Monday, May 7, 2012

အနုံညာတ



မနက်ဖြန်တုန်းက
ရွာသို့တစ်ခေါက်ရောက်ခဲ့ပါသည်။

ကနေ့တော့ အဲ့အချိန်ကို လွမ်းသည်။

ကြာရှည်ခဲ့သော ၊ မကြာသေးသော၊
တမ်းတသော ၊ မုန်းတီးသော ၊
ချစ်ခင်စွာ၊ စက်ဆုပ်ရွံရှာစွာ
-စသည့်
နာမ၀ိသေသနများ၊ ကြိယာဝိသေသနများကို
1+2=5 ထက်မပိုသော ညီမျှခြင်းအောက်တွင်
ထားရှိလိုက်ကြပါမည်။

တစ်ဘ၀စာလုံးတွက်ချက်ပြီးမှ ရရှိလာသော သုည သည်
ဘာမှမပြုခင်ကရှိသည့် သုညနှင့် အတူတူပင်ဆိုသည်ကို
သိနားလည်လျက်နှင့်
ခေါင်းခါလိုက်မိသည်။

သည်ဟာကို အကို
သည်ဟာကို အမ
သည်ဟာကို ညီ
သည်ဟာကို ညီမ
ဝမ်းသာအားရ ပွေ့ဖက်မိတော့
ငါ - ကို စတင်တွေ့ရှိသည်။

ကိုလံဘတ်စ်က ငါ- ကိုရှာတွေ့ဖို့
အမေရိကကို အိန္ဒိယ အမှတ်နှင့် သွားခဲ့ဖူးသည်။
Albert Einstein က စကြာဝဠာကို သိဖို့
စိတ်အတွင်းမှာ အတွေးနယ်ချဲ့၍ ငါနှင့် လုံးပမ်း ခဲ့သည်။
ဗုဒ္ဓဂေါတမသည်ကော
ငါ - ရှိမရှိ သိဖို့အရေး
ဘ၀တွေ လွန်မြောက်ရာကမ်း
အတိုင်းမသိရှာခဲ့ရသည် ဆိုသည်။
သူလည်း "ငါ" နှင့် နပန်းသတ်ခဲ့ရမည် ထင်သည်။

ငါ ဆိုသည့် ငါသည်
အနုံညာတဖြစ်လျက်
မနက်ဖြန်ကို လွမ်းဦးမည်။

နောက်နောင်ရက်များကို လွမ်းနေပါဦးမည်။

ထို ငါ -သည်
မျက်တောင်တခတ်အချိန်မှာ
ပျောက်ဆုံးသွားဖို့ရှိပါသည်
ထို့ကြောင့်ပင်
ပိုတွယ်တာမိခြင်းဖြစ်ကောင်းဖြစ်မည်။

ငါ ဟုမှတ်ယူသော ဣိတ္တိလိင် လူသားတစ်ပါးက ပေါက်ဖွားသည်။

ငါ ထင်သော အနုံညာတ ငမွဲသားတစ်ယောက်
ဤလောက မှာ ကျက်စားနေမိပါသည်။

ကံရော၊ ကတ္တားရော ပျောက်ဆုံး၍
ငါ ပေါင်းများစွာ အမှောင်ဖုံးဦးမည့်နေ့သည်
မနေ့(၀ါ)
တနေ့(၀ါ)
လွန်လေပြီးသော အတိတ်ကာလတို့မှာ
ဖြစ်ထွန်းလာပေဦးတော့မည်။



တစ်ချိန်က Facebook မှာရေးတဲ့ကျွန်မ ကဗျာလေးအတွက် Comment လာပေးခဲ့ဖူးတဲ့ ကဗျာလေးပါ
ကဗျာရေးသူကတော့ ကျွန်မကို ဘလော့သွားခဲ့ပါပြီ။
အမှတ်တရအနေနဲ့ ပြန်တင်ပါတယ် :)

No comments:

Post a Comment