Saturday, September 7, 2013

ဗီးယားလ် ချုစ် စင်းဂ် ၀ဲယားလ် ဂွဒ်ဘိုင်


အကြောင်းအရာ ရှိပြီးသား ဇာတကလာ ဘုရားဟော ဇာတ်နိပါတ်တော် အကြောင်းအရာ အဟုတ် ကို ဟုတ်အောင်ရေးနိုင် ခြင်းထက် ဘာမဟုတ်တဲ့ ဆီမီးခွက်လေး တစ်ခွက်အကြောင်းကို ဟုတ်အောင်ရေးနိုင်   ခြင်း က ပိုပြီးခက်ခဲသည်ဟု ဆရာကြီး ပီမိုးနင်းမှ စာရေးလိုသော် ၀တ္တုတွင် လည်း ကောင်း၊ အစဉ်အမြဲ ရှင်သန်နေလိုသော ၀တ္တုတိုရေးသမား တစ်ယောက် ဖြစ်လိုပါက အဘိဓာန် တစ်အုပ်ကို လှန်၍ ရရှိလာ   သော စကားလုံးကို ၀တ္တုတိုဖြစ်အောင် ရေးသားပါဟု ဆရာနေမျိုးမှ လည်းကောင်း အသီးသီး ချောက်ချခဲ့ သည့်အတွက် အဘိဓာန် တစ်အုပ်ကို လှန်လှောကြည့်မိရာမှ ဘာမဟုတ်သည့် စကားလုံးလေးများမှသည် အဖြစ်အပျက်တစ်ခု(သို့) ဘ၀တစ်ခု ဖြစ်တည်လာသည်ကို ရေးသားလိုက်ပါသည်။

* * *
bear (v) မွေးဖွားသည်။

သြဂုတ်လရဲ့ မိုးသည်းထန်တဲ့ နေ့တစ်နေ့မှာ ”အူဝဲ”ဆိုတဲ့အော်မြည်သံနဲ့အတူ လူ့လောကကြီး ထဲကို ကလေးငယ်လေး တစ်ယောက် အဖော်မပါဘဲ ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အိန္ဒြာကျော်ဇင် မဟုတ်ပေ မယ့် ကျွန်တော်တော့ ဖြစ်နေခဲ့ ပါတယ်။ (မဆန်းပေဘူးလား)။ သို့သော် အမေကလည်း မဆန်း၊ အဖေက လည်း မဆန်း၊ ပတ်ဝန်းကျင်ကလည်း မဆန်း တဲ့အတွက် တစ်ယောက်တည်း ဆန်း နေတဲ့ ကျွန်တော် မဲ အကန့်အသတ်မရှိ ပြိုင်ပွဲရပ်အဖြစ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ကျွန်တော့်ကို လူ့လောကထဲ ရောက်စေခဲ့တဲ့ အဖေ နဲ့အမေမှာ ရင်နှစ်သည်းချာ သားသမီးရတနာဆိုလို့ ကျွန်တော် တစ်ဦးတည်းသာ ရှားရှားပါးပါး ရှိနေတဲ့ အတွက် အလွန်တရာ ချစ်ခင်မြတ်နိုးခဲ့ကြပါတယ်။

မိဘတွေရဲ့ အလိုလိုက်ခံ၊ အချစ်ခံဘ၀မှာ အေးချမ်းစွာ နေရပေမယ့်လည်း ကျွန်တော့်မှာ တွေး စရာတွေ အများကြီးရှိပါ တယ်။ တွေးခေါ်ခြင်းဆိုတာ လူသားတစ်ယောက်အတွက် မဖြစ်မနေလိုအပ် တဲ့အရာတစ်ခု လို့ လက်ခံ ယုံကြည်ထားပါ တယ်။ တွေးခေါ်ခြင်းကြောင့်သာ ကမ္ဘာလောကကြီးဟာ တိုးတက် ပြောင်းလဲ လာခဲ့တာပါ။ လူသားတွေရဲ့တွေးခေါ်ခြင်းဟာ အစွမ်းထက်မြက်တဲ့ တန်ခိုးရှင်၊ နတ်ဒေ၀တာတစ်ပါးလို့ စွဲမြဲစွာ လက်ခံထားပါတယ်။

စာရေးရင် လူတွေဘာကြေင့် လက်နဲ့ရေးသလဲ၊ မျက်ဝန်းကရေတွေ စီးကျရင် ဘာကြောင့်ငိုတယ် လို့ ပြော သလဲ၊ ခွေးတွေ ၀ုတ်ဝုတ်လို့ဟောင်တာ ဘာကြောင့်လဲ၊ ကြောင်တွေ ညောင်ညောင်လို့ အော်တာ ဘာ   ကြောင့်လဲ စတဲ့တွေးခေါ်မှုတွေနဲ့ ရင့်ကျက်လာတဲ့ ကျွန်တော်ဟာ ဒီလိုသေးသေးမွှားမွှား အတွေးအခေါ်   တွေနဲ့ ရောင့်ရဲတင်းတိမ် မနေ ချင်တော့ပါဘူး။

