်ရှည်တွေ ကုတ်ပေါ်ထောက်လျှက်၊ တီရှပ်အကျပ်၊ ဂျင်းဘောင်းဘီနှင့် သူက အကင်ပေးမည်ဆိုတော့ ပြုံးချင်စရာတော့ ကောင်းမနေဘူးလား။ သို့သော် ဖြူ ယုံပါသည်။


ဂီတသက်သက်ကိုသင်ပေးလျှင်ပင် ဖြူ့အတွက်အကျိုးများလှပြီ။ ဖြူ့မှာ အနုပညာဝမ်းစာတွေလိုသည်။ ဖြူ ဘာကိုမှ မသိသေး။ မေမေ သင်ပေးသော အကပညာတွေ၊ ကျောင်းပေါင်းစုံ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှ ဆုတံဆိပ်တွေ.ဒါတွေမှ လွဲ၍ ဖြူက အစိမ်းသက်သက်ပင်။ အနုပညာသည်စစ်စစ် တစ်ယောက်ဖြစ်ဖို့အတွက် ဂီတပညာသည်လည်း အကပညာနှင့်အတူ တွဲလျက်သင်ယူလေ့လာဖို့ လိုအပ်ကြောင်း ဖြူ လက်ခံနားလည် ထားပါသည်။ မိုးခိုင်၏ လမ်းကြောင်းလိုတော့ မဟုတ်။ တူသယောင်နှင့် မတူပါပေ။


တကယ်တမ်း ဂီတကို စနစ်တကျချပြတော့မှ ဖြူ့ရဲ့ လစ်ဟာမှုတွေကို ဖြူ ကိုယ်တိုင်မြင်တတ်လာသည်။ ဂီတကို နားလည်ရင် အကပါ ပိုညက်ညောသွားတာပဲ။ ဒါတွေ အရင်က ဖြူ မသိခဲ့။ အခုတော့ ဖြူ နက်ရှိုင်းမှု တစ်ခုရဲ့ ပုံရိပ်ကို ဖမ်းနိုင်စပြုပြီ။ ဆရာအားသောရက်သည် တနင်္ဂနွေနှင့် ကြုံကြိုက်ပါမှ ဆရာ့ထံမှ ပညာတွေ ဖြူ ဆည်းပူးခွင့်ရလေသည်။ ဆရာ လာလာ၊ မလာလာ တနင်္ဂနွေနေ့တိုင်း ဖြူ မျှော်မိသည်ကိုတော့ ဆရာသိနိုင်မှာ မဟုတ်။ ပေသီးခေါက်တတ် လွန်းသော ဖြူက ဆရာမလာတာ သီတင်းနှစ်ပတ်၊ သုံးပတ်ကျော်လွန်သွားခဲ့လျှင် ကိုမော်ကြီးဖုန်းကို ခေါ်ဆိုလျှက် မိုးခိုင်ကို မေးမိတတ်သေးသည်။ ထိုအခါ ဘယ်သောအခါမှ ဖြူ့အပေါ် ခနဲ့တာ၊ ရွဲ့တာ မလုပ်တတ်လေသော ကောင်ကလေးက အငေါ်တူးသည်။

“ဖုန်းခတွေ ကုန်တယ် ဖြူ။ နင့်ဆရာမလာတာ မေးမယ့်အစား ငါအခုမှ အလုပ်က ပြန်လာတာလား၊ နင် မေးသင့်တယ်။ နင့်ဆီမရောက်ဖြစ်တာ ငါရောပဲလေ”


မိုးခိုင်၏ မာဆတ်ဆတ်စကားသံအဆုံး ဖြူ စိတ်မကောင်းဖြစ်သွားသည်။ ဟုတ်သားပဲ....ဖြူ့ကို အမြဲဂရုစိုက်တတ်တဲ့၊ မကြာခဏအဆောင်ကို လာကြည့်တတ် တဲ့ မိုးခိုင်လဲ မရောက်ဖြစ်တာပဲ။ ဒါပေမယ့်ဟာ နင်က အလုပ်မအားမှန်း ငါ ကြိုသိနေတာပဲ။ စိတ်ထဲမှ ငြင်းချက်ထုတ်ရင်း အပြင်ကတော့ ကမန်းကတမ်း ဖြေရှင်းရသည်။


“ဒီရက်ပိုင်း ရှိုးပွဲတစ်ခုရှိတာ ငါသိထားတယ်လေဟာ”

“ဒါနဲ့ နင်က ငါ့တော့စိတ်မပူဘူး။ ကိုနေလှိုင်းကျတော့ နေမကောင်းသလား၊ ဘာလား စိတ်ပူတယ်ပေါ့။ နင် မေ့နေလား ဖြူ။ သူက ငါတို့ Blue Star ရဲ့ ကီးဘုတ်ဆရာလေ”


