Saturday, October 1, 2011

အဝေးပျံငှက်-အပိုင်း (၆)


အဝေးပျံငှက်-အပိုင်း (၆)

( ၁၂ )
အများသုံး P.C.O ဖုန်းရုံလေးများ၏ ရှေ့မှဖြတ်တိုင်း ဖြူ့ ခြေလှမ်းတွေ တုံ့ဆိုင်းတတ်ပါသည်။
မြို့နယ် ကုဒ် ရှေက ခံလျှက် ဂဏန်းငါးလုံးကို နှိပ်လိုက်လျှင်.. ဟိုးး အဝေးက ဖြူ သိပ်ချစ်ရသော မိသားစု လေးထံ ချက်ချင်း ရောက်ရှိသွားတော့မည်။ ညက မေမေ့ကို အိပ်မက်မက်သည်။
အိပ်မက်ထဲမှာ မေမေက ဖြူ့ဆံနွယ်တွေကို ညင်ညင်သာသာ ပွတ်သပ်ပေးလျှက် နူးညံ့သောအပြုံးတို့နှင့် စကားတွေဆိုလျှက် ရှိသည်တဲ့။ အိပ်မက်မှ ရုတ်တရက် နိုးထသော် ဖြူ့ ပါးပြင်မှာ မျက်ရည်စတွေနှင့်..။ ပြန်၍လည်း အိပ်မပျော်။ အလင်းရောင်သဲ့သဲ့ပင် မထွက်ပေါ်သေးသော နံနက်ခင်းအမှောင်ထုကို ခပ်ကြောင်ကြောင် ငေးကြည့်ရင်း ဖြူ့ ရင်တွင်းမှာ တနင့်နင့် လှိုက်မောလာသည်။ ဘာလိုလိုနှင့် ဖြူ ရန်ကုန်ရောက်ခဲ့တာ ခြောက်လကျော်ခဲ့ပြီ။

မေမေ……ဖြူ အင်္ဂလိပ်စာမေဂျာ ယူပါတယ်။ ဖြူ့ အမှတ်တွေ အများကြီးပဲ မေမေ။ ဒါပေမယ့် ဖြူ တက္ကသိုလ် မတက်နိုင်ခဲ့ပါဘူး။ ဖြူ သိပ်တက်ချင်တဲ့ ယဉ်ကျေးမှုတက္ကသိုလ် လည်း မတက်ဖြစ်ဘူး မေမေ။ အဝေးသင်ပထမနှစ်ဝက်ရဲ့ စာစဉ်တွေ တင်ပြီးပါပြီ မေမေ။ ဖြူ အခု လိမ်လိမ်မာမာနေပါတယ်…။

မေမေ့ကို အသံတိတ် တိုင်တည်ရင်း ဖြူ့ ရင်သည် ဆို့နင့်လျှက်ရှိသည်။ မေမေ့ကို ဖြူ လွမ်းလှသည်။ ဖေဖေ၊ မမကြီး၊ မောင်ငယ်လေး…အကုန်လုံးကိုလွမ်း လှပါသည်။ အိမ်ကို ဖုန်းဆက်ဖို့ကြိုးစားတိုင်း ဖြူ့ ခြေလှမ်းတွေ တုန်ရီလျှက်ပင်။ ပြီးလျှင် နောက်ပြန်လှည့်ခဲ့ရသည်သာ။ ဟင့်အင်း…… ဖြူ သတ္တိ မရှိသေးပါဘူး။ အခုလောက်ဆို ဖြူတို့ပို့လိုက်သော စာရှည်ကြီးတွေ အိမ်တွေက ဖတ်ပြီးကြလောက် ပါပြီ။ စိတ်ဆိုးနေကြတုန်း ဆိုရင်တောင် နားတော့ လည်လောက်ကြပြီ ထင်ပါရဲ့။ ထင်တာပဲ… ထင်တာပါပဲလေ။ ကြာရှည် မတွေး ချင်တော့သလို ခေါင်းကို ခပ်သွက်သွက် ယမ်းမိသည်။ ဖြူ အခုခြေထောက်နှစ်ချောင်း အပေါ်မှာ စုံရပ်နိုင်ဖို့၊ မယိမ်းယိုင်ဖို့ ကြိုးစားနေတယ်။ ပြီးရင် ခြေလှမ်းစလှမ်းရဦးမှာ။ အားမာန်တွေ မပျော့ညံ့ဖို့ မျက်ရည်တော့ မကျနှင့်။ ကိုယ့်ကိုကိုယ် အားပေးရင်း အံကိုသာ ဖြူတင်းတင်း ကြိတ်မိပါသည်။


