သရုပ်ဖော်ပုံ-http://www.myworld-phyophyo.com
စာပေနယ်တွင်
အနုပညာသွေးကို အမွေဆက်ခံကြသော စာပေမျိုးဆက်များရှိကြသည်။ မျိုးဆက်တစ်ခုမှတစ်ခု ဆင့်ကဲ ဖြစ်စဉ်
(သို့မဟုတ်) ခေတ်ကာလမတူသော်ငြား ခေတ်ပြိုင်ရေးလျက်ရှိသည်များ စသဖြင့် မိမိလှုပ်ရှားရာ
ပရ၀ဏ် အတွင်း အနုပညာဖန်တီးမှုများရှိကြသည်။ သို့သော် တစ်မိသားစုအတွင်းမှ အမှတ်တရထုတ်ဝေမှုကတော့
နည်းပါးလွန်းစွာ ရှားပါသည်။ ယခုစာရေးဆရာသားအမိသုံးယောက်ဖြစ်သော “ခင်မေသစ်၊ ဖြိုးဖြိုး၊
စုမီအောင်” တို့၏အမှတ်တရပေါင်းဆုံ စုစည်းမှုစာအုပ် ထွက်ရှိ လာသည်။ “၀တ္တုတိုသုံးယောက်”
ဟူ၍ပင် ရိုးရိုးရှင်းရှင်းပေးထားသည်။ ပျဉ်းမနားမြို့ရှိ မိသားစုပိုင် ခရမ်းပြာခြံကိုအစွဲပြု၍
မှည့်တွင် ထားသော “ခရမ်းပြာစာပေ” ၏ ပွဲဦးထွက်ကြိုးပမ်းမှု လည်းဖြစ် သည်။
စာအုပ်အပြင်အဆင်သေသပ်ကောင်းမွန်သော၊ သရုပ်ဖော်ပုံများနှင့်ကိုက်ညီထင်ဟပ်သော
စာအုပ်တစ်အုပ်ဖြစ်သည်။ ၀တ္တုတို စုစုပေါင်း (၁၃) ပုဒ်ပါဝင်သည်။ စာရေးဆရာတစ်ဦးချင်းစီ၏
ကိုယ်တိုင်ရေးကိုယ်ရေးအကျဉ်းနှင့်အတူ ဆက် သွယ်ရန် အီးမေးလ်၊ နေရပ်လိပ်စာ တို့ကိုပါဖော်ပြထားသည်။
စာရေးဆရာတစ်ဦးစီ၏ ရုပ်ပုံလွှာကို “ညိုပြာဝိုင်”
က ကောက်ကြောင်းရေးခြစ် ပေးထားသည်။
ခင်မေသစ်
ကနဦးကလောင်အမည်မှာ Florist , ခင်မေသစ်
(သလ္လာ) ဖြစ်သည်။ နောက်ပိုင်းတွက် ခင်မေသစ် အမည်နှင့် သာရေးခဲ့သည်။ လက်ရှိ ပျဉ်းမနားမြို့တွင်
နေထိုင်သည်။
ဆရာမခင်မေသစ်၏
ဝတ္တုတို (၄) ပုဒ်ပါဝင်သည်။ သရုပ်ဖော်ပုံများအတွက် ပန်းချီဆရာမှာ မင်းသူရိန်ဖြစ်သည်။
အဖေ့ကိုလွမ်းလိုက်တာ
ငယ်ဘ၀ပုံရိပ်အချို့နှင့်ယှက်နွယ်ကာ ဖခင်ကိုလွမ်းဆွတ်ရသည့်အကြောင်းရေးဖွဲ့ထားသည်။
လွန်ခဲ့သော နှစ် ပေါင်းခုနှစ်ဆယ်ခန့်က ခေတ်ကာလအခြေအနေ၊ ရောင်းဝယ်ဖောက်ကားမှု၊ အနုသုခုမ၊
လူနေမှုအနေအထား စသည်တို့ကို မြင်တွေ့ရသည်။ စစ်အတွင်းကြုံတွေ့ခံစားရသော ခါးသီးနာကျင်စရာများ၊
အင်္ဂလိပ်အပြေး ဂျပန်အ၀င်ခေတ်ကာလ အခြေ အနေများ၊ ပြည်တွင်းမငြိမ်းချမ်းမှုများကိုပါ ထည့်သွင်းသရုပ်ဖော်သွားခဲ့သည်။
အမေ့ကိုလည်းလွမ်းပါတယ်
ဘာသာတရားကိုင်းရှိုင်းရုံမက မိန်းမသားတို့တတ်သင့်တတ်အပ်သော
အိမ်တွင်းမှုပညာများအပြင်၊ အရောင်း အ၀ယ် လုပ်ငန်းတစ်ဖက်နှင့် စာပေများစွာနှံ့စပ်ဖတ်ရှုနိုင်ခဲ့သော
မိန်းမသားတစ်ယောက်၏ သွင်ပြင်ကို မြင်တွေ့ရသည်။ စာပေအနုပညာ၌ ကျွမ်းဝင်ကာ သားသမီးများကို
စာပေ၀ါဿနာပါအောင် မျိုးစေ့ချပေးခဲ့သော မိခင်တစ်ယောက်၏ မေတ္တာ ပုံရိပ်ကို သိရှိခံစားရသည်။
သို့သော် ရှေးရိုးစွဲအစဉ်အလာတိုင်း သမီး မိန်းကလေးတို့အား သံကွန်ချာနှင့် အုပ်မိုးသည့်နှယ်
ထိန်းချုပ်ပဲ့ကိုင်ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။
