( ၁ )
နံရံတစ်ခုရှိပါသည်။
ထိုနံရံသည် တစ်ခါတရံနီးလာလိုက်၊ တစ်ခါတရံ ဝေးသွားလိုက်။
ထိုနံရံ နီးကပ်လာလျှင် အေးစက်ခြောက်ခြားသော
ခံစားမှုတို့ လွှမ်းခြုံ၍၊ ထိုနံရံဝေးကွာ သွားလျှင်မူ ၎င်းနေ ရာသို့ရောက်ရန်
မရပ်မနားရုန်းကန်ရပြန်ပါသည်။ လမ်းခရီးတို့သည် မညီမညာကြမ်းတမ်းလိုက်၊
သက် တောင့်သက်သာ ချော့မွေ့လိုက်ဖြင့် လူးလွန့်ကာရှင်သန်ရင်း နံရံတွေဆီသို့သာ
တရွေ့ရွေ့ တိုးကပ် လာနေရပါသည်။ မရောက်ခင်မှာ လက်မှိုင်မချစတမ်း
ကိုယ့်အားအင်နှင့် ကိုယ် အလှပဆုံး ရှင်သန် နိုင်အောင်လည်း
ကြိုးစားအားထုတ်ကြသည်။ ပြိုလဲရာတွေ ရှိနေပါစေ၊ ကျရှုံးမှု တွေ ရှိနေပါစေ
ဘ၀ ဟူသောစက်ဝန်းတစ်ခုကို အနားသတ်ညီညာအောင် ပုံဖော်ကြသည်။ ထိုအရာသည် လှပသော
အနု ပညာတစ်ရပ်ဖြစ်သည်။ ထိုအရာသည် ရပ်တည်ရှင်သန်ခြင်း၏ သိမ်မွေ့နူးညံ့မှု။ ထိုအခြင်းအရာသည် “ရှင်သန်ခြင်း အနုပညာ” ဖြစ်ပါသည်။
***************
( ၂ )
လူတိုင်းလူတိုင်း ဘ၀မှာ မုန်တိုင်းတွေတော့
ကြုံခဲ့ဖူးသည်ပင်။ ဘ၀မုန်တိုင်းတွေကြားမှာ ရုန်း ရင်းကန်ရင်း အနိုင်
ရခဲ့ဖူးတာ ရှိသလို၊ ဒဏ်ရာဒဏ်ချက်တွေလည်း ရခဲ့ဖူးမှာပင်။ မည်သို့ဖြစ်စေ
ကျွန်မ တို့ လူသားများသည် ဇွဲမလျော့ခဲ့ကြပါ။ အသက် ရှင်သန်ရန်အတွက်၊
ရပ်တည်နေရသော ဘ၀မပြိုလဲ ရန်အတွက် အမျိုးမျိုး အဖုံဖုံတော့ ကြိုးစားနေဆဲပင်။
သို့သော် တစ်ခါ တရံတော့လည်း အဖြေမသိ သောမေးခွန်းများကြား
မွန်းကြပ်လှောင်ပိတ်မိပါသည်။
တစ်ရံရောအခါက အမေးစကားကို ကြားယောင်မိသလိုလို။
“နားချင်ပြီ….. ဘာအတွက် ရှင်သန်နေရတာလဲ”
မဟုတ်ဘူး……ရင်ထဲမှ လျင်လျင်မြန်မြန်ငြင်းဆန်နေသော်လည်း နှုတ်ဖျားမှ မည်သည့်အဖြေစကားမှတော့ ထွက်ကျ မလာခဲ့။