ပထမနှစ်စာမေးပွဲ ဖြေခါနီးတွင် ဖြူ အခက်ကြုံရလေပြီ။ အနီးကပ်ဆယ်ရက်၊ စာမေးပွဲဖြေဆိုရက်တို့ စုပေါင်းလျှင် အချိန်ကာလက တစ်လနီးပါးခန့်ပင်။ ဖြူ့အလုပ်က ခွင့်ရမလား၊ မရမလား မသေချာ။ ဘာပဲဖြစ်ဖြစ် ပြောကြည့်ရမှာပေ။ Leader တစ်ယောက်၊ နှစ်ယောက်ထံ စစ်ဆေးမေးမြန်းမှု ခံယူပြီးမှ မန်နေဂျာ ရုံးခန်းသို့ ဖြူ ရောက်ရှိသွားသည်။ ဖြူ့ကို စူးစူးစိုက်စိုက် အကဲခတ်နေသော မျက်ဝန်းတို့ကို မနှစ်မြို့လှပါ။ လုပ်ငန်း သဘောသဘာဝအရ ခွင့်ပေးနိုင်လျှင် ပေးနိုင်မည်၊ မပေးနိုင်လျှင် မပေးနိုင်မည့် အကြောင်း ပြောရုံပဲ မဟုတ်လား။ လေအေးစက် တပ်ဆင်ထားသော အခန်းတွင်းဝယ် ဖြူ မွန်းကျပ်သလို ဖြစ်လာသည်။

`မြနှင်းဖြူနော်´
`ဟုတ်ပါတယ်´

ခေါင်းငုံ့လျှက် ဖြူ အသာအယာဖြေသည်။ မေးလိုရာတွေ အကုန်အစင် မြန်မြန်မေးပြီး သွားပါစေ။ ဒီအကြည့် စူးစူးတွေအောက်မှ ဖြူ မြန်မြန်ရှောင်ခွာသွား ချင်ပါသည်။

`ထုံးစံအရတော့ လုပ်သက်တစ်နှစ် မပြည့်သေးတဲ့ ၀န်ထမ်းကို ခွင့်ရက်ရှည်မပေးဘူး´


တစ်နှစ်ပြည့်ဖို့ လပိုင်းပဲလိုတော့တာကို။ အသံတိတ်ငြင်းဆိုရင်း ဖြူ ဘာမှတော့ ပြန်မပြောသာပါ။

`မင်း အကြောင်းတွေ ကိုယ်သိချင်တယ်။ ကိုယ် စိတ်ကျေနပ်လောက်တဲ့ အကြောင်းအရာမျိုး ဖြစ်နေရင် မင်းကို ကူညီမယ်´

မလိုဘူး…။ ဖြူ လိုချင်တာ ကူညီမှုတွေ မဟုတ်ဘူး။ ဖြူ့ မျက်နှာသည် ထိန်းချုပ်ထားသည့်ကြားမှ တင်းမာစပြုလာ သည်။ ခေါင်းတော့ငုံ့နိုင်သည်။ သို့သော် ဒူးထောက်ဖို့ကိုတော့ ဖြူ မကြိုးစားချင်လှပါ။ ဖြူ သည် အခွင့်အရေး ယူချင်သည့် သူတစ်ယောက် မဟုတ် သလို၊ ကူညီဖေးမပေးနေရမည့် သူတစ်ယောက် လည်း မဟုတ်ခဲ့ပါ။ လုပ်ငန်းတစ်ခု၏ စည်းမျဉ်း ကန့်သတ်ချက်တွေအရ ဖြူ ရပိုင်ခွင့် ရှိသလား၊ မရှိသလား သိချင်တာ သက်သက်ပင်။ ရှိလျှင် တစ်မျိုး စဉ်းစားမည်။ မရှိလျှင် တစ်မျိုးစဉ်းစားမည်။ ဒီအတွက်နှင့်တော့ဖြင့် သူုတစ်ထူး၏ ကူညီမှုအမည်တပ်သော ကျေးဇူးတရားကို ဖြူ မထမ်းရွက်လိုလှပါ။
အလုပ်ထွက်စာတင်ပြီး ကျောခိုင်းထွက်ခွာလာသည့် Super Market ကြီးကို လည်ပြန်ကြည့်မိသည်။ ဒီနေရာ မှာ ဖြူ့အရိပ်တွေ တစ်နှစ်နီးပါးမျှ ထင်ဟပ်ခဲ့ဖူးပါသည်။ ဖြူ့အသက်၊ ဖြူ့ဘ၀ရပ်တည်မှုကို ရှင်သန်စေခဲ့ ရာ နေရာလည်းဖြစ်သည်။ ယခုတော့ သည်နေရာကို စွန့်ခွာလာရပြီ။ ဖြူ မှားသလား၊ မှန်သလား အသေအချာ ဆန်းစစ်မနေချင်တော့ပါ။ ရှေ့တူရှုသာ မျှော်ငေးကြည့်မိသည်။ ဖြူ့ ခြေနှစ်ဖက် မြဲမြဲမြံမြံ ရပ်တည် နိုင်သည့် နေရာသည် ဘယ်ဆီမှာလဲ။ ဖြူ့ စိတ်ဝိညာဉ်မှာ ပူနွေး စီးဆင်းမြဲ ဖြစ်သော အနုပညာသွေးတွေ အသက်ဝင် လှုပ်ရှားဖို့ ကာလသည်ကော ဘယ်တော့လဲ။

ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိတော့ တိမ်စိုင်တိမ်လိပ်တွေ တရွေ့ရွေ့ ရွေ့လျားနေတာ မြင်ရ သည်။ သူတို့တွေက လေနှင်ရာ လွင့်မျောနေ တာပင်။ ဖြူ က တိမ်စိုင်လား။ ဖြူ့အတွက် ကံကြမ္မာက လေ လား။ ကံကြမ္မာနှင်ရာကို ဖြူ ရွေ့နေရတာလား။ လေစုန်ကိုတော့ အလွယ်တကူ မလွင့်မျောချင် လှပါ။ လေဆန်တွင် ၀ဲပျံမသွားရအောင် ကိုယ်သွားလိုရာကို ဖြူ ရင်ဆိုင်အန်တုချင်ပါသည်။

ပထမနှစ်စာမေးပွဲ၏ နောက်ဆုံးဘာသာရပ်ကို ဖြေဆိုပြီးသောနေ့တွင်မူ ဆရာနှင့်ဖြူ တွေ့ဖြစ်လေသည်။ ဆရာနှင့် မတွေ့ရသည်မှာ ကြာလှပြီ။ ဖြူ့စိတ်ထင် နှစ်လ၀န်းကျင်ခန့် ရှိမည်ထင်သည်။ ဆရာအလုပ် များနေရော့သလား။ နယ်ပွဲတွေရှိတာလည်း ကြားသိရတာပင်။ show ပွဲ လက်ခံရလေတိုင်း မျက်ဝန်းတွေ တလက်လက် တောက်ပလာတတ်သော မိုးခိုင်သည်ပင် စာမေးပွဲရှိ၍ ငြိမ်ကုပ်နေရသည်။ မိုးခိုင်နှင့်ဖြူက မေဂျာမတူသော်လည်း အဝေးသင်ချင်းတူသည်မို့ မိုင်နာဘာသာတွေ စာအတူကျက်၍ ရလေသည်။ ဖြူ အလုပ်မရှိတော့ တာ သိသော်လည်း ဒီစာမေးပွဲရက်တွေ အတွင်းတော့ ဒါကို ဖြူတို့ ခေတ္တမေ့လျော့ ထားပါသည်။ အချိန်တိုင်း အမောတွေချည်းပဲ စဉ်းစားမနေချင်လှပါ။

မတွေ့ရသော ကာလတွေတိုက်အစားမှာ ဆရာပိုပိန်သွားသည်။ မျက်ဝန်းတွေကတော့ အရင်လိုစူးရှ ထက်မြက်နေဆဲ။

`ဆရာ ပိန်သွားတယ်´ ဟု ဖြူ ပြောတော့ ဖြူ့ကို စေ့စစေ့ပ်စပ်အကဲခတ်ကာ `ဖြူ က စာမေးပွဲရှိတာတောင် ပိန်မသွားပါလား´ တဲ့။ နောက် `မျက်နှာတောင်ပိုပြည့်လာသလိုပဲ´ ဟုလည်းတဆက်တည်း ပြောသေး သည်။

