Saturday, February 2, 2013

ကြယ်စင်ကောက်ကြောင်း


(အစ)
ငြိမ်သက်အိနြေ္ဒရသော နက်ပြာရောင်နောက်ခံတွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေး များကို နှစ်သက်သဘောကျစွာကြည့်နေမိသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်ပါသည် လဲ။ တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်. အနည်းငယ်မျှသာ။ သို့သော် ထိုကြယ်ပွင့်ကလေးတွေ လက်နှင့် ခပ်ဖွဖွ ထိသပ်မိသည်။ အီလက်ထရောနစ်ဝေ့မှ စာလုံးလေးများ စာရွက်ဖြူလွလွထက် ရောက်ရှိလာခဲ့ပြီ။ လွယ်ကူ သော၊ ချောမွေ့သော၊ ဖြောင့်ဖြူးသော၊ တံတားခင်းသော လမ်းကားမဟုတ်။ သို့သော်..သူတို့ ရောက်ရှိ လာကြ ပြီ။ စာအုပ်ကလေးကသေသေသပ်သပ်၊ ကြယ်ပွင့်ကိုယ်စီ၏ အရိပ်အငွေ့တစ်မျက်နှာစီ။ ၎င်းတို့အနီးသို့ တဖြေး ဖြေးစီ……………..

(ကြယ်စင်တစ်)
စာရေးသူ = နှင်းပွင့်
ကောက်ကြောင်းများ = အမြဲစိမ်းတော၊ လမိုက်ည

အမြဲစိမ်းတောကို အရင်ဖတ်ဖြစ်သည်။ သူ့ဝတ္တုအဖွင့်တွင် ရည်ညွှန်းထားသည့် သည်းခံဖို့ကြိုးစား ရင်း၊ ရုန်းကန်ဖို့ကြိုးစားရင်း၊ တင်းခံဖို့ကြိုးစားရင်း၊ မပြင်းထန်ဖို့ကြိုးစားရင်း တဖြည်းဖြည်း အထီးကျန်ဆန် လာတယ်။ ကျွန်မ ရည်ရွယ်ချက်တို့ ယုံကြည်ချက်တို့ မှုံဝါးလေပြီလား စာသားကို စိတ်ဝင်တစားနှင့် အမြဲစိမ်း   တော ကို ဆက်ဖတ်ဖြစ်ပါသည်။ စာရေးသူဆိုလိုရင်းကို ကျွန်မ အရိပ်အငွေ့တော့ ဖမ်းမိပါသည်။ သို့သော် စကားပြေနှင့် စကားပြောရောနှောသည့် အသုံးအနှုန်းများကို အပိုဒ်တိုင်းတွင်တွေ့နေရသည်။ သူဆိုလိုသည့် အမြဲစိမ်းတော သည် အချစ်၊ ဘ၀၊ ကျင်လည်ရာဝန်းကျင်များကို ခြုံငုံပြလိုရင်း၊ ပူလောင်မှုတွေကြားမှ အမိုက်   မှောင်လိုအင်ဆန္ဒ၊ အတ္တများကင်းဝေးသော အဇ္ဈတ္တဘ၀ပုံရိပ်ကို ရည်ညွှန်းဟန်တူပါသည်။ သို့သော် အကြောင်းအရာသည် ဟန် ချက်မညီမပါ။ အချစ်အကြောင်းသယ်လာသော စာမျက်နှာတွေနှင့် ၀တ္တုပြီးလု   ပြီးခါနီးမှ ဘ၀၊ လူနေမှု ပုံရိပ်ကို ချိုးကွေ့သွားသောအခါ အနည်းငယ်မညီမညာမှုကို ခံစားရပါသည်။ သို့သော်  ခံစားမှုတစ်ခုတော့ ခပ်နွေးနွေးရရှိ စေလိုက်သည့် ရသတစ်ပုဒ်ဖြစ်ပါသည်။

လမိုက်ည ကို ဖတ်မိသောအခါ ကျွန်မ စိတ်တို့ကြမ်းရှရှ.. မိန်းမငယ်၏ ခံစားမှု၊ နာကျင်မှုတွေကို မြင်   တွေ့ကာ မချင့်မရဲ။ ဒီလိုအဖြစ်တွေမျိုးလဲ ရှိသေးသားဟုမှတ်ချက်ချမိသေးသည်။ ရေးသားဟန်မှာ သွက်၍ ဆိုလိုသည့်အကြောင်းအရာကို ခပ်စိပ်စိပ်တစ်ချက်ချင်းပြောသွားနိုင်သည်။ ပြန်လှန်မေးခွန်းထုတ်သော အမေး စကားများပြားနေခြင်းကတော့ ၀တ္တု၏အရသာကို အနည်းငယ်ထိခိုက်ပါသည်။ ထို့ထက်ပို၍ ပြေပြစ်   သောစကားပြေများဖြစ်လျှင် သိပ်လှပသည့်ဝတ္တုလေးတစ်ပုဒ်ဖြစ်သွားနိုင်ပါသည်။ စိတ်ခံစားမှု အတက် အကျကို သရုပ်ဖော်သွားသည်က နှစ်သက်စဖွယ်။ ဇာတ်အဆုံးသတ် စာကြောင်းလေးက ၀တ္တုတစ်ပုဒ်လုံး၏ အရှိန်ကို အမြင့်ဆုံးထိ ညွှန်ပြနိုင်ခဲ့သည်။

ကိုကို မလာသော ညက အထီးကျန်လွန်းလှသည်။ ကလည်းမသာ။ ညဥ့်ကလည်းနက်လုပြီ။ လပြည့်ညကျလျှင်တော့ အဖြေရှာတွေ့ကောင်းပါရဲ့