ဒီလိုနဲ့ ကျွန်တော်ဟာ မွေးဖွားခြင်းဆိုတဲ့ အကြောင်းအရာသစ်တစ်ခုဆီ တွေးခေါ်ဖို့အလည် အပတ်ရောက်ရှိ သွားပါတယ်။ ကျွန်တော် ရောက်ရှိသွားတဲ့ နေရာမှာ ကျွန်တော့်အတွက် ရင်းနှီးနွေး ထွေးမှုတွေ ရှိမနေဘဲ   အေးစက် စိမ်းသက်မှုတွေသာ ရှိနေခဲ့ပါတယ်။ ပထမဦးဆုံး တူးဆွခြင်းအဖြစ် အမေ့ကို မေးခွန်းတစ်ခုနဲ့ စတင်ခဲ့ပါတယ်။
"အမေ ကျွန်တော့်ကို ဘာကြောင့်မွေးတာလဲဟင်”

ကျွန်တော်ရရှိတဲ့ အဖြေက စကားလုံးများ မဟုတ်ဘဲ အမေ့လက်ဆစ်တွေ ခေါင်းပေါ် အရှိန် ပြင်းပြင်း ကျ လာခြင်းပဲ ဖြစ်ပါတယ်။ အောင်မြင်ထင်ရှားတဲ့ သူတိုင်းမှာ အခက်အခဲဆိုတာ ရှိစမြဲမို့ ကျွန်တော် အခက်အခဲ တစ်ခုနဲ့တွေ့တိုင်း အောင်မြင် ထင်ရှားဖို့ နီးစပ်လာပြီဆိုတာကို လက်ခံနားလည် ထားပါတယ်။

ရှာဖွေရင်း၊ တွေးတောရင်းနဲ့ အဖြေတစ်ခုကို ကျွန်တော်ရရှိခဲ့ပါတယ်။ မွေးဖွားခြင်း ဆိုတဲ့ ဆုံချက်ဗဟိုရှိရာ ဟာ ဆေးရုံ ပါ။ အဲ့ဒီ့မှာ ဆရာဝန်တွေ၊ သူနာပြုတွေရှိပါတယ်။ ဒပ်ဖရင်လို့ခေါ်တဲ့ မီးဖွား ရာဌာနကြီးတစ်ခု ရှိသလို ကိုယ်ဝန်ဆောင် သည်တွေလည်း တည်ရှိနေ တတ်ပါတယ်။ ပုဂ္ဂလိက ဆေးတိုက်နဲ့ အိမ်မှာ သီးသန့် မွေးဖွားတာကလွဲရင် မွေးဖွားခြင်း တည်ရှိတာ ဆေးရုံပါ။ ဒါကြောင့် နောက်ဆုံးအဖြေတစ်ခုကို စစ်တမ်းထုတ် ကောက်ယူလို့ ရခဲ့ပါတယ်။
”မွေးဖွားခြင်းဆိုတာ ဆေးရုံ”

အမေက ကျွန်တော့်ကို သနားစရာ သတ္တါတစ်ကောင်ကို ကြည့်ပုံမျိုးနဲ့ ကြည့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လျစ်လျူ ရှုလိုက်ပါတယ်။ လူဆိုတာ အမြင့်ရောက်လေ လေတိုက်ခံရမြဲ မဟုတ်ပေလား။

* * *
choose (v) ရွေးခြယ်သည်။

လူတွေရဲ့ဘ၀မှာ ရွေးခြယ်ခြင်းဆိုတာ လိုအပ်ချက်တစ်ခုဆိုတာကို မကြာမီအချိန်ကလေးကမှ သိခွင့်ရတာ ပါ။ ကျွန်တော် ဆယ်တန်းအောင်မြင်ပြီးတဲ့အချိန်မှာ ကျွန်တော့်အဖေက ကျွန်တော့် အတွက် ရွေးခြယ်ခြင်း   တွေသယ်ဆောင်လာပါတယ်။

”မင်း အမှတ်က အီကိုမှီတယ်။ ဒီတော့ ကျောင်းမဖွင့်ခင် စာရင်းကိုင်သင်တန်းလေးဘာလေး တက်ထား   ပေါ့။ အဲ ဒါကို ၀ါဿနာမပါရင် I.R တက်။ဒါဆိုဘယ်မေဂျာယူမလဲ။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ တရုတ်၊ ရုရှ. . .။အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန် သုံးခုထဲက တစ်ခုခုယူ။ ကျန်တာတွေ မယူနဲ့။ ယူမယ့် ဘာသာအတွက် လည်း သင်တန်းလေးဘာလေး တက်ထားမှ။ ဟေ့ကောင် ပြော ဘာယူမလဲ။ ကိုယ်ဝါဿနာပါတာ တက်ပေါ့”

