Sunday, March 6, 2011

မွန်းတည့်နေမှာ အေးမြပါသည်


`ဟော ရောက်ပြီ´

ဆိုင်းဘုတ်ကိုတွေ့လိုက်တာနဲ့ တိုင်ပင်မထားဘဲ သံပြိုင်အော်လိုက်ကြတယ်။ ချွေးတွေ တပြိုင်းပြိုင်းနဲ့ နွမ်းလျနေတဲ့ကြားက အားလုံးရဲ့မျက်နှာမှာ အပြုံးပန်းတွေဝေလို့။ မပြုံးခံနိုင်ရိုးလား။ ယောကျာ်းသားရယ်လို့ လေး ငါးယောက်သာပါတာ။ ဆန်အိတ်ကို သူတို့ခမျာတစ်ယောက်တလှည့်ထမ်းနေရတာ ခြေလှမ်းတွေကယိုင်ချင်နေပြီလေ။ လျှောက်လာခဲ့ရတဲ့ လမ်းတွေကလည်း လမ်းရယ်လို့ပီပီပြင်ပြင်မှ မဟုတ်တာ။ လယ်ကန်သင်းလို မညီမညာမြေတွေ။ လမ်းတလျှောက်မှာ အိမ်ရယ်လို့အသေအချာမခေါ်တွင်နိုင်ရှာတဲ့ အိမ်သေးသေးစုစုလေးတွေက ကျိုးတို့ကျဲတဲ။ တပေါင်းနေကလည်း နံနက် ၁၀ နာရီဝန်းကျင်ဖြစ်တာတောင် ခြစ်ခြစ်တောက်ပူလို့။

အဲဒါ ဧရာဝတီတိုင်း ဒေသကြီးရဲ့ မြို့တော် ပုသိမ်မြို့ရဲ့ ဧရိယာနယ်နိမိတ်ထဲမှာတဲ့။ ပန်းဆက်ရယ်လို့ အရင်က ကြားသာကြားဖူးခဲ့တာ။ အခုလောက်ထိ တောရွာကလေးတွေထက် ဆင်းရဲ့ချို့တဲ့နေမယ်လို့ မတွေးခဲ့မိတာ အမှန်ပဲ။ သောက်သုံးရေအတွက် မြောင်းရေကိုသာ အဓိကအားထားရသတဲ့။ အိမ်သာရယ်လို့လဲ ပီပီပြင်ပြင်ရှိတာလည်း အခုမျက်စိတဆုံးထိတော့ တွေ့ကို မတွေ့မိသေးဘူး။

အတွေးကို ဖြတ်ပြီး ကျောင်းဝန်းထဲကို ခြေလှမ်းပြင်လိုက်တယ်။ အသင့်စောင့်ကြိုနေကြတဲ့ ဦးပဉ္ဖင်းတစ်ပါးနဲ့ အနီးအနားက ရက်ကွက်ခံ အစ်ကို၊အစ်မတွေက ၀မ်းပန်းတသာကြိုဆိုကြတယ်။ ဆရာတော်က နာရေးတစ်ခုသွားနေလို့ ခဏအမောဖြေရင်း စောင့်ကြပါဦးတဲ့။ ကျောင်းဝန်းထဲက အကောင်းဆုံးတစ်နေရာဖြစ်တဲ့ သိမ်ထဲမှာ နေရာချပေးတယ်။ သိမ်ထဲမှာ အပန်းဖြေရင်း ဘေးပတ်ဝန်းကျင်က ကျောင်းဆောင်ကို မျက်စိကစားကြည့်လိုက်တော့ ဘုန်းကြီးဆွမ်းစားဆောင် နဲ့ ကျိန်းစက်တဲ့နေရာကို မြင်လိုက်ရတယ်။ ရင်ထဲနင့်သွားပါတယ်။ ထရံတွေက ပေါက်ပြဲနေပြီး ပစ္စည်းပစ္စယျာရယ်လို့လည်း များများစားစား မတွေ့ရဘဲ မြင်ကွင်းဟာ ပြောင်ရှင်းနေပါတယ်။
ဆရာတော်ကြွလာတော့ ရေစက်ချတရားနာကြပါတယ်။