လပြည့်ညများကို ရှာတွေ့နိုင်ပါစေဟု တိတ်တဆိတ်ဆုတောင်းမိသည် အထိ ၀တ္တုလေးက ဆွဲဆောင် နိုင်ခဲ့သည်။

(ကြယ်စင်နှစ်)
စာရေးသူ = ချစ်ကြည်အေး
ကောက်ကြောင်းများ = မကြင်စော အုန်းစတိုင်၊ အပူစာ

ရေးသားဟန်ခပ်သွက်သွက်ကို မြင်တွေ့ရပါသည်။ ပထမ ဖတ်ဖြစ်သည်မှာ မကြင်စောအုန်းစတိုင်။    ပြေပြစ်သော အရေးအသား၊ အတွေးခပ်သွက်သွက်တို့က ဆွဲဆောင်သွားသည်။ မကြင်စောက အနွဲ့ အကြောင်း ကို အပြောနဲ့ဇာတ်ကိုသယ်သွားတာ ဖြစ်ပေမယ့် အနွဲ့ရုပ်လုံးသာမက မကြင်စောရုပ်လုံးကို ပါမြင်ယောင်လာ အောင် ရေးသားသွားသည်မှာ နှစ်သက်စဖွယ်။ သူ အနွဲ့ကိုမြည်တွန်တောက်တီးကာ အပြစ်စကားဆိုနေပေမယ့် အနွဲ့ပေါ်မှာပင် ချစ်ခင်နေတာ သူ့ကိုယ်သူပင် မကြင်စောသတိထားမိဟန်မတူ။ ထို့ပြင် သူ့ကိုယ်သူလည်း မမြင်။ ပြုံးစရာ။ အိုမင်းမစွမ်းသူတွေ၏ ခံစားချက်၊ လစ်ဟာမှုကို ခံစားရရှိလိုက် သည်။ နှစ်သက်ဖွယ် ၀တ္တုတစ်ပုဒ်ပင်။

အပူစာ ကို ဖတ်ဖြစ်သောအခါ လူသားတို့၏ အတောမသတ်နိုင်သော လောဘ၊ အတ္တ၊ မာန်မာန တို့ကို မြင်လာသည်။ ပိုင်ဆိုင်မှုတွေတိုးလာတိုင်း ဒီပိုင်ဆိုင်မှုတွေအပေါ် မက်မောသထက်မက်မောသော တပ်မက်မှု များ၊ ရသထက်ရလိုသော လူ့လိုအင်ဆန္ဒများ၊ ခံယူချက်ခြင်းမတူသော ဘ၀နေထိုင်မှုမှ ပြယ်လွင့် ရသောချစ်ခြင်း မေတ္တာ.. ပိုင်ဆိုင်မှုတွေကို ကိုယ်ကျင့်သိက္ခာနှင့်လဲလှယ်ရမှတော့ ဆရာမ ဆိုခဲ့သလို တကယ့် အပူစာပင်။

ရေးသားဟန်သွက်လက်ကာ ရိုးရှင်းသောစကားပြေအရေးအဖွဲ့တို့ဖြင့် ဆွဲဆောင်နိုင်ခဲ့သည့် ၀တ္တုနှစ်ပုဒ် ဖြစ်ပါသည်။

(ကြယ်စင်သုံး)

စာရေးသူ = အိန်ဂျယ်လှိုင်
ကောက်ကြောင်းများ = စုန်၍စီးဆင်းနေသော မြစ်တစ်စင်း၊ မြတ်နိုးခဲ့ဖူးသည်

စုန်၍စီးဆင်းနေသော မြစ်တစ်စင်း သည်ခေါင်းစဉ်နှင့်ထိမိကာ တသိမ့်သိမ့်ခံစားစေရသည့် ၀တ္တု တစ်ပုဒ်  ဖြစ်သည်။ ထွန်းအောင်၏ အတွေးပုံရိပ်မှ ထွန်းအောင်၏မိသားစု လူနေမှုဘ၀၊ ထွန်းအောင်နှင့် ဖခင်ကြားထဲမှ ကူးလူးဆက်နွယ်မှု မေတ္တာတရားတို့ကို သရုပ်ဖော်ပုံမှာ ပိရိသေသပ်ပါသည်။ စာအရေး အသားချောမွေ့ပြေပြစ် သလို ဖခင်၏ချစ်ခြင်းမေတ္တာကို တစိမ့်စိမ့်သရုပ်ဖော်ပြသသွားပြီးမှ မိမိတပြန် မိဘ   နေရာရောက်သွားသည့်အခါ ဖြစ်ပေါ်လာသည့်ခံစားမှုကို ညင်ညင်သာသာလေးရေးသွားသည်မှာ လှပပါ သည်။
 
သား ဆိုသော အသိလေးနဲ့ ထွန်းအောင်ရင်ထဲ တသိမ့်သိမ့်တိုးဝင်လာသော ချစ်ခြင်းမေတ္တာတရား တို့ဖြင့် မိုးစက်တို့ကြောင့် အေးစက်နေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေခဲ့ရသည်ဟု ဆိုပါလျှင်..

