အကြောင်းအရာ ရှိပြီးသား ဇာတကလာ ဘုရားဟော ဇာတ်နိပါတ်တော် အကြောင်းအရာ အဟုတ် ကို ဟုတ်အောင်ရေးနိုင် ခြင်းထက် ဘာမဟုတ်တဲ့ ဆီမီးခွက်လေး တစ်ခွက်အကြောင်းကို ဟုတ်အောင်ရေးနိုင် ခြင်း က ပိုပြီးခက်ခဲသည်ဟု ဆရာကြီး ပီမိုးနင်းမှ စာရေးလိုသော် ၀တ္တုတွင် လည်း ကောင်း၊ အစဉ်အမြဲ ရှင်သန်နေလိုသော ၀တ္တုတိုရေးသမား တစ်ယောက် ဖြစ်လိုပါက အဘိဓာန် တစ်အုပ်ကို လှန်၍ ရရှိလာ သော စကားလုံးကို ၀တ္တုတိုဖြစ်အောင် ရေးသားပါဟု ဆရာနေမျိုးမှ လည်းကောင်း အသီးသီး ချောက်ချခဲ့ သည့်အတွက် အဘိဓာန် တစ်အုပ်ကို လှန်လှောကြည့်မိရာမှ ဘာမဟုတ်သည့် စကားလုံးလေးများမှသည် အဖြစ်အပျက်တစ်ခု(သို့) ဘ၀တစ်ခု ဖြစ်တည်လာသည်ကို ရေးသားလိုက်ပါသည်။
Saturday, September 7, 2013
Friday, September 6, 2013
ကျွန်မ နှင့် စာရေးခြင်း
ကျမ ရေးသားခဲ့ဖူးတဲ့ရီဗျူးအချို့ကို ဖတ်အပြီးမှာ ခင်မင်ရင်းနှီးတဲ့ မဂ္ဂဇင်းတစ်စောင်က လစဉ်တစ်အုပ်ကျ စီ ဝေဖန်သုံးသပ်ချက်ဆောင်းပါးရေးပေးမလားရယ်လို့ အမေးစကားပြုလာပါတယ်။ စာဖတ်ခြင်းကို ခုံမင်ပြီး ရသကိုရိုးရိုးမခံစားဘဲ Analysis လုပ်တတ်တဲ့ ကျမ အတွက် ဒီကမ်းလှမ်းချက်ဟာ ၀မ်းမြောက်ဝမ်းသာ ဖြစ်စရာပါပဲ။ တကယ်လည်း ဒီတစ်လမှာ ရေးမယ်ကြံရွယ်လို့ ရွေးချယ်ထားတဲ့ စာအုပ်တစ်အုပ် လည်း ရှိနေခဲ့ပါတယ်။ စာအုပ်ထဲက ဇာတ်လမ်းတွေလည်း အကုန်အစင် ဖတ်ပြီးသွားခဲ့ပြီ။ စာအုပ်ဖွဲ့စည်းပုံ၊ အပြင် အဆင်၊ အတွင်းသရုပ်ဖော်ပုံများက ဘယ်လို စသဖြင့် ချဉ်းကပ်လေ့လာမှုလည်း ရှိပြီး သွားခဲ့ပြီ။ အဲဒီ့ မဂ္ဂဇင်း တိုက်က ပြန်လာပြီး ရက် သိပ်မကြာခင်မှာ ရေးဖြစ်, ရေးပြီးသွားနိုင်မယ့် အနေအထားလို့ ပြောလို့ ရနိုင်နေ ပါပြီ။
ဒါပေမယ့် ရက်ပေါင်းများစွာ ကျော်လွန်လာတဲ့အထိ ကျမ စာ တစ်လုံး မစ ဖြစ်ခဲ့ပါဘူး။ တကယ်ဆိုရင် မရေးဖြစ်သေးတောင် အချက်အလက် gist ကိုထုတ်သင့်နေပြီ။ ဘာကြောင့် စာကြည့်ခုံကလေးမှာ မထိုင် တယ်မသိဘူး။ ကျမ ကိုယ် ကျမ လည်း အားမလိုအားမရ မချင့်မရဲဖြစ်မိသေးရဲ့။ စာပေလောက က သူတွေ နဲ့ ဆုံတိုင်း “စာရေးပါ” ဆိုတဲ့စကားက လူတိုင်းထံကနေ ကြားနေရမြဲစကား။ ဘယ်မဂ္ဂဇင်းမှာဖြင့် ဘယ်သူ က ဘယ်အပုဒ်ပါတာ...ဟို ၀တ္တုလေးကဖြင့် ဘယ်လိုစသဖြင့် ဆွေးနွေးသံညံနေတဲ့ အထဲမှာ ကျမ ၀မ်းနည်း သိမ်ငယ်သလို မကြာခဏဖြစ်ခဲ့ရဖူးတယ်။ ၂၀၁၃ အစပိုင်းကမှ ပြန်လည်အစပျိုး အားယူခဲ့တဲ့ ကျမ မှာ ယနေ့အချိန်အထိ မဂ္ဂဇင်းစာမျက်နှာထက် ပါဝင်ခဲ့တာဆိုလို့ တစ်ပုဒ်စ၊ နှစ်ပုဒ်စ လား....ဒါပဲ ရှိသေးရဲ့။ ဒါပဲ ရှိဆို ကျမ ရေးအားကလည်း အားရစရာမကောင်းလောက်အောင် နည်းပါးလွန်းနေခဲ့တယ်။ ဆိုးဝါး တာက မဂ္ဂဇင်း၊ စာစောင်တွေကို ပို့လို့မရတဲ့ ရီဗျူးတွေ မကြာခဏရေးဖြစ်နေခြင်းပဲ။ နောက် အက်ဆေး မမည်၊ အတွေးအမြင်မမည်တဲ့ စာတိုပေစတွေလည်း စိတ်ကူးပေါက်ရင် ရေးမိပြန်တယ်။ ဘယ်တော့ ပြီးမယ် မှန်း ကိုယ်တိုင်တောင်မသိတဲ့ “အဝေးပျံငှက်” ဆိုတဲ့ ၀တ္တုရှည်ကိုလည်း အားရင်အားသလို ရေးမိပြန်တယ်။ ခံစားချက်တွေ စုပြုံများပြားလာရင် ကဗျာ၊ ကိုယ်ရေးကိုယ်တာခံစားချက်စာစု စသဖြင့် ရေးမိပြန်တယ်။
ဆိုတော့ကာ ကျမ ရဲ့ ဘလော့ဂ်မှတ်တမ်းမှာ ပြန်လည်လှုပ်ရှားချိန်က စ လို့ လ အလိုက်အရေအတွက်မှာ နည်းပါးတယ်ဆိုပေမယ့် အနည်းဆုံး သုံး လေး ပုဒ်တော့ ရှိနေတတ်တယ်..။ မဂ္ဂဇင်း၊ စာစောင်တွေကို ပို့လို့ ရနိုင်တဲ့ ၀တ္တုတို၊ အက်ဆေး၊ ဆောင်းပါး စတာတွေကတော့ မရှိသလောက်ကို အလွန့်အလွန်နည်းပါးနေ ခဲ့ပါတယ်။
Saturday, August 31, 2013
Happy Blog Day !!
