Showing posts with label ရသမျှဝေခံစားမှု. Show all posts
Showing posts with label ရသမျှဝေခံစားမှု. Show all posts

Saturday, February 2, 2013

ကြယ်စင်ကောက်ကြောင်း


(အစ)
ငြိမ်သက်အိနြေ္ဒရသော နက်ပြာရောင်နောက်ခံတွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေး များကို နှစ်သက်သဘောကျစွာကြည့်နေမိသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်ပါသည် လဲ။ တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်. အနည်းငယ်မျှသာ။ သို့သော် ထိုကြယ်ပွင့်ကလေးတွေ လက်နှင့် ခပ်ဖွဖွ ထိသပ်မိသည်။ အီလက်ထရောနစ်ဝေ့မှ စာလုံးလေးများ စာရွက်ဖြူလွလွထက် ရောက်ရှိလာခဲ့ပြီ။ လွယ်ကူ သော၊ ချောမွေ့သော၊ ဖြောင့်ဖြူးသော၊ တံတားခင်းသော လမ်းကားမဟုတ်။ သို့သော်..သူတို့ ရောက်ရှိ လာကြ ပြီ။ စာအုပ်ကလေးကသေသေသပ်သပ်၊ ကြယ်ပွင့်ကိုယ်စီ၏ အရိပ်အငွေ့တစ်မျက်နှာစီ။ ၎င်းတို့အနီးသို့ တဖြေး ဖြေးစီ……………..

(ကြယ်စင်တစ်)
စာရေးသူ = နှင်းပွင့်
ကောက်ကြောင်းများ = အမြဲစိမ်းတော၊ လမိုက်ည

အမြဲစိမ်းတောကို အရင်ဖတ်ဖြစ်သည်။ သူ့ဝတ္တုအဖွင့်တွင် ရည်ညွှန်းထားသည့် သည်းခံဖို့ကြိုးစား ရင်း၊ ရုန်းကန်ဖို့ကြိုးစားရင်း၊ တင်းခံဖို့ကြိုးစားရင်း၊ မပြင်းထန်ဖို့ကြိုးစားရင်း တဖြည်းဖြည်း အထီးကျန်ဆန် လာတယ်။ ကျွန်မ ရည်ရွယ်ချက်တို့ ယုံကြည်ချက်တို့ မှုံဝါးလေပြီလား စာသားကို စိတ်ဝင်တစားနှင့် အမြဲစိမ်း   တော ကို ဆက်ဖတ်ဖြစ်ပါသည်။ စာရေးသူဆိုလိုရင်းကို ကျွန်မ အရိပ်အငွေ့တော့ ဖမ်းမိပါသည်။ သို့သော် စကားပြေနှင့် စကားပြောရောနှောသည့် အသုံးအနှုန်းများကို အပိုဒ်တိုင်းတွင်တွေ့နေရသည်။ သူဆိုလိုသည့် အမြဲစိမ်းတော သည် အချစ်၊ ဘ၀၊ ကျင်လည်ရာဝန်းကျင်များကို ခြုံငုံပြလိုရင်း၊ ပူလောင်မှုတွေကြားမှ အမိုက်   မှောင်လိုအင်ဆန္ဒ၊ အတ္တများကင်းဝေးသော အဇ္ဈတ္တဘ၀ပုံရိပ်ကို ရည်ညွှန်းဟန်တူပါသည်။ သို့သော် အကြောင်းအရာသည် ဟန် ချက်မညီမပါ။ အချစ်အကြောင်းသယ်လာသော စာမျက်နှာတွေနှင့် ၀တ္တုပြီးလု   ပြီးခါနီးမှ ဘ၀၊ လူနေမှု ပုံရိပ်ကို ချိုးကွေ့သွားသောအခါ အနည်းငယ်မညီမညာမှုကို ခံစားရပါသည်။ သို့သော်  ခံစားမှုတစ်ခုတော့ ခပ်နွေးနွေးရရှိ စေလိုက်သည့် ရသတစ်ပုဒ်ဖြစ်ပါသည်။

လမိုက်ည ကို ဖတ်မိသောအခါ ကျွန်မ စိတ်တို့ကြမ်းရှရှ.. မိန်းမငယ်၏ ခံစားမှု၊ နာကျင်မှုတွေကို မြင်   တွေ့ကာ မချင့်မရဲ။ ဒီလိုအဖြစ်တွေမျိုးလဲ ရှိသေးသားဟုမှတ်ချက်ချမိသေးသည်။ ရေးသားဟန်မှာ သွက်၍ ဆိုလိုသည့်အကြောင်းအရာကို ခပ်စိပ်စိပ်တစ်ချက်ချင်းပြောသွားနိုင်သည်။ ပြန်လှန်မေးခွန်းထုတ်သော အမေး စကားများပြားနေခြင်းကတော့ ၀တ္တု၏အရသာကို အနည်းငယ်ထိခိုက်ပါသည်။ ထို့ထက်ပို၍ ပြေပြစ်   သောစကားပြေများဖြစ်လျှင် သိပ်လှပသည့်ဝတ္တုလေးတစ်ပုဒ်ဖြစ်သွားနိုင်ပါသည်။ စိတ်ခံစားမှု အတက် အကျကို သရုပ်ဖော်သွားသည်က နှစ်သက်စဖွယ်။ ဇာတ်အဆုံးသတ် စာကြောင်းလေးက ၀တ္တုတစ်ပုဒ်လုံး၏ အရှိန်ကို အမြင့်ဆုံးထိ ညွှန်ပြနိုင်ခဲ့သည်။

