လည်ချောင်းအတွင်းမှ
ပူလောင်စူးရှမှုက ရှားပါးစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို လန့်နိုးလာစေ သည်။
မူးနောက်ရီဝေသော အသိအာရုံကို ကြိုးစားစုစည်းရင်း ပူလောင်မှုအား သက်သာရာသက်သာငြားနှုတ်ခမ်း
အစုံကိုသပ်လျှက် တံတွေးမြိုချမည်ကြံသော်လည်း အချည်းနှီးပင်။ ကိုယ်ခန္ဓာအတွင်းရှိ
ရေဓာတ်တို့ အလုံးစုံ ပျက် ပြယ်ပျောက်ဆုံးသွားလေပြီလား။ လှိုက်ဟာဝမ်းနည်းမှုက
ပါးပြင်ပေါ်သို့ မျက်ရည်ပူတို့ တလိမ့်လိမ့် စီးကျလာစေ သည်။ ပါးလွှာနေသော အသားအရေ၀ယ်
ပူလောင်လှချည့်။ ရေဓာတ်တို့တော့ ကျန်နေသေးသည်ပဲ။ ရေသောက် ရန်အားယူထတော့
ဝန်းကျင်သည် မှောင်အတိ ပြီး၏။
အိပ်ရာဘေးရှိ မီးခလုတ်ကိုဖွင့်လိုက်သော်
အခန်းတွင်းသည် လင်းထင်းသွားသည်။ သို့သော် အမှောင်ထု ဟု သူခံစားနေရဆဲ။ ရေပုလင်းကို
မြင်တွေ့နေရသည်။ သို့စဉ်လျှက် မမြင်တွေ့သလို။ ရင်တွင်းမှ ပူလောင်လွန်းလှ သည်။
တိတ်ဆိတ်သောဝန်းကျင်သည် အေးစက်မာကျောစွာ လွှမ်းခြုံလျှက်ရှိ၏။
နာရီသံက တချပ်ချပ်...။
******************
(၁)
အိမ်ထဲသို့
လှမ်းဝင်ဝင်ချင်း ဆက်တီခုံပေါ် အကြည့်ရောက်သွားသည်နှင့် ကျွတ်ခ,နဲစုတ်သပ်မိသည်။
အမေ…အမေ လုပ်ပြန်ပြီ။ နေကြာစေ့ခွံတွေ အဖွေးသားကို စိတ်ပျက်ညစ်ညူးစွာကြည့်ရင်း
အခါတိုင်း သေသပ်စွာ ချွတ်လေ့ရှိသည့် ဖိနပ်ကိုတောင် ထောင့်သို့ကန်ချွတ်မိလေသလားမသိ။
အသံကျယ်ကျယ် မထွက်ရက်သမျှ ပွစိ ပွစိလုပ်ရင်း နေကြာစေ့ခွံတွေကို သိမ်းဆည်းနေမိသည်။
သဲရှပ်ရှပ်ကြမ်းပြင်ကိုပါ သတိထားမိပြီး လှည်းကျင်း၊ တိုက်ချွတ်၊ ပြန့်ကျဲနေသော
စီဒီချပ်တွေကို စီစီရီရီခြင်းထဲထည့်။ တလက်စတည်း ဆက်တီခုံတွေနှင့် တီဗီ၊ ပန် ကာတို့ကို
ဖုန်သုတ်ကာ သန့်ရှင်းလိုက်သည်။ ရှင်းလင်းတောက်ပြောင်ပြီးသွားတော့
မောဟိုက်စွာခြေပစ်လက်ပစ်။
“ဟယ်
သမီးလေး ပြန်ရောက်ပြီ။ ဟော ဧည့်ခန်းကိုရှင်းထားပြီထင်တယ်။ ရောက်မဆိုက် သမီးရယ်။ အ ၀တ်လဲပြု
နားပြီးမှ လုပ်လည်းရတာကို”
မကြည်လင်သော
စိတ်အခံကြောင့် တုံ့ပြန်စကားမဆိုဖြစ်။ ဒီသမီး၏ မျက်နှာကြောကို နောကြေနေလှ သည့်