ထိုအဆုံးသတ်ကလေးက တသွင်သွင်စီးဆင်းနေသော မေတ္တာကိုမြင်ယောင်လာအောင် စွမ်းဆောင် နိုင်ခဲ့ပါသည်။

မြတ်နိုးခဲ့ဖူးသည် ကို ၀တ္တုဆိုတာထက် အက်ဆေးတစ်ပုဒ်ဟုရည်ညွှန်းချင်သည်။ ညင်သာ ညက်ညောသော အရေးအသားက လှပသည့်အက်ဆေးတစ်ပုဒ်အဖြစ် ပုံဖော်နိုင်ခဲ့သည်။ ဟိုတစ်စသည် တစ်စ အတွေးများ မှ အဖြစ်အပျက်၊ ဇာတ်လမ်းလေးတစ်ပုဒ်ကို ခပ်ပါးပါးရေးသားသွားသည် မှာ နှစ်သက် ဖွယ်ကောင်းလှသည်။ ခပ်စင်းစင်းလွမ်းမောခြင်းက ပြေပြစ်ချောမွေ့သော အရေးအသားကြောင့် ဆွဲဆောင်မှု ရှိသွားစေသည်။ အတွေးစ တွေပါသော စာသားအများစုကို ကျွန်မ သဘောကျလှသည်။

ထို့ထက်ပို၍လည်း ကျွန်မ သူ့ထံမှ အလိုမရှိတော့ပါ။ ယခုအချိန် ကျွန်မ ပိုင်ဆိုင်ရရှိနေသော သူနှင့် ပတ်သတ်ခဲ့သော အကြောင်းအရာတို့သည် ချိုသည်၊ ခါးသည် မမြည်သော သီးသန့်အဖြူထည်အဖြစ်သာ တည်ရှိနေသည်ပင်
ကျွန်မနှင့်သူ ပြန်လည်ဆုံတွေ့ခြင်းကို ဆုံမှတ်တစ်ခုအဖြစ် သတ်မှတ်မည်ဆိုပါလျှင် ထိုဆုံမှတ်သည် အဖြေမရှိသော မသိကိန်းတစ်ခုအဖြစ်ဖြင့်သာ တည်ရှိနေနိုင်သည်
ကျွန်မဘ၀အတွက် ဆုံးဖြတ်ချက်ဟူသမျှသည် ကျွန်မအပေါ်တွင်သာ မူတည်သည်ပဲ ဖြစ်ရမည်ပင်။ တစ်ခန်းရပ်သွားပြီးမှ ဆက်ရန်မရှိသော အကြောင်းကို တရားဝင်ခေါင်းစည်းတပ်ကြေငြာဖို့ဆိုတာ မလိုအပ် တော့သည်ပဲလေ

(ကြယ်စင်လေး)
စာရေးသူ = အိမ့်ချမ်းမြေ့
ကောက်ကြောင်းများ = နာနေသောလူများ၊ သွေ့လွင်ပြင်

နာနေသောလူများ ကိုဖတ်ရသည့်အတွက် ပထမကျေးဇူးတင်ရသည်မှာ နယ်ပယ်သစ်၊ အရသာ သစ်ကို ရရှိခံစားမိစေ၍ဖြစ်သည်။ ရသ၀တ္တုဟူသည် ခေါက်ရိုးကျိုးဇာတ်လမ်းများရေးဖွဲ့နေရမှ မဟုတ်ပါ။ ဆရာမ ရေးပြ သွားသော အကြောင်းအရာသည် စိတ်ဝင်စားဖွယ်လုပ်ငန်းအတွေ့အကြုံတစ်ခုကို အခြေပြု ကာ သူတွေ့ရှိရသော သူများနှင့်ပတ်သတ်၍ အတွေးစ၊ အမြင်၊ အဖြစ်အပျက်ခပ်ပါးပါးတို့ကို ရိုးရိုးငြိမ်ငြိမ်   လေးရေးသားသွားသည်။ နာ နေသောသူချင်းတူပေမယ့် နာပုံနာရခြင်း၊ ခံစားနေထိုင်ရခြင်းတွေ မတူကြ   ပေ။ နေရာဒေသများကို မြင်ယောင် လာအောင် တစ်ချက်ချင်းသရုပ်ဖော်ရေးသားသွားသည်မှာလည်း နှစ်သက်စရာကောင်းလှသည်။ သူရေးပြမှ လူအိုရုံ ဟူသည်ကို ဂဃနဏနားလည်မိသည်။ လူအိုရုံဟူသည် စွန့်ပစ်ခံထားရသည့်နေရာတစ်ခုမှ မဟုတ်ပေပဲ။ ကျွန်မတို့နိုင်ငံက ဘိုးဘွားရိပ်သာတွေမှာကော အဘယ် သို့ရှိနေကြသည်လဲ။ စိတ်ဝင်စားဖွယ်အကြောင်းအရာ နှင့် ပြေပြစ်ရှင်းလင်းသောအရေးအသားတွေက အရသာသစ်ကို ပေးစွမ်းနိုင်ခဲ့ပါသည်။

သွေ့လွင်ပြင် သည်နူးညံ့လှပသော အချစ်ဝတ္တုလေးတစ်ပုဒ်ပင်။ လွင်ပြင်ငယ်နှင့် အက္ခရာတို့၏ သိမ်မွေ့ တိတ်ဆိတ်သော ချစ်ခြင်းမေတ္တာ၊ နုနယ်လှသော လွင်ပြင်ငယ်၏ နှလုံးသားအရောင်လွန့်လွန့်များ၊ ဆုံမှတ်မရှိ သော သူတို့နှစ်ယောက်၏ ချစ်ခြင်းကိုအဆုံးသတ်မှ မြှပ်ကွက်လေးဖော်ကာ ဖတ်ရှုသူနင့်မော သွားအောင် ရေး သားသွားခဲ့ပါသည်။ တဂိုး၏ ကဗျာကို အဖွင့်အပိတ်တွင်နေရာကျနစွာထည့်နိုင်ခြင်းက ၀တ္တုကို ပိုမိုလှပကြွစေ ခဲ့သည်။

(ကြယ်စင်ငါး)