အဆက်မပြတ်လှုပ်ရှားနေတဲ့ အဖေ့ပါးစပ်ကို ငေးကြည့်မိရင်း အတွေးတစ်ခုကို တွေးတော နေမိတယ်။ အခုအချိန်မှာ စိတ်ပညာ ဒါမှမဟုတ် မြန်မာစာကို ယူချင်တယ်လို့ ပြောမိရင် ဘယ်လို နေမှာပါလိမ့်လို့ပါ။ ကျွန်တော်ဟာ သူတစ်ပါးရဲ့ တက်ကြွခြင်းကို ဖျက်ဆီးချင်သူ မဟုတ်ပါဘူး။ ဒါပေမယ့် အရက်သောက် တာမကောင်းဘူးလို့ပြောပြီး တစ်နေ့ကို အရက်တစ်ပုလင်း သောက်တဲ့ ဦးလေးတစ်ယောက် ရဲ့ထုံးကို   နှလုံးမူပြီး အဖေ့ရဲ့တက်ကြွခြင်းတွေကို ဖျက်ဆီးပစ်လိုက် ပါတယ်။

အဖေနဲ့အကြီးအကျယ်ဆွေးနွေးခဲ့ရတာကိုတော့ အကျယ်တ၀င့်ရှင်းပြမနေတော့ပါဘူး။ နောက် ဆုံးတော့တစ်ဦးတည်း သောသားတစ်ယောက်ရဲ့ အထူးမူပိုင်အခွင့်အရေးအရ မြန်မာစာကိုပဲ ယူဖို့ အဖေက အင်တင်တင်နဲ့ သဘောတူလိုက် ရ ပါတယ်။

အားလပ်ချိန်အတော်အတွင်းမှာ ကျွန်တော်ဝါဿနာပါရာ ကဗျာတွေရေးဖွဲ့ရင်း ကျွန်တော့်ဘ၀ ရဲ့အဓိပ္ပာယ် ဟာ ဘာလဲဆိုတာ တွေ့ရှိလိုက်ရပါတယ်. အဲဒီ့အချိန်မှာ ကျွန်တော်တွေ့ရှိခဲ့တဲ့အရာကို အလွန်အမင်းနှစ် သက်မက်မောခဲ့ရတယ်။

တဖွဲဖွဲကျနေတဲ့ မိုးစက်မိုးပေါက်ကလေးတွေအောက်မှာ လမ်းလျှောက်ရတဲ့အရသာကို ဘာနဲ့မှ မလဲနိုင်ပါ ဘူး။ တစ်နေ့မှာ ကျွန်တော်ဟာမိုးဖွဲဖွဲအောက်မှာ လမ်းလျှောက်ရင်း ကျွန်တော့် စိတ်ကူးထဲမှာ ကဗျာတစ်ပုဒ် ကို မီးဖုတ်လို့လာခဲ့တယ်။ ကျွန်တော့်ကဗျာလေး ကျက်လုကျက်ခင်မှာ နံဘေးကို ကျွန်တော့်သူငယ်ချင်း တစ်ဦး ရောက်လာခဲ့တယ်။ သူကဘာတွေ လာပြောနေမှန်း မသိ တတွတ်တွတ် ပြောဆိုနေတယ်။ သူ့စကားတွေကို လုံးစေ့ပတ်စေ့မကြားမိပေမယ့် ထပ်ကာတလဲလဲ ပြောဆိုနေမှု ကြောင့် သူပြောနေတာဘာလဲဆိုတာ မကြာခင်သိလိုက်ရပါတယ်။

သူ မိန်းမခိုးမယ့်အကြောင်း၊ ကျွန်တော့်ကို ကူညီစေလိုတဲ့အကြောင်း ပြောနေတာပါ။ ကျွန် တော် ကူညီ လိုက်ပါတယ်။ သူတစ်ပါးကို ကူညီခြင်းဟာ မင်္ဂလာတစ်ပါးပဲ မဟုတ်ပေလား။ ဒါ ကြောင့် ရင်ထဲကနေ စိတ်ပါလက်ပါ ကူညီလိုက်ပါတယ်။ဒါပေမယ့် သူစိတ်ဆိုးသွားခဲ့တယ်။