အမေက သူ့အနီးသို့ ပန်ကာကိုတိုးရွှေ့ကာ လေရရုံခလုတ်အနိမ့်ကိုဖွင့်လျှက် “ကြည့်စမ်း
ငါ့သမီးရှင်းလိုက် ရင် သန့်ပြီးတောက်ပြောင်သွားတာပဲ” ဟု ပတ်ပတ်လည်ဝေ့ကြည့်ရင်း
သဘောကျစွာ ပြောနေသည်။ နောက်ကျိ နေသည့် စိတ်တွင် ကျေနပ်မှု လှစ်ခ,နဲဖြစ်လိုက်မိသည်။
ဒါပဲလေ…၊ သွယ်သွယ်ယု ဟူသည့် မိန်းမက ကိုယ့် လုပ်ဆောင်မှုတစ်ခုခုကို တစ်ဖက်သားတို့က သဘောကျနှစ်ခြိုက်ကြလျှင်
အတွင်းစိတ်၌ စိတ်ကျေနပ်မှု ပီတိတွေ လျှံကျလာတတ်တာ။
“ကဲ
ထ ထ သမီးလေး။ ချွေးတိတ်သွားပြီဆိုတော့ ရေ မိုး ချိုး လန်းသွားအောင်
ရေတ၀ချိုးလိုက်”
ရေချိုးခန်းထဲရောက်လျှင်လည်း
အဘယ်အရာတွေ ရှင်းလင်းရပေဦးမယ်မသိ။ အင်မတန်သောက်ချင် လှသည့် ရေနွေးတစ်ခွက်လည်း
သောက်ချင်သည်ဟု မပြောမိအောင် ပါးစပ်ကို နာနာပိတ်ထားရသည်။ သောက် ချင်သည်ဟု
ပြောလျှင်တော့ “အေး အေး အမေတည်ပေးမယ် ခဏစောင့်” ဟု ဆိုကာ မီးဖိုခန်းထဲ အပြေးဝင်
မည်သာ။ သူ သောက်ချင်သည်ပြော၍ သွားတည်ရသည့်အခြေအနေကိုလည်း မနှစ်မြို့။ အလုပ်မှ
ပြန်လာတိုင်း အမြဲတစေ ကြုံနေရသည့် နိစ္စဓူဝ ဖြစ်ရပ်ဆိုတော့လည်း ကျွဲမြီးက
တိုချင်သည်။
အိပ်ရာပေါ် စိတ်မော၊ လူမောစွာ ခြေပစ်လက်ပစ်လှဲချလိုက်ရင်း
အလိုမကျသောစိတ်ကိုအသာ ဖြေလျော့ ရသည်။ အိမ်ဟူသော အမည်နာမကို သာယာသောဟူသည့်
နာမ၀ိသေသနပြည့်စေချင်တာ သူ့အတ္တပေလား..။ အိမ်အတွင်း သန့်ရှင်းသပ်ရပ်နေမှ
စိတ်ချမ်းသာသည်။ သို့သော် သူ့အိမ်သားများကတော့ သူနှင့် ဆန့်ကျင်ဘက်။ အထူးသဖြင့်
အမေ။ အဖေနှင့် ဆယ်နှစ်တိတိကွာသော အမေသည် ကလေးဆန်ကာ အိမ်တွင်းစည်းစနစ်လျော့ ရဲလှသည်။
မီးဖိုချောင်သည် အမေချက်ပြုတ်ပြီးသွားတိုင်း ပစ္စည်းများရှုပ်ပွကျန်ခဲ့သည်မှာ
အမြဲလိုလိုပင်။ ကြောင် အိမ်၊ ပန်းကန်စင်၊ ဘေစင် စသည်တို့မှာ
တိုက်ချွတ်ဆေးကြောသည့်အရာ မဟုတ်သည့်အလား…ဖုန်အလူးလူး ချေးအထပ်ထပ်ပင်။ ထမင်းစားခါနီးမှ
ထမင်းစားပွဲ ကောက်သုတ်တတ်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်လို့နေ သည်။ သူ