ကိုကို မလာသော ညက အထီးကျန်လွန်းလှသည်။ ကလည်းမသာ။ ညဥ့်ကလည်းနက်လုပြီ။ လပြည့်ညကျလျှင်တော့ အဖြေရှာတွေ့ကောင်းပါရဲ့

လပြည့်ညများကို ရှာတွေ့နိုင်ပါစေဟု တိတ်တဆိတ်ဆုတောင်းမိသည် အထိ ၀တ္တုလေးက ဆွဲဆောင် နိုင်ခဲ့သည်။

Tuesday, December 25, 2012

ရသမျှဝေခံစားမှု (ပန်းရိုင်းအကြွေ လေပြည်အပင့် )


ပန်းရိုင်းအကြွေ လေပြည်အပင့်

*ချစ်ကြည်အေး
ရတီမဂ္ဂဇင်း (ဒီဇင်ဘာ ၂၀၁၂)
Blog Link: http://www.chitkyiaye.com/


ရေးသားဟန်ဆွဲဆောင်မှုရှိသော၊ အတွေးအမြင်လှသည့် ၀တ္တုတိုလေးတစ်ပုဒ်ကို ညွှန်းဆိုချင်ပါသည်။

ပကာသနကို မနှစ်သက်သော၊ အပေါ်ယံဟန်ဆောင်မှုကို မလိုလားသော၊ စိတ်ဆန္ဒကို အရှိအတိုင်း စီးမျော တတ်သော မိန်းမပျိုလေးတစ်ယောက်အကြောင်း ဖြစ်သည်။ ဇာတ်ကြောင်းနှင့် အဖြစ်အပျက် မှာ ဖြစ်လေ့ ရှိသည့် သမားရိုးကျအကြောင်းအရာမျိုးပင်။ သို့သော် ဇာတ်ကောင် `ငွေ´၏ စိတ်ခံစားမှု အနိမ့်အမြင့် အတက်အကျကို ငွေ့ ဘ၀နှင့် ယှဉ်တွဲဖော်ပြရေးသွားသည့် အတတ်ပညာမှာ နှစ်သက်စရာကောင်းလှသည်။ `ငွေ´ ကို ဖတ်နေရင်း သတိတရရှိမိသည်မှာ ဒဂုန်တာရာ၏ `မြိုင်´ ပင်။ ပုံစံတူမဟုတ်ပေမယ့် စိတ်ခံစားမှု အနိမ့်အမြင့် အတက်အကျကို ပေါ်လွင်အောင်ဖော်ပြထားသော နှစ်သက်ဖွယ်ကို ခံစားရနေသောကြောင့် ပင်။ ငွေသည် မချိုသာသော မိန်းကလေးတစ်ယောက်ဟု ဆိုလျှင်ရသည်။ သို့သော်ငွေ သည် ရိုင်းစိုင်းသူတော့ မဟုတ်ပါ။ ငွေ့ ပင်ကိုစိတ်ရင်းသည် ပကတိအဖြောင့်အတိုင်း ရိုးရှင်းစွာ တည်ရှိနေသည်။ ဒါကို အဆင် လှလှတွေနှင့် တန်ဆာဆင်မွမ်းမံရန် ငွေ့ ခမျာမတတ်နိုင်ရှာခဲ့ပါ။

`ရှေ့တွင် ချိုသာနေသလောက် ကွယ်ရာကျတော့ စကားတင်းဆိုတတ်သည်မှာ လူ့သဘာဝဟုဆိုလျှင် ထို လူ့သဘာဝနှင့် ငွေ သည် လုံးလုံးမှ အံမ၀င်။ သိမ်မွေ့ညင်သာဟန်ရှိလျှက် အမျက်သိုမှီးထား တတ်သော၊   ဒေါသတို့ကို မျိုချထားကာ ရေခပ်ကြုံမှ ပြန်တွယ်တတ်သော ပညာရှိများနှင့် ယှဉ်လျှင် ငွေ က အမြဲလူဆိုး တစ်ယောက်ဖြစ်လေသည်။´

ငွေ့ အဘိဓမ္မာက ထိုသို့ပင်။ ပကတိအရှိတရားကို နှစ်သက်သော ငွေ ကို ချပြကာ စာရေးဆရာက လောက ၏ စည်း၊ ကနား၊ ဘောင် အကန့်အသတ်၊ ယဉ်ကျေးမှုတို့ကို မသိမသာ ခပ်ပါးပါးတင်ပြသွားခဲ့သည်။ ငွေ သည် ပကတိတရား၏ ပြယုဂ်ပေလား။ လူမှုအဖွဲ့အစည်း၏ ကူးလူးဆက်ဆံမှုဝဲဂယက်တွင်တော့ ငွေ သည် အရိုင်းတစ်ဦးသာ ဖြစ်ပါသည်။

Sunday, November 18, 2012

သက်တံ့များ၌ ပျော်ဝင်ခြင်း (အပိုင်း-၃)







