Thursday, May 27, 2010

လူငယ်နှင့် အင်တာနက်...

စာသင်ခန်းတစ်ခုမှာ English Professer တစ်ယောက်က စာတစ်ကြောင်း ရေးတယ်။ Woman without her man is nothing. တဲ့။ သူ့အတန်းက ကျောင်းသားတွေကို Panctuation လုပ်ခိုင်းတယ်။
အဖြေ ထွက်လာတော့ အဖြေက သိသိသာသာ နှစ်စု ကွဲနေတယ်။ ကျောင်းသူတွေ ဖြေထားတာက Woman; without her, man is nothing. တဲ့။ အဲဒါ ပထမ အဖြေပေါ့။ ဒုတိယ တစ်ခုက ကျောင်းသားတွေ ဖြေတာ။ Woman, without her man, is nothing. တဲ့။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ Internet စာမျက်နှာမှာ ဖတ်ခဲ့ရတဲ့ ဟာသလေး တစ်ပုဒ်ပါ။
အပေါ်ယံကြည့်ရင်တော့ ဒါဟာ ဟာသလေးတစ်ခုပေးမယ့် ကွဲပြားတဲ့အမြင်တွေကို ရည်ညွှန်းနေပါတယ်....။
ယောက်ျား၊မိန်းမ ၊လိင်မတူတာနှင့်အမျှ ခြားနားတဲ့ ယူဆချက်တွေကို မီးမောင်းထိုးပြနေတာပါ...။

ဒီကနေ့ အင်တာနက်ခေတ်ကို ရောက်လာခဲ့ပါပြီ...။
တစ်ချို့ ကပြောကြတယ်....အင်တာနက်က မကောင်းဘူး....။
တစ်ချို့ က ပြောကြတယ်...အင်တာနက်က ကောင်းတယ်.......။

ဒီအသံတွေဘာကြောင့်ဖြစ်လာခဲ့ကြသလဲ....ဘယ်ကမြစ်ဖျားခံလာခဲ့ကြသလဲ.....။မြန်မာနိုင်ငံအင်တာနက်သုံးစွဲသူရဲ့ ၆၀% ဟာ ချက်တင်နဲ့ ဂိမ်းတွေထဲမှာ နစ်မြုပ်နေပါတယ်..။၃၀% ကsocial site..news...တွေမှာပါ...။နောက်ဆုံး ၁၀% ကတော့ ပညာရေးအတွက် အသုံးပြုကြပါတယ်....။လူကြီးအများစုက ပြောကြပါတယ်..။ချက်တင်က မကောင်းဘူး..စိတ်ဓာတ်တွေ ပျက်ပြားစေတယ်..စသဖြင့်....။

ဒါပေမယ့် အင်တာနက်ဆိုင်တွေ အများစုဟာ chatting တွေနဲ့ ပဲ ပြည့်နှက်လျှက်ပါပဲ.....။ကျွန်မတို့ မြို့ မှာ အင်တာနက်ဆိုင် ၁၀ ဆိုင်ရှိပါတယ်..။အဲဒီ့ ၁၀ဆိုင်စလုံး လူအမြဲပြည့်ပါတယ်...။ခုံမအားလို့ ထိုင်စောင့်နေရမယ့်သူတွေ အတွက် သီးသန့် ခုံတွေတောင် ချထားပေးရပါတယ်...။အင်တာနက်သုံးစွဲသူအများစုဟာ အသက် ၁၅ နှစ်မှ ၃၅ ၀န်းကျင်ခန့် တွေပါ..။လူကြီးပိုင်းက အလုပ်အတွက် လာသုံးကြတဲ့သူတွေလောက်ပဲ ရှိပါတယ်...။ဌာနဆိုင်ရာ ၊ကုမ္ပဏီ၊သင်တန်းဌာန အသီးသီးက ကိုယ်ပိုင်အင်တာနက်လိုင်းအသုံးပြုကြတာလည်း ပါတာပေါ့လေ....။၁၅...၁၆....မှ ၂၁....၂၂..၀န်းကျင် ကလေးများဟာ chatting တစ်မျိုးတည်းကိုပဲ သီးသန့် သုံးစွဲကြပါတယ်...။အီးမေးလ်တောင်မကောင်းတတ်လို့ တစ်ခါတလေ ဖွင့်တဲ့ပုံမျိုးနဲ့ ဖွင့်ကြပါတယ်...။member နာရီ အများဆုံးဝင်ကြပြီး အားပေးကြတာလည်း ဒီကလေးတွေပါပဲ....။