အလုပ်မရခင်က အိမ်တွင်းသန့်ရှင်းရေးသည် ထိုသို့မဟုတ်ခဲ့။ သူချက်ပြုတ်လျှင်ဖြစ်စေ၊
အမေ ချက် ပြုတ်၍ ကူညီပေးသည်ဖြစ်စေ တစ်လက်စထဲ သန့်ရှင်းရေးပါလုပ်သွားသည်မှာ မီးဖိုခန်းထဲမှအထွက်
အရာရာ သပ်ရပ်ပြီး သားပင်။ ထိုစဉ်ကတော့ ရေနွေးဆိုသည်မှာ သောက်ခါနီးမှ
တည်ရသောအရာမဟုတ်။ လက်ဖက်ခြောက်ဖောက် ပြီးသား တစ်ဗူး၊ ရေနွေးအဖြူက
တစ်ဗူး..ချက်ပြုတ်ပြီးသည်နှင့် အဆင်သင့်ဖြစ်မြဲပင်။
ဧည့်ခန်းသည် ဖုန်ရှိသောအရာမဟုတ်၊ အီလက်ထရောနစ်ပစ္စည်းတွေသည် ဖုန်ကပ်ညိသောအရာမဟုတ်။
အိမ်သည် သန့်ရှင်းသပ်ရပ်ကာ နေချင်စဖွယ်အတိပင်။ ယခုသော် (သူ
အလုပ်ဝင်ပြီးသည့်နောက်မှ စ၍) အိမ် သည် အမှိုက်ပုံနီးနီးဖြစ်လာသည်။ သူကပဲ အနုစိတ်လေသလား၊
အိမ်ကလူတွေပဲ နေတတ်လေသည်လား.. အိမ် ပြန် လာချိန်တိုင်း စိတ်တို့အလိုလို နောက်ကျိရစမြဲပင်။
ရှုပ်ပွပေရေနေသော
မီးဖိုချောင်ကိုမြင်တိုင်း သူ ထမင်းစားမရပါ။ သို့အတွက် ထမင်းပန်းကန်ကိုယူကာ သူ့
အခန်းထဲသို့ ယူစားရသည်။ အလင်းရောင်ပျောက်လုလု အချိန်မှပြန်လာသည့် သူ့အတွက်
တစ်အိမ်လုံးသန့်ရှင်း ရေး လုပ်ရန်လည်း အချိန်မရလှပါချေ။ ဖုန်တသောသော၊ ခါတရံ
နေကြာစေ့ခွံတွေ မသိမ်းရသေးသည့် ဧည့်ခန်း တွင်းလည်း မထိုင်လိုတော့သဖြင့် သူ့အိပ်ခန်းအတွင်းသာ
အမြဲလိုလို ရှိနေတတ်တော့သည်။
တစ်ခု စိတ်ချမ်းသာစရာမှာ ဘုရားခန်းကိုတော့ အမေသည် အထူးသန့်ရှင်းထားတတ်သဖြင့်
ငြိမ်းအေးမှုကို ပေးနိုင်လေသည်။ အမေ ၀ါသနာပါသည်မှာ ဘုရားပန်းအိုးများ တလက်လက်တောက်ပနေဖို့၊
ဘုရားစင်ဖုန်မတင် စေဖို့၊ ဘုရားခန်းအတွင်း မွှေးပျံ့ကာ သန့်ရှင်းသပ်ရပ်စေဖို့ဖြစ်ရာ
အိမ်တစ်ခုလုံး စိတ်ချမ်းသာစရာသည် ဘုရားခန်း တစ်ခုသာပင်။ ကျန်သည့်နေရာများကတော့
လမ်းလျှောက်ရင်း ယောင်၍တောင် မော့မကြည့်ရဲ။ အိမ်အမိုးထုပ် တန်းတွေရှိ ပင့်ကူမျှင်များ၊
ဖုန်နှင့်ရောနေသော ကြပ်ခိုးများကို မြင်မိမှာစိုး၍ ဖြစ်သည်။
သူ့ဖြစ်အင်ကို အမေ မသိ၍မဟုတ်။ သိ၍လည်း သူ ပြန်လာတိုင်း အပြုံးနှင့်ဆီးကြိုကာ
ချော့မော့ယုယ တတ်ဖို့၊ သူထမင်းစားမည့်ပန်းကန်တစ်ချပ်ကို အပြန်ပြန်အလှန်လှန် ဆေးကြောပေးဖို့၊