ကျွန်တော်က ကဗျာတစ်ပုဒ်နဲ့ ကူညီလိုက်တာပါ။ တကယ်တော့ ကျွန်တော့်ဆီက ကဗျာတစ်ပုဒ်ရရှိခဲ့တဲ့ အတွက် သူကျေနပ်နှစ်သိမ့်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သူမကျေနပ်ခဲ့ပါဘူး။ ကျွန်တော် လျစ်လျူရှုလိုက် ပါတယ်။ ကျွန်တော် ပေးနိုင်တဲ့ အရာအားလုံး သူ့ကို ပေးအပ် ခဲ့ပြီမဟုတ်လား။ ဒီ့ထက် ပိုပြီး ဘာကိုမှ ကျွန်တော်မဆောင်ရွက်နိုင်တော့ပါဘူး။

တစ်နေ့မှာ ကျွန်တော့်ရဲ့ကဗျာတစ်ပုဒ် မဂ္ဂဇင်းတစ်စောင်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော် အလွန်အမင်း   ပျော်ရွှင်နေ ခဲ့တယ်။ အဲဒီ့ မဂ္ဂဇင်းကိုပဲဆယ်အုပ်လောက်ဝယ်ချလာခဲ့တယ်။ ကျွန်တော့် အဖေကတော့ မျက်လုံးပြူးနေပါတယ်။ အမေ ကထုံးစံအတိုင်း ရေရွတ်မြည်တမ်းနေပါတယ်။ အဖေ မျက်လုံးပြူးမယ့် သာ ပြူးရတာပါ။ တကယ်တမ်းက ဆယ်အုပ်ဆိုတဲ့ အရေအတွက် ပမာဏဟာ ကျွန်တော့်စာပေ အသိုင်း အ၀ိုင်းမှာ ဆင့်ပါးစပ်နဲ့နှမ်းပက်သလိုပါပဲ။ ကျွန်တော်က ဘာကောင် မှသာ မဟုတ်တာ မိတ်ဆွေတွေ အများသား။ အဖေက သွားကြိတ်တဲ့လေသံနဲ့ ကျွန်တော့်ကို ကြိမ်းမောင်း ပါတယ်။

”တစ်သက်လုံး လူရုပ်ပေါက်မယ့် အကောင်မဟုတ်ဘူး”

ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်ရွှင်နေခဲ့ပါတယ်။ အယ်ဒီတာတွေက ကျွန်တော့်ကို ရွေးခြယ် လိုက်ပြီ မဟုတ် လား။ ကျွန်တော့်အတွက် ရွေးခြယ်ခြင်းဆိုတာကို နှစ်သက် မက်မောနေတတ်ခဲ့ပါပြီ။

* * *
sing (v) သီဆိုသည်။

သက္ကရာဇ်တွေရဲ့ ချေဖျက်တိုက်စားမှုအောက်မှာ ကိုယ်ပေါ်တဖွားဖွားကျနေတဲ့ မိုးစက်မိုးပေါက တွေကို ဂီတသံအဖြစ် ခံစားလာတတ်ခဲ့ပါတယ်။ ကျွန်တော့်ကဗျာလေးတွေဟာ ရွတ်ဆိုလို့ အင်မတန် ကောင်းတဲ့ စာသားလေးတွေပဲ။ နားဝင်ပီယံ ရှိခြင်းဆိုတဲ့အရာကို ကောင်းကောင်း လက်ခံလာ တတ် ချိန်မှာ ကျွန်တော် နဲ့ဂီတဟာ တသားတည်းကျနေပါပြီ။ ကျွန်တော့် ကိုယ်ပိုင် ဂစ်တာလေးတစ်လုံးနဲ့ ကျွန်တော့်ကိုယ်ပိုင် သီချင်းကလေးတွေ သီဆိုရင်း ကျွန်တော် ပျော်မွေ့ နေတတ်ပါပြီ။

ကျွန်တော်ရိုးရိုးစင်းစင်းပဲ ဘ၀ကိုဖြတ်ကျော်နေတာပါ။ဒါပေမယ့် ကျွန်တော့်ရင်တွင်းက အနု ပညာဟာ အင်အားကြီးမား လှတဲ့အတွက် ရုန်းကန်လှုပ်ရှားရင်း အပြင်ကို ပေါက်ကွဲလွင့်စင်ကုန်ပါတယ်။ ကျွန်တော့် အနုပညာ အစအနကိုထိမှန် တဲ့သူတွေဟာ ကျွန်တော့်ထံကို ရောက် လာကြပါ တယ်။ ကျွန်တော့်ရဲ့ နှလုံး   သွေးတွေကို အလုအယက် အငမ်းမရ ခံယူ သောက်သုံးကြ ပါတယ်။ သူတို့ အရသာကို သိသွား ကြပြီ မဟုတ်လား။