ဖြူ ရယ်မိသည်။ တကယ့်ကို ပေါ့ပေါ့ပါးပါး ရယ်တာပင်။ ဖြူ စိတ်အေးလက်အေး စာမေးပွဲ ဖြေနေခဲ့တာ။ အမောတွေ အားလုံးအဝေးကို လွှင့်ပစ်ကာ အရာရာကို မေ့လျော့ထားတာပင်။ ယခုလက်ရှိ ဖြူ့လက်ထဲတွင် တစ်ထောင်တန် နှစ်ရွက်သာ ရှိတော့သည်။ မနက်ဖြန် ဆိုတာကို ဖြူ မတွေးချင်တော့ပါ။

ဖြူ့ရဲ့ အဖြစ်အပျက်တွေကို ရှင်းပြတော့ ဆရာက ခေါင်းအသာညိမ့်သည်။ ပြီးတော့ သူ့မှ အကြောင်း အရာတွေ အများကြီး သယ်ဆောင်လာ သည်ဆိုပဲ။ ဂီတသင်တန်းကျောင်း တစ်ခုမှာ ဆရာက အနီးကပ် ကြီးကြပ်နေရ သည်။ ဖြူ တို့နှင့် မတွေ့ဖြစ်သော ကာလများတွင် ထိုကိစ္စများ အတွက် ဆရာ အတော်အလုပ် များနေခဲ့သည် တဲ့။ ပြီးတော့ ထိုသင်တန်းကျောင်း၏ နောက်ဆက်တွဲ အနုပညာခြေလှမ်းအဖြစ် ဆရာ့ထံ အကြံဥာဏ် တောင်းခံ ရာ ဆရာက အကသင်တန်းတစ်ခု ထပ်ဖွင့်ဖို့ ဆန္ဒပြုခဲ့သည် တဲ့။

ဖြူ ဖြင့် နားထောင်ရင်း ရင်တွေ တလှပ်လှပ်။ ဆရာက ဖြူ့ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်ကာ-

`ဘာလို့ ဒီအကြံဥာဏ်ကို ပေးခဲ့ရလဲဆိုတော့ အဓိကက ဖြူ့ကို မြင်ယောင်မိလို့ပဲ။ ၅၀%ပေါ့ နောက် ၅၀%က ဖြူ့လို အနုပညာကို ၀ါဿနာပါတဲ့ လူငယ်လေးတွေအတွက် လက်လှမ်းမီမီ ဆည်းပူးရစေချင်လို့ပဲ´
´အကောင်အထည် ဖော်ဖြစ်မလား၊ မဖော်ဖြစ်ဘူးလားတော့ သေချာ မပြောနိုင်သေးဘူးပေါ့ ဖြူ။ အဲဒီ့တော့ ဒါကို ကဏ္ဍတစ်ခုအနေနဲ့ သတ် သတ် ထားပြီး အခုအရေးကြီးတာကို ဆွေးနွေးကြစို့´

´မင်း ကမလား ဖြူ´

´ရှင်
ဖြူ သည် ဆရာ့ကို အံ့အားတသင့်ကြည့်ရင်း ကြောင်တွေနေသည်။ ဆရာ ဘာကိုရည်ရွယ်ပါလိမ့်။ ဆရာက လိပ်စာကဒ်တစ်ခုကို ဖြူ့ထံ လှမ်းပေးသည်။ `ပန်းရိပ်နွယ်´ တဲ့…….။
`
အဲ့ဒီ့ဆိုင်က သီးသန့်အလွှာတန်းစားတွေအတွက် ရည်ရွယ်ပြီးဖွင့်ထားတာ ဖြူ။ သူ့မှာ ထူးခြားချက်က ခေတ်ဟောင်း၊ ခေတ်သစ်တင်ဆက်မှု နှစ်ပိုင်းခွဲ ဖျော်ဖြေပေးတာပဲ။ ခေတ်ပေါ်အက ရှိမယ်၊ ခေတ်ပေါ်သီချင်း ရှိမယ်။ ခေတ်ဟောင်းလို့ သူသတ်မှတ်ထားတဲ့ ရိုးရာအကရှိမယ်၊ ရိုးရာသီချင်းရှိမယ်´
`ဖြူ နားလည်အောင် ပြောရရင်တော့ ခေတ်ပေါ်ဘက်မှာ အနောက်တိုင်းအက၊ အနောက်တိုင်းသီချင်း၊ ခေတ်ဟောင်းဘက်မှာ မြန်မာအက၊ မြန်မာသီချင်း၊ တရုတ်အက၊ တရုတ်သီချင်း……..အကြောင်းက ဆိုင်ရှင်က တရုတ်ကပြားမို့ပဲ..´