ရေနွေးသောက်ချင် သောက်နိုင်ရန် တစ်ခွက် အမြန်ကြိုပေးဖို့စသဖြင့် သူ့စိတ်ကြည်လင်အောင်
မိခင်တစ်ယောက် အနေနှင့် တတ် အားသရွေ့ ကြိုးပမ်းပေးရှာလေသည်။ သို့သော် ကျန်သည့်
အရာများမှာ ဒုံရင်းကဒုံရင်းသာဖြစ်ရာ အမေ့ကို သူ နားမလည်နိုင်ပါ။ ထိုအရာတွေ
မလုပ်လည်း အိမ်သည် အတန်ငယ်သပ်ရပ်နေလျှင် အဆင်ပြေပါ သေးသည်။ သူ ဆိုလိုချင်သည်မှာ သူလာမှပန်းကန်တစ်ချပ်
ထဆေးသည်ထက် ဆေးကြောပြီးသားဖြစ်နေလျှင် ပိုမကောင်းပေ ဘူးလား။ သူ့စိတ်ကို
အနည်းငယ်ကြည်လင်စေရန်ကြိုးစားပေးရင်း စိတ်မရှည်လာလျှင်တော့ အမေ ပြောတတ် သေးသည်။
“ငါ့ ယောကျာ်းတောင် ညည်းလောက် ဇီဇာမကြောင်ဘူး”
ထိုအခါများတွင်
လှစ်ကနဲတစ်ချက်ပြုံးမိလျှက် အေးဆေးလှသောအဖေ့ကို မြင်ယောင်မိသည်။ အဖေ ကား ဦးရေခဲပင်။
အမေချက်ကျွေးသည်ကိုစား၊ ချိုသည်၊ ခါးသည် တစ်ခွန်းမဆို မနေနိုင်လွန်းလျှင် သူ့ဘာသာ
တံမြက် စည်းကိုင် ခါတရံလှည်းလိုက်လျှက် များသောအားဖြင့်တော့ သူ့စာရေးခန်းလေးထဲ စာရေး၊
စာဖတ်လုပ်နေသည် သာ။ ခြုံငုံဆိုရလျှင်တော့ တစ်အိမ်သားလုံးနေတတ်ကြလျှက် သူ
သာလျှင်သင်းကွဲဖြစ်နေသလိုပင်။
အလုပ်အားရက်တွင် စိတ်ကြိုက်ရှင်းလင်းပြီး ထို တနင်္ဂနွေတစ်နေ့တာကို
စိတ်ချမ်းသာစွာနေရသလောက် ကျန်အလုပ်ဖွင့်ရက်များကတော့ အိမ်သည် သူ့အတွက် စိတ်နောက်ကျိဖွယ်
အပြည့်ပင်။ သူကပဲ အစွန်း ရောက်လေသည် လားမသိ၊ အိပ်ခန်းထဲ အောင်းပါများလာ၍
အိမ်သားများနှင့် စကားဟဟတောင် မပြောဖြစ် တော့သလို ဖြစ်လာသည်။ အဖေ သည်လည်းကောင်း၊
အမေ သည်လည်းကောင်း၊ အစ်ကို သည်လည်းကောင်း မသိယောင်ပြုကာ သူ့ကို ချော့မော့ပြော
ဆိုကြသော်လည်း အိမ်သားတွေနှင့် ဝေးသထက်ဝေးလာပြီး သီးသန့်သ ဖွယ် ဖြစ်လာသည့်
အကြောင်းရင်းမှာ သန့်ရှင်းရေးကြောင့် ဖြစ်သည်ဟုဆိုလျှင် ခေါင်းယမ်းစရာ ဖြစ်မနေပေ ဘူးလား။
သို့သော် တကယ့်ကိုပင် အဖြစ်အပျက်က ဤသို့ တဖြည်းဖြည်း ဖန်လာခဲ့လေသည်။
********
(၂)
လုပ်ငန်းခွင်မှ ပြောင်းရွှေ့ရမည့်အော်ဒါထွက်သောအခါ စိုးစဉ်းမှဝမ်းမနည်းမိဘဲ