ကျွန်တော့်ရဲ့သီချင်းပေါင်းမြောက်မြားစွာဟာ တေးဆိုသူတွေရဲ့ပါးစပ်ဖျားမှ တစ်ဆင့်ကျွန်တော့် ပရိသတ်ထဲ ကို ရောက်ရှိ ကုန်ပါတယ်။ အဲဒီ့အတွက် ကျွန်တော့်ရဲ့ကြည်နူးလှိုက်မောမှုစာ ဘာနဲ့မှလဲ လို့ရမယ် မထင်ပါ ဘူး။ အဲဒီ့အချိန်မှာ ကြည် ဖြူနဲ့ ကျွန်တော်ဆုံတွေ့ခဲ့ရပါတယ် ရိုးစင်းလွန်းလှတယ်။ ကြည်ဖြူက ကျွန်တော့် ကို မိတ်ဆက်ခဲ့၊ ကျွန်တော်က စာပြန် ရေး။ ကျွန်တော်တို့နှစ်ယောက် ချစ်သူ တွေ ဖြစ်ခဲ့ကြပါတယ်။

ကြည်ဖြူရဲ့ ညင်သာနူးညံ့တဲ့ လက်ကလေးတွေ၊ သေးသွယ်ပျော့ပျောင်းတဲ့ ကိုယ်ဟန်လေးတွေဟာ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ဖြစ်ခဲ့တယ်။ ကြည်လင်နေတဲ့ မျက်ဝန်းလေးတွေ၊ ချိုချိုလွင်လွင်ရယ်သံ   လေးတွေဟာ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ရပါတယ်။ ကြည်ဖြူဟာ ကျွန်တော့်အတွက် အနုပညာလေးတွေကို အသက်ဝင်တောက်ပစေခဲ့တယ်။

ကြည်ဖြူဟာ ကျွန်တော့်ရဲ့ လင်းလက်တဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်လာခဲ့ပါတယ်။

* * *
wear (v) ၀တ်ဆင်သည်။

ကမ္ဘာကြီးမှာ လူတွေဘယ်ခြုံလွှာ အမျိုးအစားကို ၀တ်ဆင်ကြတယ်ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော့်အတွက် သေခြင်းတရားထံ အရောက်အထိ လွှမ်းခြုံသွားမယ့် ခြုံလွှာအမျိုးအစား ကတော့ အနု ပညာသာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် ကဗျာဟာ အစာရေစာ ဖြစ်ပါတယ်။ ကျွန် တော့်အတွက် ကဗျာ ဟာ အသက်ရှုရာ အောက်စီဂျင် တစ်ပါးဖြစ်ခဲ့ပါတယ်။ ဆာလောင်နေတဲ့ ခွေးတစ် ကောင်က အစာရေစာ ငတ်မွတ်နေပုံမျိုးနဲ့ အနုပညာကိုထာဝစဉ်ငတ်မွတ် နေတတ်ပါတယ်။

ဒါပေမယ့် ကမ္ဘာလောကကြီးဟာ ကျွန်တော့်အတွက် မှားယွင်းခြင်းတွေ ယူဆောင်လာခဲ့ပါတယ်။ ကံကြမ္မာ ဟာ နောက်ပြောင်ခြင်းတွေ ပေးပို့ခဲ့ပါတယ်။ ငွေကြေးပမာဏတွေ၊ ယုံကြည်မှုကို အလွဲ သုံးစားလုပ်မှုတွေ၊ မူပိုင်ခွင့်တွေ၊ ခိုးယူမှုတွေ စတဲ့ ထိုးနှက်မှုတွေအောက်မှာ ကျွန်တော်ဟာ တစတစ ခြုံးကျလာခဲ့ရတယ်။ ကျွန်တော့်အနုပညာဆိုတာ သွေးစုပ်ဘီလူးကောင်တွေရဲ့ အလယ်မှာ ကုန်ခမ်း လုမတတ် ဖြစ်နေပါပြီ။ ကျွန်တော့်နှလုံးသားက တစက်စက်ယိုကျနေတဲ့သွေးတွေကို အငမ်းမရ သောက်သုံးနေသူများကို ကြည့် ရင်း ကျွန်တော့်ကိုယ်ကျွန်တော် ငတ်မွတ်နေတဲ့သားရဲတွင်းထဲ ပစ်ချခံ ရတဲ့ သားတစ်တစ်ခု လိုခံစားနေမိ တယ်။ အနုပညာကို အချိန်ပိုင်းခြားဖန်တီးပေးဖို့ ငွေထုပ်တွေအထပ် လိုက်ပစ်ချတတ်တဲ့ ပေါရိသာဒတွေကို ကျွန်တော်ကြောက်ရွံ့လာတယ်။ နောက်ဆုံးမှာ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချ လိုက်ရပါ တယ်။