အလှူဆိုလို့ကြီးကြီးမားမား မထင်လိုက်ကြပါနဲ့။ ဆန်တစ်အိတ်ရယ်၊ ၀တ္တုငွေအဖြစ် ငွေတစ်သောင်းရယ်။ အဲဒါလေးရဖို့ကို လခနည်းဝန်ထမ်းလူငယ်လေးတွေက ၀ိုင်းဝန်းစုဆောင်းခဲ့ကြတာပါ။ လစဉ် တတ်နိုင်သလောက် ထည့်ဝင်ပြီးရသရွေ့လှူဒါန်းသွားကြဖို့ အဖွဲ့လေးတစ်ဖွဲ့ အဖြစ် သတ်မှတ်ထားခဲ့ကြတယ်။ နာမည်မရှိဘူး။ အရေအတွက်မရှိဘူး။ တစ်စုံတစ်ယောက်က ဒီလမှာအလှူငွေလာထည့်ဝင်ရင် အဲဒီ့သူက အဲဒီ့လအတွက် အဖွဲ့ဝင်ပဲ။ ၀င်ချင်ဝင်နိုင်တယ်။ ထွက်ချင်လည်း ထွက်နိုင်တယ်။

ဒီအဖွဲ့လေး စဖြစ်လာဖို့ စတင်စိတ်ကူးခဲ့ကြတာက တ.ယ.က ရုံးက အငယ်တန်းစာရေးလေးစည်သူ၊ ကျွန်မတို့ရုံး စီမံရေးရာဌာနက ၀င်းသူရ၊ နောက် ကျွန်မ။ တစ်ယောက်ကို တစ်လ ငါးရာ၊ တစ်ထောင်ကွာ ဆိုပြီး လူလိုက်စုတော့ ကျွန်မတို့ဝန်းကျင်က ကိုယ့်လိုဘ၀တူ သူငယ်ချင်းတွေအားလုံးလိုလိုက ပါဝင်ခဲ့ကြပါတယ်။ ဒီအထဲမှာ စတိုးဆိုင်၊ ထီဆိုင်၊ အထည်ဆိုင်၊ ကုန်ခြောက်ဆိုင်၊ အီလက်ထရောနစ်ဆိုင်တွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ အရောင်းဝန်ထမ်းလေးတွေ ပါပါတယ်။ သူတို့လေးတွေရဲ့ လစာဟာ နှစ်သောင်းခွဲ၊ သုံးသောင်း အစရှိသဖြင့် အဲ့ဒီ့ဝန်းကျင်ပဲ ရကြရှာတာပါ။ တစ်လ လစာငါးသောင်းခွဲရတဲ့ ကျွန်မ၊ ၀င်းသူရနဲ့ စည်သူက သူတို့တွေအတွက် ကမကထကြီးတွေဖြစ်လို့။ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်၊ ကိုယ့်အသိုင်းအ၀ိုင်းနဲ့ကိုယ်တော့ ပြုံးပျော်ကြည်နူးစရာပါပဲ။

ကလေးတွေက ငါးရာ၊ တစ်ထောင် စသဖြင့် အားတက်သရော အလှူငွေလာထည့်ကြပါတယ်။ လှူမယ့်နေ့ကိုလည်း အားလုံးရဲ့ ပိတ်ရက် တနင်္ဂနွေကိုပဲ ရွေးခြယ်လိုက်ပါတယ်။ လှူမယ့်ကျောင်းကို ရွေးတာကတော့ စည်သူနဲ့ဝင်းသူရပါ။ ကျွန်မက လုပ်ချင်တဲ့စိတ်သာရှိတာ ပုသိမ်ရဲ့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိပ်သိလှတဲ့သူ မဟုတ်ပါဘူး။ တနင်္ဂနွေနေ့မှာ လိုက်နိုင်တဲ့ ကလေးတွေနဲ့အတူ ကျွန်မတို့ မန်ကျည်းစင်ကျေးရွာ၊ ပန်းဆက်ရပ်ကွက် `သာသနသုခကာရီကျောင်းတိုက်´ရှိရာကို သွားကြပါတယ်။ စက်ဘီးနဲ့ သွားနိုင်တဲ့ နေရာအထိသွားပြီး အိမ်တစ်အိမ်မှာ စက်ဘီးတွေ အပ်ထားခဲ့ကြပါတယ်။ နောက် လယ်ကန်သင်းလို လမ်းတွေကနေ ဆန်အိတ်ကို တစ်ယောက်တလှည့်ထမ်းပြီး ချီတက်ကြတာပေါ့။ မိန်းကလေးတစ်စုက ဆန်အိတ်ကို ခဏသာ ကူမပေးနိုင်ပြီး ယောကျာ်းလေးတွေကသာ ဒိုင်ခံထမ်းကြတာပါ။

သိန်းဂဏန်းချီတဲ့ အသိုင်းအ၀ိုင်းကနေ တစစ ရှောင်ထွက်ခဲ့တဲ့ ကျွန်မအတွက် အေးမြရတဲ့ နေ့တစ်နေ့ပါပဲ။ ကိုယ့်ဘ၀အခြေအနေကိုမသိ မမှီရာကိုလက်လှမ်းချင်တဲ့ ကျွန်မအသိတစ်ချက်လည်း လက်ကနဲဖြစ်သွားပါတယ်။ ရည်မှန်းချက်မပြည့်ဝလို့ နာကျင်ရတဲ့ဝေဒနာ၊ `မနိုင်ဝန်ထမ်းတာကိုး´ ဆိုတဲ့ စကားတစ်ခွန်းအပေါ် ပြန်ကြားယောင်မိတိုင်း မျက်ရည်ဝဲခဲ့ရတဲ့ ဝေဒနာ၊ ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ ပူဆွေးရတဲ့ ဝေဒနာ…….ဒီဝေဒနာတွေ ဘာကြောင့် ဖြစ်တည်လာရသလဲ?