ခင်လေးငယ်“နေ၀င်ပုံပြင်” မှာ နေ၀င်ချိန်ကို ချစ်မြတ်နိုးသော ကောင်မလေးနှင့် နေ၀င်ချိန်ကို မုန်းတီး   သော ကောင်ကလေးတို့ ချစ်သူနှစ်ဦး နေ၀င်ချိန်မှာပင် ကွဲကွာ သွားခဲ့ရ သည့်အကြောင်း   ဖော်ပြထား သည့်အချစ်ဝတ္တုတိုလေး ဖြစ်သည်။ နေ၀င်ချိန်ကို လွန်လွန်ကဲကဲမုန်းတီးသော မောင်၏ အသွင်စရိုက်က လျှို့ဝှက်နက်နဲလှသည်။ နေ၀င်ချိန်ဟူသော အသံကြားရုံနှင့် ဖျော့တော့ပျက်ယွင်းသွားလေ့ရှိသော သူ့ မျက်နှာ၊ နေ၀င်ချိန်သည် လူတစ်ယောက်၏ စိတ်ကို လေးပင်ထိုင်းမှိုင်းစေတတ်ကြောင်း ပြောလေ့ရှိသော သူ့စကား များ…..။ နေ၀င်ချိန်ကို နှစ်သက်လှပါသော မေ သည် သူ့ မောင် ကို နေ၀င်ချိန်နှစ်သက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ရှာပေ။ မေ ချစ်သော မောင် သည် နေ၀င်ချိန်တစ်ခုဆီကို သွားသည့်တစ်ညနေခင်းမှာပင် ဘ၀နေ၀င်ချိန်ရောက်ခဲ့ရပြီ ဖြစ်သည်။ ချစ်သူအား တစ်ဘ၀စာ ဆုံးရှုံးမှုတွက် ကြေကွဲဝမ်းနည်း မှုတွေနှင့်   နေ၀င်ချိန်ကို မုန်းတီးသွားရသည် ကတော့ မေ ပင်။


နေ၀င်ခြင်းအကြောင်းကို ပဟေဠိတစ်ပုဒ်နှယ် ဖွဲ့ဆိုရင်း ချစ်ခြင်းမေတ္တာ၏ သိမ်မွေ့နက်နဲမှုတို့ကိုပါ လှလှ ပပရေးဖွဲ့သွားသည်။ ချောမွေ့ပြေပြစ်သော အရေးအသားများကို သတိပြု မိရင်း ဆရာမ “ဂျူး” ၏ ၀တ္တုတို များကိုပါ အမှတ်ရမိသေးသည်။


ဏီလင်းညို “အသံများနှင့်…” က စာရေးသူနှင့် အဇ္ဈတ္တတို့ မေးခွန်းထုတ်အဖြေရှာမှုကို ဇာတ်ကောင် လူငယ်ကလေးနှင့် ဘူတာရုံလေးတို့ အပြန်အလှန် စကားဆိုကြပုံဖြင့်  ရေး သားထားပါသည်။ ကျွန်မတို့ ငယ် စဉ်က သာယာသံ၊ ဆူညံသံ ဟူ၍အသံတွေအကြောင်း သင်ကြားခဲ့ရဖူးသည်။ ဏီလင်းညို ပြောပြချင်သော အသံတွေမှာတော့ သာယာသံ၊ ဆူညံသံထက်မကတော့ပါ။ ဖြစ်ရပ်တိုင်းရှိသော၊ ကျိုးကြောင်း ညီညွတ်နေ ကြသော၊ မညီညွတ်နေကြသော အသံများ..။ ကျွန်မ တို့ ဘ၀သို့ ရိုက်ခတ်နေသမျှ အသံများကို တုံ့ပြန်ဖို့လို အပ်သည်လား၊ ခံစားဖို့ လိုအပ်သည်လား။ ကျွန်မတို့ ဘ၀တွေသည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည် မဟုတ်ပါ။ ကိုယ်တိုင် သတိမပြုမိ (သို့) မသိနိုင်သည်သာ ရှိသည်။ အသံကတော့ ရှိနေနိုင် မှာပင်။ သို့တည်း မဟုတ် ဆိတ်ငြိမ်ခြင်းကပင် ဆိတ်ငြိမ်ခြင်းအသံတစ်ခုအဖြစ် ဖြစ်နေနိုင်သည်ပဲ။ ဘူတာရုံလေး၏ စကား တစ်ခွန်းကတော့ လေးနက် ဆင်ခြင်စရာကောင်းလှသည်။

“အသံတွေရဲ့အလယ်မှာ နေတတ်ထိုင်တတ်ဖို့ ဆိုတာ အပြောမှာ လွယ်ပေမယ့် လက်တွေ့မှာ ခက်ခဲရင် ခက်ခဲနေလိမ့်မယ်။ ဒါပေမယ့် ကြိုးစားရင် ဖြစ်နိုင်တဲ့ သူလိုငါလို လူတွေထဲမှာ တကယ်လုပ်ရင် အဟုတ်ဖြစ် လာနိုင်တယ်ဆိုတာ ရင့်ကျက်လာတဲ့တစ်နေ့ မင်းသိလာပါလိမ့်မယ် ကောင်လေးရာ”


Thursday, November 15, 2012

သက်တံ့များ၌ ပျော်ဝင်ခြင်း (အပိုင်း-၂)