အနောက်မှာသာတဲ့လ
မြန်မာစာပေနှင့် ယဉ်ကျေးမှုကို အနောက်တွင်
ထင်ရှားသိသာစေရန်ဖော်ထုတ်ကြိုးပမ်းသောထက်မြက်သည့် အမျိုးသမီးငယ်တစ်ဦးအဖြစ် “အနောက်မှာ
သာတဲ့လ” ဟု ဖော်ကြူးထားသည်။ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် ရှိမြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်နေသော
အရှေ့တိုင်းသူလေးနှင့်ကယ်လီဖိုးနီးယားကမ်းခြေရွာတစ်ရွာမှ အနောက် တိုင်းသားတို့ နှစ်ဦး၏
ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်ခြင်းမေတ္တာ၊ အမိမဲ့ရှာသောကလေးငယ်တစ်ယောက်၏ တွယ်တာနှောင်ငင်
ခြင်း စသဖြင့် မတူညီခြားနားသော ယဉ်ကျေးမှုများကြားမှ ပွင့်လန်းလာသော ဖြူစင်သည့် မေတ္တာတို့ကို
မြင်တွေ့ရသည်။
ဘယ်ဆီဘယ်ဝယ်ခေါ်တယ်မသိဘဲ
အက်ဆီးဒင့်တစ်ခုဖြစ်ရာမှ ခွဲစိတ်ကုသခံရစဉ်
ခံစားရသောအဖြစ်အပျက်ကို ရေးသားထားသည်။ သိစိတ်နှင့်မသိစိတ် လွန့် လူးနေစဉ် အာရုံအသိ၊
ဝေဒနာခံစားမှုကို ပေါ်လွင်အောင်ရေးဖွဲ့သည်။ ၀ိညာဉ်သည် ကိုယ်ခန္ဓာမှလွင့်စင်စဉ် ပေါ့ပါး
ဝေ့မျောကာ ဘယ်ဆီဘယ်ဝယ်ခေါ်တယ်မသိရဘဲ ခပ်ဖြည်းဖြည်းရွေ့လျားသွားသည်ဟု ပြသဖော်ညွှန်းထားသည်။
ဝတ္တုလေးပုဒ်အပေါ်
အမြင်။ ။
“အဖေ့ကိုလွမ်းလိုက်တာ”
နှင့် “အမေ့ကိုလည်းလွမ်းပါတယ်” ကို ၀တ္တုတိုထက်ဆောင်းပါးဆန်သော
ရသစာများ အဖြစ်သာ ထင်မြင်မိပါသည်။ “အဖေ့ကိုလွမ်းလိုက်တာ” တွင် အတွေးပုံရိပ်များပြားလွန်း၍လားမသိ၊
အရေးအသား ပျံ့နှံ့ နေ သယောင်ရှိသည်။ အစီအစဉ်မကျနကာ အဖြစ်အပျက်တစ်ခုမှတစ်ခုသို့ရုတ်ချည်းပြောင်းလဲသွားသည်။
(ဥပမာ- လပြည့် ညမြင် ကွင်းတွင် အဖေ့ရုပ်လုံးပေါ်လာရမည့်အစား အတွေးဝေ့၀ိုက်သွားသည်။)ခေတ်ကာလပုံရိပ်ကို
မျက်စိဝယ်မြင်လာအောင်ရေး ဖွဲ့နိုင်သည်။
“အမေ့ကိုလည်းလွမ်းပါတယ်”
တွင် မိခင်၏ရုပ်သွင်ကို ဘက်ပေါင်းစုံမှပုံပေါ်အောင်ရေးသားနိုင်ခဲ့သည်။ထက်မြက်သော မိန်းမသားတစ်ယောက်၏
အားမာန်၊ အမြင်တို့ကို ပေါ်လွင်စွာရေးသားသွားခဲ့သည်။
“အနောက်မှာသာတဲ့လ”
သည် ဇာတ်အစမှ အဆုံးတိုင်စိတ်ဝင်စားစွာဆွဲခေါ်သွားနိုင်သည်။ ဇာတ်ဆောင်စရိုက် များပေါ်လွင်သည်။
မိန်းမငယ်ဖတ်ရှုနေသော ၀တ္တုစာအုပ်အမည်ကို “၀င်ကစွပ်ကောင်လိုလူ” ဟုရွေးချယ်ထားသော နိမိတ်
ပြကောင်းမွန်ပါသည်။သဘာဝမကျဟုဆိုနိုင်သော အချက်များလည်း တွေ့ရှိရသည်။ ဥပမာ-ကယ်လီဖိုးနီးယား
ရာသီဥတု တွင် သနပ်ခါးရည်ကျဲလိမ်းခြင်း၊ ကရင်တိုင်းရင်းသားဝတ်စုံကို ထိုင်းအမျိုးသမီးနှင့်
မှားရန်ဖြစ်နိုင်ချေ နည်းပါးခြင်း..။
“ဘယ်ဆီဘယ်ဝယ်ခေါ်တယ်မသိဘဲ”
ကိုမူ ဖတ်ပျော်သောစာတစ်ပုဒ်အဖြစ်သာသတ်မှတ်ပါသည်။ သုံးသပ်ရန် ထွေထွေထူးထူး မရှိလှပါ။
ဖြိုးဖြိုး
၂၀၀၂ ခုနှစ်တွင် ဘာသာပြန်ဆိုခြင်းများ၊
