Wednesday, October 2, 2013

နာဖျားညနေ


ကောင်းကင်ကို မော့မကြည့်ဖြစ်တာ ကြာခဲ့ပြီ။
ဒီနေ့တော့ ဟိုးးအဝေးက မိုးကောင်းကင်ကြီးထက် ကိုယ် မော့ကြည့်နေမိတယ်...။
မုန်တိုင်းစဲလ ရက်ကာလများရဲ့ထုံးစံ တိမ်စိုင်တိမ်လိပ်တွေက ဟို သည် ရွေ့လို့......။

တိမ်တွေကို ငေးစိုက်ကြည့်ရင်း တိမ်စိုင်တွေရဲ့ သဏ္ဍာန်ဟာ ကိုယ့် အတွက် အရိပ်အယောင်တွေ ထင်ဟပ်လာတယ်။
ဘယ်သူပြောသလဲ...ကိုယ် ချစ်တဲ့သူတွေဟာ ကိုယ့် အနားမှာ မရှိဘူးလို့....။ ဟိုးး မှာ ကိုကို က ကြည်ကြည်လင်လင်ပြုံးရယ်နေတယ်။ အလင်းတွေက တဖျပ်ဖျပ်....လေတိုးသံ ခပ်သဲ့သဲ့နဲ့အတူ `ညီမလေး´ ခေါ်သံကို ကြားလိုက်ရတယ်...။
ဘယ်သူပြောသလဲ.......ကိုကို ဟာ ကိုယ် နဲ့ အဝေးကြီးလို့...တစ်မြေတည်း တစ်မြို့နယ်ထဲမှာ သူ ရှိနေတယ်။ အရင်လို ရန်ကုန်မြေကို ကိုယ် ရောက်နေတာ သူ မသိမဟုတ်ဘူး။ အခု သူ သိနေပြီ။ ညီမလေး ရေ........ တဲ့....။ ချိုသာမြဲ ကိုကို့ အသံက ဟိုးးး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကလို ချစ်ခင်မှုတွေ လွှမ်းခြုံနေမြဲ..။

အိမ်နောက်ဘက်မှာ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးတွေ ရှိတယ်။ ကိုယ် တို့ မောင်နှစ်မတွေ ခူးဆွတ်စားခဲ့တဲ့ မာလကာပင်တွေ တစ်ခြံလုံးမွှေးပျံ့နေအောင်ရှိတယ်။ ကိုကို က ဂစ်တာတီးတဲ့အခါ ညီမလေးက သီချင်းလေး မပီကလာဆို....ဟင့်အင်း  လှေစီးချင်သေးတယ် ကိုကို ရဲ့..`

ငါး အရိုး ထွင်ပေးမယ် ညီမလေး´ .....`ကိုကို အိမ်ပြန်နောက်ကျတယ် မေမေ ဆူနေပြီ´....... `သမီး ပထမ ရတယ် ကိုကို´ .........`ဟို ကောင်မလေးကို သမီး မခေါ်ဘူး ကိုကိုရဲ့´......... `ညီမလေး စွန်လွှတ်မလား´.......... `စွန်လေးတွေ အောက်ပြုတ်ကျလာရင် ဘယ်လို လုပ်မလဲဟင်´.........

တိမ်တွေဟာ လေတစ်ချက်လူးအလွန့် ကိုကို့ ကို ဆွဲခေါ်ချေမွသွားတယ်။ ငေးကြည့်နေဆဲ ကိုကို့ အပြုံးက လေ ရဲ့ အဝှေ့မှာ မဲ့သလို ပျက်ပြယ်.......။

အရိပ်တွေ လူးလွန့်လာပြန်တယ်။ ဟင့်အင်း ...သူတို့ကို ကိုယ် မလိုချင်ဘူး...။

`မ´

သွားပါ ....လေတွေရယ်...ဒီ ပုံရိပ်တွေကို ခေါ်ဆောင်သွားပါ။ လေပြင်းတစ်ချက်နဲ့ ခပ်ကြမ်းကြမ်းဖြိုဖျက်ပေးလှည့်ပါ..။
လေကြမ်းဟာ ကိုယ့် အလိုကို လိုက်သလိုမျိုး ဝေ့ခနဲ တစ်ချက် တိမ်စိုင်တွေ ပြိုပျက်သွားပြန်တယ်။

သံစဉ်လေးတစ်ခုကို တိုးဖျဖျ ကြားလိုက်ရတယ်...။
ရင်းနှီးကျွမ်းဝင်တဲ့ သံစဉ်ဟာ ကိုယ့် ရင်ကို နွေးထွေးလွှမ်းခြုံ...ကိုယ် ညင်ညင်သာသာလေးပြုံးမိပါတယ်...။