ဝတ္တုဆယ်ပုဒ်ဖတ်ပြီးနောက်တွင် စာရေးသူ ဘလော့ဂါများ၏ ပရိုဖိုင်လေးများကို မြင်ရလေသည်။ စာရေး သူများ၏ အတွေး၊ အမြင်၊ ဖြတ်သန်းတည်ရှိရာ ဘ၀ပုံရိပ်ခပ်ပါးပါး တို့ကို ဖော်ပြထားသည်။ ဆရာ၊ ဆရာမများ၏ ကိုယ်ပိုင်ဒိုမိန်းများ၊ အီးမေးလ်လိပ်စာများ နှင့် စနစ်တကျ။ ကွန်ပျူတာနဲ့ အရိပ်အယောင်ပြ ထားသော ရုပ်ပုံလေးများကို ကြည့်ရင်း ဓာတ်ပုံလေးများတွဲရက် ဖော်ပြထားလျှင် ဘယ်လောက်ကောင်း လိုက်မလဲ ဆန္ဒဖြစ်ပေါ်မိသေးသည်။ သူတို့ ရေးသားခဲ့သည်များကို ဖတ်ရှုပြီးသွား၍လား ကျွန်မနှင့်တော့ အတန်ငယ် ရင်းနှီးလာကြသလို..။ ရှေ့ဆက်၍ စာရွက်များကို မလှန်မိသေးဘဲ ကျွန်မအတွေးစတို့ ခပ်ပါးပါး လွင့်မြောနေသည်။ ဖတ်ခဲ့ပြီးသော ရသများနှင့် သူတို့၏ စိတ်ဝိညာဉ်များကို မရည်ရွယ်ဘဲ ဆက်စပ် ပုံဖော် မိနေသည်။ တချို့က နူးညံ့သည်။ တချို့က စူးရှသည်။ တချို့က လှပသည်။ တချို့က သိမ်မွေ့သည်။ တချို့က လျှို့ဝှက်ဆန်သည်။ ဘ၀အခြေအနေ အမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ အနုပညာချစ်စိတ် ထပ်တူညီ မှု က သက်တံ့ရောင်စုံများကို ဖြစ်ပေါ်ခဲ့လေရော့သလား။ ရင်ထဲတွင်အမျိုးအမည်မသိသော ခံစားမှုက လှပ်ကနဲ။ ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုချင်သော အာသီသတို့က လှုပ်ရှားရုန်းကန်လာသည်။

မြတ်မွန် “မသိကိန်း၏တန်ဖိုး” ကို စတင်ဖတ်ရှုရပါသည်။ စတင်၍ ဖတ်ကာစတွင် ပထမတစ်ပုဒ်နှယ် ပင် ရေခြားမြေခြားရောက် မြန်မာမိသားစုအခက်အခဲအကြောင်း တင်ပြထား သည်ဟု ထင်မြင်မိသေး သည်။ ရေမြေခြားတွင် မြန်မာမိသားစုလေးတစ်ခုအတွက် နားခိုရာအိမ်တစ်အိမ်ရရန် အခက်အခဲဖြစ်ပုံ၊ သူငယ်ချင်းဖြစ်သူ၏ အိမ်ခန်းကျဉ်းကျဉ်းလေး တွင် ခေတ္တတွဲလျက်နေထိုင်ကြရင်း အိမ်ခန်းတစ်ခန်းရရန် အပူတပြင်းရှာဖွေရပုံတို့ကို ဖော်ပြထားသည်။ ဖတ်သူ ကျွန်မပါ သူတို့အတွက် အိမ်ခန်းလေးတစ်ခန်း အဆင်ပြေပြေ ရစေချင်လာသည်။ သူတို့ အိမ်ခန်းလေးတစ်ခန်းရရှိသွားသော အခါမှ ကျွန်မ သက်မချကာ စိတ်သက်သာရတော့သည်။ သို့သော် ထိုနေရာတွင် ၀တ္တုက အချိုးအကွေ့တစ်ခုသို့ ရုတ်တရက် ကူးပြောင်း သွားသည်။ မိသားစုတွင်းမှာ နေမကောင်းဖြစ်မှု၊ အလုပ်အကိုင်အဆင်မပြေမှုတွေနဲ့ ရစ်ပတ်လာသည်။ ဒါကို လမ်းဦးတိုက်ဖြစ်နေ၍လားဟု သူတို့သံသယ ရှိလာသောအခါ ကျွန်မ မျက်ခုံးပင့်မိသည်။ ဂမ္ဘီရဘက်ကိုများ   ရောက်သွားတော့မှာလား။ ၀ါးပင်ပေါက်ကလေးတွေစိုက်၍ တံခါးဝတွင် မှန်ကလေးချိတ် လိုက်ကြ သော အခါ သူတို့ အဆင်ပြေသွားကြတော့မလား ကျွန်မတွေးမိသေးသည်။ သို့သော်ဝါးပင်လေးခမျာလည်း အစွမ်း မပြရရှာပါ။ ထူးမခြားနားအခြေအနေများနှင့် ကြုံကြိုက်လာရသောအခါ သူတို့ နောက်တစ်အိမ် ပြောင်းဖြစ် ကြ ရတော့သည်။ သို့ပေမယ့် လူဆိုသည့်အမျိုးအနွယ်သည် ကိုယ် သိချင်သည်များ၊ တအုံနွေးနွေးဖြစ်နေ သည်များကို သိလိုက်ရမှ ဖြစ်လေရာ အဆိုပါ လမ်းဦးတိုက်အိမ်ကလေးတွင် အရင်နေ သွားသော လူမျိုးခြား မိသားစုထံဆက်သွယ်ကာ မေးမြန်းကြသည်။ ဒီနေရာမှာ လီချန် ဖြေလိုက်သော အဖြေ စကားကို ကျွန်မ သဘောကျလှသည်။

“ခင်ဗျားပြောတာမျိုး အခုမှ ကြားဖူးတယ်။ ကျွန်တော်တို့ အဲဒီ့မှာနေခဲ့တာ နှစ်နှစ်ကျော်ကြာတယ်။ နေမ   ကောင်း တာလည်း ရှိတာပဲလေ။ အလုပ်အကိုင်ဆိုတာလည်း အဆင်မပြေတဲ့ အခါမျိုးရှိတာပေါ့။ ကျုပ်တို့ ဖြင့် နေမကောင်းဖြစ်ရင် ဆေးခန်းသွားလိုက်တာပဲ။ တစ်ဘက်ကလည်း မဖျားမနာအောင် အနေ အထိုင်   တော့ ဂရုစိုက်ရတာပေါ့လေ။ အလုပ်အဆင် မပြေရင်လည်း ပြေတဲ့အချိန်ပြန်ရောက်အောင် ကြိုးစား ဖို့ ပဲတွေးတယ်။ အခုပြောင်းဖြစ်တာကလည်း အိမ်သစ်ဝယ်ဖြစ်လို့ ပြောင်းဖြစ်သွားတာ၊ အရေးကြီးတာက ကိုယ့် လုပ်ရပ်ကောင်းနေဖို့ပဲ မဟုတ်လား”


