Friday, January 18, 2013

မှန်ကာခဲ့တာ ကာလဘယ်ကြာ


ဒီနေ့ မနက်အစောကတည်းက Meeting တက်ရတာမို့ ကိုယ့်နေရာလေးကိုတောင် ကိုယ် မထိုင်အားဘူး။ ကွန်ပျူတာဖွင့်ဖို့ဆိုတာ ဝေးစွ။ မီတင် တည်ရှိရာ ဟိုး ၁၃ ထပ်အထိသွားရင်း သုံး လေး လ တစ်ကြိမ်လောက်ပြုလုပ်လေ့ရှိတဲ့ ရုံးခွဲတွေအားလုံးရဲ့ မီတင်ကို တက်ရပါတယ်။ အစီအစဉ်တစ်ခုဖြစ်တဲ့ Discussion နဲ့ Approaching တစ်ခုမှာ စိတ်ပါလက်ပါဖြစ်နေ တုန်း ဖုန်းက မြည်လာတယ်။ ကြည့်လိုက်တော့ အစ်မဖြစ်သူထံကမို့ ဖုန်းကိုင်လိုက်ပါတယ်။

“ဟဲ့ နင်က င့ါကို ပုံလေး ဘာလေး လာပို့လေဟယ်”

ဖုန်း ကိုင်ကိုင်ချင်း သူပြောတဲ့ စကားကို ရုတ်တရက်ဘာကို ပြောတယ် ရေရေရာရာနားမလည်လိုက်ဘူး။ ပြန်လည်ခွန်းတုံ့မမေးဘဲ စက္ကန့်အနည်းငယ်ကြာပြီးမှ ဒီနေ့ ၁၈ ရက်ဆိုတာ သတိရလိုက်မိတာနဲ့ သူ့ကို အလိုက်သင့်ပြန်ပြောလိုက်တယ်။

“အေး ငါ မီတင် ရောက်နေလို့ဟ။ ကွန်ပျူတာမဖွင့်ဖြစ်လို့။ ပို့ပေးမယ်။”

အလုပ်ရှုပ်နေမှန်းသိတဲ့ အစ်မက ကြာရှည်ဆက်မပြောဘဲ၊ ဖုန်းချသွားပါတယ်။ ( သူ့ ဖုန်းကဒ် ကုန်မှာကြောက်တာလည်းပါပါမယ် :P )

ကိုယ့်အုပ်စုနဲ့ကိုယ် အလုပ်ဆက်လုပ်နေပေမယ့် ကျွန်မ စိတ်တွေအနည်းငယ်တော့ တွေးတောပျံ့လွင့်နေတယ်။ တစ်လပိုင်း ၁၈ ရက်   နေ့က အစ်မ မွေးနေ့ပါ။ သူ FB သုံးတာမကြာသေးဘူး။ တစ်လတောင်မရှိသေးဘူး။ သူ့ စာမျက်နှာလေးမှာ ကျွန်မ tagged တာ ကလွဲပြီး ဘာမှထွေထွေထူးထူးရယ်မရှိဘူး။ စ သုံးကာစ လူတွေ ထုံးစံအတိုင်း ပုံကလေး၊ ဘာကလေးတွေ သူ သဘောကျတတ် တယ်။ သူ့ မွေးနေ့ဆိုတော့ ဆုတောင်းစကားလေးတွေ၊ ပုံကလေးတွေ သူ မျှော်လင့်နေခဲ့မှာပဲ။ တကယ်ဆိုရင် သူ သတိပေး တဲ့အ ထိ ကျွန်မ မေ့လျော့မနေသင့်ဘူး။ အွန်လိုင်းအမြဲသုံးတဲ့ ကျွန်မက ပုံကလေးတွေ၊ ကဒ်ကလေးတွေ၊ သူ့နာမည်လေးပါထွင်းလို့ လှလှပပအလွယ်တကူလုပ်နိုင်နေရက်နဲ့…။ တခြား မမြင်ဖူးတဲ့ သူစိမ်းတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေရဲ့ အမှတ်တရနေ့တွေ၊ ရာသီဖွားတွေ မှတ်သားမိနေပြီး အမှတ်တရလုပ်တတ်တဲ့ ကျွန်မက ကိုယ့်ရဲ့သွေးသားရင်းချာတစ်ယောက်ကို ကျတော့ မေ့လျော့နေ တယ်လား။ စိတ်ထဲမှာ အနည်းငယ်မသက်မသာနဲ့ စိတ်မကောင်းဖြစ်ရတယ်။ အနည်းဆုံးတော့ မနက်မိုးလင်းလင်းချင်းဖုန်းမက်ဆေ့    လေးတော့ ပို့သင့်ခဲ့တာပဲ။ 

