(၆)
ပြိုကွဲနာကျင်နေသောနှလုံးသားသည်
“အကျွမ်းဝင်ခြင်း” ဟူသောအရာနှင့် ထိတွေ့ရသောအခါ အံ့သြထူးဆန်းမှုတွေ နှင့် လောကကို
ပိုမိုသိမြင်လာလေသည်။ ဒါကို သိမြင်အောင် ဖြစ်တည်စေခဲ့သည်က မြေခွေးပင်။
“အဲဒါဟာ တစ်ဦးနဲ့ တစ်ဦး အကျွမ်းတ၀င်ဖြစ်အောင် နှောင်ကြိုးဖွဲ့ခြင်းကို ဆိုလိုတာပဲ”
နှောင်ကြိုးဖွဲ့ခြင်း….နှောင်ကြိုးဖွဲ့ခြင်း။
တဖွဖွ ရေရွတ်ရင်း ဂြိုဟ်ငယ်လေးပေါ်မှ သူ၏ ပန်းကလေးကို ပြန်ပြောင်း သတိရ လာပြန်သည်။
အမှန်စင်စစ် အကျွမ်းဝင်ခြင်းဖြင့် နှောင်ကြိုးဖွဲ့မှု ပြုခဲ့သည်က သူ
ကိုယ်တိုင်ပေပဲ။
ပန်းကလေးအပေါ်မှာများ သူ
တာဝန်မဲ့ခဲ့လေပြီလား။ ထိုသို့တွေးမိတော့ စိတ်မကောင်းလှစွာ တွေတွေငေးငေး။
အကျွမ်း ၀င်ခြင်းကို ပြုမူခဲ့မှတော့ နှောင်ကြိုးဆိုတာ ဖြစ်တည်လာမှာပင်။
မာယာတွေများစေဦး၊ မဟုတ်မမှန်သော စကားကို ဆိုစေဦး… နေ့စဉ်ရက်ဆက် အကျွမ်းဝင်အောင်
ပြုမူခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသော နှောင်ကြိုးတို့ကိုကား သူ မစဉ်း
စားခဲ့မိလေပြီလား။ မီးတောင် သုံးခုကိုတောင် အမြဲလိုလို ဆေးကြောသုတ်သင်နိုင်ခဲ့သော
မင်းသားလေးသည် နှောင်တွယ် ရှုပ်ငင်သော ကြိုးတို့ကိုကား မရှင်းနိုင်ခဲ့လေပြီ။
မြေခွေးကတော့ သူ့ကို
အကျွမ်းတ၀င်ပြုလုပ်ပါဟု တစာစာ တောင်းဆိုနေသည်။ သူ မည်သို့လုပ်ရပါမည်လဲ။ မင်းသား လေးအဖို့ရာ အချိန်က တိုတောင်းလှသည်။ မိတ်ဆွေတွေရှာဖွေဖို့ ဆက်လက်ခရီးထွက်ရပေဦးမည်။
သိနားလည်စရာတွေ ရှာဖွေ ဖို့လည်း အများသားပင်။ အကျွမ်းဝင်အောင် ပြုမူနေခြင်းဖြင့်
အချိန်တွေ မကုန်ဆုံးစေလိုလှပါ။
“လူတစ်ဦးတစ်ယောက်ဟာ
မိမိအကျွမ်းတ၀င်ပြုလုပ်ထားတဲ့ အရာကို မိမိသာလျှင် သိနိုင်ပါတယ်၊ လူတွေဟာ ဘာကိုမှ
နားလည်သိရှိအောင် ကြိုးစားဖို့ရာ အချိန်မရှိကြတော့ဘူး၊ ဆိုင်မှာ
အသင့်ပြုလုပ်ပြီးသားများကိုသာ သူတို့ဝယ်ကြ တယ်၊ ဒါပေမဲ့ ခင်မင်မှုကို
ဝယ်နိုင်တဲ့ဆိုင်တွေကတော့ မရှိပါဘူး၊ ဒီတော့ လူတွေဟာ မိတ်ဆွေကောင်းဆိုတာ
မရှိကြတော့ ဘူးပေါ့၊ အကယ်၍ ခင်ဗျား မိတ်ဆွေလိုချင်တယ်ဆိုရင်
ကျုပ်ကိုအကျွမ်းတ၀င်ဖြစ်အောင် ပြုလုပ်ပါ”
မိတ်ဆွေတိုးဖို့
အကျွမ်းတ၀င်ပြုခြင်သည်ဟာလည်း လိုအပ်သည်ပါပဲ။ သည့်နှယ် တွေးတောကာ “စကားမပြောပါ နဲ့၊ စကားတွေဟာ အမှားပါတတ်ပါတယ်”
“လူတစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ်ကိုတိကျအောင်သိရှိနားလည်ထားဖို့ လိုအပ် တယ်” စသဖြင့်
မြေခွေး၏ အဆိုစကားများကို လက်ခံလိုကနာပေးကာ နှောင်ကြိုးဖွဲ့ပြီးတော့
အချိန်ကထွက်ခွာရန် ကျ ရောက်ခဲ့ပြီ။
အကျွမ်းဝင်ခြင်း၏ နောက်ကွယ်မှာ
နှုတ်ဆက်ထွက်ခွာခြင်းဆိုတာလည်း တဆက်တည်းရှိနေသည်ပဲ။ အကျွမ်းဝင် ခြင်းကို
ပိုမိုသိမြင်လာပြီးနောက် မြောက်များလှစွာသော နှင်းဆီပန်းများကိုလည်း
သွားရောက်ကြည့်ရှုခဲ့သေးသတဲ့။ ယခု တော့ ထိုပန်းပွင့် ကလေးများသည် လှပရုံမှလွဲပြီး
မည်သည့်အရာမှ ရှိမနေကြောင်း သိမြင်လာခဲ့ပြီ။ သူတို့အား မည်သူမှ လည်း
အကျွမ်းတ၀င်ဖြစ် အောင် မပြုလုပ်နှင့် ဘာများအဓိပ္ပာယ်ရှိနေပါသနည်း။ အရောင်အသွေးနှင့်
ပုံသဏ္ဍန်သာ တူ ကောင်းတူမည်၊ သူ၏ တစ်ပွင့်တည်း သော ပန်းကလေးနှင့် မတူညီခြားနားကြောင်း
သူ့နှလုံးသားက သိရှိခဲ့ပြီ။
မြေခွေးကိုနှုတ်ဆက်အပြီး ရှေ့သို့တူရှုနေသော ခြေလှမ်းများနှင့် အတွေးစကားလုံးတွေကို တဖွဖွရေရွတ်ရင်း ပုံရိပ် တို့ က ဝေ့၀ဲနေသည်။
“အရေးကြီးသော အကြောင်းအရာများကို မျက်စိက မမြင်ပါကလား”
“ကျွန်တော်ဟာ ကျွန်တော့်ရဲ့နှင်းဆီပန်းအပေါ်မှာ တာဝန်ရှိတယ်”
******