Wednesday, November 14, 2012

သက်တံ့များ၌ ပျော်ဝင်ခြင်း (အပိုင်း-၁)


“သက်တံ့ဆယ်စင်း”

လက်ဝယ်ရောက်မလာခင်ကတည်း အွန်လိုင်းမှ ကြေညာထားမှုကို မြင်ခဲ့ပြီး ကြည်နူးပီတိဖြစ်နေခဲ့ရပြီး  ဖြစ် သည်။ ဒီအထဲက နာမည် နှစ်ခု၊ သုံးခုလောက်သာ ကျွန်မရင်းနှီး ကျွမ်းဝင်ခဲ့သည်ဖြစ်ပြီး ကျန် အမည်နာမ များ ကတော့ နာမည်ရဘလော့ဂ်ဂါများ အဖြစ်သာ သိရှိရုံ သိရှိထားခဲ့သည်သာ...။ ကျွန်မသည် အပြင် စည်းမှ သာမာန်လူတစ်ယောက်သာ   ဖြစ်ပါသည်။ အွန်လိုင်းတွင် အသိမိတ်ဆွေ မများလှသော ကျွန်မ အတွက် သူတို့အများစုသည် သူစိမ်းပြင်ပြင်။ သို့သော် ကျွန်မ ၀မ်းသာသည်၊ ကြည်နူးပီတိဖြစ်သည်၊ အားကျ ဂုဏ်ယူသည်။ ဒါသည်ပင် စာပေကို အရင်းတည်သော ချစ်ခြင်းမေတ္တာဖြစ်လေသည်လား။ ထိုစာအုပ် ကလေးကတော့ စာမေးပွဲဖြေဆိုနေသည့် ရက်များအတွင်းတွင်ပင် ကျွန်မထံသို့ လက်ဝယ်ရောက်ရှိ လာ ခဲ့လေပြီ။

မာတိကာကို ကြည့်လေ့မရှိသော၊ ကျေးဇူးတင်စကား၊ အမှာစာတို့ကို နောက်ဆုံးမှဖတ်လေ့ရှိသော ကျွန်မ ...  အဖွင့်ဝတ္တုတိုတစ်ပုဒ်ဖြစ်သည့် “ကတ်ကြေးတစ်ကိုက်” မှာ လွင့်ကနဲဖြစ်သွားရသည်။ “ညီလင်းသစ်” တဲ့...ဒါ ကျွန်မ အွန်လိုင်း စသုံးကာစမှာ ကြားဖူးခဲ့ရသည့် နာမည်..။ သို့သော် ကျွန်မ သူ့ကို မသိပါ။ သူ့ရဲ့ အရေးအသားတွေတွင် ရိုးရှင်းမှုနှင့် အတူ စကားလုံးကျစ်လျစ်မှုတွေ မြင်တွေ့ရသည့်အခါ ကျွန်မ တအံ့တ သြ။ ကျွန်မတို့ မဂ္ဂဇင်းလောကတွင် ရသစာပေများကို အာသာငမ်းငမ်းလိုက်လံ ရှာဖွေနေရချိန်တွင် အွန် လိုင်း စာပေလောကမှာ ဒီလို ၀တ္တုတိုရေးလက်တွေ ဘယ်လောက်တောင် ရှိနေကြပါလိမ့်။ ညီလင်းသစ်   ရေးသွားတာ စ လယ် ဆုံး သေသေသပ်သပ်။ ကျွန်မ တို့ ဆရာ့ ဆရာကြီးများ မကြာခဏ ကျူးရင့်ကြ သလို Target တစ်ခုကို ရောက်အောင်ရေးသွားနိုင်သည့် ၀တ္တုတစ်ပုဒ်ပင်။

“ကြမ်းပြင်ပေါ် တစွန်းတစကျနသည့် တစ်ဖက်ခန်းမှ မီးရောင်ဖြင့် သားရဲ့ မျက်နှာလေးကို သူတွေ့နေရ သည်။ သူ့လက်ပေါ်မှာ အပူအပင်ကင်းမဲ့စွာဖြင့် အိပ်ပျော်နေသော မျက်နှာ ကလေး...။ စောစောတုန်း ကတော့ ဗိုက်ဆာနေ၍ထင့်၊ မျက်နှာတွေ နီရဲလာအောင် တ၀ါးဝါးအော်ငိုနေခဲ့သေးသည်။”

အချိန်ကာလ၊ တည်နေရာ၊ ပတ်ဝန်းကျင်အခြေအနေ၊ ချစ်ခြင်းမေတ္တာတရားတို့ကို သူသည် စာကြောင်း သုံး လေးကြောင်းနှင့် ရက်ဖောက်နိုင်ခဲ့သည်။ သူ့ သားကလေးနိုး သွားမှာ စိုးသည့်အလား ကျွန်မပင် အသက်ရှုသံခပ်တိုးတိုးနှင့် စာရွက်ကို ဖွဖွလှန်လို့.....။ ရှေးရိုးဆန်သည် ပြောချင်ပြော...မော်ဒန်တွေ၊ နိမိတ်တွေ၊ နားမလည်အောင် ၀ှက်ရေးမှုတွေထက် ဒီလို ရိုးရှင်းသည့် အရေးအသားမျိုးကို ကျွန်မ နှစ်သက် လှပါသည်။