ဖြူ အဲကနဲ ဖြစ်သွားသည်။ ဟုတ်သား...ကြည့်စမ်း။ ဖြူ မေ့လျော့မှုကို ပြန်မြင်ကာ အသံထွက်ရယ်မောမိတော့ မိုးခိုင်ကလည်း တစ်ဘက်မှ တဟားဟား အော်ရယ်လေည်။ မိုးခိုင်က ဒီလိုပဲ။ စိတ်ပြေလွယ်သည်။ ပြီးတော့ စိတ်ညစ်စရာတွေကို ကြာရှည်သိမ်းဆည်းမထားတတ်။ စိတ်ကို ဖော့တတ်သည်။ ခပ်မြန်မြန်ဖြေရှင်း တတ်သည် ဆိုပေမယ့် Positive Thinker တစ်ယောက်လည်း ဖြစ်နေပြန်ပါသေးသည်။ သူ့အတွက်က ဘယ်အရာမဆို အပြုံးနှင့် အဆုံးသတ်မြဲ။


ဆရာကတော့ ဒီလိုမဟုတ်။ ဆရာပြုံးတာကို ဖြူ မြင်ရဖို့ ခဲယဉ်းလှသည်။ ဆရာ့အတွင်းစိတ်ကို ခန့်မှန်းရတာ မြူဆိုင်းသော မနက်ခင်းတွေမှာ စမ်းတ၀ါးဝါး လမ်းလျှောက်နေရတာနှင့် တူလှည်။ ဆရာ့ကို ဖြူုမြင်အောင် မကြည့်နိုင်။ ဆရာ တစ်စုံတရာကို ကျေနပ်အားရလျှင် လက်ဖျောက်တီးတတ်သည်။ ကိုမော်ကြီး နေအိမ်မှာ ဆရာတို့ကို ဖြူ ကပြခဲ့စဉ်ကပေါ့။ ဆရာခိုင်းသဖြင့် နွဲ့နွဲ့နှောင်းနှောင်းလေး အားကြိုးမာန်တက် ကပြည့်တိုင် သီချင်းဆုံးသည်အထိ ဆရာ့ မျက်မှောင်က ကျုံ့လျှက်သား။


“မင်း က တိုင်ပင်တစ်ခုကို အလွတ်ကျက်နေသလိုပဲ မြနှင်းဖြူ။ အကမှာ မင်း စိတ်ဝိညာဉ် စီးဝင်မနေဘူး”


ခပ်ငေါက်ငေါက် စကားဆိုတော့ ချွေးစို့နေရာမှ ဖြူ မျက်ရည်ဝဲရသေးသည်။ စိတ်ဆိုတာ လူထဲမှာ ရှိနေတာပဲ မဟုတ်လား။ ဒီလူက ဒီလို အပင်ပန်းခံပြီး ကနေတာလေ။ ကကြိုး၊ ကကွက်တွေ အချိုးကျနေသားပဲ။ ဆရာ နည်းနည်းတော့အသိမှတ်ပြုသင့်တယ်။ ဖြူ မျက်နှာညိုကာ ဘာမှတော့မပြော။ ခဏကြာတော့ ဖြူ့အနားသို့ မိုးခိုင်က သံပုရာရည်တစ်ခွက်ကို ယူဆောင်လျှက် ရောက်လာသည်။ ရယ်ကျဲကျဲနှင့်

`ကဲ သောက်တော်မူပါဦး အစ်မတော်လေး။ ကိုနေလှိုင်းက မင်းသူငယ်ချင်းကို သင်ပေးစရာရှိသေး တယ်။ ကောက်ချိတ်နေတာတွေ ဆေးကြောပစ်ရအောင် သံပုရာရည်တစ်ခွက်လောက် ဖျော်တိုက်လိုက်ပါဦးတဲ့ ဟား ဟား´

ဖြူ ပြုံးမဲ့မဲ့ဖြင့် ယူသောက်လိုက်တော့ အမလေး ချဉ်လိုက်သည့် ဖြစ်ခြင်း။ ရှုံ့မဲ့သွားသော ဖြူ့အသွင်ကို ကြည့်လျှက် မိုးခိုင်က တဟားဟားရယ်သည်။


`မကောင်းဘူးလား...ဆောရီးဟာ ငါလည်း တတ်သလောက်တော့၊ မှတ်သလောက်တော့ ဖျော်လာခဲ့တာပဲ။ အဲ ဒါလည်း တစ်မျိုးကောင်းတာပါပဲ။ နင့်အကောက်တွေ အချဉ်ထဲ ပျော်သွားပြီမလား ဟဲဟဲ´