သူတို့ တွေကို မကောင်းဘူးရယ်လို့ ကောအပြစ်တင်စောလို့လည်း မဖြစ်နိုင်ပါဘူး....။ရင်ခုန်တတ်တဲ့အရွယ်မှာ ရန်ခုန်စိတ်လှုပ်ရှားစရာကို ရှာဖွေတတ်ကြတာ ဓမ္မတာပါပဲ...။သီချင်းလေးတွေ ၊ပုံလေးတွေနဲ့ သူတို့ ကြည်နူးချင် ၊ပျော်ရွှင်ချင်ကြမှာပဲ.....။
ဒါပေမယ့် ဒီအထဲမှာ လုံးဝနစ်ဝင်သွားပြီး ကျောင်းသားဘ၀ကို ထိခိုက်စေတဲ့အထိတော့ မဖြစ်သင့်ပါဘူး.....။GTC ...GCC ....၀တ်စုံလေးတွေနဲ့  ကျေင်းပြေးပြီး လာချက်နေကြတာကို စိတ်မသက်သာစရာ တွေ့ ရသလို chatting ထဲကချစ်ရေးချစ်ရာ အဆင်မပြေတာကြောင့် အပြင်မှာ တေပေလေလွင့်သွားတဲ့ဖြစ်ရပ်တွေကိုလည်း စိတ်မကောင်းစွာ တွေ့ မြင်ခဲ့ရပါတယ်.....။


နောက်တစ်ပိုင်းက ချူဆီဇယား လို့ သတ်မှတ်ခေါ်တွင်ကြတဲ့ အပိုင်းပါပဲ...။ဂျာနယ်တွေမှာ ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့ရသလို မိန်းကလေးပုံ မဖွယ်မရာ ဖန်တီးပြီး ငွေညှစ်တဲ့ကိစ္စမျိုးလောက် မဆိုးရွားပေမယ့် သူလည်း တစ်မျိုးတစ်ဘာသာတော့ ဆန်းသစ်ပါတယ်......။ဒီနေရာမှာ ကျွန်မနေထိုင်ရာ..နောက် ..ရောက်ခဲ့ရာ ပတ်ဝန်းကျင်(ရန်ကုန် ၊ပုသိမ် ၊ကျောက်ဆည် )မှ ဖြစ်ရပ်အနည်းငယ်ကိုသာ ရည်ညွှန်းတင်ပြလိုတာပါ......။
လူနည်းစုသာ ဖြစ်ပါတယ်...။အားလုံးကို မဆိုလိုပါ....။စင်ကြယ်သန့် ရှင်းသော အွန်လိုင်းဒိုနေးရှင်းများ မသက်ဆိုင်ပါ...။

ကိုယ်တိုင် မိန်းကလေးတစ်ယောက် ဖြစ်နေပြီး ပြောရက်ရသလားဆိုရင်လည်း ခေါင်းငုံ့ ခံရုံကလွဲပြီး ........။အားနာနာ နဲ့ ပဲ ပြောပါရစေတာ့.....။
နိုင်ငံရပ်ခြားရောက်နေကြသော မြန်မာအမျိုးသားကလေးများနဲ့ မြန်မာနိုင်ငံမှ အမျိုးသမီးကလေးများချစ်ကျွမ်းဝင်ကြပါတယ်...။ချစ်သူတွေ ဖြစ်လာကြတဲ့အခါ ပုဂ္ဂိုလ်လေးများက ချစ်သူတို့ ဘာသာဘာဝ လက်ဆောင်လေးများပို့ တတ်ကြပါတယ်...။ဒီဘက်က မိန်းကလေးက မပြေလည်သူဖြစ်ခဲ့ရင် ငွေများလည်း ပို့ တတ်ကြပါတယ်...။တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မေတ္တာစစ်ဖြင့် ချစ်ကြသော ချစ်သူတွေအတွက်က ဒီဖြစ်ရပ်လေးတွေက ကြည်နူးစရာ ၊မုဒိတာပွားစရာပါ...။ဒါပေမယ့် အဲဒီ့လို ဖြစ်ရပ်တွေကို မြင်တွေ့ နေရတဲ့ တစ်ချို့ သောမိန်းကလေးများက ဒါကိုအားကျပြီး ချစ်သူရှာပုံတော် ဖွင့်ကြပါတယ်..။(သူတို့ အခေါ် အွန်လိုင်းစပွန်စာတဲ့ )..။တိုတို ပြောရရင် အဲဒီ့မိန်းကလေးများဟာ earphone နဲ့ ချစ်သူတစ်ယောက်ဆီ ငွေလှမ်းချေးသံ ကြားနေရတဲံ့ အချိန်တပြိုင်နက်မှာပဲ typing ကနောက်ထပ်ချစ်သူတစ်ယောက်ဆီ သနားလောက်အောင် ငိုပြဖို့ အလုပ်များနေပါပြီ...။