အဲ့ဒီ့နောက် မီတင်မှာ ဖုန်းကိုခိုးဖွင့်ပြီး တကုတ်ကုတ်နဲ့ ရသမျှပုံလေးတွေနဲ့ သူ့ FB ကို ပုံလေးတွေ ပို့နေခဲ့တယ်။ စိတ်ထဲနည်းနည်း မကောင်းဖြစ်နေခဲ့တာလဲ သိနေခဲ့ပါတယ်။ ကျွန်မ ဟိုးးငယ်ငယ်ဘ၀တွေဆီ အတွေးတွေက လွင့်မျောနေတယ်။ ငယ်ငယ်တုန်းက ကျွန်မတို့ ညီအစ်မ မတည့်ခဲ့ဘူး။ ဘာတွေမတည့်တာရယ်လဲ ကျွန်မ သေချာမမှတ်မိတော့ဘူး။ နောက် ဘယ်ကဘယ်လို တည့်သွား ကြတာလဲ ဆိုတာလဲ ကျွန်မ ရေရေရာရာ မသိတော့ဘူး။ ကိုရီးယားကားတွေထဲကလို ယုယကြင်နာမနေကြပေမယ့် ကျွန်မ တစ်ခုခု အခက်အခဲဖြစ်တယ်ဆိုရင် အစ်မက ငြိမ်မနေခဲ့ပါဘူး။ အနည်းဆုံးတော့ ပိုက်ဆံချေးပေးခဲ့တာပဲ :P ။ သူ့ဘီရိုထဲက လည်း ကျွန်မ ၀တ်ချင်တာတွေရှိလည်း အတင်းတောင်းယူခဲ့တာပဲ။ အစ်မနဲ့ ကျွန်မက သုံးနှစ်ခွဲကွာပါတယ်။ ဒါပေမယ့် နင် တစ်လုံး ငါ တစ်လုံး ရိုက်ပြီး သူငယ်ချင်း ပေါင်း ပဲ ပေါင်းပါတယ်။ အစ်မက လက်တွေ့ဆန်ပြီး၊ ကျွန်မက စိတ်ကူးယဉ်နည်းနည်းဆန်တယ်။ အခု ဒီစာကို များ သူဖတ်မိရင် တဟားဟားအော်ရယ်မှာ သေချာပါတယ် :)

မထင်မှတ်ဘဲ သူ့မွေးနေ့လေးတစ်ခုကြောင့် ကျွန်မ အတွေးတွေ လွင့်နေမိတယ်။ ကျွန်မ ဘ၀မှာ မရနိုင်တာတွေကို တမ်းတနေတာ များတယ်။ ပြေးတဲ့အရာတွေနောက်ကို လိုက်မိနေတာများတယ်။ ခံစားမှုကိုဟိုးးချောက်နက်နက်ထဲထိ မြှပ်ချရင်း လူတွေ အဝေးမှာ တိတ်ဆိတ်ငြိမ်သက်နေတာများတယ်။ တစ်ခါတလေ လက်တွေ့ဘ၀နဲ့ ကင်းကွာနေပြီလား၊ လူတွေနဲ့ သဟဇာတဖြစ်နေခဲ့ရဲ့လားလို့ စဉ်းစားမိနေတယ်။ ငယ်နုစဉ်က စိတ်ဒဏ်ရာတွေနဲ့များဆိုင်လေမလား။ ဘယ်ဒဏ်ရာပဲဖြစ်ဖြစ်လေ ဒဏ်ရာဆိုတာ ဘ၀တလျှောက် လုံးအစဉ်တစိုက် သယ်မသွားသင့်တာ အမှန်ပါပဲ။ အစ်ကိုတစ်ဦးက ပြောဖူးတယ်။ Don’t retrun to ur past တဲ့။ 