စာရေးသူ = ကိုဇော်
ကောက်ကြောင်းများ = မာရ်နတ်ရဲ့ရုပ်သွင်ပြင်၊ မိုးခါးသောက်သူများ

မာရ်နတ်ရဲ့ရုပ်သွင်ပြင်သည် အတွေးသွက်သွက်၊ အရေးသွက်သွက်နှင့် စိတ်ဝင်စားစရာဖြစ်အောင် ဆွဲ ဆောင်သွားပါသည်။ အန်ကယ်ညွန့်တစ်ယောက် ခွေးနှစ်ကောင်နှင့် နိစ္စဓူဝပတ်လည်ရိုက်နေပုံ က ပြုံး ချင်စဖွယ်။ ခွေးက ကြွက်နံ့ရ မြေတွင်းတူး၊ ဒါကို သူက မြေပြန်ဖို့နှင့် မနက်တိုင်းကြွက်နှင့်ခွေးတွေ ကို မေတ္တာ ပို့၊ မောင်းမဲနေ သည်ကို ခပ်မြူးမြူးအရေးအသားနှင့် သယ်သွားပါသည်။ ကွန်ကရစ်လောင်းဖို့ ရာ အောက်ခံ   မြေမမာ၍ အခက် အခဲတွေ့နေသည်မှ စာဖတ်သူပင် တွေးမိမည်မထင်သော အချိုးကို ရုတ်တရက် သူ ကွေ့ ချပြသွားခဲ့သည်။

ဘယ်အရာ၊ ဘယ်ပစ္စည်း၊ ဘယ်ဥစ္စာ၊ ဘယ်သူဘယ်ဝါ၊ ဘယ်လူ၊ ဘယ်တိရိစ္ဆာန်၊ ဘယ်သတ္တ၀ါမှ လုံးဝမကောင်းဘူးဆိုတာ မရှိပါဘူးဗျာ။ အဲဒီလို မကောင်းဘူးဆိုတာကိုတောင်မှ ကိုယ်က မြင်တတ်ရင် ကိုယ့် အတွက် ကောင်းကွက်လေးတွေ ဖြစ်လာတော့တာပါပဲ

သူကွေ့သွားသော အချိုးက လှပလွန်း၍ မဖော်ပြတော့ပါ။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြစေချင်ပါ သည်။

မိုးခါးသောက်သူများ သည် မူလပင်ကို၏ ဖြူစင်မှုသည် အခြေအနေ၊ အကြောင်းအရပ်ရပ်တို့ကြောင့် တစစအရောင်နှောလာရသည့် အကြောင်းတင်ပြလိုခြင်း ဖြစ်သည်။ လူသား၏ ကူညီဖေးမလိုခြင်း စာနာမှု တရားသည် လူသားကြောင့်ပင် ပျက်ပြယ်ရသည်ကတော့ တရားကျစရာကောင်းလှသည်။ ဘတ်စ်ကားပေါ် တွင် ထိုင်ခုံရလူတန်းစားက မတ်တပ်ရပ်ရသည့် အားနွဲ့သူ၊ အသက်ကြီးရင့်သူတွေကို ဦးစားပေးကြသည့် အလှကို အများစုကရေးဖွဲ့ကြသော်လည်း သူကတော့ ထိုင်ခုံပေါ် မြဲမြဲထိုင်သွားရသူ တစ်ယောက် အကြောင်း   ရေးပြသွားသည်။

လူတွေသည် သာမာန်အားဖြင့်တော့ ကောင်းကြပါသည်။ သို့သော် အခြေအနေတစ်ရပ်ကို ခက်ခဲစွာဖြတ်သန်းခဲ့အပြီးမှာတော့ တချို့လူများသည် ပြောင်းလဲသွားတတ်ကြပါသည်

အဆုံးသတ်သွားသော စာပိုဒ်ကလေးက စာဖတ်သူကို တွေးစရာတွေ အများကြီးကျန်ရစ်စေခဲ့ပါသည်။
(ကြယ်စင်ခြောက်)

စာရေးသူ= နန်းအသင်္ခယာ
ကောက်ကြောင်းများ = Let it be…..Honey၊ ၂၁ ရာစုအန္ဓ၀န်

Let it be……….Honey ကို ၀တ္တုတိုမမည်၊ အက်ဆေးမမည်သော ရသစာစုတစ်ခုအဖြစ်သာ ဖတ်ရှုခဲ့ပါသည်။

၂၁ ရာစုအန္ဓ၀န် သည် ပြကွက်တစ်ကွက်စီနှင့် မိသားစုတစ်ခုအတွင်းမှ ခြစားနေမှုကို သရုပ်ဖော် သွား ပါသည်။ မိသားစုဝင်တစ်ယောက်ချင်းစီ၏ အကျင့်စာရိတ္တရိုယွင်းမှုနှင့်အတူ ခေတ်ကို သရော်ကာ   ရေးသားသွား သည်။ ရုပ်ဝတ္တုပစ္စည်းတိုးတက်လာမှုနှင့်အတူ လူ့ဘောင်သည် ကောင်းကျိုး၊ ဆိုးကျိုးများ ဒွန်တွဲနေပေရာ ဆိုးကျိုး၏အမွေကို သိသာမြင်သာအောင် ထိမိစွာဖော်ပြသွားပါသည်။

(ကြယ်စင်ခုနှစ်)