“ဘာအတွက် ရှင်သန်နေရတာလဲ” တဲ့။
ရှင်သန်ခြင်း၏
အဓိပ္ပာယ်ကို ဖြေရှင်းမရသော အခက်အခဲများနှင့် ကြုံတိုင်း၊
ဝမ်းနည်း အားငယ်မှုတို့နှင့် ကြုံတိုင်း မကြာ ခဏတွေးခဲ့မိပါသည်။ နေ့စဉ်ပြုမြဲ
စားသောက်ခြင်း၊ အိပ်စက်ခြင်း၊ လုပ်ငန်းဆောင်တာဆောင်ရွက်ခြင်းတို့ကိုပင်
စိတ်ပျက် လာသည်အထိ ရှင်သန်ခြင်းကို ငြီးငွေ့ခဲ့ဖူး ပါသည်။ သို့ပေမယ့်
ထိုရှင်သန်ခြင်းကို ရပ်တန့်ပစ်လောက်သည်အထိ တော့ ကျွန်မ မ၀ံ့စားသေးပါ
(တစ်နည်းမဟုတ်) မမိုက်မဲမိသေးပါ။ ဒါဟာ ရူးသွပ်မှု တစ်ရပ်၊
ကြံ့ကြံ့မခံနိုင်သေးသူတို့၏ အဆုံးသတ် ခြင်းတစ်ခုသာ ဖြစ်ပါသည်။
ဘ၀တွင် ငွေအတွက်၊
စားဝတ်နေရေးအတွက်၊ အလုပ်အတွက်၊ အချစ်အတွက် မောပန်း၍ ရှုံးနိမ့်ခဲ့သူတွေ ဘယ်
နှစ်ယောက်တောင်ရှိခဲ့ပြီလဲ။ မည်သူတွေသည် လူမှုဝန်းကျင်၏
ဒဏ်ရာ ဒဏ် ချက်တွေကြောင့် နာကျင်ကြေကွဲခဲ့ရပြီလဲ။ လောက၏
လှိုင်းတံပိုးများအကြောင်း တွေးမိသော ကျွန်မ မျက်ဝန်းဝယ် မျက်ရည်တော့
ဝေ့မိသည်ထင်သည်။ ကျွန်မ မောပန်းနေခဲ့လေပြီလား။ ကျွန်မ
လက်မြှောက်အရှုံးပေးချင်ခဲ့လေပြီလား။ ကျွန်မ ရပ် တန့် ချင် ပြီ
လား ။
ခပ်သွက်သွက် ခေါင်းခါယမ်းမိ၍ ဝေ့နေသည့် မျက်ရည်စက ပါးပြင်ပေါ် ဖျတ်ကနဲ ကျသည်။
***************
( ၃ )
သံသယပေါင်းများစွာ၊ အထင်လွဲမှုများစွာ
ကြုံတွေ့ခဲ့ဖူးပါသည်။ “အမှန်တရားသည် တစ်ခါတရံ အဆိပ်တစ်ခွက် ဖြစ်ခဲ့လေ
သည်လား”။ ဖြေရှင်းရန် မလိုသော၊ ဖြေရှင်းခွင့်မကြုံသော ကိစ္စရပ်များတွင်
အသာအယာခေါင်းယမ်းနေရုံမှလွဲ၍ လုပ်စရာ အခြားမရှိခဲ့ပါ။ ကိုယ်
လျှောက်သောလမ်းသည် မှန်ကန် သည်လား၊ ယိမ်းယိုင်သည်လား…..မည်သို့ဖြစ်စေ
မယုတ်ညံ့ခဲ့တာ တော့ သေချာသည်။ကြိုတင် ကြံစည်၍