ပစ္စုပ္ပာန်မှာ ကျွန်မ အကောင်းဆုံးရှင်သန်သင့်တာပဲ။ ဘ၀မှာ ပြေးတဲ့အရာတွေရှိသလို၊ မပြေးတဲ့အရာတွေလည်း ရှိတာပဲ။ ဒါကို ကျွန်မ မေ့မနေသင့်ဘူး။ ကိုယ် လုပ်ပေးနိုင်တာတွေထဲမှာ တခြားသူတွေကို ပျော်ရွှင်စေတာတွေလဲ ရှိနေသေးကြောင်း ကျွန်မ သတိပြုသင့်ပါတယ်။ လောကကြီးကို တည့်တည့်ကြည့်မိဖို့ပဲ လိုပါတယ်။

ပြတင်းအပြင်ကို ရုတ်တရက်ကြည့်မိလိုက်တော့ ဟိုးရက်တွေကအုံ့မှိုင်းနေတဲ့ ကောင်းကင်ဟာ တိမ်ကင်းစင်ပြီးကြည်လင်နေ တာ တွေ့ရတယ်။ အအေးထန်ခဲ့တဲ့ ရန်ကုန်ဆောင်းက ဒီကနေ့ လျော့ပါးပြီး အခန်းထဲကို နေရောင်ခြည်နွေးနွေးတွေ က ဖြာကျနေ တယ်။ ဒီနေရောင်ကို ဒီကနေ့ ပြတင်းတံခါးဖွင့်မိတော့မှ ကျွန်မ ခံစားရတာပါ။ အရင်ရက်တွေက မှန်ပြတင်းကနေပဲ သြကာသ   လောက ကို မျှော်ငေးလို့။ မှန်သားက ပါးလွှာပြီး ပြင်ပကို ထွင်းဖောက်မြင် နေရတယ်ဆိုပေမယ့် သူက နွေးထွေးတဲ့ နေရောင်ခြည် ကို မရရှိစေဘူး၊ လတ်ဆတ်တဲ့လေကို မရစေဘူးဆိုတာ ကျွန်မ သတိမထားမိခဲ့ဘူး။

ကျွန်မ ရဲ့ ဘ၀မှာ မှန်ကာထားခဲ့တာ ဆယ်စုနှစ်တစ်ခုကိုများ ကျော်လွန်လေခဲ့လေပြီလား….။                         


ချစ်ခြင်းမေတ္တာဖြင့်
ရွှေအိမ်စည်
18.1.2013
PM:2:24

2 comments:

  1. မွေးနေ့လေး တစ်ခုကနေ ဆက်ပြီး ပွားယူသွားတဲ့ အတွေးမျှင်တန်းတွေက အနီး၊ အဝေး နှံ့အောင် ရောက်သွားခဲ့တာကိုး...၊ တခါတလေ ကျနော်တို့ဘဝမှာ အနီးဆုံးမှာ ထင်ထင်ရှားရှား ရှိနေတဲ့ အဖြစ်အပျက်တွေ၊ လူတွေကို မေ့လျော့ နေတတ်ကြတယ်နော်၊ ပြူတင်းပေါက်ကို ဖွင့်ဖို့ သတိရလိုက်တာက အမြတ်လို့ပဲ ဆိုရမှာပါ၊ နည်းနည်း နောက်ကျသည့်တိုင် ဝင်လာမယ့် နေရောင်ခြည်တွေက နွေးနေဦးမှာပဲ မဟုတ်လား ညီမရေ..၊

    ညီမလေးသူသူရဲ့ အစ်မအတွက်လည်း ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ...။း)

    ReplyDelete
    Replies
    1. ဟုတ် ကိုညီ။
      အခုတော့ ပြတင်းတံခါးလေးတွေ ဖွင့်ဖို့ ညီမလေး သတိရနေတတ်ပါပြီ။

      အစ်ကို ဆုတောင်းပေးတဲ့အတွက်လည်း မမကိုယ်စားကျေးဇူးတင်ပါတယ်ရှင်။
      အစ်ကိုလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ :)။

      Delete