ဖခင်တစ်ယောက်၏ သူ့သားကလေးအပေါ် ထားသည့်မေတ္တာ၊ သားကလေးရရှိချိန်တွင် ခံစားရသည့်   နူးညံ့မှု၊ တုန်လှုပ်မှု၏ ၀မ်းသာမှုတို့အား သူ ဖော်ကျူးနိုင်ခဲ့သည်။ သားချက်ကြိုးကို ကတ်ကြေးဖြင့် ကိုက် စဉ်ခံစားမှု၊ ချက်ကြိုး ပြတ်တောက်သွားစဉ် အရောင်စုံသွားသည့် ခံစားမှု၊ သားကလေး ရောက်ရှိလာခြင်း အပေါ် ၀မ်းမြောက် ၀မ်းသာကြိုဆိုသော၊ သား အတွက် မားမာမတ်မတ်ရပ်တည်ပေးလိုသော၊ မိဘတာဝန် အပြည့်ထမ်းဆောင်ဖို့ တက်ကြွနေသော ဖခင်တစ်ယောက်၏ နှလုံးရိုက်ခတ်သံများ.....။ ၀တ္တုတို တစ် ပုဒ်လေးအတွင်းမှာပင် ပစ္စက္ခအခြေအနေ၊ အတိတ်၊ အနာဂတ် အလုံးစုံကို ရက်ဖောက်ရေးသွားနိုင်ခဲ့သည်။

“သေချာသည်ကတော့ ချစ်ခြင်းမေတ္တာဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်လေသည်”

Thursday, May 27, 2010

မှန်နန်းတော်မှ မေတ္တာတရား

စာဖတ်ခြင်းသည် “တတိယမျက်လုံး“ လို့ အဆိုရှိပါတယ်..။ ဒီအဆို ကျွန်မအပြည့်အ၀ ထောက်ခံပါတယ်..။ ဒီနေ့ ခေတ်ဟာ သတင်းခေတ်၊ နည်းပညာခေတ်မို့ စာအုပ်၊ စာပေမှန်သမျှဟာလည်း အင်တာနက်ကနေ အလွယ်တကူ ရှာဖွေရနိုင်တယ်၊ ဖတ်ရှုနိုင်ပါတယ်..။ ဒါပေမယ့် စာအုပ်တစ်အုပ်ကို လက်ထဲမှာ ပြည့်ပြည့်   ၀၀ကိုင်ပြီး ဖတ်ရတဲ့ အရသာဟာလည်း ဘာနဲ့ မှ မလဲနိုင်ပါဘူး။ အတွေးအမြင်တွေ၊ ဆင့်ပွားအတွေးတွေ၊ အနုပညာ...စသဖြင့် ဒီအရာတွေဟာ စာဖတ်ခြင်းကနေရတယ်လို့ ကျွန်မ အပြည့်အ၀ယုံကြည်ပါတယ်...။

ဟိုးအရင်ကတော့ စာအုပ်မှန်သမျှ မလွတ်တမ်းဖတ်ခဲ့ ၊ စာတွေလည်း မပြတ်ရေးခဲ့ ပေမယ့် ကျဉ်းမြောင်း လာတဲ့ လူနေမှုစနစ်ရဲ့ အောက်မှာ စာပေတွေနဲ့ ဝေးကွာခဲ့ တာ နှစ်ချီခဲ့ ပါပြီ။ဒီနေ့ တော့ အားလပ်ရက် တစ်ရက်ဖြစ်လို့ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း ကို ဖတ်ဖြစ်ခဲ့ ပါတယ်..။ အဲဒီ့ မှာ မသီတာ (စမ်းချောင်း) ရေးသားတဲ့ “မှန်နန်းတော်ကိုဖန်တီးသူနှင့် တွေ့ ဆုံခြင်း” ဆိုတဲ့ တွေ့ ဆုံခန်းလေးကို ဖတ်ပြီး ရင်ထဲမှာ ထိထိခိုက်ခိုက်ခံစားမိခဲ့ လို့ ဒီစာစုကို ရေးဖြစ်ပါတယ်..။ ဆရာမ မသီတာတွေ့ဆုံ မေးမြန်းသူ က ရွှေအမြုတေမဂ္ဂဇင်းမှာ ဘာသာပြန်အခန်းဆက်ဝတ္တုအဖြစ် ဆရာနေ၀င်းမြင့် တင်ဆက် နေတဲ့  “ရေကန်သာကြာတိုင်းအေး“ ရဲ့ မူရင်းစာရေးသူ "Amitav Gosh" ဖြစ်ပါတယ်..။

ကျွန်မမှာ ဟိုးအရင်ကတည်းက အရိုးစွဲနေတဲ့ ၊ အမြစ်တွယ်နေတဲ့ အမြင်တစ်ခုရှိပါတယ်..။ အဲဒါကတော့   မြန်မာနိုင်ငံ သူ့ ကျွန်ဘ၀ရောက်ခဲ့ ရတာ၊ကိုလိုနီစနစ်ရဲ့ ဆိုးမွေ ကိုခံစားခဲ့  ရတာ...ဒါတွေအားလုံးရဲ့ တစ်ဦးတည်းသောတရားခံသည် “သီပေါဘုရင်“ လို့ မှတ်ယူထားခဲ့ ပါတယ်..။ ဘယ်မင်းသားတော့ဖြင့် နန်းတက်ခဲ့ ရင် ဒီလိုဖြစ်ခဲ့ မှာမဟုတ်ဘူး...စသဖြင့် မရေမရာအတွေးများနဲ့ တစ်ရံရောတခါက ယိုးဒယားကိုအောင်နိုင်ခဲ့ တဲ့  မြန်မာနိုင်ငံသမိုင်းကို ရမ်းရော် မှန်းဆပြီး ကျိတ်မနိုင်ခဲမရလည်း   ဖြစ်ခဲ့  မိပြန်ပါသေးတယ်...။ 