မလိမ်ညာဖူးခဲ့တာ မှန်သည်။ ကြိုတင်ကြံစည်၍ သူတစ်ပါးချစ်ခြင်းမခွဲခဲ့ဖူးတာ
မှန်သည်။ ကံစီမံရာအ တိုင်း အလျားသင့်ဖြစ်တည်စီးမျောရင်းမှ
ဘယ်သောင်ဘယ်ကမ်းဆိုက်ရမည်မှန်း မသိအောင် ရှင်သန်ခြင်း ၀ဲကယက်တွင်း
တ၀ဲလည်လည်။
“ငြိမ်းချမ်းရာသည် မိမိကိုယ်တွင်းမှာသာရှိ” သတဲ့။
ထိုငြိမ်းချမ်းမှုကို
အမိအရဖမ်းဆုပ်ဖို့ ကျွန်မ ကြိုးပမ်းခဲ့ပါသည်။ သို့သော် ထိလွယ်ရှလွယ်သော၊
ဆူညံသံတစ်ခု ကြားရလျှင်ပင် တုန်လှုပ်တတ်သောစိတ်ကို ပိုင်ဆိုင်ထားသည့်
ကျွန်မအတွက် ခက်ခဲ လေးလံခဲ့ပါသည်။ သံယောဇဉ်ဟူ သည် ရစ်ပတ် နှောင်ဖွဲ့တတ်သော
ကြိုးတွေ ဖြစ်လေသလား။ ဒေါသ၊ အတ္တ၊ မာန်မာနတွေသည် ကိုယ်ခန္ဓာကို တမြေ့မြေ့
လောင်မြိုက် စေတတ်သလား။ ချစ်ခြင်း မေတ္တာတရား၌
အကြိမ်ကြိမ်ကျရှုံးခဲ့တတ်ခြင်းသည်လည်း မိမိကိုယ်ကို ယုံကြည်မှု စွမ်းအင်တွေ
နည်းပါးစေတတ်ပြန်ပါသည်။
လူတစ်ဦးနှင့် တစ်ဦး
နှောင်ဖွဲ့မှုများကြား၌ မည်သည့်အရာတွေ ရှိနေနိုင်ပါသည်လဲ။ မေတ္တာ တရား၊
ယုံကြည်မှု၊ နားလည်မှု စသည့်အရာများဖြစ်နိုင်သလို အမုန်းတရား၊ စက်ဆုပ်မှု
စသဖြင့်လည်း ရှိနေနိုင်ပါသည်။ ချစ်ခြင်းနှင့် နှောင်ဖွဲ့ ကြသလို
မုန်းခြင်းဖြင့်လည်း နှောင်ဖွဲ့ကြသော လူ့အသိုင်း အ၀ိုင်းကို စေ့စေ့ကြည့်ရန်
အားအင်တွေ ကုန်ခန်းလှပြီ။
ကဗျာတစ်ပုဒ်ရေးခဲ့ဖူးပါသည်။
“မပြည့်သောအိုး
ပြည့်သောအိုးများရဲ့
လျှံကျနေသော အတ္တပုံဆောင်ခဲများ”
ဓားသွားထက်
ကလောင်သွားထက်သတဲ့။ ကလောင်ကိုင်တိုင်းလည်း ဖြူစင်သန့်ရှင်းနေရန်
မကြိမ်း သေလှပါ။ ပြည့်သောအိုးဖြစ်စေ၊ မပြည့်သောအိုးဖြစ်စေ လူသားဟူ၍
ဖြစ်တည်နေသရွေ့ “ငါ” ဟူသည်ကတော့ လျှံကျနေမြဲပင်။
“ငါ့
မိဘ
ငါ့သားသမီး
ငါ့သူငယ်ချင်း ငါ့ချစ်သူ
ငါ……….