ရယ်ဟဟဆိုရင်း ဆရာက စကားကို ခေတ္တရပ်နားသည်။ ဖြူ ကတော့ ရင်တွေတဒိတ်ဒိတ်…….။

`ဆိုတော့ကာ ပန်းရိပ်နွယ် မှာ မြန်မာအက ကဖို့ လူခေါ်နေတယ်။ ကိုယ်တို့ဆီက ဂီတသမားလေးတွေ နှစ်ယောက်လောက် အလုပ်လုပ်လက်စ ရှိနေတဲ့အတွက် သူဌေးနဲ့တော့ အဆက်အဆံရှိတယ်။ ဖြူ ဆန္ဒရှိရင် ဆက်သွယ်ပေးမယ်…ဒါပေမယ့်…….´

ဖြူ သည် ဆရာ့စကားအဆက်ကို စောင့်စားရင်း တုန်ယင်သလိုဖြစ်လာသည်။ အို… ဖြူ အကနဲ့ အသက်မွေး လို့ရပြီလား။ ဒါဟာ ဖြူ့အတွက် ခြေလှမ်းအစ လား။

`ဒါပေမယ့်..က ဖြစ်မယ်ဆိုရင် ဖြူ ကတိပေးရမယ်။ အနုပညာနဲ့ပဲ ပရိသတ်ကိုဖျော်ဖြေပါ။ ပတ်ဝန်းကျင်သစ်မှာ နေတတ်ထိုင်တတ်ပါစေ။ ဗလာထမီဝတ် ထားပါစေဦး၊ ဖြူ က နေရတဲ့နေရာဟာ စားသောက်ဆိုင် တစ်ခုပါပဲဆိုတာ ခေါင်းထဲကိုထည့်ထားပါ´

ဖြူ ခေါင်းကိုသာ တွင်တွင်သာညိမ့်နေမိသည်။ ဘာစကားမှကိုမျှ မပြောနိုင်။ ဆရာပြောတာ အဓိပ္ပာယ်ရှိတဲ့ စကားတွေဆိုတာ ဖြူ သိသည်။ လောလောဆယ် တွင်တော့ ဆရာ့ကို ကတိစကားဆိုဖို့ ထက် ဖြူ့စိတ်ကို စိုးရွံ့မှုတွေ သာ ကြီးစိုးနေသည်။ နေရာသစ်တစ်ခုမှာ ဖြူ ရှင်သန်ရဦးမည်။ တာဝန်ကျေပွန်မှုအပြင် ဖြူ့ပန်းတိုင် အတွက် လေ့ကျင့်ကွင်းတစ်ခုလည်း ဖြစ်နိုင်မည်။ ထိုနေရာသည် ဖြူ့ကို နွေးထွေးမှုဖြင့် ဆီးကြိုမည်လား။ အခက်အခဲတွေနှင့် ဆီးကြိုမည်လား။ ဘယ်လိုနေရာမျိုးပါလိမ့်။ မျှော်ရည်မှန်းဆသော အတွေးများဖြင့် လှိုက်မော သလိုတောင် ဖြစ်လာသည်။ ဆရာ့ကိုတော့ ကတိစကားပြုခဲ့သည်။