* * *
good-bye (int,n) အပြီးတိုင်နှုတ်ဆက်ခြင်း။

ကျွန်တော် လူသားစားဘီလူးတွေ၊ သွေးစုပ်ကောင်တွေလက်မှ အပြီးတိုင်လွတ်မြောက်ဖို့ သားရဲတွင်းကို အပြီးတိုင်နှုတ်ဆက်လိုက်ပါပြီ။ အဲဒီ့အတွက် ကျွန်တော့်မှာမရှိခြင်းတွေ များလာ ပါတယ်။ အဆောင် အယောင်၊ ငွေကြေး၊ မိတ်ဆွေစတဲ့အရာတွေ ကျွန်တော့်ထံပါးက ပြေးထွက် ကုန်ကြပါတယ်။ သူတို့ဟာ သားရဲတွင်းမှာပဲ မွေ့လျော်တဲ့အရာတွေ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်ပါတယ်။ ကျွန်တော့်ကဗျာလေးတစ်ပုဒ်ကို မဂ္ဂဇင်းတစ်စောင် က ဖော်ပြပေး ပါတယ်။ အဲဒီ့မဂ္ဂဇင်းကိုပဲဆယ်စောင်သွားဝယ်လိုက်ပြီး ကျွန်တော့်မိတ်ဆွေတွေကို ဝေပစ် လိုက်ပါတယ်။ ကျွန်တော့်မှာ ပျောက်ဆုံးနေတဲ့ စိတ်လက်ပျော်ရွှင်မှုတွေကို ပြန်လည်ရရှိလိုက်ပါတယ်။ ကျွန်တော့် မှာ   သွေးသစ်တွေနဲ့ ပြည့်နေခဲ့ပါပြီ။ အခုတော့ ကျွန်တော်ပျော်ရွှင်နေပါပြီ။

* * *

(အဘိ ဓာန်ကို ထပ်မံလှန်လိုက်သောအခါ ဤမည်သော စာလုံးပင်ပြန်ကျလာသည့် အတွက် နောက်ဆက် တွဲ အဖြစ် ထပ်မံဖြည့်စွက် လိုက်ပါတယ်။)
* * *
good-bye (int,n) အပြီးတိုင်နှုတ်ဆက်ခြင်း။

ကျွန်တော် သားရဲတွင်းကို အပြီးတိုင် နှုတ်ဆက်တဲ့နေ့မှာပဲ ကြည်ဖြူ ဟာ ကျွန်တော့်ကို စကားတစ်ခွန်း   ဖြင့် နှုတ်ဆက်သွားပါတယ်။ ။
“good-bye”

ရွှေအိမ်စည်
သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း
၂၀၀၂၊နိုဝင်ဘာ


( ဒီဝတ္တုဟာ Draft ထဲမှာ ကာလများစွာရှိနေခဲ့ပြီး မေ့လျော့နေခဲ့တာပါ့..။ တလောကမှ သတိရလို့ ဒီဝတ္တု အတွက်ပုံကို မောင်ငယ်တစ်ယောက်ကို အကူအညီတောင်းဖြစ်ပါတယ်..။ သူက အရင်ကတော့ ဘလော့ဂ်ဂါ တစ်ဦးဖြစ်ခဲ့ပြီး အခု ဘလော့ဂ်ကို ဖျက်လိုက်လို့ သူ့ ဘလော့ဂ်ကို ညွှန်ပြလို့မရတော့ပါဘူး..။ ကျမ လိုချင်တဲ့ ပုံလေးကို ဖန်တီးပေးတဲ့ မောင်ငယ်ကို ကျေးဇူးတင်ရှိပါတယ်..။ ဒီဝတ္တုဟာ သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း ရဲ့ ဟာသ၀တ္တုတိုပြိုင်ပွဲမှာ ပထမဆု ရခဲ့တဲ့ ၀တ္တုပါ..။
ဒါပေမယ့် အခုပြန်ဖတ်ကြည့်တော့ ဟာသရသကို မခံစားရပါဘူး..။ ခေတ်ကာလကိုသရော်တဲ့ သရုပ်တော့ အနည်းငယ် ပါနေပါတယ်..။ အဲ့ ခေတ်အခါက စာလုံးတစ်လုံး ချပေး စာကောက်ရေးနိုင်မှ စာရေးဆရာဖြစ် တယ်လို့ အငြင်းပွားစဉ်အခါပါ..။ ထိုစဉ်က တာဝန်ခံအယ်ဒီတာ ဆရာကောက်နွယ်ကနောင်က ထိုအကြောင်းအရာနဲ့ သရော်စာစာရင်းဝင်အဖြစ် ဆုအဖြစ်ရွေးချယ်လိုက်ပုံရပါတယ်...။ အခု ပြန်ဖတ်ကြည့် တဲ့အခါ တချို့သော စာသားမချောမွေ့မှု နဲ့ ကလေးဆန်ခြင်းတို့ကို မြင်တွေ့ရပါတယ်..။ ဒါပေမယ့် ဒါကို မပြင်ဘဲ ကျမ ဒီအတိုင်း ထားရှိလိုက်ပါတယ်..။အရိုင်းဆန်တာလည်း သူ့ အလှ နဲ့ သူလို့ပဲ မြင်မိပါတယ်..။ )