ဆောင်းပါးများ၊ သတင်းများဖြင့် စာပေနယ်ထဲသို့ စတင်ဝင်ရောက် သည်။ ပထမဆုံးပုံနှိပ်ဝတ္တုမှာ
Teen မဂ္ဂဇင်းပါ “ခြောက်ရက် ငါးညတာအိမ်ထဲမှာ” ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဒုတိယအကြိမ် အွန်လိုင်းရွှေဝတ္တုတိုပြိုင်ပွဲတွင်
တတိယဆုရရှိသည်။ လက်ရှိတွင် ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွင် နေထိုင်သည်။
ဆရာမဖြိုးဖြိုး၏ ၀တ္တုတို (၅) ပုဒ်ပါဝင်သည်။
သရုပ်ဖော်ပုံများအတွက် ပန်းချီဆရာမှာ Nenad
Vuckovic ဖြစ် သည်။ ဆားဘီးယားအနုပညာရှင် ဖြစ်သည်။
စကားလုံးတွေထဲက
နင်ဟာငါ့ရဲ့စိမ်းလန်းတဲ့ကမ္ဘာ
၂၀၁၁ ခုနှစ်တွင်ကျင်းပသော ဒုတိယအကြိမ်အွန်လိုင်းရွှေဝတ္တုတိုပြိုင်ပွဲမှ
တတိယဆုရ၀တ္တုဖြစ်သည်။ ပတ်ဝန်းကျင်ထိန်း သိမ်းရေးကို အခြေပြု၍ Ecoart Installation အကြောင်းစိတ်ဝင်စားဖွယ်ရာ
တစစ ပုံဖော်ရေးသားသွားသော ၀တ္တုဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော အရာများအနက်
အမှိုက်ပေါများမှုတွင် ရှေ့ဆုံးမှနေရာယူ လျက်ရှိသော ပလတ်စတစ် တွေအကြောင်းကို မီးမောင်းထိုးဖော်ပြသွားသည်။
စွမ်းနိုင်သမျှအားအင်ဖြင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးကို အားကြိုးမာန်တက် ပြုလုပ်လေ့ရှိသော
လူငယ်လေးညီညီ၊ ညီညီ၏အနုပညာ၊ သူ့ စိတ်ကူးအိပ်မက်ထဲမှ စိမ်းလန်းလှပသော ကမ္ဘာကြီး၊ မိန်းမငယ် လေးသဇင်၏
အပြောစကားတွေနှင့် ၀တ္တုအစအဆုံး ဆွဲခေါ်သွားသော်လည်း ပတ်ဝန်းကျင်အနေအထားများ၊ ညီညီ၏ရုပ်လုံး ရုပ်ကြွတို့
ပီပြင်ကျနစွာပေါ်လွင်ခဲ့သည်။ ရေသန့်ဘူးများ စီရရီပုံဖော်ထား သည့် Art Installation နှစ်ပုံကိုပါထည့်သွင်းထားသည့် အတွက်
ပိုမိုအသက်ဝင်စေပါသည်။
ကော်ဖီကြမ္မာ
ကော်ဖီခွက်တွင် တင်ကျန်နေသော ပုံသဏ္ဍာန်တွေကိုကြည့်ကာ
ဗေဒင်ဟောပေးသော တူရကီကော်ဖီကို အခြေ တည်ကာ ရေးသားထားသည်။ မြင်,ကြား မသိနိုင်သောအရာများ၊
စိတ်နယ်လွန်အကြောင်းတရားများတွင် ဗေဒင်လည်း ပါဝင်နေသေးသည်ထင်သည်။ ကော်ဖီဗေဒင်မေးရန်
စည်းကမ်းချက်တို့ လိုကနာပေးရသေးသည်။
“ကော်ဖီကို
တစ်နေရာတည်းကပဲ သောက်နော်၊ နေရာအမျိုးမျိုးပြောင်းမသောက်နဲ့၊ ပြီးရင် ကော်ဖီအောက်ခံ
ပန်းကန်ပြားနဲ့ ဖုံးကွဲ့၊ ပြီးတော့ မီလာလိုချင်တဲ့ ဆုကို တောင်းရဦးမယ်၊ ဆုတောင်းပြီးရင်
ကော်ဖီခွက်ကို ရင်ဘတ်နားမှာ အဖုံးကို အုပ်လျက်သားကိုင်ထား၊ နာရီလက်တံအတိုင်း ဖြည်းဖြည်းချင်းအကြိမ်နည်းနည်းလှည့်ပေးရမယ်နော်၊
ပြီးရင်တော့ ကော်ဖီခွက်ကိုမှောက်လျက်သား အနေအထားမှာ ပြန်ချထားပြီး အေးအောင်ခဏစောင့်ပေး၊
တို့ မီလာ့ အနာဂတ်ကို ဖတ် ချင်တယ်”
“ကော်ဖီခွက်ကို ကော်ဖီသောက်သူကိုယ်တိုင် မဖွင့်ရဘူး၊
ကော်ဖီခွက်ကို ဖတ်မယ့်သူက ဖွင့်ရမယ်။ Open the heart လို့ မီလာ က ရွတ်ရမယ်”
ကော်ဖီဗေဒင်၏ ဟောပြောချက်များက မီလန်ကာ့အတွက်
