Wednesday, June 9, 2010

အတူတူနဲ့အနူနူပါပဲဟာ

ဒီမယ် သူငယ်ချင်း
ငါက ခံနိုင်ရည်မရှိဘူး..ငါက အားမာန်မပြည့်ဘူး
ငါ့အနားနေရတာ စိတ်ညစ်တယ် မင်းမပြောနဲ့
အတူတူနဲ့ အနူနူမို့ မင်းနဲ့ငါ တွေ့ကြတာပါ ။

ဒီမယ် သူငယ်ချင်း
ငါက မိုးတွေညို့ရင်မျက်ရည်ဝိုင်းတယ်
ငါကဒုက္ခနဲ့တွေ့ရင် ငိုတတ်တယ်
ငါက ဟန်မဆောင်ပန်မဆောင်ဟီးလေးချ ငိုတတ်တယ်
ငါ့အနားနေရတာ စိတ်ဓာတ်ကျတယ် မင်းမပြောနဲ့
အတူတူနဲ့ အနူနူမို့ မင်းနဲ့ငါတွေ့ကြတာပါ ။

ဒီမယ် သူငယ်ချင်း
ငါက အချစ်မှာခံနိုင်ရည်မရှိဘူး
ငါက လောကဓံကိုကြောက်တယ်
ငါက မွန်းကျပ်လာရင်ထိုင်မှိုင်တတ်တယ်
ငါ့အနားနေရတာ အသက်ရှုကျပ်တယ် မင်းမပြောလိုက်ပါနဲ့
အတူတူနဲ့ အနူနူမို့ မင်းနဲ့ငါတွေ့ကြတာပါ ။

ဒီမယ် သူငယ်ချင်း
ဘ၀ဆိုတာ ဘာ ညာ
မင်း ငါ့ကို လာမရွတ်ပါနဲ့
အချစ်ဆိုတာ ဘာ ညာ
မင်း ငါ့ကို နားမချပါနဲ့
လူဆိုတာ ဘာ ညာ
မင်း ငါ့ကိုအဓိပ္ပာယ်မဖွင့်ပါနဲ့
အသိုင်းအ၀ိုင်းဆိုတာ ဘာ ညာ
မင်း ငါ့ကို ရှင်းမပြပါနဲ့
အတူတူနဲ့ အနူနူမို့ မင်း နဲ့ငါ တွေ့ကြတာပါ ။

နင်ပေးခဲ့တဲ့သင်ခန်းစာ တနင့်တပိုး
ငါမြိုချရင်း
ခပ်တိုးတိုးပဲ ရေရွတ်မိတယ်..
အတူတူနဲ့ အနူနူမို့ ငါလဲ နင်နဲ့တွေ့ဖြစ်တာပါ...............။

2 comments:

  1. :(
    မမ ဘာမှအားမငယ်နဲ့။
    အနော်လဲ မ-နဲ့ အတူတူနဲ့ အနုနူပဲ။
    အမတော်နဲ့ မောင်တော်...အတူတူ နှစ်ပါးသွား က ကြရအောင် ...အဟဲ..။
    ငိုချင်းနဲ့ လွမ်းခန်းတော့ ပါဘူး ။
    အဲ့နားတွေကို ဆင်ဆာ ။

    ( ကဲ ပြောနေရင်းနဲ့ ပြုံးနေပြီမလား ...။
    ကျနော့အမ....မျက်နှာညှိုးမနေနဲ့။
    ပြုံးပြုံးလေး နေ.......။ နော ............)

    ReplyDelete