စာရေးသူ = သတိုး
ကောက်ကြောင်းများ = ဆေးမင်ကြောင်၊ စီးတဲ့ရေ

ဆေးမင်ကြောင် သည် ဆေးမင်ကြောင်ကို နှစ်သက်မြတ်နိုးစွာ ရေးထိုးခဲ့သောသူတစ်ယောက် အကြောင်းရေးသားထားသည်။ ဟိုးယခင်ခေတ်များက ဆေးမင်ကြောင်များ အကြောင်းပါ တစွန်းတစ ရေး သားထားရာ စိတ်ဝင်စားဖွယ်။ ယခုခေတ် တက်တူးများကိုပင် စိတ်ဝင်စားခြင်းမရှိလှသည့် ကျွန်မအဖို့ ဇာတ်   ကောင်ရေးထိုးသော ဆေးမင်ကြောင်လေးများကို စူးစမ်းချင်စိတ်နှင့် ဇာတ်ကောင်နောက် မျောပါသွားခဲ့ရ သည်ကိုတော့ ၀န်ခံရပေမည်။ သူ ရေးထိုးသော ဆေးမင်ကြောင်ကလေးများသည် အတိတ်ပုံရိပ် ကိုယ်စီနှင့် ဆွတ်ပျံ့ဖွယ်ရာ ကောင်းလှသည်။ သို့သော် ထိုဆေးမင်ကြောင်လေးများကို ဖျက်ဆီးချင်စိတ်ဖြစ် တည်လာ   အောင် အခြေအနေ၊ အကြောင်းအရပ်ရပ်တို့က ဖန်တီးလာသည်ဖြစ်ရာ ဟိုယခင်က ဆွတ်ပျံ့ဖွယ်ရာများကို သူနှင့်အတူ ကျွန်မပါ နှမျောတသစိတ်နှင့် လွမ်းတသသ။ ထိုအခြေအနေ၊ အကြောင်းတရားတို့တွင် ကိုယ် တိုင်ပါ  အတ္တအချို့နှင့်ပါဝင်ကူညီအားဖြည့်မိခဲ့သည်ဆိုသည်ကိုတော့ အဘိုးအိုသိပါလေစ..

စီးတဲ့ရေ သည် တစစပြောင်းလဲဖြစ်တည်လာသော ခေတ်ကာလသဘောတရားကို သိမ်မွေ့ညင်သာ စွာ တရိပ်ရိပ်ရေးပြသွားခြင်းဖြစ်သည်။ ခေတ်စနစ်သည် ပြောင်းလဲတိုးတက်လာခြင်း မည်သလို အယူအဆ၊ အမြင် တွေကလည်း တစ်ခေတ်နှင့်တစ်ခေတ် မတူညီစွာခြားနားတည်ရှိနေကြသည်။ ရှေးရိုးစွဲ အစဉ်အလာ   တွေတွင် မွန်းကြပ်လှောင်ပိတ်မှုများရှိနေနှင့်ခြင်းဖြစ်သလို ၂၁ ရာစု၏ ပွင့်လင်းမြင်သာမှုများတွင်လည်း လိုက်မမီသော မြန်ဆန်မှုများလည်း ရှိနေကြသည်။ ဒါက လူလတ်ပိုင်းအရွယ်ခံစားမှုနှင့် ကျွန်မ၏ ရှုထောင့် လည်း ဖြစ်နေနိုင် ပါသည်။ ခေတ်သုံးခေတ်ကို ယှဉ်တွဲလျှက်ရေးသားဖော်ပြသွားပုံ မှာ နှစ်သက်စရာကောင်း လှသည်။

(ကြယ်စင်ရှစ်)

စာရေးသူ = ကိုကိုးအိမ် (မန္တလေး)
ကောက်ကြောင်းများ = ရွက်ကြွေတို့ရဲ့ဒိုင်ယာရီ၊ စိမ့်စမ်းရေ

ရွက်ကြွေတို့ရဲ့ဒိုင်ယာရီ သည် ချစ်ခြင်းဖွဲ့ဝတ္တုတစ်ပုဒ်ဖြစ်သည်။ အရေးအသား ညက်ညောကာ ဇာတ် ကို သိမ်သိမ်မွေ့မွေ့ဆွဲဆောင်သွားနိုင်သည်။ သို့သော် Third Person အနေနှင့် ၀တ္တုအဖွင့်မှ နောက်ပိုင်း တွင် First Person နှင့် Third Person တလှည့်စီရောထွေးနေသည်က ၀တ္တုကို အနည်းငယ် ထိခိုက် စေပါ သည်။ ဇာတ် အဆုံးသတ် နိဂုံးပိုင်းသည် Blogger တစ်ဦးရေးသားသော ၀တ္တုအဆုံးသတ်နှင့် အနည်းငယ် မဆိုစလောက် ဆင်တူနေသည်ကို သတိပြုမိစေချင်ပါသည်။ ဇာတ်အိမ်အနေနှင့် စိတ်ကူးယဉ်ရုပ်ရှင်ဆန်   သော အပြဖြစ်နေ သော်လည်း ညင်သာသောအရေးအသားက ဖတ်ပျော်သော သိဂါင်္ရရသတစ်ပုဒ် အဖြစ်   ဖြစ်တည်စေခဲ့ပါသည်။