ငါ…”
ဘာကိုမှ မသေချာ၊
မရေရာသည့် သံသရာဝယ် ဘယ်အရာတွေကိုများ ပိုင်ဆိုင်လိုမှု၊ ပြိုင် ဆိုင်လိုမှု၊
ရယူလိုမှု၊ မဆုံးရှုံးချင်မှု၊ ပျက်စီးစေလိုစိတ်…..စသဖြင့် ခိုင်မြဲနေကြပါလိမ့်။ ကောင်းကင် ကို မော့ကြည့်မိတော့ မိုးသားတိမ်လိပ်တွေ
အလုအယက် တွန်းတိုက်ရွေ့လျားနေတာ တွေ့ရသည်။ ဘယ်နေရာကိုများ
ဦးတည်ရွေ့လျားနေကြသည်လဲ။ ကောင်းကင် ဟာကောင်းကင်ပဲ မဟုတ်လား။ သည်လိုပဲ
ကျွန်မတို့ လူသားတွေဟာ တရွေ့ရွေ့သွားလာနေကြရတာပဲ။ ဘ၀ တလျှောက် လုံးလေ…..။
မမောနိုင်၊ မပန်းနိုင်။ တစ်နေ့မှာတော့ မိုးစက်မိုးပေါက်တွေအဖြစ် ကမ္ဘာမြေပေါ်
သက်ဆင်းရတာပင်။ အတွန်း အတိုက်၊ အလဲလဲ အပြိုပြို။ လေအသော့အနော့များကြားဝယ်
အရောင်အသွေးစုံလင်သော တိမ်တွေက ပုံစံအမျိုးမျိုး။ မြင့်သထက် မြင့်အောင်
(သို့မဟုတ်) တိမ်အဖြစ် ရှိနေစဉ်အခိုက် လှပသေ သပ်အောင် ဖော်ဆောင် နေကြသည်။
သေးသေးမွှားမွှားပိုင်ဆိုင်မှုတွေကို
လက်လွှတ်ဆုံးရှုံးခဲ့ရတာ များခဲ့ပြီ။ ကြီးကြီးမားမားပိုင်ဆိုင်မှု ဟူသည်ကတော့
အိပ်မက် ထဲတောင် ယောင်ယမ်းအလည်ရောက်မလာပါ။ သက်တမ်းတော့
ဘ၀ တစ်ဆစ်ချိုးခဲ့ပြီ။ အချိန်တွေ နောက်ပြန် လှည့်ကြည့် တော့ တဖျပ်ဖျပ်။
ကျွန်မ ရှေ့ရှိ နံရံက ကျွန်မ နှင့် ပိုနီးက်လာသလိုပင်။ သံသရာအတွက် ကျွန်မ
ဘာတွေ ပြင်ဆင်ပြီးပြီလဲ။ ရှင်သန်ခြင်းသည် အဓိပ္ဓာယ် ပြည့်ဝနေဖို့တော့
လိုပါသည်။
တစ်နေ့က
တီဗွီသတင်းထဲတွင် မီးတောင်ပေါက်ကွဲရာမှ ချော်ရည်တွေပန်းထွက်သည့်
အကြောင်းမြင်တွေ့ လိုက်ရသည်။ ချော်ရည်အပူရှိန်ကြောင့် ထိစပ်ပတ်သတ်ရာ
နယ်မြေဒေသများကို တမဟုတ်ချင်း လောင်ကျွမ်းသွားစေ သည်။ သတင်း မှတ်တမ်း ကလည်း
အမိအရသေချာ ရိုက်ကူး ထားရာ ကမ္ဘာပျက်သလို ဖြစ်နေသည့် မီးလျှံလုံးများ၊
လောင်ကျွမ်းမှုများ၊ သမုဒ္ဒရာထဲသို့ မီးလျှံများ အထွေးလိုက်
လိမ့်ဆင်းသွားပုံများကို မြင်တွေ့ခဲ့ရသည်။ သတင်းတင်ဆက် သူက အပျက်အစီး၊
အဆုံး အရှုံး အသေအပျောက် မည်ရွေ့မည်မျှ စာရင်းပြုစု ကြေညာနေသော်လည်း ကျွန်မ
မကြားမိ တော့ပါ။ သည်လို ကမ္ဘာ မြေကြီး အတွင်းပိုင်းမှာ လှိုက်၍ လှိုက်၍
ပူလောင်မှုတွေကော မည်မျှ များနေခဲ့မည်လဲ။ လူတွေ၏ လောဘ၊ ဒေါသ၊ မာန်မာန၊ မောဟ
