Sunday, February 6, 2011

ငြိမ်းချမ်းတဲ့ရင်ခွင်

ငြိမ်းချမ်းတဲ့ရင်ခွင်



ရာသီဥတုက မမှန်ပါ...။
အေးချင် အေးသည်၊ ပူချင်ပူသည်၊ တစ်ခါ မိုးရွာချင်လည်း ရုတ်တရက် ထရွာပြန်သည်။ အပြောင်းအလဲမြန်သော အပူအအေးတို့အောက်ဝယ် နဂိုခပ်ယဲ့ယဲ့ အာရုံကြောတွေက ပိုမိုလေးလံ ထိုင်း မှိုင်း လာသည်။ ဘယ်ဘက်မျက်လုံးက အပိတ်လွန်ကာ ဖွင့်မရတော့ပြီ။ တစ်နေ့လုံး ကွန်ပြူတာခုံ ရှေ့တွင် ခပ်ကုပ်ကုပ်..။ ကိုယ့် နာမည်နှင့် ဖုန်းခေါ်သံကြားမှ ပြူးပြဲထရသည်။ ခေါင်းကား မကြည်...။

ညနေဘက် ရုံးမှ ပြန်ရောက်ချိန်တွင် ဓာတ်ကြမ်းတိုက်ကာ ကုသရန် ဆုံးဖြတ်လိုက်သည်။

`အပူတွေ ငုပ်နေတာပဲ ဖြစ်ရမယ်။ မျက်လုံးရောဂါဆိုတာ အပူကြောင့် ဖြစ်တာပဲ...တွေ့မယ်..ခေါင်းပါလျှော် ပစ်မယ်´

Do or Die နှစ်ခု အနက်မှ Do မှ တကယ့် Do ။
ရေချိုးပြီး ခေါင်းကို ခြောက်အောင် သုတ်နေရင်းမှ မျက်လုံးက အယောင်လျော့လာတာကို သတိပြုမိသည်။ တစ်နေ့လုံး ကိုက်ခဲနေသော ကိုယ် လက်တွေ ပေါ့ပါးစ ပြုလာတာတာကိုလည်း ခံစားမိလာသည်။ လိုလို မယ်မယ် အင်္ကျီ လဲအပြီး၌ ရေနွေး နှင့် ဆေးတစ်လုံး သောက်လိုက်သည်။
နောင်အခါမှ Side Effect တွေ ရချင်ရ.....
အခုတော့ လောကကြီးသည် သာယာနေသည်တကားးး..............။


* * * *


အပူငုပ်ခြင်းး


အခန်းကျဉ်းထောင့်တစ်နေရာတွင် အားလျော့စွာ ထိုင်လျှက် နံရံကို အဓိပ္ပာယ်မဲ့ ငေးမောကြည့်နေသည်။
အ သံ တွေ ကြား နေ ရ သည်။
နားနှစ်ဘက်ကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည့်တိုင် အသံတွေက ပိုမို ဆူညံလာသည်။
ကျေးး ဇူးးး ပြု ပြီးး
ကိုယ့်စကားသံတွေက လည်ချောင်းထဲမှာပင် တိုးဝင် အက်ရှပျောက်ကွယ်ကုန်သည်။ ကူကယ်ရာမဲ့ မျက်နှာကျက်ကို မော့ကြည့်မိတော့ အမည်းရောင် တိမ်တိုက်တွေကို တွေ့ရသည်။ လေထုပင် မရှိတော့ လောက်အောင် မွန်းကြပ်လာသည်။ကိုယ်ခန္ဓာကို ပိုပိုကျုံ့မိသည်။ သက်သာရာ ရမည် ထင်ပေမယ့် ပိုမိုကြပ်တည်းလာသလိုပင်။
ထိတ်လန့်တုန်လှုပ်စွာ ရှေ့တူရှုဆီ အကြည့်ရောက်မိတော့ လက်ညှိုးတွေကို တွေ့သည်။