ကိုရန်အောင် တဂ်ထားတာကို တွေ့တဲ့ အချိန်မှာ ရန်ကုန်အချိန်အနေနဲ့ ည ၇း၃၀ ဖြစ်နေခဲ့ပြီ။
အိမ်မှာ အင်တာနက်သုံးလို့ရတဲ့ သူတစ်ယောက်ဆိုရင်တော့ ၁၂ နာရီမတီးမချင်းရေးခွင့်ရှိလို့ အချိန်ကောင်းကောင်းမှီတယ်လို့ ဆိုနိုင်ပါမယ်...။
ဒါပေမယ့် ကျမ အင်တာနက်သုံးခွင့်က နောက်ထပ်တစ်နာရီခွဲပဲ ရှိတော့တယ်...။ ဘာကြောင့်ဆို ညကိုးနာရီအမှီ အဆောင်ကိုပြန်ဝင်ရမှာ ဖြစ်တာကိုးး..။ ရတဲ့ အချိန်လေးမှာပဲ အနည်းငယ်ပဲ ဖြစ်ဖြစ် ပို့စ်လေးတစ်ခုရေးခဲ့ဖို့ ဆန္ဒဖြစ်ခဲ့ပါတယ်..။
ကျမ အင်တာနက်စသုံးစဉ်ကတည်းက သူ့စာတွေကို ခိုး ခိုး ဖတ်ခဲ့ရတဲ့ ချစ်ခင်လေးစားရတဲ့ အကိုရန်အောင်အစပြုနှိုးဆော်ပြီး တဂ်ထားတာကို တလေးတစားပြုပေးချင်တာလည်း ပါ, ပါတယ်..။
နောက်တစ်ကြောင်းက ဘလော့ဂ်ရေးသားချင်းမှ အစပြုလို့ စာပေကိုပြန်လည်စိတ်ညွှတ်လာတာကြောင့် ဘလော့ဂ့်ဒေးမှာ အမှတ်တရရေးခဲ့ချင်တာလည်း ပါ, ပါတယ်...။
Facebook ထဲ ၀င်လိုက်တဲ့အခါ ဘလော့ဂ်ရေးဖော် အစ်ကို၊ အစ်မတွေက အသီးသီး ဘလော့ဂ်ဒေးအတွက် နှုတ်ခွန်းဆက်ထားကြတာကို တွေ့ရပါတယ်..။
သူတို့ ဘလော့ဂ်တွေမှာလည်း အမှတ်တရပို့စ်တွေ ရေးထားချင်ရေးထားနိုင်မှာ ဖြစ်ပေမယ့် ကျမ အတွက် အချိန်က ရှားပါးနေပြီဖြစ်တဲ့အတွက်ကြောင့် မပန်ဒိုရာရဲ့ ပို့စ်ကို ဖတ်အပြီးမှာ ဘလော့ဂ်ဘက်သာ ထွက်လာခဲ့ပါတယ်...။
(ကနဦးတဂ်ထားတဲ့ ကိုရန်အောင်ပို့စ်တောင် မဖတ်နိုင်သေးဖြစ်နေခဲ့ပါတယ်..
နောက် ရက် အချိန် အေးအေးဆေးဆေးကျမှ ဘလော့ဂ်ဒေးအမှတ်တရပို့စ်တွေ လိုက်ဖတ်ပါတော့မယ်...။)
အိမ်မှာ အင်တာနက်သုံးလို့ရတဲ့ သူတစ်ယောက်ဆိုရင်တော့ ၁၂ နာရီမတီးမချင်းရေးခွင့်ရှိလို့ အချိန်ကောင်းကောင်းမှီတယ်လို့ ဆိုနိုင်ပါမယ်...။
ဒါပေမယ့် ကျမ အင်တာနက်သုံးခွင့်က နောက်ထပ်တစ်နာရီခွဲပဲ ရှိတော့တယ်...။ ဘာကြောင့်ဆို ညကိုးနာရီအမှီ အဆောင်ကိုပြန်ဝင်ရမှာ ဖြစ်တာကိုးး..။ ရတဲ့ အချိန်လေးမှာပဲ အနည်းငယ်ပဲ ဖြစ်ဖြစ် ပို့စ်လေးတစ်ခုရေးခဲ့ဖို့ ဆန္ဒဖြစ်ခဲ့ပါတယ်..။
ကျမ အင်တာနက်စသုံးစဉ်ကတည်းက သူ့စာတွေကို ခိုး ခိုး ဖတ်ခဲ့ရတဲ့ ချစ်ခင်လေးစားရတဲ့ အကိုရန်အောင်အစပြုနှိုးဆော်ပြီး တဂ်ထားတာကို တလေးတစားပြုပေးချင်တာလည်း ပါ, ပါတယ်..။
နောက်တစ်ကြောင်းက ဘလော့ဂ်ရေးသားချင်းမှ အစပြုလို့ စာပေကိုပြန်လည်စိတ်ညွှတ်လာတာကြောင့် ဘလော့ဂ့်ဒေးမှာ အမှတ်တရရေးခဲ့ချင်တာလည်း ပါ, ပါတယ်...။
Facebook ထဲ ၀င်လိုက်တဲ့အခါ ဘလော့ဂ်ရေးဖော် အစ်ကို၊ အစ်မတွေက အသီးသီး ဘလော့ဂ်ဒေးအတွက် နှုတ်ခွန်းဆက်ထားကြတာကို တွေ့ရပါတယ်..။
သူတို့ ဘလော့ဂ်တွေမှာလည်း အမှတ်တရပို့စ်တွေ ရေးထားချင်ရေးထားနိုင်မှာ ဖြစ်ပေမယ့် ကျမ အတွက် အချိန်က ရှားပါးနေပြီဖြစ်တဲ့အတွက်ကြောင့် မပန်ဒိုရာရဲ့ ပို့စ်ကို ဖတ်အပြီးမှာ ဘလော့ဂ်ဘက်သာ ထွက်လာခဲ့ပါတယ်...။
(ကနဦးတဂ်ထားတဲ့ ကိုရန်အောင်ပို့စ်တောင် မဖတ်နိုင်သေးဖြစ်နေခဲ့ပါတယ်..
