ကိုယ် ယုံကြည်စိတ်ချရဆုံးသူ၏ ၀ှက်ဖဲတစ်ချပ်ကို တွေ့လိုက်ရရင် သင် ဘယ်လိုဖြစ်သွားမည်လဲ??
ကျွန်မကတော့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထို့နောက် တဖြေးဖြေးဆို့နင့်လာသည်။
ထို့နောက် အသာအယာပြုံးမိပါသည်။
* * * *
လူတိုင်း လူတိုင်းမှာ ၀ှက်ဖဲတွေ ရှိနေနိုင်သည်လား။
ကျွန်မတွင် မရှိခဲ့သော အရာအတွက် စဉ်းစားရသည်မှာ ဇဝေဇ၀ါပင်။ ကျွန်မဘ၀၊ ကျွန်မစိတ်၊ ကျွန်မ ခံစားမှုအလုံးစုံတို့၌ မည်သည့်တံခါးမှ ပိတ်ကွယ်မထားမိခဲ့ပါ။ ထိုအရာသည် ဖြစ်သင့်ပါတော့မလား။
အလုံးစုံပွင့်လင်းခြင်းသည် မှန်ကန်ပါသည်လား။ အလုံးစုံဖွင့်ဟခဲ့ခြင်းသည် မှန်ကန်ပါ၏လား။
ကျွန်မတို့ Websiet တွေ တည်ဆောက်သည့်အခါ အရောင်တွေရောစပ်ရပါသည်။ သူ့နေရာနှင့်သူ၊ သူ့အကန့်နှင့်သူ။ ခါတရံဖောက်ထွင်းမြင်လိုသည့်နေရာရှိခဲ့လျှင် Coding ရေးသည့်အခါ၌ Transparent ကိုအသုံးပြုရပါသည်။ သင်တန်းခန်းမတွင်းမှာတော့ `အကြည်ဖောက်ကြရအောင်´ ဟူသောဆရာ့စကားကို မကြာခဏဆိုသလို ကြားခဲ့ရဖူးပါသည်။ ကျွန်မ ဘ၀သည် အကြည်ဖောက်လား....ကျွန်မ အကြည်ဖောက် ခဲ့တာလား။ ဖြစ်တော့မဖြစ်နိုင်လှပါ။ ကျွန်မ ဗီဇကပါလာခဲ့ပြီးသော Transparent ကိုဖုံးလွှမ်းဖို့ Image တစ်ခု မကြိုးစားနိုင်ခဲ့တာသာဖြစ်သည်။
ကျွန်မကို ခင်မင်သူတွေ၊ ကျွန်မကို မခင်မင်သူတွေ၊ ကျွန်မကိုချစ်ခင်သူတွေ၊ ကျွန်မကို မချစ်ခင်သူတွေ၊ ကျွန်မနှင့်ရင်းနှီးသူတွေ၊ ကျွန်မနှင့်မရင်းနှီးသူတွေသည် တွေ့ဆုံကြုံကြိုက်ပြီးသွားတိုင်း ကျွန်မအတွက် မှတ်ချက်တစ်ခုတော့ လွယ်လင့်တကူ ချသွားနိုင်သည်ချည်းသာဖြစ်သည်။ `ခံစားချက်များတယ်´ `ကလေးဆန်တယ်´ `ပွင့်လင်းတယ်´ `စကားနည်းတယ်´ စသဖြင့်.........။
သူတို့တတွေသည် ကျွန်မ၏ တံခါးပိတ်မထားသော အဇ္ဈတ္တကိုသက်တောင့်သက်သာ ဖတ်ကြားနိုင်ခဲ့ကြ သည်။
ထို့အတွက် ကျွန်မ အထူးတလည်ဝမ်းနည်းမနေခဲ့ပါ။ စိတ်အနှောက်အယှက်လည်းဖြစ်မနေခဲ့ပါ။ ကျွန်မတွင် လျှို့ဝှက်ထားအပ်သည့် ကိစ္စမရှိခဲ့သလို၊ လျှို့ဝှက်ထားရမည့်ဖြစ်ရပ်လည်း ရှိမနေခဲ့ပါ။ ကျွန်မ ရုန်းကန် ခဲ့ဖူးသည်။ ကျွန်မ ရုန်းကန်နေဆဲဖြစ်သည်။ မဖြစ်မြောက်တော့သော ရည်မှန်းချက်တစ်ခု ထားခဲ့ဖူးသည်။ `ညီမလေး´ ခေါ်သံတစ်ခုအပေါ် ချစ်ခင်ခဲ့ဖူးသည်။ `မ´ ဟုခေါ်တတ်သော အချိန်ကာလတစ်ခုတွင် အပြီး တိုင်ခွဲခွာရမည့် ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားသည်။ လခပေးရန် ကတ်သတ်တတ်သည့် အဖွဲ့ အစည်းတစ်ခုတွင် အလုပ်လုပ်နေသည်။ ကျွန်မ ဘာကိုဖုံးကွယ်ရ မည်လဲ။ တွေးကြည့်ရန်ပင် မောလှ သည်။ ကျွန်မ အတွက်တော့ ဒါဟာမလိုအပ်လှပါ။