တစ်ခုပြီး တစ်ခုမှန်ကန်စေခဲ့သည်။ ကော်ဖီတစ်ခွက်က ကြမ္မာကိုဖန်တီးနိုင်သည်လား။ ဇာတ်ကောင်
မီလန်ကာက စိတ်ဝင်စားဖွယ် ဆွဲခေါ်သွားခဲ့သည်။
လမ်းပေါ်ကအိမ်
အိမ်ထဲက ပိုင်ရှင်မဲ့ ကျွန်တော်တို့
ပိုင်ရှင်မဲ့ခွေးကလေးသုံးကောင်အကြောင်း
ရေးသားထားသည်။ ပိုင်ရှင်မဲ့၊ ချစ်ခင်သူမဲ့နေခြင်းကြောင့် မည်းမည်း မြင်ရာ ရန်လိုနေသလို၊
ထို ရန်လိုမှုကြောင့်ပင် ပတ်ဝန်းကျင်မှလူများက အနှောက်အယှက်၊အန္တရာယ်အဖြစ် ယူဆလာကာ ရှင်းဖယ်ရန်
ကြိုးစားလာကြသည်။ သူတို့ကို ချစ်ခင်မည့်သူဟူ၍ တစ်ဦးသာရှိသည်။ ထိုသူမှာလည်း လူအများနှင့်
ကင်းပြတ် ကာ အစေးမကပ် လှသော ဂွစာလိုလူ။ ရေးသားရာနိုင်ငံ၏ အခြေအနေအလိုက် ပိုင်ရှင်မဲ့ခွေးတွေအတွက်
ခွေးအိမ်ကလေး များ၊ အိမ်ကလေး ထဲမှ မွေ့ရာ စသည်တို့ကို စည်ပင်သာယာမှ ပံ့ပိုးပေးထားသည်ကိုလည်း
သိမြင်ရသည်။
တားမြစ်ထားသောဥပဒေအရ တိရိစ္ဆာန်များကိုသတ်ခြင်း၊
အခြားနေရာပို့ပစ်ခြင်းများ ပြုလုပ်၍မရသောအခါ ၎င်းတို့ နှင့်သက်ဆိုင်သော အိမ်နှင့် အသုံးအဆောင်များကို
စည်ပင်မှ လာသိမ်းသွားခဲ့သည်။ အေးမြလှသောဆောင်းဦးရာသီတွင် အထိန်းအကွပ်မရှိတော့သော ခွေး
သုံးကောင် ဆိုးချင်တိုင်းဆိုးနေကြချိန်တွင် ပိုင်ရှင်ရှိသော ခွေးများက လူအများကြား
ချစ် ခင်မှုကို ခံယူလျက်ရှိကြသည်။ ခွေးသုံးကောင်နှင့် လူများ အပြန်အလှန်မုန်း၊ ၎င်းတို့ကိုချစ်ခင်သော
ရှားရှားပါးပါး လူ တစ် ယောက်နှင့် လူအများ အပြန်အလှန်မုန်း…..စသည်တို့ကို ဖော်ကြူးထားသည်။
“ကျွန်တော်
မမုန်းချင်ပါဘူး။ တကယ်ဆို ကျွန်တော် သိပ်ချစ်တတ်ပါတယ်။ အထူးသဖြင့် ဘယ်သူမှ ချစ်မယ့်သူ
မရှိတဲ့ ဘစ်ဂ်၊ စမာ့ထ်နဲ့ ခွိုင်းယက်ထ်တို့ကိုပေါ့”
သူ့အကြိုက်ပုံတူ
မိန်းမပျိုတစ်ဦး၏ ပုံတူကိုရေးဆွဲသည့်အကြောင်းဖော်ပြထားသည်။
ပုံတူသည် ပုံတူဟူသောအမည်နှင့် လျော်ညီ စွာထပ်တူကျအသက်ဝင်ဖို့ ပန်းချီဆရာက ရေးဆွဲခဲ့သည်။
ပန်းချီ၏ မျက်ဝန်းတွင်ပါ အပြင်မှ အဇ္ဈတ္တကိုထင်ဟပ်စေဖို့ ပန်းချီ ဆရာကကြိုးပမ်းခဲ့သည်။
သို့သော် သဘာဝ၏ အရှိတရား၊ မိမိလက်ခံရရှိထားသောအရာများကို မနှစ်သက်နိုင်သည့် မိန်းကလေးက
တစတစ ပြင်ခိုင်းသောအခါ ပုံတူသည် ပုံတူမဟုတ်တော့။ ဒါကိုပဲ တူလှပါသည်ဟု တဖွဖွပြောဆိုနှစ်သက်
ကြသောအခါ သူဆွဲခဲ့သည်မှာ ပုံတူမဟုတ်ဘဲ လိုအင်ဆန္ဒများသာဖြစ်ကြောင်း ပန်းချီဆရာသိမြင်လာသည်။
ယဉ်ကျေးမှုအရသာရောင်းတဲ့ဆိုင်
“လက်ဖက်ကောင်းစားချင်
ပလောင်တောင်တက်နှေးရတယ်” မြန်မာစကားပုံပမာပင်။ “ရှာဗာဘစ်ခ်ျ” ဟူသော ကော်ဖီ ဆိုင်ကလေးသည်
စောင့်ဆိုင်းရခြင်းတွေများပြားသလောက် အစားအသောက်တို့က ကောင်းမွန်လှသည်။
“မှာထားတဲ့
အစားအသောက်တွေ မြန်မြန်ဆန်ဆန်ကြီး ချပေးလိုက်ရင် ယဉ်ကျေးမှုမရှိရာ ရောက်တယ်ဆိုပဲဗျ။