နောက် ရက် အချိန် အေးအေးဆေးဆေးကျမှ ဘလော့ဂ်ဒေးအမှတ်တရပို့စ်တွေ လိုက်ဖတ်ပါတော့မယ်...။)
Wednesday, August 28, 2013
ရှားတားပါးတား အိတ်မှောက်ထား
အစ်မသက်ဝေ တဂ်တဲ့ ပို့စ်ကို ၂၇ ရက်နေ့က မတွေ့ရဘူး..။ မတွေ့ရဆို
ကိုယ် က ဖေ့ဘုတ်ထဲဝင် တိုင်းလိုင်းကြီးကို ရောက် ရောက်လာတဲ့ ဟက်ပီးဘတ်ဒေးတွေကို ပီတိတဖျာဖျာနဲ့ထိုင်ကြည့်နေတာကိုးး..။
အရည်မရ အဖတ်မရလှပေမယ့် ကိုယ့် အရပ်နဲ့ကိုယ့်ဇာတ် ပျော်နေတော့ကာ
ဘယ်သူတွေ ဘာတွေလုပ်နေတယ် တယ် သတိ မထားလှပြန်ပေဘူး..။ သူများတွေဆုတောင်းနဲ့ ပုံကလေးတွေသာ
သဘောတကျကြည့်နေပြီး ကိုယ့်ဘာ သာတော့ မွေးနေ့ ဘလော့ဂ်ရေးမယ်လည်း မရှိပြန်ဘူး..။ ဆိုရရင်
စာရေးသားခြင်းနဲ့ တာ့တာ ပြထားတာ လ အနည်းငယ်ရှိသွားပြီ ဆိုရမယ်..။ အရင့် အရင် ရေးပြီးသားလေးတွေ
ဂဠုန်ဆားချက် တစ်ပုဒ်စ တင်နေရာကလွဲပြီး မိုင်ဖေးဘရိတ် လို့တင်ထားတဲ့ အကိုတော် ဘလော့ဂ်ထံကိုတောင်
သေချာမရောက်ဖြစ်တော့ဘူးဆိုတော့ကာ ဘလော့ဂ်ဆိုတာ ဟယ်….ဘာလေး ပါလိမ့်လို့ ဝေေ၀၀ါးဝါးနဲ့…။
အရင်ကတည်းက တစ်ယောက်တည်းကျိတ်ခံစားနေရသလို “ငါသည် ဘလော့ဂ်ဂါ မပီပြင်သေး..အဲ စာရေးဆြာလည်း
မဟုတ်သေး”….အနှီ ခံစားချက်ကြီးနဲ့ဟိုမရောက် သည်မရောက် ကွကို တစ်ယောက်တည်း သင်းကွဲနေပေ သကိုး..။ ဒါတောင် အကိုတော်ကဗျာဆြာတစ်ဦးက “ညေးတို့ အုပ်စု
ညေးတို့အုပ်စု” နဲ့ ကျူးရင့်တော့ မျက်လုံးလေး ကလယ် ကလယ် ဖြစ်ရသေး…။
ဒီကနေ့ ဖေ့ဘုတ်ထဲဝင်လက်ကျန်ဘတ်ဒေးတွေ သင့်ခရုလုပ်… (သြော်
လူများ တယ် အတ္တများပေသကိုးဗျ)၊ နယူးစတိုင်းမဂ္ဂဇင်း မာတိကာတွေ့ မလေး ကို သွားပေးနဲ့..ဘာတွေမှန်းမသိ
လုပ်နေရင်း မျက်လုံးထဲ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတာက ….ဘလော့ဂ်ဂါတွေ တဗြုန်းဗြုန်း အိတ်မှောက်နေကြတာပဲ…။
ဟဲ့..ဘာများ ဖြစ်နေကြသတုန်း….???? ။ သူရို့အိတ်တွေထဲက ဘာတွေများလှန်လှောရှာနေကြပါလိမ့်..။
ဘာများပျောက်လို့ပါလိမ့်လို့ တထင့်ထင့်နဲ့ လိုက်လံစပ်စုကြည့်တော့မှ လားလား…..သစ်အစ်တဂ်ပို့စ်
ပေပဲ…။ အမယ် ငါ့အကိုတော်တောင် သူ့ ဘောင်းဘီအိတ် ဆွဲဖွင့်နေသေးသဟ…..။ ဘယ်ကဘယ်လို ဟိုဘလော့ဂ်
သည်ဘလော့ဂ် ခုန်ကူး ဖတ်ဖြစ်တယ်မသိဘူး…။ ကိုယ် သတိထားမိချိန်မှာ မျက်နှာမှာ ပြုံးနေခဲ့ပြီ။
အလို…ဒီလို မပြုံးဖြစ်တာ ကာလမနည်းကြာခဲ့ပါကောလား….။
အသံထွက် ခပ်တိုးတိုးရယ်မိရင်း ကိုယ့် အိတ်ကလေးကို သွန်ကြည့်မလို့
ဟန်ပြင်မိတယ်..။
မကြာခင် မရှုမလှ ထိုးသွင်းမွှေနှောက်ခံရမယ်ကို မသိသေးတဲ့
အိတ်ကလေးက သူ့ထားရာနေရာလေးမှာ ငြိမ်သက်စွာ အိနြေ္ဒရရ :) :)
Wednesday, August 7, 2013
တစ်ကျော့ပြန်
သမီး စာကြည့်စားပွဲ၏ စားပွဲခင်းကို အသစ်လဲလှယ်ရန်ဖယ်ရှားလိုက်သောအခါ