မြို့တော်ကြီးသို့ ပြောင်းရန် သူ ပျော်ပျော်ရွှင်ရွှင်ပင် ပြင်ဆင်နေခဲ့သည်။
အိမ်သားများမှာမူ စိတ်မကောင်းလှ။ အထူးသဖြင့် အမေက စိုးရိမ် ပူပန်စွာ သူ့ကို
တတွတ်တွတ် မှာနေသည်။ ရေမြေသစ်မှာ ဂရုတစိုက်နေဖို့၊ လိမ်လိမ်မာမာနေဖို့ အချိန်မှန်မှန်ဖုန်း
ဆက်ဖို့ စသဖြင့် မိခင်တစ်ယောက်၏ စိတ်မချခြင်းများဖြင့် မှာစရာမကုန်နိုင်လှပေ။ သူကတော့
နေရာသစ်တွင် ဘယ်လို သေသေသပ်သပ်လေး ဖြစ်အောင်နေမည်ဟု တွေးတောစိတ်ကူးယဉ်နေရသဖြင့်
လွမ်းဆွတ်ခြင်းတောင် ရိပ်ရိပ်ကလေးမှမပေါ်ဖြစ်နေသည်။ အိမ်မှ ထွက်ခွာပျံသန်းဖို့ တက်ကြွလွန်းနေသည်မှာ
သိပ်ဘ၀င်ကျစရာ မ ကောင်းလှပေမယ့် ဤသို့သာ ဖြစ်တည်ခဲ့သည်။
တကယ်တမ်းလက်တွေ့ဘ၀ကို ရင်ဆိုင်ရသည်မှာ သူ စိတ်ကူးယဉ်သလို ဖြစ်မလာခဲ့။
လစာနှင့်အလျဉ်မီ အောင် ခိုနားရသော အမျိုးသမီးဘော်ဒါဆောင်တွေသည် ကြိုတင်တွေးထားသလို
သန့်ရှင်းသပ်ရပ်စွာနေထိုင်ရန် အကြောင်းမသင့်လှပါပေ။ အများသုံး ရေချိုးခန်း၊ အိမ်သာ
စသည်တို့သည် မည်မျှပင် စည်းကမ်းထုတ်ထားပါစေ အမျိုးမျိုးအဖုံဖုံကြုံတွေ့ရသည်သာ ဖြစ်၏။
တစ်ယောက်ခန်းမဟုတ်သော သုံး၊ လေးယောက် စုနေရသည့် အခန်း များတွင် ဇာတိအိမ်မှာနေစဉ်ကထက်
ပိုမိုဆိုးရွားသော အဖြစ်အပျက်များနှင့်သာ ကြုံတွေ့ရတော့သည်။ ထိုအခါ မကြာခဏ
ငြိုငြင်ခဲ့မိသော အမေ့ကို မြင်ယောင်လျှက် စိတ်မကောင်းဖြစ်ကာ လွမ်းမိသားပင်။
သို့သော် အိမ် ပြန်ချင်သလား ဆိုတော့လည်း မပြန်ချင်လှ။ သူမျှော်မှန်းရာ
အိုအေစစ်တစ်ခုဖန်တီးနိုင်မည့် တစ်နေရာကိုသာ မပြတ်ရှာဖွေလျှက် မြို့တော်တွင်
ရှင်သန်ခဲ့လေသည်။
သူသည် လုပ်ငန်းကိုင်ငန်းနှင့်ပတ်သတ်၍ အခက်အခဲ၊ အနှောက်အယှက်ဟူသည်
ကြီးမားစွာမကြုံတွေ့ရ ဘဲ၊ အကယ်၍ ကြုံတွေ့ခဲ့ရလျှင်တောင်
ကြံ့ကြံ့ခံကျော်လွှားနိုင်သော စိတ်ကို ပိုင်ဆိုင်ထားရာ လုပ်ငန်းခွင်သည် သူ့အတွက်
အောင်မြင်မှုအလီလီကိုသာ ဆောင်ကြဉ်းလာနိုင်ခဲ့သည်။ သူ့အတွက် ခက်ခဲစွာပင်ပန်းနေသည့် အရာ
ကား နားခိုစရာပင်။ မြို့တော်တွင် လမှ နှစ်စားကာ ကာလရှည်ကြာလာသည်နှင့်မျှ