စားသုံးသူကို ကိုယ့်တိုင်ကနေ မြန်မြန်စား၊ မြန်မြန်သွားသဘောမျိုး ဖြစ်မှာစိုးတယ်။ အေးအေးဆေးဆေး
စကားလက်ဆုံ ကျပြီး စားကြသောက်ကြ၊ ရယ်ကြမောကြပေါ့ဗျာ”
စောင့်ဆိုင်းရခြင်းတွေမှာ မနှစ်မြို့တတ်ကြပေမယ့်
စောင့်ဆိုင်းရခြင်းအလွန်မှာ ကောင်းမွန်ခြင်းတွေ ရမည်ဆိုလျင် တော့ “စောင့်ဆိုင်းခြင်း
ယဉ်ကျေးမှုထဲမှာ အားပါးတရနေထိုင်နိုင်သည်”ဟု ဖော်ပြထားသည်။
ဝတ္တုတို (၅) ပုဒ်အပေါ်အမြင်။ ။
“စကားလုံးတွေထဲက နင်ဟာငါ့ရဲ့စိမ်းလန်းတဲ့ကမ္ဘာ” သည် ရည်ရွယ်ချက်ကောင်းမွန်ကာ
ပတ်ဝန်းကျင် ထိန်းသိမ်းမှုအကြောင်း လှပစွာတင်ပြသွားနိုင်သည်။ ဇာတ်ကောင်ညီညီနှင့် သဇင်တို့၏
သွင်ပြင်နှင့် စိတ်နေစိတ်ထားတို့ကို ပီပြင်စွာပုံဖော်နိုင်ပြီး အဖွင့်အပိတ်၊ အခန်းအကူးအပြောင်း
သေသပ်လှပသည့် ၀တ္တုတစ်ပုဒ်ဖြစ်သည်။
“ကော်ဖီကြမ္မာ” သည်ဆန်းသစ်သော အကြောင်းအရာဆစ်ခုကို ပီပြင်စွာပုံဖော်သွားနိုင်သည်။
ဇာတ်ကောင် မီလန်ကာနှင့်အတူ စာဖတ်သူပါ ခံစားမျောပါသွားအောင် ရေးဖွဲ့သွားခဲ့သည်။
“လမ်းပေါ်ကအိမ် အိမ်ထဲက ပိုင်ရှင်မဲ့ ကျွန်တော်တို့” သည် လူတစ်ယောက်၏ အပြောနှင့်
တိရိစ္ဆာန် (ခွေး) သုံးကောင်၏ စရိုက်၊ ပတ်ဝန်းကျင်ကို ပုံဖော်နိုင်ခဲ့သည်။ ချစ်ခြင်းမေတ္တာ၊
အသိအမှတ်ပြုမှုတို့၏ တန်ပြန်သက်ရောက်မှု ကို မြင် သာစေသည်။
“သူ့အကြိုက်ပုံတူ” သည် လူသားများ၏ သဘာဝအရှိတရားအပေါ် မရောင့်ရဲနိုင်မှု၊ အတောမသတ်နိုင်သော
လိုအင်ဆန္ဒ၊ အာသီသတို့ကို ပုံဖော်ထားသည်။ ပုံတူကို တဖြည်းဖြည်းရေးဆွဲသည်ကို ဖော်ပြထားသည်မှာ
စိတ်ဝင်စား စရာကောင်းသည်။
“ယဉ်ကျေးမှုအရသာရောင်းတဲ့ဆိုင်” သည် အကြောင်းအရာနယ်ပယ်စိမ်းသက်နေခြင်းက
စိတ်ဝင်စားမှုကိုတော့ ဖြစ်စေပါသည်။ ၀တ္တုတစ်ပုဒ်အနေနှင့်တော့ အထွေအထူးသုံးသပ်ရန်မရှိပါ။
စုမီအောင်
၁၉၉၂
ခုနှစ်၊ ရောင်စုံမဂ္ဂဇင်းတွင် “ပိုင်ရှင်” အမည်ရှိဝတ္တုတိုဖြင့် စာပေနယ်ထဲသို့စတင်ဝင်ရောက်သည်။
လက်ရှိ ရန်ကုန်မြို့တွင်နေထိုင်သည်။
ဆရာမစုမီအောင်၏
ဝတ္တုတို (၄) ပုဒ်ပါဝင်သည်။ သရုပ်ဖော်ပုံအတွက် ပန်းချီဆရာမှာ ညီညီဝင်းနိုင်ဖြစ်သည်။
မြို့ကလေးမှာ
မေမေပျော်ပါစေ
အနှစ်နှစ်ဆယ်နီးပါး ဝေးကွာလျက်ရှိသော ဇာတိမြို့ကလေးသို့
ခေတ္တပြန်အရောက် အစစအရာရာ ပြောင်းလဲလျက် ရှိသော မြို့ကလေး၏တိုးတက်မှု၊ လျော့ပါးမှုဂရပ်မျဉ်း၊
အချိန်ကာလအလိုက် ပြောင်းလဲလာသော စိတ်အခြေအနေ များကို အသေးစိတ်သရုပ်ဖော်ထားသည်။ စာပေစိစစ်ရေးကာလဖြစ်သည့်အတွက်
နေပြည်တော်နှင့် ပျဉ်းမနားကို ဗေလာ စီးတီးနှင့် ပိုဗက်စတာဟု အမည်ပေးထားရာ တစ်မျိုးဆန်းသစ်၍တော့နေသည်။
နေပြည်တော်သို့ တိုက်ရိုက်သွားရထားက ပျဉ်းမနား ဘူတာတွင် မရပဘဲရထားအရှိန်နှေးပေးကာ ၀န်စည်စလယ်များနှင့်