အပူမီးတွေကြောင့်များ ရှုင်သန်နေထိုင်ရာ ကမ္ဘာမြေကြီး ပူလောင်လာလေရော့သလား။
သည်လိုဖြင့် ရှင်သန်ခြင်းသည် အရုပ်ဆိုးအကျည်းတန် များ နေလေ မလား။
**************
(၄)
သဘာဝတရားသည်
သစ်လွင်တောက်ပမှုများ ရှိလာသလို၊ ပျက်စီးယိုယွင်းမှုများလည်း ရှိလာ သည်။
လူတို့ဖန်တီး၍ ဖြစ်စေ၊ အချိန်ကာလကြောင့်ဖြစ်စေ ယိုယွင်းမှုကတော့
ပိုများလာမည် ထင် သည်။ သဘာဝဘေးအန္တရာယ်တွေ၊ လူသားအချင်းချင်း ကြောင့်ဖြစ်သော
ဘေးအန္တရာယ်တွေ ခပ်စိပ် စိပ်ဖြစ်လာသည်တွင် ရှင်သန်ခြင်း၏ အဓိပ္ပာယ်က
ပိုမိုလေးနက်လာသည်။ ပြန်လည် တည့်မတ်ခြင်း တွေ၊ ဖေးမကူညီခြင်းတွေ၊
ပေါင်းစည်းဖော်ဆောင်ခြင်းတွေဖြင့် လူသားအသိုက်အမြုံသည် ရင်းနှီး
နွေးထွေးလာသည်။ ထိုအချိန်၌ ရှင်သန်ခြင်းသည် သိမ်မွေ့နူးညံ့ကာ လှပလှသည်။
ပြင်သစ်ဘာသာပြန်စာအုပ်တစ်အုပ်မှ
Le Petit Prince ကို သတိရမိသည်။ `လူတွေဟာ သူတို့ အမြန်ရထားနဲ့သာ ခရီး
သွားနေကြတယ်။ သူတို့ ဘာကိုရှာဖွေနေတယ်ဆိုတာ သူတို့ဟာသူတို့ မသိကြဘူး။´
မင်းသားလေးပြောခဲ့သော စကား ဖြစ်ပါသည်။ အဆောတလျင် ဟိုပြေးသည်ပြေးနဲ့
အလျင်လည်း လိုနေကြသတဲ့။ ကျွန်မတို့သည် ကိုယ့်ရထား ကိုယ်စီးနင်း ကာ
ဘယ်ဆီတွေ သွားနေကြ မှန်းမသိ။ ဘယ်ဆီရောက်မည်လည်း မသေချာ။ ဒီကြားထဲ အလျင်လိုနေ
ကြသေးသည်။ ဘာအတွက် စိတ်စောနေကြသလဲ။ ဘယ်အချိန်မှာ ဘယ်နေရာကိုများ
ရောက်ချင်နေကြသည်လဲ။ တကယ်တော့ ဘယ်ဆီ ဆိုတာ သတ်မှတ်နိုင်လျှင်
ဘယ်အချိန်ဆိုသည်မှာ သိပ်အရေးမကြီးလှပါ။ ရှင်သန်ခြင်း ဟူသော အပိုင်းအခြားသည်
ဘာကို ရှာဖွေနေတယ်ဆိုတာ ကောင်းစွာသိမြင်နိုင်ရန် အသေချာဆုံး ကာလဖြစ်သည်။
သဘာဝတရားကပေးသော ရှင်သန်ခွင့်ကို အဓိပ္ပာယ်ရှိရှိ
အသုံးချနိုင်ဖို့သာ လိုပါ သည်။
ဖြစ်တည်နေကြသော
ဘ၀အခြေအနေများ၊ ကံစီမံရာပုံချခြင်းခံခဲ့ရပါသော အိပ်မက် အင်္သချေများ၊
ခေါက်သိမ်းခဲ့ရသော လိုအင်ဆန္ဒများ၊ ထပ်တူကျခြင်း မကျခြင်းရှိနေကြပါသော
ပန်းတိုင် များ…..သည်အရာတွေက လူတွေကို ရှင်သန်ရန် ငြီးငွေ့ စေသည်။
`ဘ၀ဆိုတာ ဘာလဲ´ ရေရွတ် မြည်တမ်းကြသည်။ ဆန္ဒနှင့်ဘ၀ထပ်တူကျသူတွေက