ငွေတောင်းလို့ မရရင် ပစ္စည်းတောင်းပါတယ်...။အများအားဖြင့် အီလက်ထရွန်းနစ် ပစ္စည်းတွေပေါ့...။ကောင်မလေးတွေဟာ ပတ်ဝန်းကျင်ကိုလည်း သိပ်ဂရုမစိုက်လှပါဘူး....။အင်တာနက်ဆိုင် အတွင်း ဘယ်သူကြားကြားဆိုသလိုပဲ....။သူတို့ ဘာ သူတို့ လိမ်တဲ့လူနဲ့ အလိမ်ခံတဲ့သူ ဆိုပြီး မျက်နှာလွှဲပြီး နေနိုင်ပေမယ့် ခေတ်ရေစီးကြောင်းအရ စိတ်ဓာတ်တွေကိုတော့ စိတ်မကောင်းလှပါဘူး...။အချောင်လိုချင်တတ်တဲ့စိတ်..၊အလွယ်တကူ လိမ်လည်ပြီး ငွေတောင်းတဲ့စိတ်..၊ချစ်တယ်ဆိုတဲ့စကားကို အသုံးချပြီး ......။အပေါ်ယံကြည့်ရင် သာမာန်ပေမယ့် တွေးကြည့်ရင်တော့ ကြောက်စရာကောင်းပါတယ်..။(ကြောက်တတ်ရင် အပျိုကြီးလုပ်..ဆားနဲ့စားဆိုရင်လည်း..အင်း..ရှိစေတာ့...)။

ကဲ...ဒါဆိုရင်...အင်တာနက်သည် မကောင်းဘူးပေါ့...မကောင်းတာတွေ များတယ်ပေါ့....။
ဒီလိုမေးခဲ့ရင်....။
ဟင့်အင်း...ကောင်းပါတယ်....။(ဟော..ပြောရင်း..ဆိုရင်း...ကိုယ်ပါ မီးတောက်ချင်လာပြန်ပြီ..)
အင်တာနက်ကနေ..ကမ္ဘာအနှံ့အပြားကလူတွေနဲ့  မိတ်ဆွေ ဖြစ်နိုင်တယ်...။အတွေ့ အကြုံ ၊ဗဟုသုတ ၊စိတ်ခံစားမှု..တွေကို ဖလှယ်နိုင်တယ်..။ပညာလေ့လာလိုသူတွေအတွက်...မကုန်မခန်းနိုင်သော ပညာရပ်တွေ ရရှိနိုင်တယ်...။English လေ့လာချင်သလား..ဟိုး..အစအောက်ခြေကနေ စတင်လေ့လာလို့ ရတယ်..။programming လေ့လာချင်သလား..၊ပန်းချီအကြောင်းလေ့လာချင်သလား..၊သတင်းအထွေထွေသိချင်လား..၊ကျောင်းအပ်မလား..၊ကျောင်းတက်မလား...၊ဈေးဝယ်မလား.......စသဖြင့် လိုအပ်ချက်ပေါင်းများစွာကို အင်တာနက်ကနေ ရရှိနိုင်ပါတယ်....။