စိမ့်စမ်းရေ သည် အရေးအသား၊ အဖွင့်အပိတ် သေသပ်လှပသည့် ၀တ္တုတစ်ပုဒ်ဖြစ်သည်။ မိခင်တစ်   ယောက်၏ ချစ်ခြင်းအင်အားကို အပြောတွေဖြင့် ရုပ်လုံးဖော်သွားသည်။ ရိုးရိုးစင်းစင်းစကားတွေကြားမှ   ဒေါ်မြရင် ၏ စရိုက်၊ စိတ်ဓာတ်၊ ဘ၀ကိုသိသာမြင်သာအောင် ရေးသားသွားသည် မှာ နှစ်သက်စရာကောင်း လှ သည်။ အချို့သောစကားပြောနှင့် စကားပြေရောယှက်သွားသော်လည်း ဇာတ်ကိုထိခိုက်လောက်အောင် မပြောပ လောက်ပါပေ။ အခန်းမဖြတ်ဘဲ တောက်လျှောက်ရေးပြသွားသော်လည်း အိုင်မနေဘဲ စိတ်ဝင် တစား  ဖြစ်အောင် ရေးဖွဲ့နိုင်ခဲ့ပါသည်။ စိမ့်စမ်းရေ ဟူသည့်ခေါင်းစဉ်နှင့်လိုက်ဖက်စွာ  အေးမြမြခံစားလိုက် ရ သည့် ၀တ္တုတစ်ပုဒ်ပင်။

(ကြယ်စင်ကိုး)

စာရေးသူ = မြသွေးနီ
ကောက်ကြောင်းများ = စီးဆင်းခဲ့သော၊ လိပ်ပြာ

ကျွန်မတို့တွေ သွေးလှူသောမြင်ကွင်းများစွာ ကြုံခဲ့ဖူးပါလျှက် အမှတ်မထင်မေ့မေ့ပျောက်ပျောက် ရှိ   နေတတ်ကြသည်။ သွေးလှူရသည့်ပီတိအကြောင်း သိရှိကြားဖူးပါလျှက် သိရှိခြင်းသက်သက်သာရှိခဲ့ဖူးကြ သည်။ ဆရာမ ရေးပြလိုက်သော စီးဆင်းခဲ့သောတွင်မူ ထိုပီတိလေး၏အနှစ်သာရကို စာဖတ်သူပါ ကိုယ်တိုင် ခံစားပါဝင်လာအောင် သွက်လက်သောအရေးအသားတို့နှင့် ဆွဲခေါ်သွားခဲ့သည်။ နောက် သွေးလှူခံလူနာ၏ အလှူရှင်ပေါ်ထားရှိသော လေးစားအားကိုးချစ်ခင်မှု စိတ်စေတနာ။ မေတ္တာဖြင့်အပြန်အလှန် ကူးလူးဆက် ဆံကြ သည့် အလှူရှင်နှင့် အလှူခံတို့၏ မေတ္တာပေါင်းကူးများ။ သွေးလှူခွင့်ရခဲ့သည့် တစ်နေ့တာကို ပီပြင် ကျနစွာ သရုပ်ဖော်သွားပါသည်။

လိပ်ပြာ သည်ဇာတ်အဖွင့်မှစ၍ စိတ်ဝင်တစားဆွဲဆောင်သွားခဲ့သည်။ မြင်ကွင်း၊ ပစ္စက္ခအခြအနေကို သရုပ်ပေါ်မြင်သာအောင် ရေးဖွဲ့ထားသည်။ အမေအိုတစ်ယောက်ဆုံးပါးသွားခြင်းနှင့်နောက်ဆက်တွဲ လိုချင် ရမ္မက်များကို မြင်တွေ့ရသည့်အခါ စိတ်မသက်မသာ။ ပရိဒေ၀မီးထက် လောဘမီးတောက်လောင်တတ်ပုံ က သံဝေဂယူစရာပင်။ အစ်မကြီး၏ အတွင်းအဇ္ဈတ္တကို သူ ခွဲဝေနေပုံမှတဆင့်မြင်တွေ့ရသည်။ ဘာကိုမှ မက်မော   တွယ်တာခြင်း မရှိလှသည့် သမီးကြီးအတွက် အမေအိုစီစဉ်သွားသည်မှာ ကြည်နူးစရာကောင်းလှ သည်။

အခန်းထဲရှိ လူတိုင်း၏စိတ်ထဲတွင် မိမိခံစားချက်များနှင့်ထပ်တူ မိမိ၏ အတွင်းမနောလိပ်ပြာလေး များ ကိုယ်စီကိုယ်ငှဝဲပျံနေကြသော်ငြား ထိုစိတ်လိပ်ပြာလေးများ၏ အရောင်အဆင်းများကတော့ဖြင့် တစ်ယောက်နှင့် တစ်ယောက် မတူညီ၊ ကွဲပြားခြားနားနေပေလိမ့်မည်

စာရေးသူ ဆိုလိုချင်သော လိပ်ပြာကို ပီသရှင်းလင်းစွာမြင်တွေ့လိုက်ရပါသည်။

(ကြယ်ဆယ်တစ်ဆယ်)

စာရေးသူ =သက်တန့်ချို
ကောက်ကြောင်းများ = ခရေတစ်ပွင့်နှင့် ချစ်ခြင်းသံစဉ်၊ စံတင်

ခရေတစ်ပွင့်နှင့် ချစ်ခြင်းသံစဉ် သည် ဘ၀ယုံကြည်ချက်၊ စိတ်စေတနာ၊ နယ်မြေဒေသ တို့ကိုရောစပ်   ပေါင်းယှက်ထားသော ချစ်ခြင်းဖွဲ့ဝတ္တုတစ်ပုဒ်ဖြစ်သည်။ ပြေပြစ်ရှင်းလင်းသော အရေးအသားနှင့် အတူ   ဆေးပညာဆိုင်ရာဗဟုသုတအချို့ကိုပါ ခပ်ပါးပါးဖော်ပြသွားရာ ဖတ်ရသူကိုနှစ်သက်ကျေနပ်မှု ရရှိစေပါ သည်။ ရှည်လျားသောကာလကို အိုင်မနေဘဲ ၀တ္တုတိုတစ်ပုဒ်တွင်း အံဝင်အောင် ရေးသားသွားသော အတတ်ပညာမှာ ချီးကျူးဖွယ်ဖြစ်သည်။ ကြည်နူးဖွယ်စာသားလေးအချို့ကို ထုတ်နှုတ်ဖော်ပြချင်ပါသည်။