တိမ်စိုင်ဟာ မပီပြင်ဘူး..၀ိုးတ၀ါးနိုင်လှရဲ့....ဒါပေမယ့် ကိုယ် အေးချမ်းကြည်လင်စွာငေးစိုက်ကြည့်မိတယ်။
ကိုယ် ချစ်တဲ့ တိမ်ဖြူဟာ ဂီတသံစဉ်တစ်ခုကို အေးချမ်းစွာ ရွတ်ဆိုလို့....။
ကမ္ဘာလောက....လူ့ပတ်ဝန်းကျင်ကို မြင်တဲ့ ကိုယ့် အမြင်တွေဟာ တစစ အေးချမ်းငြိမ်သက်လာတယ်...။ တိမ်ဖြူလေးဟာ သူ့ အလုပ် သူ လုပ်နေတာပါပဲ...။ ဒါပေမယ့် တစ်ချက် တစ်ချက် တော့ ကိုယ့်ဘက် စောင်းငဲ့ကြည့်လို့...။

ကိုယ် တစ်စုံတစ်ခုပြန်ပြောမိသလား..ပြန်မပြောမိဘူးလား...။ သေချာစွာ မသဲကွဲဘူး..။
သေချာလွန်းနေမှာက ကိုယ် အေးချမ်းစွာတိတ်ဆိတ်နေပေးနေခဲ့မှာကိုပဲ...။

လေပြေဟာ ခပ်သဲ့သဲ့ တိုက်ခတ်ပြန်တယ်...။
တိမ်စိုင်တွေ ဟို သည် ဖြည်းညင်းစွာ ရွေ့လျားလို့.....။
ဖျတ်ခနဲ ပိတ်လိုက်မိတဲ့ မျက်လွှာအစုံမှာ မျက်ရည်တစ်စက်လွင့်စင်သွားတယ်...။


2.10.2013
PM:8:38

10 comments:

  1. စိတ်အားငယ်လာတဲ့ အခိုက်မှာ
    အကို့ ကိုတမ်းတ နေ လိုက်သော
    ညီမလေးရဲ့ အသံကို အဖန်ဖန်ကြားနေမိတယ် ။

    အမြန်နေကောင်းပါစေ နော် ........။

    ReplyDelete
  2. ကိုဏီစာလာဖတ်သွားတယ်။ ဒီလိုအဖွဲ့မျိုးနဲ့ ၀တ္ထုလေးရေးလိုက်ရင် သိပ်ကောင်းမှာပဲ...

    ခင်မင်ခြင်းအားဖြင့်.........
    ဏီလင်းညို

    ReplyDelete
  3. အရေးအသားလေးက နူးညံ့လွန်းလို့  ပြတင်းပေါက်ကနေတဆင့် လွင့်မျောနေတဲ့ တိမ်ဆိုင်ဖြူတွေကို ငေးကြည့်မိသွားတယ်...

    ReplyDelete
  4. လေပြေဟာ ခပ်သဲ့သဲ့ တိုက်ခတ်ပြန်တယ်...။
    တိမ်စိုင်တွေ ဟို သည် ဖြည်းညင်းစွာ ရွေ့လျားလို့.....။
    ဖျတ်ခနဲ ပိတ်လိုက်မိတဲ့ မျက်လွှာအစုံမှာ မျက်ရည်တစ်စက်လွင့်စင်သွားတယ်...။

    အဖွဲ့လေးတွေ နူးညံ့လိုက်တာ..

    ReplyDelete
  5. သဘောကျမိတယ် ... ။ ပုံလေး နဲ့ စာတွေ က လည်း လိုက်ဖက်ပါဘိ ...

    ReplyDelete
  6. ချစ်စရာ ချစ်ခြင်းဖွဲ့အက်ဆေးလှလှလေး....

    ReplyDelete
  7. စိမ်းခက်စိုးOctober 3, 2013 at 11:14 AM

    လာလည်၊ လာဖတ်သွားပါသည် ဆရာမ။

    ReplyDelete
  8. ဟန်ကြည်October 4, 2013 at 10:03 AM

    အင်း ဖြစ်ချင်တော့ ဒီပို့စ်ကို ဖတ်မိတဲ့အချိန်ကလည်း ဦးဟန်ကြည် တစ်နှစ်တစ်ခါ ထုံးစံမပျက် ဖျားနေတဲ့အချိန်...ဖျားလို့ လူနားရရင် စိတ်က ဂယောက်ဂယက် လျှောက်လွင့်နေတဲ့အချိန်ဆိုတော့ ရေးသမျှ စာက ရင်ထဲကို တန်းဝင်ကုန်တော့တာပဲ...အိမ်က တစ်ဦးတည်းသော ညီမလေးကိုတောင် ပြန်လွမ်းလိုက်လေခြင်း သူသူရေ...

    ReplyDelete
  9. အက်ဆေးချိုချိုလေး။ ဘလော့နဲ့ နည်းနည်းအဆက်အသွယ်ပြတ်နေပေမယ့် သတိတရ လာလည်သွားပါတယ်မမ။

    ReplyDelete
  10. ရင်လှိုင်းOctober 14, 2013 at 2:44 AM

    နားဖျားညနေတွေ ဝေးပါစေနော်။

    ReplyDelete