အ၀ါနုရောင် စာအိတ်ကလေး သုံးအိတ် ကို တွေ့လိုက်ရသည်။ ပထမသော် ညိုသည် လှပသောမင်္ဂလာဆောင်ဖိတ်စာ၊
မွေးနေ့ဖိတ်စာများ သိမ်းထားလေ သလား ထင်မှတ်မိသေးသည်။ သမီး က လှပမှုကို ခုံမင်မြတ်နိုးသူလေ။
သူ ကိုင်သော ဘောလ်ပင်ကလေးများတွင်ပင် ချစ်စဖွယ်အရုပ်ကလေးများနှင့်။
စာအိတ်များကို ယူကြည့်သောအခါမှ ညို့အထင်မှားကြောင်း
သိရကာ အံ့အားတသင့်ဖြစ်ရသည်။ ရင်ခုန်သံ အမှတ် (၁) , (၂) , (၃) စသဖြင့် ကွန်ပြူတာစာလုံးဖြင့်
သေသပ်စွာရေးထိုးထားသည်။ အတွင်းမှ စာသားများကလည်း ကဗျာဆန်ဆန်၊ စာညွန့် ဆန်ဆန်ဖြင့် ညို
ရေရာစွာနားမလည်နိုင်ပါပေ။ သမီး နာမည်ပါဝင်ခြင်းလည်းမရှိ။ သို့သော် အဘယ့်ကြောင့် စားပွဲခင်းအောက်တွင် သိမ်းဆည်းထားရလဲမသိ။
ရင်ခုန်သံဟူသော စာအိတ်ပေါ်မှ စာလုံးနှင့် အတွင်းစာသားများမှ နှလုံးသား၊ ကောင်းကင်၊ နူးညံ့သော အပြုံး၊
အတွေးပုံရိပ် စသဖြင့်စာသားများအတွက် အနည်းငယ်တော့ စိတ်ကသိက အောက် ဖြစ်ရသည်။ အပြင်သို့
ဖယ်ထားပြီးမှ စိတ်တစ်မျိုးပြောင်းကာ အသစ်လဲလှယ်ပြီးသော စားပွဲခင်းအောက် စာအိတ် ကလေးသုံးအိတ်ကို
အသေအချာပြန်ထိုးသွင်းပေး လိုက်သည်။
သမီး
ကို မေးရန် မလိုအပ်သေး။
******
Friday, August 2, 2013
အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး (၄) (ဇာတ်သိမ်း)
(၆)
ပြိုကွဲနာကျင်နေသောနှလုံးသားသည်
“အကျွမ်းဝင်ခြင်း” ဟူသောအရာနှင့် ထိတွေ့ရသောအခါ အံ့သြထူးဆန်းမှုတွေ နှင့် လောကကို
ပိုမိုသိမြင်လာလေသည်။ ဒါကို သိမြင်အောင် ဖြစ်တည်စေခဲ့သည်က မြေခွေးပင်။
“အဲဒါဟာ တစ်ဦးနဲ့ တစ်ဦး အကျွမ်းတ၀င်ဖြစ်အောင် နှောင်ကြိုးဖွဲ့ခြင်းကို ဆိုလိုတာပဲ”
နှောင်ကြိုးဖွဲ့ခြင်း….နှောင်ကြိုးဖွဲ့ခြင်း။
တဖွဖွ ရေရွတ်ရင်း ဂြိုဟ်ငယ်လေးပေါ်မှ သူ၏ ပန်းကလေးကို ပြန်ပြောင်း သတိရ လာပြန်သည်။
အမှန်စင်စစ် အကျွမ်းဝင်ခြင်းဖြင့် နှောင်ကြိုးဖွဲ့မှု ပြုခဲ့သည်က သူ
ကိုယ်တိုင်ပေပဲ။
ပန်းကလေးအပေါ်မှာများ သူ
တာဝန်မဲ့ခဲ့လေပြီလား။ ထိုသို့တွေးမိတော့ စိတ်မကောင်းလှစွာ တွေတွေငေးငေး။
အကျွမ်း ၀င်ခြင်းကို ပြုမူခဲ့မှတော့ နှောင်ကြိုးဆိုတာ ဖြစ်တည်လာမှာပင်။
မာယာတွေများစေဦး၊ မဟုတ်မမှန်သော စကားကို ဆိုစေဦး… နေ့စဉ်ရက်ဆက် အကျွမ်းဝင်အောင်
ပြုမူခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသော နှောင်ကြိုးတို့ကိုကား သူ မစဉ်း
စားခဲ့မိလေပြီလား။ မီးတောင် သုံးခုကိုတောင် အမြဲလိုလို ဆေးကြောသုတ်သင်နိုင်ခဲ့သော
မင်းသားလေးသည် နှောင်တွယ် ရှုပ်ငင်သော ကြိုးတို့ကိုကား မရှင်းနိုင်ခဲ့လေပြီ။
မြေခွေးကတော့ သူ့ကို
အကျွမ်းတ၀င်ပြုလုပ်ပါဟု တစာစာ တောင်းဆိုနေသည်။ သူ မည်သို့လုပ်ရပါမည်လဲ။ မင်းသား လေးအဖို့ရာ အချိန်က တိုတောင်းလှသည်။ မိတ်ဆွေတွေရှာဖွေဖို့ ဆက်လက်ခရီးထွက်ရပေဦးမည်။