စိုးစီ စိုးစီအော်ဟစ်နေသော ကျေးငှက်များလည်း ကမ္ဘာမြေ၏ကြည်နူးဖွယ် ပန်းချီကားတစ်ချပ် ကို တွေ့လိုက်ရသည်ထင့်။ တိတ်ဆိတ်သွားကြ၏။ အချစ်ဆိုသည်မှာ ဖွင့်မပြောဘဲနဲ့လည်း နှလုံးသားချင်း ခံစားသိရှိ နိုင်သော အရာဖြစ်ပေသည်

စံတင် သည် တစ်ညတာကာလအတွင်းမှာပင် ဦးစံတင်၏ဘ၀၊ ကြုံတွေ့နေရသောအခက်အခဲများကို သူ၏ အသိ၊ မသိခြင်း (ဇွတ်မှိတ်ခြင်း) များနှင့် အားပြိုင်မှုမှတဆင့် ပုံဖော်ပြသသွားခဲ့သော ၀တ္တုတစ်ပုဒ်ဖြစ် သည်။ ကျဉ်းထဲကျပ်ထဲရောက်နေလျှင် ကျွန်မတို့တွေ မည်သို့ဆုံးဖြတ်ကြပါမည်လဲ။ ဦးစံတင်သည် ကျွန်မတို့တွေ ချိန်ထိုးသော စံသတ်မှတ်ချက်များမှ လွဲဖယ်ခဲ့ရသော်လည်း ကရုဏာသက်မှုကိုတော့ ရရှိစေ ပါသည်။ သူ့ခံစားချက်ကိုပါ အရှင်းသားမြင်နေရသလို စိတ်မသက်မသာမှုကိုပါ ခံစားရပါသည်။

(ကြယ်စင်တစ်ဆယ့်တစ်)

စာရေးသူ = ရွှေစင်ဦး
ကောက်ကြောင်းများ = ပျားရည်တစ်ပေါက်ချိုဖို့လုံလောက်ပါရဲ့လား၊
ပန်းကြွေပေမယ့်မွှေးရနံ့တွေဝေနဆဲပါ

            ပျားရည်တစ်ပေါက်ချိုဖို့လုံလောက်ပါရဲ့လား ကို ဖတ်မိသည်တွင် မက်မောစရာမရှိပါလျှက် ယခုထိခုံမင် နေသေးသော ကိုယ့်ကိုကိုယ်ငဲ့စောင်းကြည့်မိနေသလိုပင်။ ဇာတ်ကောင်၏ ဘ၀နေထိုင်မှုကို သူ့အပြောတွေမှ တဆင့် တစစမြင်တွေ့ရသည်။ ဝေဒနာနှင့် ခန္ဓာဝန်၏ပင်ပန်းဆင်းရဲမှုကို ခံစားနေရ သည့်ကြားမှ သူ့ဘ၀ကို မက်မောတွယ်တာနေသေးသော၊ ကြောင့်ကြဆန္ဒတွေမကင်းပြတ်နိုင်သေးသော သူ့ကိုကြည့်ကာ ငါလည်း သူ့လိုပါပဲလား ဟူသော အတွေးတစကို ဖတ်ရှုသူတိုင်းခံစားမိမည် ထင်သည်။   ဝေဒနာ   သက်သာသည်၊ မသက် သာသည် အပထား၍ မက်မောမှုတစ်ခုရရုံနှင့် မသေချာသည့်ဘ၀ကို အစီအစဉ်ချနေပုံမှာ ဆရာမ ဆိုလိုသည့် ပျားရည်တစ်ပေါက်ချိုဖို့ လုံလောက်တော့နေသည်ထင်သည်။

            ပန်းကြွေပေမယ့်မွှေးရနံ့တွေဝေနေဆဲပါ ကိုဖတ်အပြီး ကျွန်မရင်မှာ တွေတွေငေးငေး။ သာမာန် အကြောင်းအရာလေးပါပဲ။ ပျော့ပျောင်းနူးညံ့သော အဖွဲ့အနွဲ့တွေမပါ။ ရိုးရိုးရှင်းရှင်းနှင့် အေးဆေးစွာရေးသား ထားပုံက ကျွန်မ ရင်ကိုထိရှစေသည်။

တိုင်းတာလို့မရနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတရားတွေကို ပန်းလေးတွေနဲ့သာ တင်စားခဲ့ရင် ကျွန်တော့် ရင်ထဲ က မောင်ငယ်လေးဟာဘ၀မှာ ပထမဆုံးကြွေလွင့်သွားတဲ့ ကျွန်တော်မြတ်နိုးတဲ့ ပန်းလေးတစ်ပွင့်ပါ

