Monday, June 10, 2013

အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး (၂)


(၄)

ထူးဆန်းဖွယ်ရာ လူကြီးသူမများ

            ခရီးလမ်းတလျှောက် သူ တွေ့ရှိရသောအရာများအတွက် မင်းသားလေးမှာ အံ့အားသင့်လို့ပဲနေ သည်။ ရာဇမာန်ရှလှသည့် ဘုရင်တစ်ပါးနှင့် တွေ့ခဲ့ရဲ့။ အပြုအမူ၊ ဟန်ပန်တွေအတွက် ကျုံ့နိုင်၊ ဆန့်နိုင်   သော အမိန့်အာဏာဆိုတာ ဘုရင်တစ်ပါးမှာ ရှိကိုရှိနေရမည့်အ ရာပေလား။ သူ့ အာဏာတည်တံ့စေ လိုသော အလိုဆန္ဒနှင့် သူ့ နှုတ်ထွက်စကား ဘာမဆိုဖြစ်စေရမည်တဲ့။            ဘာမဆို…..။ ဘာမဆို ဟူသည် နေ၀င်ချိန်၊ နေထွက်ချိန်များကိုပါ ဖန်တီးပေးနိုင်ပါသ လား။ နေ၀င်ချိန်တွေကို ခုံလှည့်ထိုင် ရုံနှင့် မ်ြငတွေ့ရသည့် စွန့်လွှတ်ခဲ့သော ဂြိုဟ်ကလေးကို လွမ်းဆွတ်စွာ ဆွတ်ပျံ့ပျံ့။ လှိုက်မောစရာကောင်းသည့် နေ၀င်ချိန်တွေကို “ဘာမဆို” ဘုရင်ကြီးကများ ပေးစွမ်းနိုင် ခဲ့မည်ဆိုလျှင်။ သူ၏ အမိန့်အာဏာအောက်မှာ နေ၀င်ချိန်သည် ဘွားကနဲပေါ်လာရရင်ဖြင့် သူ ဆိုခဲ့သလို “အားလုံးကို အုပ်ချုပ်နေတယ်” ဟု ယုံကြည်ရမည်သာ။            “ကျွန်တော် နေ၀င်ချိန်ကို ကြည့်ချင်ပါတယ်။ ကျွန်တော် စိတ်ချမ်းသာစေရန် သနားညှာတာသော အားဖြင့် နေကိုဝင်ဖို့ အမိန့် ပေး, ပေးပါ”
            ဒါက အမိန့်အာဏာဖြင့် စေခိုင်း၍မရကြောင်း ဥပမာတို့ဖြင့် ဘုရင်ကြီးဖြေရှင်းရရဲ့။ သူ ပိုင်တဲ့ ည ဂြိုဟ်ကလေးကို ရောက် လာတဲ့ တစ်ဦးတည်းသော လူသားလေးကို လက်မလွတ်နိုင်ရှာ။ အမိန့်ဆို တာတွေ ထွက်ရှိလာနိုင်ဖို့၊ ဘုရင်တစ်ပါးဆိုတဲ့ အဆောင် အယောင်တွေ ပိုမိုတောက်ပဖို့ဆိုတာ လွှမ်းထား သည့် ၀တ်ရုံ၊ ထိုင်နေသည့် ကုလားထိုင်တစ်လုံးနှင့်သာ ပြီးပြည့်စုံတာမှ မဟုတ် သည်ပဲလေ။ သူ ချီးမြှောက် စရာ၊ သူ့ အမိန့်အာဏာတွေကို သဘောကျနှစ်ခြိုက်စွာ ရှိနေပေးမည့် လူသားလေးတစ်ဦးတော့ လိုကို လိုအပ်လှသည်သာ။            “လူတစ်ဦးတစ်ယောက်ကို သူ လုပ်နိုင်တဲ့ တာဝန်အလုပ်ဝတ္တရားကိုပဲ လုပ်ခိုင်းရမယ်၊ လက်ခံ လိုက်တဲ့ တာဝန်အလုပ် ၀တ္တရားဟာ အဓိပ္ပာယ်ရှိပြီး စဉ်းစားဆင်ခြင်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်ရမည့် အလုပ်မျိုးသာ ဖြစ်ရပေမယ်”
            သူ့ရဲ့အမိန့်အာဏာဟာ အဓိပ္ပာယ်ရှိ မှန်ကန်နည်းလမ်းကျကြောင်း ထပ်လောင်းအတည်ပြုကာ မင်းသားလေး၏ ချစ်ခင် ယုံကြည်မှုကို ရရှိဖို့ နေ၀င်ချိန်ပြနိုင်ဖို့၊ နေ့ ရက်တွေကို တွက်ချက်နေပြန်သည်။ စိတ်ပျက်ငြီးငွေ့သော အရိပ်အယောင်တို့ မင်းသားလေးမျက်နှာဝယ် အထင်း သား။ သူ့မျက်နှာ နုနုလေးဝယ် ထွက်ခွာသွားရန် စိတ်စောမှုတို့ဖြင့်သာ….။
            “မင်း မသွားပါနဲ့”