13 comments:

  1. Blogger နဲ့ Author ဆိုတာ ရဲ့ ဘ၀ ကို နှိုင်းယှဉ်ကြည့်မိပါတယ် ... ။ Professional ၊ Responsibility စတာတွေ အတွက် ကောင်းတယ် လို့ မြင်မိပေမယ့် ... Prominence ၊ Contineous Requests စတာတွေ ကိုတော့ မွန်းကြပ်မှုတွေ လို့ ယူဆမိပါတယ် ... ။ Celebrity နဲ့ Artist ဆိုတာ ကွဲပြားတယ် လို့ ရှုမြင်မိပါတယ် ။
    အနုပညာ ခံစားအား ကောင်းပေမယ့် ... ထုတ်လုပ်အား ကောင်းတယ် လို့ ယူဆတာမျိုးကိုတော့ လက်မခံချင်မိပါဘူး ။
    ဒါတွေ က တော့ ဖတ်ရင်း နဲ့ တွေးမိလာတဲ့ ကျွန်တော့် တစ်ဦးတည်း ပုဂ္ဂလ အမြင်တွေပါပဲ ခင်ဗျာ ။

    ReplyDelete
  2. ဟန်ကြည်September 7, 2013 at 10:50 PM

    ဟာသနွယ်တဲ့ ဒဿနကိုတော့ အင်အားကောင်းကောင်း တွေ့လိုက်ရတာပဲ ရဲဘော်...သရော်စာလို့တော့ ပြောလို့မရဘူး...ဒါပေမယ့် ခပ်ပါးပါးလေး ပုတ်ထားတာ လှတယ်...ခေါင်းစဉ်ကလည်း ဆန်းသကိုး ( ခေါင်းစဉ်ကြည့်ပြီး ဘာတွေလဲဟဆိုတဲ့ စိတ်ကူးနဲ့ လာကြည့်တား)

    ဦးဟန်ကြည်တို့က ဒါမျိုး ပါးပါး မရေးတတ်တော့ဘူးကွယ်...ဘားနတ်ရှောရဲ့ ရေးနည်းလို ပိဿာလေးနဲ့ နံဘေးကို ပစ်ထည့်လိုက်တဲ့အတိုင်း ဒိုးခနဲ ဒင်းခနဲ ရေးရမှ အားရတော့တာပဲ...

    ReplyDelete
  3. ကာလ ကို
    မထိတထိ ပုတ်ပြသွားတာကိုး
    နှုတ်ခမ်းကွေးယုံ အပြုံးမျိုးက
    ဘယ်တော့မှ ဆုံးရိုးမရှိဘူးလေ ။

    ReplyDelete
  4. စာလေးကိုဖတ်ရတာ ရေပြင်ပေါ်ပြေးတဲ့ ဘုတ်ကလေးလိုပဲ ငြိမ်ငြိမ်ကလေး.. တစ်ချက်ကလေးမှ အရှိန်ကျမသွားဘူး.။ ဘေးဘယ်ညာ ယမ်းမသွားဘူး.။ ကောင်းလိုက်တာ..။

    ReplyDelete
  5. စာလုံးလေး တစ်လုံးချင်းစီကို မူတည်ပြီး ရေးပေမယ့် အားလုံးကို တန်းစီချလိုက်တဲ့အခါ အနုပညာသမား တစ်ယောက်ရဲ့ ဘဝတစ်ခုက လှလှပပ ပေါ်လာခဲ့တယ်၊ အတင်းကြီး လုပ်ရယ်ခိုင်းနေတဲ့ ဟာသမျိုးမဟုတ်ဘဲ သူ့ဘဝသူ ရိုးရိုးလေး ပြောနေတဲ့ အထဲမှာ တွေးခေါ်ပြီးမှ ပြုံးမိစေတဲ့ မက်ဆေ့ခ်ျတွေ ပါးပါးလေး ထည့်ယူသွားတာ လှတယ်...၊း)