`ဘ၀ဟာတိုတိုလေး´ ဆိုကြသလို၊ ဆန္ဒနှင့် ဘ၀ပြောင်းပြန်အချိုးကျသူတွေက `ဘ၀ဟာ
မပြီးဆုံးနိုင်သော ခရီးရှည်´ ဟုညည်းညူကြသည်။ တကယ်တော့ ဘ၀ဟူသည် သူ့အချိန်
ကာလနှင့်သူ တည်ရှိပြီးသားပင်။ သဘာဝတရားက `ရှင်သန်ခွင့်´ ဟူသော ဆုလာဘ်ကို
လူသားအားလုံးကို ညီတူညီမျှ ပေးစွမ်းထားလေသည်။
ရှင်သန်ခွင့်ဟူသော
စက်ဝန်းထဲရောက်ရှိနေသရွေ့ အစွမ်းကုန်လန်းဆန်းနိုင်ခွင့်သည် ကျွန်မ တို့
လက်ထဲမှာပင်ရှိသည်။ ပြိုလဲရာတို့မှ ပြန်လည်ထူမတ်ရန်သည်
ကျွန်မတို့လက်ထဲမှာပင် ရှိသည်။ ဘ၀သည် ဖြစ်တည်မှုတစ်ခုသာ ဆိုလျှင်
ထိုဖြစ်တည်မှုကို အဓိပ္ပာယ်ရှိရှိလှပအောင် ကျွန်မတို့ဖော် ဆောင်နိုင်ပါသည်။
***************
(၅)
ကျွန်မတို့တွေ
လမ်းတစ်ခုပေါ် တရွေ့ရွေ့သွားလာနေကြသည်။ မဖြောင့်တန်းသော လမ်း အသွယ်သွယ်
တို့ဖြစ်၍ အဆုံးအစ မသိအောင် ကွေ့ဝိုက်ဝင်္ကဘာဆန်လွန်းလှသည်။ သာယာသော
မြင်ကွင်းတွေတွေ့လိုက်၊ ချုံနွယ်ပိတ်ပေါင်းတွေ တွေ့ လိုက်၊
မိုးသည်းထန်လိုက်၊ နေသာလိုက် ဖြင့် လမ်းတွေပေါ် ခရီးနှင်နေကြရသည်။
ခရီးတစ်ခုကို အဓိပ္ပာယ်ရှိရှိ လှပစေရန် ကျွန်မတို့ပြုပြင်ဖန်တီး၍ ရသည်။
ပြိုလဲမှုများစွာတို့မှလည်း ပြန်လည်တည့်မတ်ရှင်သန်စေရန် ကျွန်မတို့
ကြိုးပမ်းနိုင်ပါ သည်။ ကျွန်မတို့ရှင်သန်နေသောအခိုက်၊
ကျွန်မတို့အသက်ရှုနေသော အခိုက် ထိုအခိုက်အတန့်ကို သိမ်မွေ့ လှပအာင်
ပုံဖော်နိုင်ပါသည်။ ဘ၀ဟူသည် တံခါးများဖြင့် ဖွဲ့စည်းထားသည် ဆိုပါစို့။
ထိုတံခါးများကို သံကြိုးအထပ်ထပ်တို့ဖြင့် ပိတ်လှောင်မွန်းကြပ်နေရန်
မလိုအပ်လှပါ။ ကျွန်မတို့၏ တချို့တံခါးများ ကို စေ့ရုံစေ့ထားကာ၊
တချို့တံခါးများကို ဟင်းလင်း ဖွင့်ထားလိုက်ပါ။ အလင်းရောင်ကို
ကျွန်မတို့ခံစား ကြရမည်။ လေပြေလေညင်းကို ကျွန်မတို့ခံစားကြရမည်။ ထို့အပြင်
ကျွန်မတို့ ရှာဖွေနေသော အရာ ကိုပါ တဖြေးဖြေးသိမြင်လာပါမည်။ ထိုအရာသည် လှပသော
အနုပညာတစ်ရပ်ဖြစ်သည်။ ထိုအရာ သည် ရပ်တည်ရှင်သန်ခြင်း။ သိမ်မွေ့နူးညံ့မှု။
ထိုအခြင်းအရာသည် `ရှင်သန်ခြင်း အနုပညာ´ ဖြစ်ပါသည်။ ။
ရွှေအိမ်စည်
10.1.2013
PM: 10:25
အက်ဆေးလေး ကိုဏီဖတ်သွားတယ်။
ReplyDeleteကောင်းတယ်။
စာတွေ များများရေးဦး...