`ဖြူ က မြနှင်းဖြူပါ ဆရာ။ စိတ်ချပါ´
* * * *
(၁၃)
တကယ်တမ်း `ပန်းရိပ်နွယ်´ ပိုင်ရှင်ဦးအောင်ဘညိုနှင့် တွေ့ဆုံဖြစ်သောအခါ ဖြူ ထင်သလောက် အခက် အခဲတွေက ဆီးကြိုမနေခဲ့ပါ။ ဆရာ့ကိုတွေ့တော့ ရယ်ရယ်ပြုံးပြုံးနှင့် သူကပင် စတင်မေးမြန်းနေသေး သည်။
`သီချင်းဆိုဖို့ လူခေါ်လာသလား ကိုနေလှို်င်း´
`မဟုတ်သေးဘူး နည်းနည်းလွဲနေသေးတယ်´
`ဒါဖြင့်´
ဦးအောင်ဘညိုက စကားကိုရှေ့မဆက်သေးပဲ ဖြူ့ကို အကဲခတ်သလိုကြည့်သည်။ သူ့အသွင်က ဖြူဖြူ၀၀၊ ထောင်ထောင်မောင်းမောင်းနှင့်.. တရုတ်သွေးရောနှောမှန်း သိသာစေသည့် အသွင်အပြင်မျိုး။ အလုပ်ရှင်၊ အလုပ်သမား ခွဲခြားဆက်ဆံတတ်သူလား။ အနုပညာကိုဝါဿနာပါ၍ တန်ဖိုးထား တတ်သူရယ်လား။ ဘာရယ် မခွဲခြားတတ်သေးပေမယ့် အလုပ်လိုချင်သူပီပီ ဖြူက စတင်နှုတ်ဆက်လိုက်ပါသည်။
`မြန်မာအက ကဖို့ ဖြူ လာလျှောက်တာပါ အန်ကယ်´
`သြ မြန်မာအက ကဖို့ မင်းတမီးပေါ့´
`ပန်းရိပ်နွယ်´ ပိုင်ရှင်က သ နှင့် တ ပင်မကွဲပြားပါလား။ ဖြူ ပြုံးမိတော့မလိုဖြစ်ပြီးမှ အသာထိန်းကာ ခေါင်းညိမ့်ပြ လိုက်သည်။
“ဒါဆို ကိုနေလှိုင်းကော… မင်းတမီးပါလာ..ဟိုဘက် နားနေခန်းထဲ စွားကြမယ်။ ဟိုမှာ အေးဆေး စကားပြောကြတာပေါ့”
နေ့လည်ခင်းမို့ထင်သည်။ ဆိုင်အတွင်း၌ စားသုံးသူခပ်ကျဲကျဲ။ ကျယ်ပြန့်လှပစွာ ပြင်ဆင်ထားသည့် စင်မြင့် ထက်မှာ ဖျော်ဖြေသူ တစ်ဦး တစ်ယောက်မှမရှိ။ တရုတ်သီချင်းအေးအေးတစ်ပုဒ် ကိုသာ မတိုးမကျယ် ဖွင့်ပေးနေ သည်။ ဆိုင်အပြင်အဆင်က ဖြူ မျှော်မှန်း ထားသည်ထက် ပို၍တော့ ခမ်းနားနေပါသည်။
စင်မြင့်နောက်ဘက် အခန်းကျယ်ထဲမှာ ဆိုဖာဆက်တီခုံတွေ ချထားတာတွေ့ရသည်။ ထိုနေရာတွင် ဦးအောင်ဘညိုက ထိုင်သော် ဖြူတို့လည်း သူ့ရှေ့ခုံတွေမှာ ၀င်ထိုင်လိုက်ရသည်။ ဆရာကတော့ ပွဲကြည့်ပရိသတ် တစ်ယောက်ပမာ အေးအေးလူလူပင်။
`နာမည်က´
`မြနှင်းဖြူ ပါ´
`ငယ်ဦးမယ်ထင်တယ်…အတက်က´
´၁၈ နှစ်ထဲမှာပါ´
`ကျောင်းတက်နေတုန်းလား။ အချိန်ပေးနိုင်လား´
`ဟုတ်ကဲ့ အဝေးသင်ပထမနှစ်ဖြေပြီးပါပြီ။ အချိန်လည်းကောင်းကောင်းပေးနိုင်ပါတယ်´
`ကောင်းတယ်… မြန်မာအကနဲ့ တရုတ်ရိုးရာအကကို နေ့ခင်းဘက် တက်မှတ်ထားတယ်..။ အချိန်ပြည့်တော့ မဟုတ်ဘူး။ တူ့အချိန်နဲ့တူပေါ့။ မြနှင်းဖြူ ကောင်းကောင်းကတတ်လား´
`ဟုတ်ကဲ့ ကနိုင်ပါတယ် အန်ကယ်´