အာားး

စူးစူးဝါးဝါး အော်လျှက် မျက်ဝန်းမှ မျက်ရည်ပူတွေ တလိမ့်လိမ့်ကျဆင်းလာသည်။
ထွက်ပေါက် မရှိသော အခန်းကျဉ်းလေးထဲမှ ရုန်းထွက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံး လက်ကျန်အားအင်ဖြင့် နံရံကို ပြေးဆောင့်လိုက်သည်။
ပြင်ပလေကို အနည်းငယ် ရှုရှိုက်မိသည်။


ရ ပြီ

အနောက်ဘက်မှ ကိုယ့်နာမည် ခေါ်သံ တစွန်းတစ ကြားရသည်။ ပါးပြင်မှ မျက်ရည်ကို 
လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။

နောက် ပြန် လှည့် မ ကြည့် တော့ ပြီ ။



* * * *

ဓာတ်ကြမ်းကုသခြင်း


`အိမ်စားရိတ်....ငယ်လေး ပေးမှာလား..နင့်အစ်မကို...´
`နေ နေ မပြောနဲ့ ငယ် ရှာထားတယ် ရော့ သုံးလစာ ´

(ဘယ်က ဘယ်လို ဘယ်နေရာ ဘာကြောင့် ယူလာခဲ့ရတယ်ဆိုတဲ့ `ဘ´ တွေ သိပ်မတွေးနဲ့။ အတိုးမကလို့ အတက်ပဲ ထွက် ထွက်။ ခုလောလောဆယ် ကိုယ့်အမေရဲ့ ပြုံးနေသော မျက်နှာသာ မြင်နေ အိုကေ ။ )

`ဟဲ ဟို အင်တာဗျူး အောင်လား´
` ကျ တယ်´
`အေး ဟာ ငါတို့ ဘာလုပ်ကြမလဲ´
`nevermind ငါအခု ကျိန်းသေ ရနိုင်တဲ့
ဒီ အင်တာဗျူး ဖြေလာတယ်´
`ဟာ နင်ကလဲ အဲဒါက ဆယ်တန်းအောင်တဲ့သူတောင် ၀င်လုပ်လို့ရတယ်။ လခကလည်း ငါးသောင်းလောက်ပဲ ရှိ.....´
`ဘာဖြစ်သေးတုန်း အဲဒါက´
`အမ်´

(တအံ့တသြကျန်ခဲ့သော သူငယ်ချင်းမ မျက်နှာကို ဖျောက်..ကိုယ့်ထက် ငါးလကြီးပြီး ကိုယ်က အမ ခေါ်ကိုခေါ်ပေးရမည်ဖြစ်တဲ့ ( ရကိုရမည်ဖြစ်တဲ့ အလုပ်မှ) အင်ချက်မမ မျက်နှာကို မြင်ယောင်နေ အိုကေ )

`ဒါ ဘာလို့ လုပ်တာလဲ´
`လုပ်ချင်လို့ လုပ်ပါတယ်´
`ဒီကဗျာ ဘာလို့ တင်တာလဲ´
`တင်ချင်လို့ တင်ပါတယ်´
`ဒီလမ်းကို ဘာကြောင့် သွားသလဲ´
`သွားချင်လို့ သွားပါတယ်´
`မေးနေရင် ဖြေပါ´
`ဖြေချင်မှ ဖြေပါမယ်´
`နောက် လမ်းတွေ့ရင်တောင် မခေါ်နဲ့´
`ကျေးဇူး အများကြီးတင်ပါတယ်´


* * * *


ရေနွေးကြမ်း နှင့် ဆေးတစ်ခွက်

medicine.jpeg

နဖူးပေါ်၌ နွေးကနဲ ဖြစ်သွားသည်။ မေတ္တာရိပ်လွှမ်းသော သွင်ပြင်တစ်ခုကို မြင်တွေ့ရသည်။ ရင်သည် အေးမြမှုဖြင့် ငြိမ်းအေးသွားသည်။