မြန်မာနိုင်ငံမှာမွေးပြီး...မြန်မာစစ်စစ်တစ်ယောက်ဖြစ်တဲ့  ကျွန်မအတွက် အိန္ဒိယနိုင်ငံသား စာရေးဆရာ တစ်ယောက်ရဲ့  အတွေးအမြင်တစ်ချို့ ဟာ ရင်ကိုလှုပ်ခတ်ထိခိုက်ခံစားခဲ့ ရပါတယ်..။ သူဟာ မြန်မာ့ရေမြေ နဲ့ နီးစပ်သူတစ်ယောက်ဖြစ်ပြီး မြန်မာပြည်ကို ချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်..။ သီပေါဘုရင် နဲ့ ပတ်သတ်ပြီး "Amitav" က ဒီလို ပြောပြခဲ့ ပါတယ်.....။

သီပေါ ဘုရင်ကိုပဲ ကျွန်တော် ပိုပြီး စိတ်ဝင်တစား ခံစားခဲ့မိတာပါ။ သူနဲ့ ပတ်သက်ရင် တော်တော်များများ က အထင်လွဲ နေတာမျိုးတွေလည်း ရှိပါတယ်။ သန့်မြင့်ဦး ရေးတဲ့ သီပေါဘုရင် အကြောင်း စာအုပ်အရ ဆိုရင် သူဟာ ရှေ့ရေးကို ကြိုတွေးသူပါ။ ကြေးနန်းကို စတင်ဖို့ ကြိုးစားခဲ့တယ်။ ရထားလမ်းတွေ ဖောက်ဖို့ ကြိုးစားခဲ့တယ်။ တခြား ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အများကြီး လုပ်ဖြစ်အောင် သူ ကြိုးစားခဲ့ပါတယ်။ တကယ်လို့များ သီပေါ ဘုရင်ဟာ သူ လုပ်ချင်တာတွေကို ဆက်လုပ်ခွင့် ရခဲ့မယ်ဆိုရင် မြန်မာဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံထက် ပိုပြီး ဖွံ့ဖြိုးနေမှာ သေချာတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
ဘာပဲလုပ်လုပ် မြန်မြန်ဆန်ဆန် ရှေ့ကို ရွေ့တတ်တဲ့ အတွက်လည်း ဗြိတိသျှ နယ်ချဲ့က မြန်မာကို မျက်စိကျခဲ့တာပေါ့။ သီပေါ ဘုရင်ဟာ သိက္ခာအရရော၊ အသိ ဥာဏ်အရရော၊ စိတ်ဓာတ်ရေးရာ အရပါ သြဇာပြည့်တဲ့ သူပါ။ ရတနာဂီရိကို ရောက်လာတော့လည်း သူ့မှာ သိက္ခာ အပြည့်နဲ့ပါ။ သူဟာ သူ့အိမ်တော်ထဲမှာ ၁၉ နှစ်လုံးလုံး အကျဉ်းကျ နေခဲ့တာမှာ အိမ်တော်ထဲကနေ တစ်ကြိမ်တစ်ခါမှ အပြင်ကို မထွက်ဖူးခဲ့ပါဘူး။ နယ်ချဲ့က သူ့ကို ဆက်ဆံခဲ့ပုံဟာ နည်းနည်းမှ လူမဆန်ခဲ့တာပါ။ ကျွန်တော် အိန္ဒိယခရိုင် ကော်မရှင်နာရဲ့ မှတ်တမ်း တချို့ကို ဖတ်ဖြစ်ခဲ့ပါတယ်။ သိပ်ကို ကြေကွဲစရာ ခံစားရတာပါ။
တကယ်တော့ သီပေါ ဘုရင်ဟာ နယ်ချဲ့အင်ပါယာရဲ့ အကြွယ်ဝဆုံး ခရိုင်က ဘုရင် တစ်ပါးပါ။ သူ့ကို ထားခဲ့တာက တကယ့်ကို အရေးမပါတဲ့ သာမန် ဘုရင်ငယ်လေးတွေရဲ့ အဆောင် အယောင်မျိုးနဲ့ပါ။ သူ့ကိုထားခဲ့တဲ့ အိမ်ကို မြင်ဖူးကြပါသလား။ အခု ရတနာ ဂီရိမှာ ရှိနေတဲ့ စံအိမ်ဆိုတာ ၁၉၁၂ မှာမှ ဆောက်ခဲ့တာပါ။ သီပေါ ဘုရင် နေခဲ့ရတဲ့ စံအိမ်ဟာ အဲဒီအိမ် မဟုတ်ပါဘူး။
အူထရမ်အိမ်က ပျက်စီးသွားခဲ့ပြီ။ အဲဒီမှာ သီပေါ ဘုရင်ဟာ ၁၈၈၅ ကနေ ၁၉၁၂ ထိ နေခဲ့တာ ပါ။ လူနှစ်ဆယ်ကျော်၊ သုံးဆယ် လောက်ဟာ အိမ်လေး တစ်လုံးထဲမှာ စုပြီး နေခဲ့ရတာကို ခင်ဗျားတို့ တွေးကြည့်ကြပါ။ အိမ်လေးဆိုတာ တကယ့်အိမ်က လေးပါ။ ဘန်ဂလိုလေး တစ်လုံးပဲ ဖြစ်ပါတယ်။ ဘုရင်တစ်ပါး အတွက် ဘန်ဂလို တစ်လုံးဆိုတာ ဘာအဓိပ္ပာယ် ဆောင်မှာလဲဗျာ။ ဒါကြောင့် ၁၉၁၂ မှာ အဲဒီ ဘန်ဂလိုကို ဖျက်ဆီးပြီး ရတနာဂီရိ ရဲအုပ်ချုပ်ရေး ရုံးကို အဲဒီ မြေပေါ်မှာ ဆောက်ခဲ့ လိုက်ကြတယ်လေ။ ဒါကြောင့် သီပေါဘုရင်ရဲ့ စံအိမ်တော်ကို ကြည့်ချင်တယ်ဆိုတဲ့ သူတွေကို ပြောလိုက်ကြပါ။ သီပေါ နန်းတော်လို့ အမည် ပေးထားတဲ့ အခုနေရာမှာ သီပေါ ဘုရင်ဟာ စုစုပေါင်း လေးနှစ်သက် တမ်းသာ နေသွားခဲ့ရပါတယ်။