တစ်နေရာမှတစ်နေရာ ပြောင်း ရွှေ့ခဲ့ရသည့် နေရာဌာနများမှာ အရေအတွက်များသထက်
များလာခဲ့သည်။ သူမနေထိုင်ဖူးသည့် မြို့နယ်ပင်ခပ် ရှားရှား ဖြစ်လာသည်။ လူစည်ကားသော
လမ်းများ၊ ဆိတ်ငြိမ်ရပ်ကွက်များ၊ မြို့ထဲနှင့်အလှမ်းဝေးလှသော မြို့သစ် များ စသည့်နေရာများမှ
အမျိုးသမီးအဆောင်များစွာသို့ သူ ပြောင်းရွှေ့ခဲ့ရဖူးသည်။ မည်သည့်နေရာတွင်မဆို သူ့ စိတ်ကြိုက်
အိုအေစစ်ကိုမရရှိခဲ့။ အတူနေသူများနှင့် တကျက်ကျက် ဖြစ်ကာ ပြောင်းရွှေ့ခဲ့ရသည် ချည်းပင်ဖြစ်၏။
တစ်ခါတရံတော့လည်း သူနားမလည်နိုင်လှပါ။ ပြင်ပတွင်လန်းဆန်းမွှေးပျံ့ကာ
ချစ်စဖွယ်အသွင်ဆောင် သည့် မိန်းမပျိုလေးများသည် အဘယ်ကြောင့် နေအိမ်အတွင်းတွင်
ညစ်ပေအောင် နေတတ်ကြသည်လဲမသိ။ ည ၀တ်အိပ်အင်္ကျီကိုပင် ဆယ့်လေး၊ ငါးရက်မလျှော်မဖွပ်ဘဲ ၀တ်ဖူးသော၊
ရှိသမျှပန်းကန် မကုန်မချင်းစားပြီးလျှင် ချောင်ထိုးထားကာ နောက်တစ်ကြိမ်
ထည့်စရာပန်းကန်မရှိတော့မှ စုပြုံထ ဆေးတတ်သော၊ အခန်းတွင်းဖုန်မတင် စေဖို့ဝေးစွ…တံမြက်လှည်းရန်ပင်
တွန့်ဆုတ်တတ်သော မိန်းကလေးများကို အံ့သြမိလှသည်။
သူ့ အိမ်တွင် ညစ်ညူးခဲ့ရသည် ဟူပေမည့် ထိုမျှလောက် အခြေအနေမဆိုးဟုသာ
ဆိုရမည်ထင်သည်။ သူ မုန်းတီးလှသော နေကြာစေ့ခွံများ၊ အချဉ်ထုပ်များမှ
ပလတ်စတစ်အိတ်ခွံများမှာ ထာဝစဉ်မြင်တွေ့နေရသော အ ရာများပင်။ ခါတစ်ရံ မိန်းကလေးကိစ္စ
မသေသပ်မှုများပင် ရွံမုန်းစွာ မျက်နှာလွှဲခဲ့ရသေးသည်။
တစ်နေရာတွင် ထိုကဲ့သို့သောသူများနှင့် ရေရှည်သည်းမခံနိုင်၍ နောက်တစ်နေရာ၊
ထိုမှ ထိုမှ စသဖြင့် သူ ပြောင်းရွှေ့နေထိုင်ရသည့် နေရာတွေများလာခဲ့ခြင်းဖြစ်သည်။
ပိတ်ရက်ရှည်ရ၍ အိမ်သို့ပြန်လေတိုင်း ထို ထို အ ကြောင်းတို့ကို
မမောမပန်းနိုင်တိုင်တောပြောဆိုမြဲပင်။ သို့သော် အိမ်ပြန်ရောက်တိုင်းလည်း
စိတ်အေးချမ်းသာစွာ အနားရသွားပြီဟု မဆိုနိုင်။ မိဘရိပ်မြုံပြန်ရောက်လာ၍
လုံခြုံသောအားအင်ရှိခြင်းက သက်သက်၊ ထုံးစံနှယ်ဖြစ် နေသော အိမ်တွင်းတည်ရှိမှုကြောင့်
စိတ်မချမ်းမသာဖြစ်ရသည်က သက်သက်ပင်။