`ကောင်စုတ်´ ဟု ရေရွတ်ရင်း ဖြူ ပြုံးစစ ဖြစ်လာသည်။ မိုးခိုင်ပြောသလို အကောက်တွေ အချဉ်ထဲ ပျော်ကုန်ပြီ ထင်ပါရဲ့။ ဖြူ ကြည်ကြည်လင်လင် ဖြစ်လာတော့ ဆရာက ဂီတသံစဉ်တစ်ခုကို တီးပြသည်။ သီချင်းမပါ တီးလုံးချည်း။ ဂီတသံက ရေစီးသံနှင့် တူသည်။ ရေစီးသံကြ့မ်းသည်။ သေချာ အားစိုက်နားထောင် လိုက်တော့ ရေတံခွန်မှ ခပ်ပြင်းပြင်းကျနေသော ရေလုံးသံတွေ....။ တစ်ချက် တစ်ချက် လေတိုးသံသဲ့သဲ့ကိုပင် ဖြူ ကြားမိသလားပဲ။ နောက်တော့ တဖြည်းဖြည်းတိုးလျငြိမ်သက်သွားသည်။ ဂီတသံဆုံးတော့ ဆရာက ဖြူ့ကို ခပ်အေးအေးမေးသည်။


`ဘယ်လို ခံစားရလဲ ဖြူ´

ဆရာက ဘာသံ ကြားရလဲ မေးတာ မဟုတ်။ ဘာသံဆိုတာ ဖြူ နားထောင် သိမြင်နိုင်လိမ့်မည်ဟု ယုံကြည်သေချာပြီးသား ဖြစ်သည်။

`ရေစီးသံတွေက အနိမ့်အမြင့် အတက်အကျတွေ ဆရာ၊ ဖြူ အဲ့ဒီ့ရေတံခွန်နား ရောက်သွားတယ်´

`အင်း..´

`နောက် ဖြူ့ကို လေတိုးတယ်၊ ရေတံခွန်နားက လေတွေမို့ အေးတယ် ဆရာ၊ ဖြူ လန်းဆန်းသွားတယ်´

ဆရာက ခေါင်းတစ်ချက်ညိမ့်သည်။

`ပြီးတော့ကော´

`ပြီးတော့..ပြီးတော့ ဖြူ အဲ့အနားက ထွက်လာခဲ့ရတယ် ဆရာရယ်၊ သူတို့ ဟိုးးအဝေးမှာ ကျန်ခဲ့ကြတယ်´

ဆရာ လက်ဖျောက်တီးသည်။ ကျေနပ်အားရစွာ ဖြူ့ကို ခေါင်းညိမ့်ပြသည်။

`အနုပညာဆိုတာ ဒါပဲ ဖြူ၊ တင်ဆက်နေစဉ်မှာ စီးမျောသွားနိုင်ရမယ်၊ အေး ပြီးသွားတဲ့အခါမှာလည်း သူက တကယ်တမ်း ပြီးဆုံးသွားတာ မဟုတ်ဘဲ စိတ်သဏ္ဍန်ရဲ့ ထောင့်တစ်နေရာမှာ ကပ်ညိသွားနိုင်ရမယ်´

`လှလိုက်တာ ဆိုတဲ့ ခံစားချက်ထက် ကိုယ့်အနုပညာထဲကို စီးမျောသွားနိုင်အောင် ကြိုးပမ်းရမယ်။ မိမော်လွင် ဆိုရင် မော်လွင်လေး ပီပီပြင်ပြင် ဖြစ်နေပါစေ´


တိုတိုတုတ်တုတ် ဆရာ့စကားသံအဆုံး ဖြူ အသိတစ်ချက် လက်ကနဲ ဖြစ်သွားသည်။ ဖြူ သဘောပေါက်ပြီ။ ဂီတသံမှာ အလိုက်သင့် စီးဝင်ရင်း ကကြိုးတွေက အလိုအလျောက် ဖြစ်ပေါ်လာရမည်။ ဂီတနှင့် ဖြူ့ ကကြိုးဟာ တသားတည်း ဖြစ်နေရမည်။ ဆရာ...ဖြူ နားလည်ပါပြီ။ နားလည်ပါပြီ ဆရာ။ အသံတိတ်စကားဆိုကာ ဆရာ့ကို ကြည့်မိတော့ ဆရာက ပြုံးယောင်ပြုလေသည်။

* * * * *





အပိုင်း (၆) ဆက်ရန်........

No comments:

Post a Comment