Wednesday, September 28, 2011
သံသရာခရီးသည်
* တစ်မနက်ခင်းမှာ လက်ညှိုးတစ်ချောင်းနှင့် ထိပ်တိုက်တွေဆုံမိပါသည်။ အံ့အားတသင့် ရှောင်လွှဲရန် ဟန်ပြင်ခိုက်မှာပင် နောက်ထပ်လက်ညှိုးပေါင်းများစွာသည် ဟိုမှ သည်မှ ထွက်ပေါ်လာကြပါသည်။
အကျွန် ခြေစုံရပ်နေပါသည်။
(သို့မဟုတ်)
ထို လက်ညှိုးများကို တည့်တည့်ရင်ဆိုင်လျှက် စေ့စေ့ကြည့်နေပါသည်။အကျွန် အပြစ်သားမဟုတ်ခဲ့ပေ။ ကြားအသွယ်သွယ်၌လည်း ကုလားဖန်ထိုး လှည့်ဖျားတတ်ခြင်း  မရှိခဲ့..။ မလိုမုန်းထားသူတို့အပါးမှလည်း အသာခေါင်းငုံ့ရှောင်ထွက်ခဲ့သည်သာ ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ထိုလက်ညှိုးတို့ တည်ရှိနေရသနည်း။ ယင်းအခိုက် အကျွန်တစ်စုံတရာကို မြင်လိုက်ကာ ပြုံးမိပါသည်။ အကျွန့်ဘက်သို့  ဦးတည်နေသည်မှာ လက်ညှိုးတစ်ချောင်းစီသာ ဖြစ်သည်။ ကိုယ့်ဘက်ကို ပြန်ဦးတည်နေသော လက်ချောင်းများကို ယင်းတို့ သတိမပြုမိချေသည်တကား..။။
*အကျွန်သည် သံသရာမှ ၀န်ထုပ်ဝန်ပိုးများနှင့် ဖြစ်ပါသည်။
အကျွန့်အပေါ်၌ ကြွေးဟောင်းများသည်လည်းကောင်း၊ ကျေးဇူးတရားများသည်လည်းကောင်း၊ တာဝန်ဝတ္တရားများသည်လည်းကောင်း၊ လုပ်လက်စ အလုပ်များသည်လည်းကောင်း၊ မဖြစ်မြောက်တော့သော ရည်မှန်းချက်သည်လည်းကောင်း စုပြုံပိလျှက်ရှိပါသည်။ ထိုဝန်ထုပ်ဝန်ပိုးမျာဒ သံသရာတလျှောက် ယူမသွားချင်ပါ။ သံသရာသည် အကျွန့်အတွက် လေးလံလှပါသည်။
*သနားသဖြင့်ပေးကမ်းသော အကြင်နာသည်လည်းကောင်း
အားနာသမှုဖြင့် ပေးစွမ်းသော ဂရုစိုက်မှုသည်လည်းကောင်း
ဝတ္တရားအရ ဧည့်ဝတ်ကျေပွန်ကြသော ချိုသာယဉ်ကျေးမှုတို့သည်လည်းကောင်း
အရိပ်အငွေ့ မေတ္တာလက်ကျန်သည်လည်းကောင်း
တစွန်းတစ သတိတရမှုများသည်လည်းကောင်း
အကျွန် ရရှိခဲ့ပြီး ဖြစ်ပါသည်။
ဝန်များထမ်း၍ တရွေ့ရွေ့သွားနေသော အကျွန့်သံသရာခရီး သည်တစ်ကိုယ်တည်းသာ ဖြစ်ပါသည်။
*ဦးခေါင်းတို့ ကျိန်းစပ်လှပြီ
မွန်းတည့်နေက ပူလောင်ပါသည်
အနီးအနားက ရေတစ်ပေါက် သောက်မိချင် သောက်မိပါမည်
(မည်သည့်အရပ်မှ ရေဆိုသည် အရေးမကြီးလှပေ။)
အကျွန် ရှေ့ဆက်လှမ်းနေပါသည်
ဝန်ထုပ်တွေ လေးသထက်လေးလာသည်
ခြေလှမ်းတွေ နှေးသထက်နှေးလာသည်
သက်ပြင်းတွေ မောသထက်မောလာပါသည်
မြို့တော်ကိုကား မမြင်ရသေးး
သံသရာ အဆက်ဆက်မှ တင်ရှိခဲ့ဖူးသော
ဝဋ်ကြွေးများ.............................
ဤဘ၀တွင်..ဤမျှနှင့်
ကျေပါစေသားးးးး
ကျေ.....စေ....သားးးးးးးးးးးးးးးး။။။။။။။။။။။။။။
1 comment:
  1. *သနားသဖြင့်ပေးကမ်းသော အကြင်နာသည်လည်းကောင်း
    အားနာသမှုဖြင့် ပေးစွမ်းသော ဂရုစိုက်မှုသည်လည်းကောင်း
    အရိပ်အငွေ့ မေတ္တာလက်ကျန်သည်လည်းကောင်း
    တစွန်းတစ သတိတရမှုများသည်လည်းကောင်း
    အကျွန် ရရှိခဲ့ပြီး ဖြစ်ပါသည်။
    ............................. အရမ်းကောင်းပါသည်....... ဆက်လက်အားပေးနေပါမည်...........:))
    ReplyDelete