သိနားလည်စရာတွေ ရှာဖွေ ဖို့လည်း အများသားပင်။ အကျွမ်းဝင်အောင် ပြုမူနေခြင်းဖြင့်
အချိန်တွေ မကုန်ဆုံးစေလိုလှပါ။
“လူတစ်ဦးတစ်ယောက်ဟာ
မိမိအကျွမ်းတ၀င်ပြုလုပ်ထားတဲ့ အရာကို မိမိသာလျှင် သိနိုင်ပါတယ်၊ လူတွေဟာ ဘာကိုမှ
နားလည်သိရှိအောင် ကြိုးစားဖို့ရာ အချိန်မရှိကြတော့ဘူး၊ ဆိုင်မှာ
အသင့်ပြုလုပ်ပြီးသားများကိုသာ သူတို့ဝယ်ကြ တယ်၊ ဒါပေမဲ့ ခင်မင်မှုကို
ဝယ်နိုင်တဲ့ဆိုင်တွေကတော့ မရှိပါဘူး၊ ဒီတော့ လူတွေဟာ မိတ်ဆွေကောင်းဆိုတာ
မရှိကြတော့ ဘူးပေါ့၊ အကယ်၍ ခင်ဗျား မိတ်ဆွေလိုချင်တယ်ဆိုရင်
ကျုပ်ကိုအကျွမ်းတ၀င်ဖြစ်အောင် ပြုလုပ်ပါ”
မိတ်ဆွေတိုးဖို့
အကျွမ်းတ၀င်ပြုခြင်သည်ဟာလည်း လိုအပ်သည်ပါပဲ။ သည့်နှယ် တွေးတောကာ “စကားမပြောပါ နဲ့၊ စကားတွေဟာ အမှားပါတတ်ပါတယ်”
“လူတစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ်ကိုတိကျအောင်သိရှိနားလည်ထားဖို့ လိုအပ် တယ်” စသဖြင့်
မြေခွေး၏ အဆိုစကားများကို လက်ခံလိုကနာပေးကာ နှောင်ကြိုးဖွဲ့ပြီးတော့
အချိန်ကထွက်ခွာရန် ကျ ရောက်ခဲ့ပြီ။
အကျွမ်းဝင်ခြင်း၏ နောက်ကွယ်မှာ
နှုတ်ဆက်ထွက်ခွာခြင်းဆိုတာလည်း တဆက်တည်းရှိနေသည်ပဲ။ အကျွမ်းဝင် ခြင်းကို
ပိုမိုသိမြင်လာပြီးနောက် မြောက်များလှစွာသော နှင်းဆီပန်းများကိုလည်း
သွားရောက်ကြည့်ရှုခဲ့သေးသတဲ့။ ယခု တော့ ထိုပန်းပွင့် ကလေးများသည် လှပရုံမှလွဲပြီး
မည်သည့်အရာမှ ရှိမနေကြောင်း သိမြင်လာခဲ့ပြီ။ သူတို့အား မည်သူမှ လည်း
အကျွမ်းတ၀င်ဖြစ် အောင် မပြုလုပ်နှင့် ဘာများအဓိပ္ပာယ်ရှိနေပါသနည်း။ အရောင်အသွေးနှင့်
ပုံသဏ္ဍန်သာ တူ ကောင်းတူမည်၊ သူ၏ တစ်ပွင့်တည်း သော ပန်းကလေးနှင့် မတူညီခြားနားကြောင်း
သူ့နှလုံးသားက သိရှိခဲ့ပြီ။
မြေခွေးကိုနှုတ်ဆက်အပြီး ရှေ့သို့တူရှုနေသော ခြေလှမ်းများနှင့် အတွေးစကားလုံးတွေကို တဖွဖွရေရွတ်ရင်း ပုံရိပ် တို့ က ဝေ့၀ဲနေသည်။
“အရေးကြီးသော အကြောင်းအရာများကို မျက်စိက မမြင်ပါကလား”
“ကျွန်တော်ဟာ ကျွန်တော့်ရဲ့နှင်းဆီပန်းအပေါ်မှာ တာဝန်ရှိတယ်”
******
အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး (၃)
အမိန့်အာဏာကို
နာခံတတ်သော မီးထွန်းသမားကို မြင်တွေ့သည့်အခါ၌မူ မိနစ်တိုင်း ပြောင်းလဲနေသည့် နေ၀င်ချိန်၊ နေထွက်ချိန် များနှင့် ကြုံတွေ့ရလေသည်။ သစ္စာရှိ ကျိုးနွံလှသော
မီးထွန်းသမားသည် ဟိုးး ယခင်တွေတုန်းက အပြောင်းအလဲ မမြန်သည့် နေ၀င်ချိန်တွေတွက်
အိပ်ချိန်၊ နားချိန်တောင် ရခဲ့ဖူးသည်တဲ့။ နဖူးမှ ချွေးစက်တို့ကို သုတ်ရင်း
နွမ်းနယ်စွာဆိုသည်။ အမိန့်အာဏာ သည် ပြောင်းလဲတတ်ပါသလား။
ဂြိုဟ်တွေပိုပြီး အလည်မြန်လာလေလေ နေထွက်ချိန်တွေက
ပိုပြီးစိပ်လာလေလေပေါ့။ နေထွက်ချိန် မီးထွန်း၍၊ နေ၀င်ချိန်