ခုန်ချစေသည့် ဖြစ်ရပ်ကတော့ မျက်ခုံးပင့် စရာပင်။ အမှန်ပင် ပျဉ်းမနားဘူတာရုံဟောင်းကို
အသုံးမပြုကြတော့ပြီလား..။ မိသားစုနှင့် ပြန်လည်ဆုံတွေ့ချိန် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ များ
ပြောင်းလဲနေသည်ကို သိရှိသောစိတ်ခံစားမှု၊ ဟန်ချက်ညီညီလှုပ်ရှားနေကြသော မြို့ကလေး နှင့်
မိသားစု၏နေ့စဉ် ဒိုင်ယာရီ သည် သူမနှင့် စိမ်းသက်စွာ အကျွမ်းတ၀င်မဖြစ်မှုတို့ကို ဖော်ပြထားသည်။
စာပေ၀ါဿနာနှင့် စာအုပ်စာပေများကြား နစ်မြုပ်နေ သောမိခင်အတွက် လုံလောက်သောထောက်မမြှင့်တင်ခြင်း၊
တစ်စုံတစ်ရာပံ့ပိုးပေးမှုများ မြို့ကလေးကပေးနိုင် ပါရဲ့လားဟူ၍ လည်း တွေးတောကာ မြို့ကလေးမှာ
မေမေပျော်ပါစေဟု တောင်းဆုဖြင့် အဆုံးသတ် ထားသည်။
အိမ်အလွမ်းနဲ့
အလွမ်းအိမ်
မိမိမွေးဖွားနေထိုင်ခဲ့ရာ ဇာတိမြို့ရှိအိမ်ကလေးအပေါ်
လွမ်းစိတ်များဖြင့် အိမ်သို့ခေတ္တပြန်ရောက်လာကာ အတိတ်ကာလ မှ မိသားစု စုံစုံညီညီ၊ မောင်နှစ်မသိုက်သိုက်ဝန်းဝန်းဖြင့်
ပျော်ရွှင်ကြည်နူးခဲ့ကြပုံကို ပြန်မြင်ယောင်ရင်း ပုံဖော်ထား သည်။ အိမ်ကို လွမ်းဆွတ်ခြင်းကြောင့်
တိုးတက်ပြောင်းလဲလာသော ပတ်ဝန်းကျင်အနေအထားတွေကို စိတ်မ၀င်စားတော့ ဘဲ အိမ်ထဲမှာ ထိုင်နေ ချင်သောစိတ်…။
အိမ်၏ တစ်ခန်းစီ၊ တစ်နေရာစီတွေ လိုက်ကြည့်ရင်း ငယ်ဘ၀ပုံရိပ်များ တရိပ်ရိပ် မြင်ယောင်ပုံပေါ်လာစေသည်။
မိမိကိုယ် မိမိ အိမ်လွမ်းခြင်းဝေဒနာခံစားနေရသည်ဟု ထင်သော်လည်း အိမ်ကို အခင်တွယ် ဆုံးမို့
အိမ်ကို အလွမ်းဆုံးက ဖခင် ပင်ဖြစ်ကြောင်း ဖော်ပြထားသည်။
“အိမ် ရဲ့ အရိပ်က ထာဝရအေးမြမယ်မှန်းသိလျက်နဲ့ အရိပ်အကာအလုံအလောက်မရှိ၊
မရေရာ၊ မသေချာတဲ့ ခရီး တွေထဲ တစ်နေ့နေ့ ရောရာ သေချာလိမ့်နိုးနိုးနဲ့ ရှာဖွေမျှော်ကိုးရင်း
တိုးဝင်နေကြရတာပါ။
အပြောင်းအလဲတွေနဲ့ ခရီးဆန့်ထွက်နေရပေမယ့်
အိမ်ကို လွမ်းတဲ့ အလွမ်းစိတ်ကတော့ ပြောင်းလဲလျော့ပါးခြင်း မရှိဘဲ ကျွန်မတို့ရင်မှာ
ပြင်းစွာစုရစ်နှောင်ဖွဲ့နေဦးမှာပါ”
သမီးရဲ့ညနေခင်းထဲက
လွင့်စဉ်သွားတဲ့ကောင်လေးတစ်ယောက်အကြောင်း ဖေဖေ့ကို ပြောပြချင်လို့
အိပ်မက်များကို အကောင်အထည်ဖော်ရန် ကြိုးစားရင်း ဘ၀ကိုရိုးသားစွာရုန်းကန်လျက်ရှိသော
ဂရပ်ဖစ်ဒီဇိုင်နာ မိန်းကလေးငယ်တစ်ယောက်အကြောင်း ဖြစ်သည်။ စိတ်ကူး၊ စိတ်သန်းများကို
လွတ်လပ်စွာ ဖော်ထုတ်ခွင့်မရဘဲ စေခိုင်းခံ တာဝန်ဝတ္တရားများနှင့် ကန့်သတ်ဘောင်အတွက်း
နစ်မြုပ်နေသည်ကို ဖော်ပြသည်။ လုပ်နိုင်စွမ်းသော အရည်အချင်းထက် လုပ်ငန်းရှင်နှင့်လူမှုရေးအရ
သင့်မြတ်နေမှသာ အဆင်ပြေနိုင်သည့် လုပ်ငန်းခွင်သဘာဝကို တင်ပြထားသည်။ အင်တာနက် နယ်ပယ်မှ
တဆင့် ၀ါဿနာပါရာပညာတွေ လေ့လာရင်း၊ မိတ်ဆွေအချို့နှင့် အတွေးအမြင်ချင်း ဖလှယ်၊ အိပ်မက်များကို