လူတွေမှာ ၀ှက်ဖဲတွေ ဘာကြောင့်ရှိနေရတာလဲ။ ဂုဏ်သိက္ခာကြောင့်လား။ အပေါ်ယံအမြင် ရိုးသားဖြူစင် ပြချင်လို့လား။ ကျွန်မ မတွေးတတ်ပါ။ ရိုးသားဖြူစင်ခြင်းဟူသည်ကို ဘာနှင့်တိုင်းတာသည်လဲ။ ဖုံးကွယ် ထားသော ၀ှက်ဖဲအပေါ်မှ စကားလုံး ချိုချိုလေးများဖြစ်လျှင်တော့ ဒါကိုလက်မခံချင်လှပါ။ လူတစ်ဦး တစ်ယောက်၏ ယုံကြည်မှုကို နှစ်နှင့်ချီ၍ တတိတိဝါးမြိုခဲ့ပြီးမှ သိမ်းဆည်းခဲ့သော ၀ှက်ဖဲဖြစ်ရင်တော့ ပိုဆိုး ပါမည်။ အကြောင်း တစ်စုံတစ်ရာကြောင့် ထိုဝှက်ဖဲတစွန်းတစပေါ်လာခဲ့လျှင် သိပ်ကို ချိုသာယဉ်ကျေး သည့် ဆင်ခြေများ လည်း ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်မည်။ ဒါက သိပ် စိတ်ဝင်စားစရာ မကောင်းတော့ ညသည့် ခပ်ညံ့ညံ့ပြဇာတ်တစ်ပုဒ်အဖြစ်သို့လည်း ရောက်ရှိကောင်း ရောက်ရှိ သွားနိုင် ပါသည်။
ခံစားချက်များ ပြည့်လျှံလာသည့်အခါတိုင်း ကျွန်မ ဆွံ့အတတ်ပါသည်။ မမျှော်လင့်သောချစ်ခြင်းတစ်ခုကို ရရှိချိန်၌ ကျွန်မ ဆွံ့အသည်။ ကျွန်မ လက်ကိုတင်းတင်းဆုပ်ပြီး `ခွဲခွာဖို့အသင့်ပြင်ထား´ ဟူသော စကား ကြားရချိန်၌ ကျွန်မဆွံ့အသည်။ မြိုသိပ်ခြင်းနှင့်ဝှက်ဖဲ တူညီပါသည်လား။ ဖုံးကွယ်ထားအပ်ခြင်း တူပေ မယ့် ၀ှက်ဖဲဟူသည့် ခေါင်းစဉ်အောက်မှာ အရောင်တွေ ရှိနေနိုင်ပါသည်။ မြိုသိပ်ခြင်းသည် အမည်း ရောင်ဖြစ်သည် ဆိုပါစို့။
ဝှက်ဖဲသည် ရည်ရွယ်ချက်ပေါင်းစုံသည့် ကာလာရောင်စုံ ဖြစ်ကိုဖြစ်နေနိုင်ပါသည်။ ၀ှက်ဖဲဟူသည် ဘာအတွက်ကြောင့်ပါလဲ...။ရှိနေဖို့ လိုအပ်သည်လား။
* * * *
သင် ယုံကြည်စိတ်ချရသော သူ၏ ၀ှက်ဖဲတစ်ချပ်ကို မမျှော်လင့်သည့်အချိန်တွင် မြင်တွေ့လိုက်ရချိန်တွက် မည်သို့ဖြစ်မည်နည်း။
ကျွန်မကတော့ တိတ်ဆိတ် ငြိမ်သက်သွားသည်။
ထို့နောက် တနင့်နင့်နာကျင်လာသည်။
ထို့နောက် အသာအယာပြုံးမိပါသည်။
ရွှေအိမ်စည်
18.11.2011
AM:1:13
ဒါကြောင့်ထင်တယ်.... အခုထိအပျိုကြီးဖြစ်နေတာ...
ReplyDeleteတစ်ခုလောက် မရှင်းလို့ မေးကြည့်ချင်ပါတယ်။
ReplyDelete>>
အချိန်ကာလတစ်ခုတွင် အပြီးတိုင်ခွဲခွာရမည့် ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားသည်။ >> အဲ့ဒီ မှာ ---- မေးချင်တာပါ။
တစ်ချိန်မှာ အပြီးတိုင် မခွဲခွာသွားပါဘူး ဆိုတဲ့ ချစ်သူမျိုးကော ရှိတတ်ကြပါသလား။
...............
ဝှက်ဖဲ ၊ ဖော်ဖဲ ဆိုတာတွေတော့ မပြောတတ်ဘူး။ ဖုံးတဲ့သူ ၊ ဖော်တဲ့သူ၊ မသိတဲ့သူ၊ သိတဲ့သူ၊ တစ်စုံတစ်ခုကို မျှော်လင့်တဲ့သူ၊ ဘာမှ မမျှော်လင့်တဲ့သူ .... ခံစားချက်ချင်း တူတဲ့သူ၊ မတူတဲ့သူ။ စသဖြင့် ဘယ်လိုပဲ ကွဲပြားပါစေ.....
အတွင်းထဲ>> အတွင်းထဲ >> ဟိုးအတွင်းထဲ မှာတော့ ...
ဘာမှမဟုတ်တဲ့ သူတွေချည်းပါ။
.........................
Don't be as in bargain. Feel free and love. That's blissful, my dear.
·
ReplyDelete၀ှက်ဖဲ နဲ.ဆို မကစားတော့ဘူး ထွက်ရယ် ဟွန်းးးးးးးးး
ဝှက်ဖတြစ်ခုရှိနေတာ သိသိနြ့..ဒီအတိုင်းပကြည့်နေခြ့ဖူးတယ်...တကယ်တော့ တစ်ခုတောင်က ချင်မှ ကမှာပါလေ
ReplyDelete