မီးငြိမ်းရသောမီးထွန်းသမားကို ကရုဏာသက်ချစ်ခင်စွာကြည့်ရင်း နေ၀င်ချိန်ကို
ရှာဖွေခဲ့သော ကာလများကို မင်းသားလေးပြန် ပြောင်းသတိရလာသည်။ နားချင်လျှင်
နားနေနိုင်မည့် နည်းလမ်းကိုများ မလိုချင်ပေဘူးလား။
“နေရောင်ထဲမှာ
အမြဲနေဖို့ ခင်ဗျား ဖြေးဖြေးကလေး လမ်းလျှောက်ရပေလိမ့်မယ်။ ခင်ဗျား
နားချင်တဲ့ဆန္ဒရှိရင် ခင်ဗျား လမ်းလျှောက်ရမယ်၊ အဲဒီ့တော့ ….နေ့တာ ရှည်လိမ့်မယ်”
Monday, July 8, 2013
အဇ္ဈတ္ထသံစဉ်
(၁)
သူရောက်လာစဉ်က ကျွန်မ အတော်ကို
အလုပ်ရှုပ်နေခဲ့သည်။ ကျောင်းသားတွေ၏ အဖြေလွှာကို စစ်ဆေး နေရင်း ဘေးတွင်
မီးပူတိုက်ရမည့် တစ်ပတ်စာအ၀တ်ခြင်းတောင်းကလည်း အသင့်စောင့်ကြိုနေသည်။
ရုံးမှ အကြွေးပါလာသည့်လချုပ်စာရင်းစာရွက်များကလည်း `လာပါ´ `လုပ်ပါ´
လက်ယပ်ခေါ်နေသည့်နှယ် အိတ်ထဲ မှ ထိုးထိုးထောင်ထောင်။ ပြောရမည်ဆိုလျှင်
အသံတောင်ထွက်ချင်စိတ်မရှိသည့် အချိန်တွင် ဧည့်သည်တစ်ဦးကို ဧည့်ခံဖို့
ကျွန်မ စိတ်မပါလှပါ။ သို့တိုင် သူ့ကိုမြင်တော့ ကျွန်မ ပြုံးပြဖြစ်ပါသည်။
သူက တစ်ခုခုကို တွေးနေပုံမျိုးနှင့်
ကျွန်မ ဘေးရှိထိုင်ခုံမှာ အသာအယာဝင်ထိုင်သည်။ `ဘယ်ကိုသွားမလို့ လဲ ညီမ´
ကျွန်မ အမေးစကားကို ကြားဟန်မတူဘဲ တာစူလာခဲ့ပုံရသော ကသောကမျော အမေးစကားနှင့်
အလျင်စလိုပြောလေသည်။
`အစ်မ အလုပ်တွေ လျှောက်နေတယ်ဆို´
`အမ်….သြ´
ရုတ်တရက်ကြောင်တွေပြီးမှ သတိရသွားသည်။ Webdesigner နေရာကို အလုပ်လျှောက်လွှာ တင် တာကို ပြောတာဖြစ်မည်။
`ဘာအကြောင်းထူးသေးလဲ အစ်မ´
`ဟေ…ဘာမှ မထူးပါဘူး´
`အင်း စိတ်ညစ်ပါတယ် အစ်မရယ်။ သမီးလည်း တူတူပဲ၊ ဟိုဟာလည်းမရ….ဒီဟာလည်းမရ´
အစချီကာ သူ အလုပ်မှန်သမျှ
လျှောက်သည့်အကြောင်း၊ ဘယ် အလုပ်မှ မရသည့်အကြောင်း၊ စီကာပတ် ကုံး
တတွတ်တွတ်ပြောတော့သည်။ ကျွန်မ အသာအယာပြုံးကာ နားထောင်ပေးသည်မှ အပ မည်သည့်
စကားမှ တုံ့ပြန်မပြောဖြစ်ခဲ့။ ကြည့်ရတာ ဒီ ကလေးမ ရင်ဖွင့်ချင်နေတာပဲ
ဖြစ်ရမယ်။ အဖြေလွှာများကို ခပ် သွက် သွက်ခြစ်ရင်း သူ့ စကားကိုသာ
ငြိမ်ငြိမ်သက်သက် နားထောင်နေခဲ့သည်။ ထိုစဉ်ရုတ်တရက် ကောက်ကာငင် ကာ သူ
ပြောလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်မ ကြက်သေသေ သွားသည်။
Saturday, July 6, 2013
ဒိုင်ယာဇီပင်
ဒိုင်ယာဇီပင်
(၁)
ရုတ်တရက်တော့ နောက်နေသည်ပဲ ထင်မိသည်။
သူတို့နှင့် အတူတောင် လိုက်လံ ရယ်မောနေခဲ့သည်။ သည်လို အခြေအနေတွေ ရှိနိုင်တယ်ဟူ၍လည်း ကြိုတင် မမှန်းဆခဲ့..။ ပြီးတော့. .သူ့အပေါ် အပြီးတိုင် ယုံကြည်ထားခြင်းလည်း ပါသည်။
သို့တိုင်.. အဖြစ်အပျက်အားလုံးက တက်တက်စင်အောင် လွဲမှားခဲ့ပြီ။ ကံတရားက အမှန်တရားကို သူတို့ကြားသို့ လှပသေသပ်စွာ ချပြခဲ့သည်လား။ စုတ်ချက် ကြမ်းသော ပန်းချီကား တစ်ချပ်နှယ်….