အသက်သွင်းရှင်သန်စေခဲ့သည်။ ခံစားချက်၊ လိုအင်ဆန္ဒ၊ အနာဂတ်စိတ်ကူး စသည်တို့ကို စကားလုံးတွေဖြင့်
ဖလှယ်ရင်းမှ လူငယ်လေးတစ်ယောက်နှင့် သံယောဇဉ်တွယ်မိခဲ့သည်။ နောက်ပိုင်းတွင် မိန်းကလေးငယ်၏
သံယောဇဉ်နှောင်ကြိုးမှာ အပိုင်းပိုင်း အစစလွင့်စင်သွားခဲ့ရသည်ကို ဖခင်အား တိုင်တည်ပုံဖြင့်
ရေးသားထားပါသည်။
အတွေးထဲမှာ
ကျွန်တော်တော့ အိမ် ကိုရောက်တယ်
အိမ်နှင့်ဝေးလံသောကမ္ဘာတစ်ခြမ်းတွင် ရောက်နေသည့်
လူငယ်တစ်ဦး၏ အိမ် ရှိရာဆီသို့ အတွေးများ ဝေ့၀ဲမျော လွင့်ကာ လွမ်းဆွတ်သည့် အတွေး ခံစားချက်များကို
ပုံဖော်ထားသည်။ သူ၏ အိမ်ကိုလွမ်းသည့် အတွေးများထဲမှ မိသားစု ဘ၀၊ မောင်နှစ်မပုံရိပ်များကို
တစစစ ရေးသားသွားသည်။ အဝေးရောက် သားသမီးများနှင့် ဆက်သွယ်ရလွယ်ကူရန် အသက်ခုနှစ်ဆယ်ကျော်မှ
ကွန်ပြူတာစာစီစာရိုက်နည်း၊ အင်တာနက်၊ အီးမေးလ် အသုံးပြုနည်း သင်ယူသည့် မိခင်တစ် ယောက်၏
ချစ်ခြင်းဆန္ဒကိုလည်း မြင်ရသည်။ လက်ရှိနေထိုင်ရာ ပတ်ဝန်းကျင်မှ လူနေမှုစရိုက်၊ ရုန်းကန်ရှင်သန်နေသော
လူငယ်များ၏အားမာန်တို့ကိုဖော်ပြရင်း အိမ်နှင့်အဝေးကြီးတွင် ရှိနေသော်လည်း အတွေးထဲတွင်
အိမ်ကိုနေ့တိုင်းရောက်ပါ သည်ဟု အဆုံးသတ်ထားသည်။
ဝတ္တုတို
(၄) ပုဒ်အပေါ်အမြင်။ ။
“မြို့ကလေးမှာ
မေမေပျော်ပါစေ” သည် ၀တ္တုအစ အဆုံး ဇာတ်ကောင်နှင့်အတူ စာဖတ်သူလိုက်ပါသွားနိုင်သည်။
ရထားပေါ်မှ ဘူတာရုံအဆင်း အတွေ့အကြုံများ၊ ခရီးလမ်းအတွေ့အကြုံ၊ မြို့ကလေး၏ ပုံရိပ်များ၊
ဝေးကွာသွားခဲ့၍ စိမ်း သက်နေသဖြင့် လူ၊ မြို့၊ နေရာဌာနများအတွက် ခံစားချက်အဖုံဖုံများကို
အစီအစဉ်ကျကျရေးဖွဲ့သည်။
“အိမ်အလွမ်းနဲ့ အလွမ်းအိမ်” သည် မူလမြို့ကလေးမှ ခံစားချက်များနှင့် အနည်းငယ်တူညီနေပါသည်။
“သမီးရဲ့ညနေခင်းထဲက
လွင့်စဉ်သွားတဲ့ကောင်လေးတစ်ယောက်အကြောင်း ဖေဖေ့ကို ပြောပြချင်လို့” သည် စိတ်ကူးအိပ်မက်များဖြင့်ရှင်သန်နေသော
မိန်းမငယ်လေးတစ်ယောက်၏ ဘ၀ပုံရိပ်ကို ပီပြင်စွာဖွဲ့ဆိုနိုင်ပါသည်။ အချစ် အကြောင်းတွင်မူ
“အုပ်စိုးခိုင်”၏ ဘ၀ကို သိမြင်ခြင်းဇာတ်ကွက်က ရှပ်ရှင်တော့ဆန်ပါသည်။ မည်သို့ဆိုစေ ဖခင်အား
တိုင် တည်ပြောပြ နေသော သမီးလေးတစ်ယောက်၏ စိတ်ခံစားချက် အလုံးစုံကိုအား ပီပြင်နိုင်ခဲ့ပါသည်။
“အတွေးထဲမှာ ကျွန်တော်တော့
အိမ် ကိုရောက်တယ်” သည် အဖွင့်အပိတ်ညီညာသေသပ်သော ၀တ္တုတိုဖြစ် သည်။ လက်ရှိလူနေမှုကူးလူးဆက်ဆံရေး
နှင့် အဝေးရှိမိသားစု ပုံရိပ်အချို့ကို ပီပြင်ကျနစေခဲ့သည်။
****
“၀တ္တုတိုသုံးယောက်”
ရှိ ၀တ္တုတိုများသည် မိသားစုတွင်းမှ အမှတ်တရစုစည်းမှုဖြစ်သည့်အတွက် မိခင်၊ ဖခင်တို့ အတွက်
အမှတ်တရစာ၊ အဝေးရောက် သား၊ သမီးများ၏ အိမ်လွမ်းစာ စသည့် ၀တ္တုတို့က ပိုများပါသည်။ စာဖတ်သူကိုမူ