လွမ်းလို့ လာကြည့်တာပါ မ ရေ...
ReplyDeleteအက်ဆေးလေးက အတွေးတွေ
သိပ်ပေးတာပဲ....နှစ်သက်စွာ
ခံစားသွားခဲ့ပါတယ်နော် :)
ချစ်တဲ့....မိုးနတ်
မြောက်များစွာသော အသိတွေ ဗဟုသုတွေ
ReplyDeleteဒီအက်ဆေးကနေ ရလိုက်တယ်
အစ်မရေ ... နောင်လည်း ရောက်ဖြစ်တော့မယ်
လင့်ချိတ်ထားလိုက်တယ် မ
အစ်မေ၇ .. ဒီအက်ဆေးလေးကိုဖတ်ချင်နေတာကြာပြီ .. အခုမှဖတ်ရတော့တယ် .. အရမ်းကောင်းတယ် အစ်မအိမ်စည် .. အများကြီးရေးပါဦး ..
ReplyDeleteအားပေးနေပါတယ် ..
အက်ဆေးလေးဖတ်ရင်း တွေးစရာလေးတွေ ရသွားတယ် မမရေ ... :)
ReplyDeleteကိုဏီ၊ မိုးနတ်၊ နွေလ၊ နတ်ရဲ၊ မိုးည >>>
ReplyDeleteအက်ဆေးလေးကို လာဖတ်ရှုပေးသွားတာ ကျေးဇူးပါရှင်.. :))
ဆရာမ ရဲ့ ရှင်သန်ခြင်းအနုပညာ လေးကို တစ်ပိုဒ်ခြင်း တွေးရင်း သုံးသပ်ရင်း ဆုံးဖြတ်ရင်း အားပေးဖတ်ရှု့သွားပါတယ်ရှင်
ReplyDeleteမနိုင်းရေးတဲ့စာနဲ့ အမစာသားတွေက အဲလောက်မတူပါဘူး။ တူတော့ကော ဘာဖြစ်လဲ။ စာရေးတယ်ဆိုတာ အဓိကအချက်က ပရိတ်သတ်ကို ဖတ်စေချင်တာပဲ မဟုတ်လား။ အမဆီက ကူးရေးထားတာ မဖြစ်နိုင်ပါဘူး။ တစ်ခါလာလဲ တရုတ်ဆိုဒ်မှာ ကူးတာကုန်သွားလို့ မြန်မာဆိုဒ်မှာ လာကူးတယ်နဲ့ပြောနေတယ်။ လုပ်တဲ့အလုပ်က စာရေးဆရာမ လုပ်တယ်။ အသိက မကြွယ်သေးဘူး။ စာရေးတဲ့ ခေါင်းစဉ်က အများသူငှါ ဖတ်ဖို့ပဲ မဟုတ်လား။ ကြော်ကြားဖို့မှ မဟုတ်တာ။ အမလိုပဲ တစ်ချိန်တုန်းက ရုပ်ရှင်ဇာတ်ကားကြီးရိုက်သွားတဲ့ အိုပယ် ဇာတ်ကားကိုပဲ ကြည့်။ အမလိုပြောကြေးဆို မနိုင်းဆီက ခိုးပြီးရိုက်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မနိုင်းတင်ပြီး (၂)နှစ်ကျော်လောက်မှ ဇာတ်ကားက ထွက်လာတာ။ အဲလိုဆို ဘယ့်နှဲလုပ်မလဲ။ အဓိကက ပရိတ်သတ်ဖတ်ဖို့ပါ။
ReplyDeleteညီမ ဘယ်လိုစာပေမျိုးကိုပဲ ဖတ်တာလဲ..ဘယ်လောက်ပဲ အသိဥာဏ်ရှိသလဲဆိုတာ ရေးထားတဲ့ စာက ပေါ်လွင်နေပါတယ်..။
Deleteရှင်းပြရင်တောင် နားလည်မယ်မထင်လို့ မရှင်းတော့ပါ..။