Monday, June 10, 2013
တံတား
အသုံးပြုခြင်းရှိသလို
နင်းချခြင်းလည်းရှိပေမယ့်
လိုရာတစ်ဖက်ကမ်း
ရောက်သွားတဲ့အတွက်
ဝမ်းသာတယ်။
တံတားရှိမှန်းမသိလို့
လမ်းရှည်ကသွားသူများ
တံတားပေါ်ဖြတ်လျောက်ဖို့ အားနာနေသူများ
တံတားဟာ တံတားဟုတ်ရဲ့လားလို့
ဇဝေဇဝါ ဖြစ်နေသူများ
ဝမ်းပမ်းတသာ
အင်တင်တင်
အယုတ်အလတ်အမြတ်မရွေး တစ်ဘက်ကမ်းကိုရောက်အောင်
ပို့ဆောင်နိုင်ခဲ့လို
တံတားက ဝမ်းသာတယ်
တစ်ဖက်ကမ်းမှာ စုစုရုံးရုံး
တံတားလေးမှာ ခြောက်သွေ့သွားလဲ
လိုရာရောက်ကြခြင်းတွက်
တံတားက ဝမ်းသာတယ်။ ။
ရွှေအိမ်စည်
2.6.2013
PM:9:44
Photo from : Internet
အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး (၂)
(၄)
ထူးဆန်းဖွယ်ရာ လူကြီးသူမများ
ခရီးလမ်းတလျှောက် သူ တွေ့ရှိရသောအရာများအတွက် မင်းသားလေးမှာ အံ့အားသင့်လို့ပဲနေ သည်။ ရာဇမာန်ရှလှသည့် ဘုရင်တစ်ပါးနှင့် တွေ့ခဲ့ရဲ့။ အပြုအမူ၊ ဟန်ပန်တွေအတွက် ကျုံ့နိုင်၊ ဆန့်နိုင် သော အမိန့်အာဏာဆိုတာ ဘုရင်တစ်ပါးမှာ ရှိကိုရှိနေရမည့်အ ရာပေလား။ သူ့ အာဏာတည်တံ့စေ လိုသော အလိုဆန္ဒနှင့် သူ့ နှုတ်ထွက်စကား ဘာမဆိုဖြစ်စေရမည်တဲ့။ ဘာမဆို…..။ ဘာမဆို ဟူသည် နေ၀င်ချိန်၊ နေထွက်ချိန်များကိုပါ ဖန်တီးပေးနိုင်ပါသ လား။ နေ၀င်ချိန်တွေကို ခုံလှည့်ထိုင် ရုံနှင့် မ်ြငတွေ့ရသည့် စွန့်လွှတ်ခဲ့သော ဂြိုဟ်ကလေးကို လွမ်းဆွတ်စွာ ဆွတ်ပျံ့ပျံ့။ လှိုက်မောစရာကောင်းသည့် နေ၀င်ချိန်တွေကို “ဘာမဆို” ဘုရင်ကြီးကများ ပေးစွမ်းနိုင် ခဲ့မည်ဆိုလျှင်။ သူ၏ အမိန့်အာဏာအောက်မှာ နေ၀င်ချိန်သည် ဘွားကနဲပေါ်လာရရင်ဖြင့် သူ ဆိုခဲ့သလို “အားလုံးကို အုပ်ချုပ်နေတယ်” ဟု ယုံကြည်ရမည်သာ။ “ကျွန်တော် နေ၀င်ချိန်ကို ကြည့်ချင်ပါတယ်။ ကျွန်တော် စိတ်ချမ်းသာစေရန် သနားညှာတာသော အားဖြင့် နေကိုဝင်ဖို့ အမိန့် ပေး, ပေးပါ”
ဒါက အမိန့်အာဏာဖြင့် စေခိုင်း၍မရကြောင်း ဥပမာတို့ဖြင့် ဘုရင်ကြီးဖြေရှင်းရရဲ့။ သူ ပိုင်တဲ့ ည ဂြိုဟ်ကလေးကို ရောက် လာတဲ့ တစ်ဦးတည်းသော လူသားလေးကို လက်မလွတ်နိုင်ရှာ။ အမိန့်ဆို တာတွေ ထွက်ရှိလာနိုင်ဖို့၊ ဘုရင်တစ်ပါးဆိုတဲ့ အဆောင် အယောင်တွေ ပိုမိုတောက်ပဖို့ဆိုတာ လွှမ်းထား သည့် ၀တ်ရုံ၊ ထိုင်နေသည့် ကုလားထိုင်တစ်လုံးနှင့်သာ ပြီးပြည့်စုံတာမှ မဟုတ် သည်ပဲလေ။ သူ ချီးမြှောက် စရာ၊ သူ့ အမိန့်အာဏာတွေကို သဘောကျနှစ်ခြိုက်စွာ ရှိနေပေးမည့် လူသားလေးတစ်ဦးတော့ လိုကို လိုအပ်လှသည်သာ။ “လူတစ်ဦးတစ်ယောက်ကို သူ လုပ်နိုင်တဲ့ တာဝန်အလုပ်ဝတ္တရားကိုပဲ လုပ်ခိုင်းရမယ်၊ လက်ခံ လိုက်တဲ့ တာဝန်အလုပ် ၀တ္တရားဟာ အဓိပ္ပာယ်ရှိပြီး စဉ်းစားဆင်ခြင်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်ရမည့် အလုပ်မျိုးသာ ဖြစ်ရပေမယ်”
သူ့ရဲ့အမိန့်အာဏာဟာ အဓိပ္ပာယ်ရှိ မှန်ကန်နည်းလမ်းကျကြောင်း ထပ်လောင်းအတည်ပြုကာ မင်းသားလေး၏ ချစ်ခင် ယုံကြည်မှုကို ရရှိဖို့ နေ၀င်ချိန်ပြနိုင်ဖို့၊ နေ့ ရက်တွေကို တွက်ချက်နေပြန်သည်။ စိတ်ပျက်ငြီးငွေ့သော အရိပ်အယောင်တို့ မင်းသားလေးမျက်နှာဝယ် အထင်း သား။ သူ့မျက်နှာ နုနုလေးဝယ် ထွက်ခွာသွားရန် စိတ်စောမှုတို့ဖြင့်သာ….။
“မင်း မသွားပါနဲ့”
ရှတတမိတော
မိတောနှင့် စတင်သိကျွမ်းရသည်မှာဆန်ပိုးများဖြစ်သည်။ ယခင်က မလေး