`အ၀တ်အစားစီစဉ်ပေးမယ်။ မိတ်ကပ်သမားလည်း တီမှာပဲရှိတယ်။ နေ့ခင်းဘက် အကတမားတွေက ဖယ်ရီမရှိဘူး။ အဆင်ပြေမလား´
`ဟုတ်ကဲ့ ပြေပါတယ်´
`ဒါဆို အခု က ကြည့်ရအောင်.. တီချင်းတစ်ပုဒ်စာပေါ့´
“ဟုတ်ကဲ့”
နားနေခန်းထဲမှာပင် သီချင်းတစ်ပုဒ်ဖွင့်ပေးသည်။ တီးလုံးအစမှာပင် သိလိုက်သည်။ “မန်းတောင်ရိပ်ခို”။ သြော်..ဖြစ်ရလေ ခက်ခက်နိုးနိုး…။ မြူးကြွကြွ တီးလုံးနှင့်အလိုက် ခပ်သွက်သွက်လေး ဖြူ ကပြလိုက်သည်။ ဦးအောင်ဘညိုက သီချင်း၏ အားမာန်တွင် မြူးကြွကာလက်ခုပ်သံဖြင့် စည်းချက်ပင်လိုက်နေသေးသည်။ ဆရာက ဘေးမှပြုံးတုံ့တုံ့…။ သီချင်းဆုံးတော့ ဖြူ ချွေးပင်မစို့။ နောက်ထပ် သီချင်းဖွင့်ပေးရင် ကဖို့အသင့်ပေမယ့် ဦးအောင်ဘညိုက လက်ခုပ်သံ တဖျောင်းဖျောင်းဖြင့် စစ်ဆေးခြင်းကို အဆုံးသတ်လိုက်သည်။
“မြနှင်းဖြူ ကို အလုပ်ခန့်လိုက်ပြီ”
ဦးအောင်ဘညို စကားဆုံးတော့မှ တစ်ချိန်လုံး ငြိမ်နေခဲ့သော ဆရာက စကားစလာသည်။
“အကသမားတွေအတွက် ၀တ်စုံက မင်းသမီးဝတ်စုံလား…အဲ ဗလာထမီ ဆိုပါတော့ဗျာ။ ကျွန်တော်သိချင်တာက မင်းသမီးလို ကရမှာလား၊ သင်္ကြန်အကလိုမျိုး ကရမှာလား”
ဆရာမေးတာတွေက ဖြူ မေးချင်တာတွေနှင့် ထပ်တူပင်။ ဗလာထမီလေး ခတ်ချင်လှသည့်တိုင် သင်္ကြန်အက က ဆိုလည်း ဖြူ က ရမှာပင်။ ဖြူ့အဖို့ရာ သိပ်ချေးများ ရွေးချယ်နေခွင့်မရှိ။ ဖြူ ချစ်မြတ်နိုးရာ အကနှင့်အလုပ်လုပ်ရမည်ဆိုတာပင် တော်လှပြီ။ ဒါ ခြေလှမ်းအဆုတ်မှ မဟုတ်ပေပဲ။ အတက်..အတက် အနည်းငယ်မျှသော ခြေလှမ်းအတက်ပင်။
ဆရာ့မေးခွန်းကို ဦးအောင်ဘညို ပြန်ဖြေသောစကားက ဖြူ့အတွက် ရယ်ရခက်၊ ငိုရခက်ပင်။
“နှစ်ခုစလုံးပဲ။ မင်းတမီး ၀တ်စုံလည်းပါမယ်။ တင်္ကြန် ကဖို့ဝတ်စုံလည်း ပါမယ်။ လူရမှ ကိုယ်တိုင်းယူပြီး ချုပ်ဖို့စဉ်းစားထားတယ်။ တီချင်းကတော့ တင်္ကြန်တီချင်းလောက်ပဲ တိတယ်..။ မင်းတမီး ကဖို့အတွက်က တီချင်းသက်သက် စီစဉ်ရဦးမလားမတိဘူး။ တီလိုလုပ်ဗျာ ကိုနေလှို်င်း.. တူ့အတွက်တီချင်းအချို့ စီစဉ်ပေးပါလား။ တစ်ပတ်လောက် အချိန်ယူလို့ရတယ်။ မြနှင်းဖြူက ရှေ့တစ်ပတ် အင်္ဂါမနက် ၉ နာရီက စ၀င်လိုက်ပေါ့”