ထိုစာသားကို ဖတ်အပြီး ရပ်တန့်နေသည်မှာ စက္ကန့်မည်မျှကြာသည်မသိ။ စာရေးသူကတော့ မာန   ကြောင့်တဲ့။ ကျွန်မတို့ဘ၀တွေမှာ မာနကြောင့်၊ မဖြစ်သင့်ဘူးဟူသော အသိဆန္ဒကြောင့်၊ ကျင့်ဝတ်ကြောင့် စသဖြင့်ကြွေလွင့်ခဲ့ရသော ပန်းကလေးတွေ မည်မျှများနေခဲ့ပြီလဲ။ သူတို့မောင်နှစ်မတွေ။ ဖြူစင်သောမေတ္တာ ကို   မြင်တွေ့ဖတ်ရှုနေရသော ကျွန်မရင်တွေ တနင့်နင့်။ သူဆက်ပြောသော သူငယ်ချင်းမအကြောင်းတွင် သူငယ်ချင်းမ၏ စိတ်နေစိတ်ထား၊ စရိုက်၊ အမူအကျင့်သာမက သူ၏ စိတ်ထား၊ အဇ္ဈတ္တကိုပါ တွဲဖက်မြင်နေရ သည်။ ဇာတ်ကြောင်းပြန်ပြောခြင်းဖြင့် 1st person နေရာမှ ရေးသားထားသည်ဆိုပေမည့် ဘ၀ပုံရိပ်အစိတ် အပိုင်း၊ တွဲဖက်ပါဝင်နေကြသောသူများ၏ ဘ၀ပုံရိပ်များကို တရိပ်ရိပ်မြင်ယောင်လာစေသည်။ အမှန်တရား ဆိုတောင် ခံသာအောင်ပြောသင့်တယ်ဟူသော အတွေးတစနှင့်အတူ မခံချင်စိတ်ကြောင့် ပန်းလေး တစ်ပွင့် ကြွေလွင့်ခဲ့ရပြီကို သိလိုက်သောအခါ ဒီပန်းတစ်ပွင့်အတွက်တော့ စာဖတ်သူကျွန်မ နှမြောတသ မဖြစ်မိတော့ပါ။

ကြွေလွင့်သွားတဲ့ ပန်းလေးနှစ်ပွင့်ကို မကြာခဏသတိရရင်းတခါလောက်များပြောခွင့်ကြုံရင်..မင်း မှန်ပါတယ် သူငယ်ချင်းကိုယ် ဟာ တကယ်ဘဲရင့်ကျက်မှုမရှိခဲ့ပါဘူးလို့ ပြောလိုက်ချင်သလို မောင်ငယ်   လေးနဲ့များ တကွေ့ကွေ့မှာတွေ့ခဲ့ရင်လည်းမကြာခဏ သတိရ လွမ်းဆွတ်ရပါတယ်လို့   ပြောချင်ပါသေး တယ်

ဝတ္တုအဆုံးသတ်မှ ဖြတ်တောက်ရန်ခက်လှသည့် သံယောဇဉ်တစွန်းတစကို မြင်လိုက်ရသလို ကျွန်မ ကိုယ်တိုင်လည်းငေးမောသွားခဲ့မိပါသည်။

(အဆုံး)

အပြာရောင် ကောင်းကင်ဝယ် ကြယ်ပွင့်ကလေးတွေ တလက်လက်တောက်ပနေကြသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်လဲ..တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်သာ..။ မည်သို့ဆိုစေ သူတို့ အနီးသို့ ကျွန်မ တိုးရွှေ့သွားခဲ့သည်။ ကျွန်မ မြင်တွေ့လိုက်ရသည်။ အလင်းရောင်တွေ တဖျပ်ဖျပ်။ ထို အလင်း ရောင်ကလေးတွေ ကာလရှည်ကြာစွာ တောက်ပသည်ထက် တောက်ပစေချင်လှပါသည်။          

ချစ်ခြင်းမေတ္တာဖြင့်
ရွှေအိမ်စည်
2.2.2013
PM:3;33

2 comments:

  1. ကျနော့် Blog roll မှာ မတက်လာလို့ ဒီပို့စ်လေး တင်ထားတာ မသိလိုက်ဘူး ညီမရေ..၊ အခုလို တကူးတက ဝင်လာမှပဲ တွေ့မိတော့တာ...၊း)

    ရီဗျူးရေးသူရဲ့ မြင်ထောင့်တွေနဲ့ ထုတ်နှုတ်ပြတဲ့ အချက်တွေက ကြယ်စင်တွေဆီကို ပိုပြီး အရောက်သွားချင်စိတ်တွေ ဖြစ်စေခဲ့တယ်၊ လသာသာ ညတစ်ညမှာ သိုင်းဝိုင်းဖွဲ့နွဲ့ပြီး ပုံပြင်ပြောပြတတ်တဲ့ လူတစ်ယောက်ကြောင့် နားထောင်ရသူ ကိုယ်တိုင် အဲဒီပုံပြင်ထဲကို လိုက်ပါ စီးမျောသွားတဲ့ ခံစားချက်မျိုးလို ပါပဲ...၊ ‘သူဖတ်၍ သူပြန်ရေးသော ရီဗျူးများ’ ကို ဆက်ပြီး ဖတ်ချင်ပါသေးတယ် ညီမသူသူရေ...။း)

    ReplyDelete
    Replies
    1. အဟဲ.....‘သူဖတ်၍ သူပြန်ရေးသော ရီဗျူးများ’ ဆိုတဲ့ခေါင်းစဉ်ကို ညီမလေး လန့်နေတယ် :D။
      အကိုက ခေါင်းစဉ်ပေးကောင်းသလို နောက်ဆက်တွဲတွေအများကြီးလည်း မြင်ယောင်လာ မိတာကိုး..။
      ဒါအတွက် ညီမလေး ပြန်ဖြေတော့ဘူး :D :D :D။
      ဖေ့ဘုတ်ပေါ်တင်မက ဒီနေရာလေးအထိ လာကွန်မန့်ပေးတာ ကျေးဇူးတင်ပါတယ် အကိုရ :))။

      ခုနစာလုံးပေါင်းမှားလို့ ဒလိတာ အခြားဟုတ်ဝူး။
      နောက်မှ အကို့စာလေးပါပျက်သွားရင် အခက်လို့ ရင်မရသေးတယ်..။
      ဘလော့သာသုံးနေတယ် ယောင်ဝါးဝါးနဲ့ :D ။

      Delete