(အိမ့်ချမ်းမြေ့) မိတော ဇာတ် လမ်းများစွာ ကို ရေးခဲ့သည် ဟုဆိုသည်။ သို့သော်
ကျွန်မ မဖတ်ဖူးခဲ့။ အင်တာနက်ဘလော့ဂ် စာမျက်နှာ ကို နောက်ကျမှ
ရောက်ရှိလာခြင်းကြောင့် ယခင်ရေးနှင့်ကြပြီးသော ဘလော့ဂ်စာများကို
မဖတ်ရှုဖူးခဲ့ပေ။ အချိန်ရှားပါးမှုနှင့် မျက်လုံးပြဿနာကြောင့်
စာစုံဖတ်ရှုနိုင်ဖို့၊ ရှာဖွေဖို့ခဲယဉ်းနေခဲ့သည်။ 'မိတောနှင့် ဆန်ပိုးများ'
ကိုဖတ်ရှုမိချိန်တွင် သဘောတကျနှင့် အစမှ အဆုံးတိုင် ပေါ့ပါးရွှင်သာစွာ
ဖတ်ရှုဖြစ်သွား သည်။ ဆန်ပိုးများကို တွေ့ရှိကာရှင်းလင်းဖြစ်ရာမှ
၎င်းဆန်ပိုးလေးများအကြောင်း စပ်စပ်စုစု ရှာဖွေလေ့လာ သည့် အကြောင်းမျှသာ
ဖြစ်သော်လည်း ရေးသားပုံသွက်လက် အရွှင်ဓာတ်ပါကာ ခေတ်ကိုပါ
မထိတထိ သရော်စာလေးများဖြင့် ရိပ်ဖမ်း သံဖမ်းထည့်ရေးသွားသည်။
မိတောခမျာ သူ့ဆန်ပိုးများအကြောင်း ပြောပြရန်
ကိုရင်သာအေးကိုလိုက်ရှာနေချိန်တွင် တွေ့မြင် လိုက်ရသောအဖြစ်
သနစ်ကိုရေးပြသွားသည်မှာ တစ်ပိုဒ်ထဲနှင့် မျက်မှောက်ခေတ်ကို
သိမ်းကြုံးသရော် သွားနိုင်သည်။
'အင်တာနက်စာမျက်နှာ
များပေါ်တွင် မြန်မာပြည်အရေးများဖတ်ပြီး မျက်နှာတည်တည်ကြီးဖြစ်နေသော
ကိုရင်သာအေး ကိုလှမ်းမြင် လိုက်သည်။ သူ့မျက်နှာရိပ်
မျက်နှာကဲကိုကြည့်ခြင်းဖြင့် မြန်မာပြည် တစ်နေ ရာရာမှာ မြစ်ရေလျှံပြန်ပြီလား၊
မီးပျက် ပြန်ပြီလား၊ မီးလောင်ပြန်ပြီလား၊ လက်ကိုင်ဖုန်းတွေ ဈေးတက်ပြန်ပြီ လား၊ ဆည်တွေဆောက်ကြပြန်ပြီ လား၊ တောင်တွေ ဖြိုပြန်ပြီလား၊
ဘယ်သူက ဘယ်သူ့ ကိုနမ်းပြန်ပြီလဲ… တစ်ခုခုတော့ ဖြစ်နေပြန်ပြီကို
ရိပ်မိလိုက်ရပြန်သည်။ဒါကြောင့် ဘာမှ မပြောဝံ့တော့ဘဲ အိမ်ပေါ်သို့
အသာလေးတက်လာလေသည်။'
မိတောရေးသားပုံမှာ အရွှန်းဖောက်နေခြင်းမဟုတ်သော်လည်း
သူမ၏ပြုမူလှုပ်ရှားပုံကလေးများ၊ စကားများ၊ ပတ်ဝန်း ကျင်မှ လူများနှင့်
ကူးလူးဆက်နွယ်သော အဖြစ်သနစ်များက ပြုံးစရာ၊ ရယ်မောစရာ ဖြစ်နေသည်။ တစ်နည်း
လူ့စရိုက်၊ လူ့ သဘာဝကို အသော့လေး ဖော်ဆောင်နေသည့်နှယ်။ 'ဆန်ပိုးများ' ကို
ဖတ်ပြီးပြီးချင်း မိတော၏ပုံရိပ်ကို အသေအချာမြင် ယောင်လာမိသည်။ အလားတူ
မိတော စာစုများရှိ နေသေးကြောင်း သိရှိရချိန်တွင်
တစ်ပုဒ်အကြောင်းအရာတစ်မျိုးစီနှင့် လူနေမှုဝန်းကျင်၏ ကမောက် ကမ၊ ခေတ်၏
ယိုင်နဲ့မှုတို့ကို ဖော်ပြသွားလိမ့်မည်ဟု ခန့်မှန်းသိရှိခဲ့သည်။
♥ အဆုံးမဲ့သော ♥
တစ်ခဏစာ ဘ၀လေးထဲ
သိမ်မွေ့တဲ့ ချစ်ခြင်းတရားများနဲ့
နွေးထွေးစွာ အမှတ်ရခြင်းတွက်
ကျေးဇူးတင်တယ် ♥
တောင်စဉ်တွေ ကာရံထား
မိုင်တွေထောင်ချီဝေးနေလည်း
သတိရခြင်းစိတ်အလျဉ်က
တရိပ်ရိပ်နီးကပ်စေခြင်းတွက်
ကျေးဇူးတင်တယ် ♥
မမြင်နိုင်သော တစ်ဘက်ခြမ်း
သူ တိုးဖွဖွရယ်သံနဲ့
ကရုဏာလွှမ်းသံစဉ်
ရင်ကို ခိုငြိခဲ့စေခြင်းတွက်
ကျေးဇူးတင်တယ် ♥
နားလည်ခြင်းဆိုတာထက်
အလုံးစုံသိခြင်း
ကောင်းခြင်း ဆိုးခြင်း
ရှိခြင်း မရှိခြင်း
ဖြစ်တည်ခြင်း မဖြစ်တည်ခြင်း
ကြည်လင်စွာ ဖွဲ့တည်ခြင်းတွက်
ကျေးဇူးတင်တယ် ♥
သံသာသာ ဆိပ်ကမ်း
မမောမပန်းသရွေ့
အရှိတရား ရေလျဉ်ထဲ
တို့ အတူ ကူးခေတ်မယ်...
အေးချမ်းစွာ
ညင်သာစွာ
နူးညံ့စွာ
သိမ်မွေ့စွာ
♥ ♥
။ ။
9.4.2013
AM:9:06
Subscribe to:
Posts (Atom)