လက်ကလေး တစ်ဘက်က ကမ်းလင့်နေသည်။
ခိုင်ခိုင်မြဲမြဲ လှမ်းဆုပ်လိုက်တော့ နွေးထွေးသည့် အထိအတွေ့ကို ခံစားရသည်။ ထို လက်ကလေးက ပြန်လည် တင်းကြပ်စွာ ဆုပ်ကိုက်သည်။ အားမာန်တွေ ရုတ်ချည်း ပြည့်နှက်လာသလိုပင်။
ဘာမှ ထပ်မံ မလိုတော့ပြီ...။


အစဉ် နားလည်ပေးခဲ့သော ငြိမ်းချမ်းသည့် နေရာက ကိုယ့်ကို ဆီးကြိုသည်။
တစ်ခုခု ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် အသာအယာ ခေါင်းယမ်းပြသည်။ကိုယ့်ဆံနွယ်ေ
တွ ညင်ညင်    သာသာ ပွတ်သပ်ပေးသည်။
မျက်ရည် လွှမ်းသော ကိုယ့်ကို တိုးတိုးလေး ပြောသည်။
စောင့်နေခဲ့တာ ကြာပြီ.....။
သူ့ အလွမ်းတို့ ပြေပျောက်စေရန် ကိုယ်ပြုံးပြသည်။ ၀န်းကျင်သည် ရယ်မောသံများဖြင့် ဝေစည်သွားသည်။
`ချည်နှောင်ပြီးခဲ့ပြီ ဖြစ်သော အဖြူရောင်ကြိုးတို့၌ မေတ္တာ၊ နားလည်မှု၊ စာနာမှု တို့နှင့် ပြည့်စုံလာပြီ ဖြစ်သော အခါ ပူလောင်မှု စိုးစဉ်းမှ မရှိတော့ပြီ တကားး။။ ´

* * * *

အပူစင်ခြင်း



နေရောင်သည် ခပ်နွေးနွေးဖျာ ကျနေသည်။
အခန်းသည် လင်းလင်းချင်းချင်း ။
ကျေးငှက်သာရကာလေးတို့၏ တွန်ကျူးသံများကို သာယာစွာ ကြားနေရသည်။
အိမ်အပြင်သို့ ထွက်လိုက်သည်။
မြို့ထဲသို့ သွားရန် လမ်းကား သေချာမပီပြင်သေး။
ကိစ္စမရှိ..ပေါက်တူးကို ထမ်းရင်း ခပ်မြူးမြူး သီချင်းတစ်ပုဒ်ကို သီဆိုလိုက်သည်။
ထို့နောက် ဖြေးဖြေး မှန်မှန် နှင့် လမ်း စ ဖောက်လေသည်။ အိမ်အနားဝန်းကျင်မှ နှုတ်ဆက်သံများကို ဟိုမှသည်မှ ကြားရသည်။ ရွှင်ရွှင်လန်းလန်းပင် ပြန်လည် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

`မင်္ဂလာ နံနက်ခင်းပါ ခင်ဗျာ´

မောစ ပြုတော့ ရေချမ်းစင်မှ ရေတစ်ခွက် ခပ်သောက်သည်။ အေးမြလိုက်သည့် ဖြစ်ခြင်း ။
ငှက်ကလေး သေးသေးလေးတစ်ကောင် သစ်ကိုင်းမှာ လာနားသည်။ သူကလေး အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် အနီးအနားမှ ချုံနွယ် ဆူးခက်အချို့ကို ဖယ်ရှားပေးလိုက်သည်။
လွတ်လပ်စွာ ပျံသန်းလိုက ပျံသန်းစေ
မိုးဖွဲဖွဲလေးများ ရွာသွန်းပေပြီ။
ပတ်ဝန်းကျင်သည် ငြိမ်းချမ်းအေးမြနေလေသည် တကားး..............။။

* * * *

အဇ္ဈတ္တမှာ တိမ်ကင်းစင်တဲ့အခါ ကိုယ့်အတွက် ရင်ခွင်တိုင်းဟာ ငြိမ်းချမ်းနေသလို၊ သူများတွေ အတွက် ကိုယ့်ရဲ့ ရင်ခွင်ဟာလည်း ငြိမ်းချမ်းနေပါတယ်.....။


6.2.2011
AM:1:15

No comments:

Post a Comment