မေးမိသူဆရာ့ခမျာ ဟိုက် ဟုပင်မအော်နိုင်သလို ဖြစ်သွားရှာသည်။ ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်သည့် ကိန်းပဲ။ စီးပွားရေးသမား ပီသပါပေ့။ သို့သော် ဖြူ တစ်မျိုးတော့ စိတ်ချမ်းသာ ပါသည်။ ဆရာ့စီစဉ်မှုအောက် တွင် ဖြူ က ရမည်ပဲ။ ဒါ ဖြူ့ အတွက် ကံကြမ္မာကပေးသော ကံကောင်းခြင်းတစ်ရပ်ပင်။ ဖြူ့ကို အတင်းအကြပ် စေခိုင်းခြင်းထက် ညှိညှိနှို်င်းနှိုင်းအသွင်ကို ဆောင်နေလေရာ ဒီအခြေအနေပေါ်တွင် ဖြူ အကောင်းဆုံးရပ်တည်ရမှာပင်။
ထိုညက ဖြူ တော်တော်နှင့် အိပ်မပျော်ပေ။ ဖြူ့အခန်း၏ခေါင်းရင်းတွင် ပြတင်းပေါက်ရှိသည်။ ဖြူ တို့အခန်းက ငါးယောက်အခန်း။ ကုတင်ငါးလုံး၊ ပစ္စည်းအပြည့်နှင့် ကျဉ်းမြောင်းလှသော အခန်းတွင်းမှာမှ ဖြူက ကံကောင်းထာက်မစွာ ပြတင်းပေါက်ဘေးကျသည်။ ဖြူ့ အခန်းဖော်တွေက တုတ်တုတ်မှမလှုပ် အိပ်မော ကျနေကြပြီ။ ဖြူသာ ဟင်းလင်းဖွင့်ထားသော ပြတင်းတံခါးကိုဖြတ်၍ တိတ်ဆိတ်သောညကို ငေးကြည့်နေသည်။
ညနေက ဆရာပြန်ခါနီးတွင် ဖြူ့ လက်ထဲ ငွေတစ်သောင်း ထည့်သွားသည်။ “မိုးခိုင်ပေးခိုင်းလိုက်တာ” တဲ့။ တကယ်ပင် မိုးခိုင်ပေးတာလား၊ ဆရာပေးတာလား ဖြူ ဝေခွဲမရနိုင်။ ဖြူ့လက်ရှိ အခြေအနေအရ ယူတော့ထားရမည် ဖြစ်သလို အဆင်ပြေလျှင်လည်း ပြန်ပေးကို ပေးရမည် ဖြစ်သည်။
ဒါကို သိသာစေရန်-
“မိုးခိုင်ကို ပြောလိုက်ပါ ဆရာ၊ ဖြူ လခရရင် ပြန်ပေးပါ့မယ်လို့”
ဆရာက ခေါင်းညိမ့်သည်။ မိုးခိုင်ပဲဖြစ်ဖြစ်၊ ဆရာပဲဖြစ်ဖြစ် ဖြူ ပြန်ပေးမည့်အကြောင်း နားလည်ဟန်တူသည်။ သီချင်းရွေးရန်၊ သီချင်းနှင့်တွဲ၍ အကတိုက်ရန် နောက်တစ်နေ့တွင် ကိုမော်ကြီးအိမ်သို့သာ လာခဲ့ရန်မှာကြားပြီး ဆရာပြန်သွားသည်။
ည၏ လေပြေက ဖြူ့အပါး တိုးဝှေ့သွားသည်။ ကြယ်ပွင့်တွေကို ကြည့်ရင်း ဖြူ့ မျက်ဝန်းတွေ တလက်လက်။ “ခြေတစ်လှမ်းဟာ ပန်းတိုင်ရောက်နိုင်သည်” တဲ့။ ယုံကြည်ချက်ပဲလိုတယ်။ ဖြူ အားမလျော့ပါ။ မနက်ဖြန်သည် ယနေ့ထက်တော့ သာယာနေနိုင်ပါသည်။ မနက်ဖြန်တိုင်းရဲ့ ရောင်ခြည်သည်လည်း လှပနေနိုင်သည်။ ဇွဲရှိဖို့၊ ကြိုးစားဖို့သာလိုသည်။
ဘယ်နေရာမှာ၊ ဘာအတွက် ဆိုတာတွေထက် ဖြူ အကောင်းဆုံးကို ကြိုးစားကြည့်မည်။ ည၏တိတ်ဆိတ်မှုအောက်ဝယ် ဖြူ့ အတွေးတို့လင်းဖြာနေသည်။ ဖြူ့ မျက်ဝန်းတွေက ဟိုးးအဝေးးဆီ မျှော်ငေးရင်း စိတ်ဇွဲမာန်တွေနှင့်…………………………..။
* * * * *

အပိုင်း (၇) ဆက်ရန် …..



No comments:

Post a Comment