နိုင်ငံရပ်ခြားရောက်ရှိနေတဲ့ သူငယ်ချင်းတွေ ၊ဆွေမျိုး မိသားစုဝင်တွေနဲ့လွယ်တကူဆက်သွယ်နိုင်တယ်...။ခွဲခွာနေရတဲံ မိသားစုဝင် အချင်းချင်း အလွမ်းပြေ ရုပ်မြင်နိုင်တယ်..၊အသံကြားနိုင်တယ်..။စာပေရေးသားရတာ ၀ါဿနာပါခဲ့ရင် social site or own site or forum တွေမှာ ၀င်ရောက်ရေးသားနိုင်ပါတယ်..။(မဂ္ဂဇင်းတွေမှာလို အရွေးခံရပါ့မလား..ရင်တထိတ်ထိတ်နဲ့ လေး..ငါး..ခြောက်လ စောင့်နေစရာ မလိုဘူး..)၊မသကာ..ကိုယ်ရေးတာ အဆီအငေါ်မတည့်ရင် ၀ိုင်းသြဘာပေးတာ ခံယူရုံပဲ....။

များပြားလှတဲ့အလုပ်တာဝန်တွေ ၊လှုပ်ရှားရုန်းကန်နေရတဲံ့ဘ၀တွေ အတွက် အပန်းဖြေစရာ နေရာတစ်နေရာလည်း ဖြစ်နိုင်ပါတယ်...။
အထီးကျန်မှုတွေကိုလည်း ပြေပျောက်စေနိုင်တယ်..။အလုပ်လျှောက်တာ ၊အလုပ်ရှာတာ ၊သက်ဆိုင်ရာ နယ်ပယ်အလိုက် သတင်းအချက်အလက်တွေသိချင်တာ စသဖြင့်...အင်တာနက်ကနေ အလွယ်တကူ ရနိုင်ပါတယ်....။
အင်တာနက်ပေါ်မှာ လူတန်းစားခွဲခြားမှု မရှိပဲ အားလုံးဟာ တပြေးညီဖြစ်သွားပါတယ်....။

ဒါဆိုရင် အင်တာနက် ကောင်းတယ်..မကောင်းဘူး..ဘာကြောင့်အသံတွေ ထွက်နေရလဲ.....။
ရှင်းရှင်းလေးပါပဲ...အမြင်နဲ့ ခံယူချက်တွေ မတူညီကြလို့ ပါ...။ဖြစ်ရပ်တွေမတူညီကြလို့ ပါ.....။
အထက်က ပြောခဲ့သလို မေးခွန်းလေးတစ်ခုကို တောင် ယောကျာ်း ၊မိန်းမ မတူညီတာနဲ့ အဖြေတွေကွဲပြားသွားခဲ့ရင် တစ်ကမ္ဘာလုံးက လူအမျိုးမျိုး..၊စိတ်အမျိုးမျိုးတွေအတွက် အင်တာနက်ဟာ အဖြေအမျိုးမျိုး ထွက်နိုင်ပါတယ်...။


ဘာပဲ ဖြစ်ဖြစ် တိုးတက်လာတဲံနည်းပညာတွေနဲ့အတူ....ခေတ်စနစ်ရွေ့ လျားလာသည်နှင့်အမျှ အင်တာနက်ဟာ နယ်ပယ် အသီးသီးအတွက် pleasure ကနေ need အဖြစ်ကို တစစ ကူးပြောင်းလာပြီ ဆိုတာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး.....။။။

2 comments:

  1. ကဲ...ဒါဆိုရင်...အင်တာနက်သည် မကောင်းဘူးပေါ့...မပြောပါနဲ့လေ
    သုံး တတ်ရင်တော့တန်ဖိုးကြီးတယ်လေ။
    အင်တာနက်၏တန်ခိုးကြောင့်....အရင်မမက်ဘူးသောအိပ်မက်တွေ ဘွား.............ဆိုပေါ်လာတာလေ။
    ကဲ....အင်တာနက်မကောင်းဘူး ဘယ်သူပြောအုံးမလဲ။

    ReplyDelete
  2. အင်တာ နက် က သုံးတဲ့ သူပေါ်မှာပဲ မူတည်တာ နော်..။ သွင် လုံးဝ လက်ခံတယ်..။ အကျိုး ရှိစွာ အသုံး ချတတ်ရင် လူငယ် နဲ့ အင်တာ နက် ခွဲထားလို့ ကို မသင့် ဘူးနော်..။

    ReplyDelete