    ရွှေအိမ်စည်ဆိုတာ လွန်ခဲ့တဲ့ ၁၃ နှစ်လောက် ကတည်းက ‘တောက်မယ့်မီးခဲ၊ အရှိန်နဲ့ရဲရဲ’ ဖြစ်နေခဲ့သူပါလား ဆိုတာ ဟောဒီဆုရ ဝတ္ထုတိုလေးက သက်သေပါပဲလေ...၊ တကယ်ကို သဘောကျမိတယ် ညီမရေ...။

    ReplyDelete
  6. အတွေးအခေါ်လေးတွေ ဟာသလေးတွေ အားလုံးကိုတွေ့လိုက်ရတယ် ရေးအား အရမ်းကိုကောင်းတယ်ညလေးရေ

    ReplyDelete
  7. အင်း ဟုတ်တယ် ဖတ်နေတုန်း ဟာသလို့ မထင်ဘူး
    ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းရင်း လောကကို သရော်တဲ့စာတစ်ပုဒ်လို့ထင်မိတယ်။
    ဘာပဲဖြစ်ဖြစ် အတွေးရော အရေးရော အရမ်းကို နှစ်သက်မိတယ်

    ReplyDelete
  8. Thain Garra >> အယူအဆကို လက်ခံမိပါတယ်ရှင်..။

    လေးလေးဟန်ကြည် >> အမှန်တော့ သူသူလည်း ကျကျနနရေးပစ်လိုက်ချင်တာ။ လေးလေး ရေးတာတွေကို ပိုသဘောကျတယ်။ :)

    နွေတေးရှင် (မင်းဧရာ) >> ဟုတ်တယ် အကို...။ နှုတ်ခမ်းကွေးရုံအပြုံးမျိုး :)

    မိုးသက် >> ကျေးဇူး မောင်လေး..။

    ကိုညီ >> အဟဲ ..နည်းနည်းတော့ မြောက်သွားတယ် အကို..။ ( လူကြီး ချီးမွမ်းတာ ခံရတဲ့ ကလေးလိုမျိုး) :D

    မမစံပယ် >> ကျေးဇူး မမစံပယ် ...အမြဲလာအားပေးတတ်လို့ လည်း ကျေးဇူးပါ ။

    ဆွေလေးမွန် >> ကျေးဇူးပါ မဆွေလေးမွန်။ ဖြူစင်သောစိတ်ကလေးက ကဗျာလေးတွေလည်း သဘောကျတယ်ရယ် :))

    ReplyDelete
  9. ကျဖမ်းရေးနိုင်စွမ်းနဲ့ အတွေးစိတ်တို့ကို လှုပ်နှိုးစေခဲ့တဲ့ ၀တ္ထုကို ဖတ်ခဲ့ပါတယ် ...

    ReplyDelete
  10. အနုပညာဆိုတာ NOT FOR SALE, BUT FOR SELF. ပေါ့။

    ညီမလေး ရွှေအိမ်စည် စာအရေးအသား တအားညက်တာပဲ။ ဖတ်ရတာ အရမ်း အရသာရှိတယ်။

    ReplyDelete
  11. တော်လိုက်တာ အစ်မရာ။ အဘိဓာန်လှန်လို့ရတဲ့ စကားလုံးတွေကို တခုချင်း အချိတ်အဆက်မိမိဖွဲ့သွားတာ

    ReplyDelete
  12. ဒီစာကို မမ တင်တင်ချင်း ဖတ်ခဲ့ပေမဲ့ စာမေးပွဲ ရှိနေတာမို့ မမန့်နိုင်ခဲ့ဘူး
    ဒီနေ့ ကျောင်းနှစ်ရက်ပိတ်လို့ ဘလော့ထဲ ဝင်ရင်း မန့်လိုက်တယ်
    မမစာဖတ်ပြီးတော့ မမလို ရေးကြည့်တယ် ... ဘယ်လိုမှ မထွက်ဘူး
    ခက်လိုက်တာဗျာ ... ဒါပေမဲ့ ရေးဖြစ်အောင် ရေးကြည့်ဦးမယ် စိတ်ကူးတယ်
    မမစာ ဖတ်တိုင်း စာရေးဖို့ အတွေးတစ်ခုကတော့ အမြဲတမ်း ရတယ်
    အဲ့ဒီအတွက် ကျေးဇူးဇွန်းတပ်ပါ မမရေ

    ReplyDelete
  13. အတွေးတွေကို ခံစားဆင့်ပွားပေးတဲ့ လေးနက်တဲ့ စာစုလေးပါလား သူသူရေ။ လွန်ခဲ့တဲ့ ၁၁နှစ်ကဆိုတော့ ကြာခဲ့ပြီပဲ။ ပြန်လည်ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်တယ်နော်။
    ရွှေအိမ်စည်ဟာ ဘလော့ဂါမဟုတ်ဘူး၊ စာရေးဆရာ။း))

    ReplyDelete