ကား အနည်းငယ်ထပ်သောခံစားမှု ဖြစ်စေနိုင်ပါသည်။ သို့သော် ဆန်းသစ်သောဝတ္တုတိုများ၊ ရှုထောင့်တင်ပြပုံကွဲပြားသော
ဝတ္တုများ၊ လူငယ်တို့၏ စိတ်ကူးစိတ်သန်း အိပ်မက်များကို ပေါ်လွင်စေသည့် ၀တ္တုတိုများ ပါရှိသည့်အတွက်
ကောင်းမွန် သော ရသစာအုပ်တစ်အုပ်အဖြစ်မှတ်ယူမိပါသည်။ ။
မေတ္တာဖြင့်
ရွှေအိမ်စည်
19.9.2013
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
နောက်ဆက်တွဲဖြည့်စွက်ချက်
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
၂၀၁၃၊ အောက်တိုဘာလ (နယူးစတိုင်မဂ္ဂဇင်း)
ခေါင်းစဉ်ကို ကြည့်လိုက်ကတည်းက ဖြိုးဖြိုးတို့ စာအုပ်ကို သုံးသပ်ချက်ရေးတော့မယ်ဆိုတာ သိတယ်...နေဦး ညီမရေ...စာအုပ်ကို အရင်ဖတ်လိုက်ဦးမယ်...ပြီးမှ သုံးသပ်ချက်ပြန်ဖတ်တော့မယ်...ကြိုသိထားရင် ဖတ်ရတာ ပေါ့မှာစိုးလို့...း)
ReplyDeleteစာပေသုံးသပ်ချက်ကတော့ ရွှေအိမ်စည်ရဲ့ ရေးဟန်အတိုင်း ရှင်းရှင်းလင်းလင်းနဲ့ တိကျပါပေရဲ့ဗျာ....၊း)
ReplyDeleteဒီစာအုပ်ကလေးအကြောင်းကို အခုမှ ကြားဖူးပေမယ့် ညီမသူသူရဲ့ သုံးသပ်ချက်အရ စိတ်ဝင်စားဖို့ ကောင်းတဲ့ စာအုပ်လေးတစ်အုပ်လို့ ထင်မြင်မိတယ်၊ နည်းနည်း ပုဂ္ဂိုလ်ရေး နည်းနည်းဆန်သလို ဖြစ်ရင်တောင်မှ ခေတ်ကာလ အခြေအနေနဲ့ နေရာဒေသ အပြောင်းအလဲတွေကို သိခွင့်ရမှာ ကျေနပ်စရာပါ..၊ အခုလို မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ...။
စာမေးပွဲ ပြီးပြီဆိုတော့ စာအုပ်တွေ ဖတ်တော့မယ်
ReplyDeleteဒီအပတ် ပျဉ်းမနား တက်ပြီး စာအုပ်သွားဝယ်မယ်
ဒီစာအုပ်လေးပါ ဝယ်ခဲ့မယ်
ဖတ်ကြည့်လိုက်ဦးမယ် မမရေ
မနေ့ကပဲ ဆရာဝဏ္ဏလင်းက ပဲ့တင်သံဂျာနယ်မှာ ဖတ်ညွှန်းရေးထားတာ ဖတ်လိုက်ရသေးတယ်။ သူသူရေးတာလေးဖတ်လိုက်ရတာ ပိုပြည့်စုံသွားတယ်။ သားအမိသုံးယောက် ကလောင်စောင်းထက်ထက်နဲ့ ရေးထားတာ တကယ့်ကို မြိုင်လှတယ် ညီမရေ..။
ReplyDeleteEveryonme loves it whenever people get together and share views.
ReplyDeleteGreat site, keep it up!
Also visit my webpage: designing a blog
"၀တ္တုတိုသုံးယောက်" မိတ်ဆက်ပေးတဲ့အတွက်ကျေးဇူးပါနော်။
ReplyDeleteဒီတစ်ခေါက်ပြန်လာရင် ကျွန်မရဲ့ သေတ္တာက စာအုပ်တွေနဲ့ပြည့်နေလိမ့်မယ် ထင်ပါရဲ့။ ;)
ပြည့်စုံတဲ့ စာပေသုံးသပ်ချက် ဆောင်းပါး တစ်ပုဒ် ... ။
ReplyDeleteဖြိုးဖြိုးတို့ စာအုပ်အမြည်းလေးရော၊ သုံးသပ်ချက်လေး ကျေးဇူးတင်ပါတယ်။ ညီမလေး သုံးသပ်ရေးထားတာ တကယ်ကောင်းတယ်
ReplyDelete"၀တ္တုတိုသုံးယောက်"......ဆိုလို့စိတ်ဝင်စားမိတယ်ညီမငယ်ရေ
ReplyDeleteအမကမဖတ်ရသေးဘူး အင်တာနက်မှာရှိလားရှိခဲ့ရင်ရှာဖတ်မလို့ပါ.....
လမ်းကြုံရင်
ReplyDeleteဂျမ်းပုံကို မှာပြီး ဖတ်မည် ။
ပုံ/
ကြုံတိုင်းကြံ