           မည်သူတစ်ဦးတစ်ယောက်မျှ မရှိလေသည့် ဂြိုဟ်ငယ်လေးမှာ “တရားရေးဝန်ကြီး” ခန့်အပ်မည်ဆိုတာ ရယ်စရာမကောင်း   ပေဘူး လား။ ဘုရင်ကြီး အတွက်ကတော့ မက်မောစရာဖြစ်    အောင် ဆွဲဆောင်ပေးလိုက်တာပင်။ ဘယ်အရာမှ မရှိသည့်နေရာမှာ ဘာတွေကို တရား စီရင်ရမှာပါလိမ့်။

            “ဘယ်သူမှ မရှိရင် မင်းကိုယ်မင်း ပြန်ပြီး တရားစီရင်ပေါ့၊ ဒါ ဟာ အခက်ခဲဆုံးပဲ မဟုတ်လား။ အခြားသူတွေကို စစ်ဆေး   ဝေဖန်တာထက် ကိုယ့်ကိုကိုယ် ဝေဖန်စစ်ဆေးတာဟာ အခက်ခဲဆုံးပဲ မဟုတ်လား။ တကယ်လို့ ကိုယ့်ကို ကိုယ် မှန်မှန် ကန်ကန် ဆန်းစစ် ဝေဖန်တတ်တဲ့သူဟာ ဥာဏ်ပညာရှိတဲ့ တကယ့်ပညာရှင်ပဲ”

            မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ရာက မင်းသားလေးအတွက် နေရာဌာန၊ နာမည်တပ်ထားသည့် အဆောင်အယောင်တွေ မလိုအပ်လှပါ။ ဘယ်အတွက်ကြောင့် အမိန့်အာဏာတွေ၊ အခြံအရံရှိခြင်းကို မက်မောတမ်းတနေရပါသလဲ ဘုရင်ကြီး။ “ဆိုခဲစေ၊ မြဲခဲစေ”   ခိုင်မာတိကျ မှန်ကန်လိုလျှင် တမဟုတ်ချင်း ထွက်ခွာစေ အမိန့်ကိုများ ပေးလိုက်ပါတော့ လား။ သွေးရူး   သွေးတမ်းနဲ့ “သံအမတ်ကြီးခန့်မယ်”   ပြောလားပြောရဲ့။ ဂြိုဟ်တစ်ခုလုံး ပြည့်နှက်နေတဲ့ ၀တ်ရုံကြီးရဲ့ အနားစနည်းနည်းကိုပဲ သိမ်းလိုက် ပါဦး ကွယ်။ မင်းသားလေး ထွက်ခွာဖို့ လမ်း နည်းနည်းတိမ်းပေးပါ။

            မင်းသားလေးအတွက်တော့ ဆန်းကြယ်လှတဲ့ လူကြီးသူမတစ်ယောက်ပင်..။

*****

            ဆက်လက်ထွက်ခွာလာသောနေရာတွေမှာ ဘ၀င့်မြင့်သောသူ၊ အရက်သမား၊ စီးပွားရေးသမား တို့နဲ့လည်း တွေ့ခဲ့ပြန်လေသည်။ မြှောက်ပင့်၍ ပြောဆိုသော စကားမှလွဲ၍ အခြားစကားများကို မကြား   သော ဘ၀င်မြင့်သူ အဖြစ်မှာ သနားစရာ။  “ငါ့ကို ကြည်ညိုလေးစားပါ” တဖွဖွရေရွတ်ရင်း သူ့ကိုယ်သူ   တော့ အကောင်းဆုံးလူသားဟု မှတ်ယူနေတာပင်။ ဒီလိုနှင့်ပင် အချိန်တွေ၊ ဘ၀တွေ ကုန်ဆုံးမည်ထင်ရဲ့။