ကျွန်မရင်ထဲမှာ ဖျတ်ခနဲကြေကွဲသွားခဲ့ ပါတယ်...။ စာပေတွေ..၊ အမြင်တွေ အရသာကြီးပြင်းခဲ့ ရတာ ကျွန်မဟာ ကိုယ်ချင်းစာတရားနဲ့ အကြောင်းအကျိုးဆက်စပ်မှု ဆိုတာတွေကို မေ့လျာ့နေခဲ့ တယ်ဆိုတာ....။ သီပေါမင်းတရားရဲ့ ဘက်ကရော တစ်ခါမှ တွေးမပေးခဲ့ ဘူးဆိုတာ..။ သယံဇာတ ပေါကြွယ်ဝတဲ့  ရေမြေကို အစိုးရတဲ့ အရှင်တစ်ပါးရဲ့ ရင်ထဲမှာ ဘယ်လိုဖြစ်ခဲ့ မယ်ဆိုတာ...။ ဆက်လက်ပြီး    မြန်မာနိုင်ငံ ရဲ့ ဖွံ့ ဖြိုးဆဲအခြေအနေအပေါ် "Amitav" က ဒီလိုပြောပြခဲ့ ပါသေးတယ်...။

မြန်မာပြည်ဟာ အတော်ကြီးကို ဖျက်ဆီး ခံခဲ့ရတာပါ။ ဂျပန်တွေ ၀င်လာပြီး ဗြိတိသျှ ဆုတ်ပေးရတော့ သူတို့က တံတား မှန်သမျှ ဖျက်ဆီးတယ်၊ မီးရှို့လို့ရတာ မှန်သမျှ ရှို့တယ်၊ အစစ အရာရာကို ရစရာ မရှိအောင် ဖျက်ဆီးခဲ့တာပါ။ ကျွန်တော် အဲဒီအချိန်က ဆီစက်ပိုင်ရှင် အိန္ဒိယသား တစ်ယောက်ရဲ့ ဒိုင်ယာရီကို ဖတ်ခဲ့ရဖူး ပါတယ်။ အဲဒီမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆန်စက်၊ ဆီစက် စတာတွေကို မြန်မာတွေ ပိုင်တာမို့ ဖျက်ဆီးခဲ့တာလို့ သူက နားလည် မှတ်သားထားတာပါ။ အဲဒီလိုပဲ ဂျပန်ကလည်း သူ့လက်ထက်မှာ အားလုံးကို တစ်ခါ ဖျက်ဆီးပြန်ပါတယ်။ ဒီလိုနဲ့ မြန်မာပြည်ဟာ ပြောင်တလင်း ခါခဲ့ရတာပါ။ ဒီလို ပြောင်တလင်း ခါတဲ့ အဖြစ်ဟာ မြန်မာပြည်မှာ နှစ်ခါ တိတိ ဖြစ်ခဲ့တာပါ။ ခင်ဗျားတို့ ဒီလို အဖြစ်မျိုး ဥရောပမှာ ဖြစ်ခဲ့တာကို စဉ်းစားကြည့်ပါ။ အထူး အစီအစဉ်တွေနဲ့ အမေရိကက ဥရောပ ပြန်လည် ထူထောင်ရေးကို ကူညီ ပေးခဲ့တာပါ။ နိုင်ငံတကာက ဥရောပ နာလန်ထအောင် စိုက်လိုက် မတ်တတ် ကူခဲ့ပေမယ့် သူတို့ မြန်မာပြည် အတွက် ဘာလုပ် ပေးခဲ့ကြသလဲ။ ဘာဆို ဘာမှ မလုပ် ပေးခဲ့ကြပါဘူး။ 

ဒီတွေ့ ဆုံခန်းကလေး ကိုဖတ်မိပြီး ကျွန်မရရှိလိုက်တာ မေတ္တာတရား နဲ့ ကြည်နူးမှုပါ......။ ခံစားတတ်တဲ့ သူတစ်ယောက်အတွက် ရသတွေကိုရရှိစေပြီး ...သုတလိုချင်သူတွေအတွက်လည်း ဗဟု သုတ အချို့ ကိုရရှိစေတဲ့  ဒီတွေ့ ဆုံခန်းကို ရေးသားပေးတဲ့ ဆရာမ မသီတာနဲ့ ဖော်ပြပေးတဲ့  ဆရာ ဦးဝင်းငြိမ်း ကို ကျေးဇူးအထူးတင်ရှိပါတယ်..။ ထပ်ဆင့်တွေးမိတာ  ကတောအရှေ့မှာနေသည်ဖြစ်စေ၊ အနောက်မှာနေသည်ဖြစ်စေ..မေတ္တာတူကြရင် လူသားအချင်းချင်းဟာ နီးစပ်နိုင်ကြတယ် ဆိုတာ....။    ။


ရွှေအိမ်စည်
27.5.2010