ကျွန်မရဲ့လက်ရှိဘ၀ကို အရှိအရှိအတိုင်းလက်မခံဘဲ အောင်မြင်တိုးတက်ချင်တဲ့ ဆန္ဒတွေကြောင့်ပါ။ ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေကိုအတိုင်း ငြိမ်းချမ်းရာ ရှာဖွေတတ်ရင် ရတာပဲမဟုတ်လား။ ရေများတဲ့နေရာမှာ ကိုယ့်ရဲ့မိုးတစ်စက်ရွာမချပဲ၊ ခြောက်သွေ့တဲ့နေရာမှာ ရွာချရတာ ပီတိတစ်ခုပဲ မဟုတ်ပါလား။

ရေစက်ချ လှူဒါန်းပြီးတော့ ဆရာတော်က ကျွန်မတို့ကို ထမင်းကြွေးပါတယ်။ ကြိုတင်သိမထားဘဲ ဆရာတော်ရဲ့စီစဉ်မှုပါ။ ကျွန်မတို့ အစီအစဉ်အတိုင်းဆိုရင် လှူဒါန်းပြီးရင် ပြန်ရုံပါပဲ။ ဆရာတော်က ရှိတာနဲ့ ကျွေးချင်တယ်ဆိုပြီး မပြန်ခိုင်းပါဘူး။ ကျောင်းမှာရှိတဲ့ ဆန်နဲ့ ချက်တဲ့ထမင်းကို မြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်။ သံဃာတော်တွေဟာ ဒီလိုရောပြွမ်းတဲ့ ဆွမ်းနဲ့ ဘုန်းပေးပြီး သာသနာ့တာဝန်တွေ ထမ်းဆောင်ကြတယ်လား။ ဘူးသီးချဉ်ရည်၊ ငါးပိထောင်း၊ တို့စရာနဲ့ ကျွန်မတို့တတွေ ဆရာတော်ရဲ့ မေတ္တာ၊ စေတနာ အောက်မှာ ထမင်းမြိန်ခဲ့ကြပါတယ်။




ဒါကတော့ သံဃာတော်တွေ အဆောင်ပါ။





ထမင်းစားပြီးကြတော့ ဆရာတော့်ကျောင်းလေးဟာ အနီးဝန်းကျင်က ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကလေးတွေကို စာသင်ပေးနေတဲ့ ပညာဒါနကျောင်း၊ နွေရာသီမှာ ရက်ကွက်က ကျောင်းသားလူငယ်တွေကို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းပေးရာကျောင်း၊ မကြာခဏဆိုသလို ပဌာန်းဒေသနာရွတ်ဖတ်ပေးရာကျောင်း အဖြစ်သိခွင့်ရခဲ့ပါတယ်။

ကျောင်းက ပညာတတ်ဦးပဉ္ဇင်းတစ်ပါးက ကျောင်းသားတွေကို သူတစ်ယောက်တည်းသင်ပေးပြီး၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကိုတော့ ဆရာတော်က သင်ပေးတယ်လို့လည်း သိခဲ့ရပါတယ်။

မန်ကျည်းစဉ်ကျေးရွာ၊ ပန်းဆက်ရပ်ကွက်လေးကို အသိပညာတိုးပွားအောင်၊ သာသနာထွန်းကားအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဆရာတော်ရဲ့ ကျောင်းကတော့ မပြည့်မစုံ ချို့တဲ့ လို့။



အပြန်လမ်းတလျှောက်မှာ မွန်းတည့်နေက ခြစ်ခြစ်တောက်ပူနေပေမယ့် ရင်တွင်းမှာ အေးမြငြိမ်းချမ်းနေပါတယ်။ ပီတိတွေနဲ့အတူ စက်ဘီးဦးတည့်ရာက အင်တာနက်ဆိုင်ကိုပါ။ MP4 နဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို ကိုယ်ချစ်ရတဲ့သူတွေဆီ Email သွားပို့ရဦးမယ်လေ..... :) :) :) ။ ။

အေးချမ်းကြပါစေ
မေတ္တာဖြင့်
သူသူ

1 comment:

  1. သာဓု သာဓု သာဓု ပါ ညီမလေးရယ်

    ReplyDelete