            “အရက်သောက်တာကို ရှက်လို့၊ ဒါ ကို မေ့ပစ်ဖို့ အရက်သောက်တယ်” ဟူသော အရက် သမားကြီး၏ စကားသံမှာ မင်းသားလေး ကြောင်အအ။ ဘယ်လို  သူ  ဘာကို ပြောလိုက်တာပါလိမ့်။ ပတ်ပတ်လည်မှာ အရက်ပုလင်းပေါင်းမြောက်မြားစွာဖြင့် သူ့ဘာသူ ပိတ်မိနေသော အရက်သမားကြီးကို ကြည့်ကာ ကောင်းလေသည်ဟု အတွေးစတို့ဖြင့် သက်ပြင်းတချချရှိနေသည်။

            အလွန်တရာ အလုပ်များလှပြီး ကိန်းဂဏန်းတွေအလယ် ပိတ်မိနေသည့် စီးပွားရေးသမား ကို မြင်တွေ့ရသည်မှာ သနားစရာ။ သန်းပေါင်းများစွာသော ကြယ်တွေကို ရေတွက်ရင်း များပြားလှသော ပိုင်ဆိုင်မှုတွေကို ရေတွက်နေရသည်မှာ စိတ်ပင်ပန်းဖွယ်ကောင်း လှသည်။

            “ဒါဟာ အရေးကြီးဆုံးပဲလား” “ရယ်စရာကောင်းလိုက်တာ”

            အမှတ်မထင်ရေရွတ်မိရင်း သူ ပိုင်ဆိုင်ခဲ့သည့် ပန်းကလေးအကြောင်း စဉ်းစားမိရက်သားဖြစ်သွား သည်။ ထို ပန်းကလေး ကို နေ့စဉ် နေ့တိုင်း ရေလောင်းပေါင်းသင်နိုင်သည်။ ဟန်ဆောင်မူယာကြွယ် တယ်ပဲဆိုဆို ချစ်စဖွယ်စကားသံတွေ ကြားရနိုင်သည်။ ပန်းကလေး၏ အလှ မှာ နှစ်သက်ကြည်နူးသော စိတ်ဖြင့် မေ့မူးသာယာနေနိုင်သည်။ မီင်္းတောင်သုံးခုကိုလည်း ပိုင်ဆိုင်ခဲ့သေးသည်။ သီတင်းပတ်တိုင်း   ဆေးကြော သုတ်သင်မှုတွေ ပြုလုပ်နိုင်သည်။ မီးတောင်များသည်သော်လည်းကောင်း၊ ပန်းကလေး သည်သော် လည်းကောင်း ပိုင်ဆိုင်ခြင်း၏ အသုံးဝင်မှုအဖြစ် အသုံးကျအောင် လုပ်နိုင်ခဲ့သည်သာ။ စီးပွားရေးသမား၏ သန်းပေါင်းများစွာသော ကြယ်တွေသည် ချမ်းသာကြွယ်ဝခြင်း အမည်နာမကိုသာ ပိုင်ဆိုင်လျှက် စင်စစ် ဘယ်အရာကိုမှ မပိုင်ဆိုင်ပါချေတကား။

            မင်းသားလေး၏ ရိုးသားသော သဏ္ဍန်တွင် လူကြီးသူမများသည် ပိုကဲလွန်း၊ ထူးဆန်းဖွယ်ရာ များ ဖြစ်ကြသည် ဟူ၍သာ တစိမ့်စိမ့်တွေးတောလျှက်ရှိသည်။


အပိုင်း (၃) ဆက်ရန်

ဓာတ်ပုံ - ဆရာညီညီအောင် ပေးပို့သောမျက်နှာဖုံးပုံ ဖြစ်ပါတယ်..။

2 comments:

  1. အခုမှပဲ
    ကောင်းကောင်းမွန်မွန်စာဖတ်ခွင့်ရတော့တယ်ဗျာ
    အပိုင်း ၃ ဆက်ရန်ကိုလည်း စောင့်မျှော်နေမည်ဖြစ်ကြောင်းဗျာ ။

    ReplyDelete
  2. အယ်..ဒီမှာ လာဖတ်တယ်ဆိုရင် အကုန်ပြီးအောင်တင်ပေးမယ်...
    ဆောတီးး :D :D

    ReplyDelete