အိမ်ထောင်ပြုပြီးသော အစ်ကိုမှာ မိသားစုနှင့် အတူပင်နေထိုင်ရာ
ယောင်းမဖြစ်သူက အိမ်တွင်းထိန်းသိမ်း ရေးကို ယူလေသည်။ အဖေက စိတ်ချမ်းသာစွာ
စာပေများရေးသားရင်း၊ အမေက သူ့ ဘုရားခန်းကိုသာ သပ္ပာယ် အောင်ဖန်တီးလျှက်
ဘာဝနာနှင့်နေရင်းငြိမ်းချမ်းစွာရှိသည်။ ပျိုပျိုရွယ်ရွယ် လုပ်နိုင်၊ ကိုင်နိုင်သော
အိမ်ထောင်ရှင် မတစ်ယောက် ရှိလာ၍ အိမ်သည်သန့်ရှင်းသေသပ်သွားမည် ထင်ရသော်လည်း
တက်တက်စင်အောင် လွဲလေသ တည်း။ ပိုဆိုးသည်မှာ အစ်ကိုတို့ ဇနီးမောင်နှံမှာ
အိမ်တွင်းတနိုင်တပိုင် အာလူးကြော်လုပ်ငန်းလုပ်ကိုင်ကြလေရာ ရှေးယခင်ကထက်
ရှုပ်ပွေသော၊ ညစ်ထေးသော အခြေအနေကိုသာ ကြုံတွေ့ရတော့သည်။
အိမ်တွင် ရေသောက်ရန် ရေခွက်မှအစ
သီးသန့်သုံးစွဲသော၊ အမှိုက်တွေ့လျှင် ရွံရှာသလိုကြည့်တတ်သော သူ့အား
ယောင်းမဖြစ်သူကလည်း အမြင်မကြည်လင်နိုင်တော့ပေ။ ထို့ကြောင့် ပိတ်ရက်ရှည်ရတိုင်း
အိမ်တွင် လည်း ကြာကြာ မနေချင်။ မြို့တော်ရှိ ခိုနားရာသို့လည်း မပြန်ချင်နှင့်
နှစ်သစ်ကူးပိတ်ရက်တိုင်းသည် သူ့အတွက် ဒွိဟပွားရမြဲပင် ဖြစ်သည်။
ယောင်းမဖြစ်သူ လက်စွမ်းပြလေသော ရှုပ်ပွေညစ်ပေလှသည့် အိမ်ကိုမြင်ယောင်တိုင်း
အိမ်ပြန်ချိန်တွေ သူ့အတွက် တဖြည်းဖြည်း ပါးလျလာခဲ့သည်။ ပိတ်ရက်ရှည်တွင်
မျက်နှာပြရုံ တစ်ရက် နှစ်ရက်သာ နေထိုင်၍ ကျန်ပိတ်ရက်များကို မြို့တော်တွင်သာ
ကုန်ဆုံးစေခဲ့သည်။ ထိုမှတဖန် အချို့သော ပိတ်ရက်များတွင်လည်း ပြန် တစ်လှည့်၊ မပြန်တစ်လှည့်။
ကာလရှည်ကြာရင်း မြို့တော်တွင် အခြေကျလာသောအခါ သူ့ စိတ်ကြိုက်ခိုနားရာကို
ဖန်တီးခွင့်ရလာ၍ အိမ်ပြန်ချိန်သည် သူ့အတွက် ပိုဝေးလံလာသည်။ သူ့စည်းကမ်း၊
သူ့လိုအင်ကို လိုက်မှီအောင် မည်သူကမှ သဟ ဇာတမဖြစ်လှ၍ သူသည်
အမြဲလိုလိုတစ်ကိုယ်တည်းပင်။
အမေ ဆုံးပါးသွားပြီများမကြာမီ အဖေက ရဟန်းဘောင်သို့ဝင်သွား၍ အိမ်သည် သူ့
အတွက် သူစိမ်းပြင် ပြင်ဖြစ်ခဲ့ပြီ။ သူ့ အပြုအမူ၊ စရိုက်ကို တလျှောက်လုံး
စိတ်ပျက်ခဲ့လေသော အစ်ကိုနှင့် သူ၏ သံယောဇဉ်ကြိုးမှာ မ ရှိတော့သလောက် မှုန်ဝါးသွားခဲ့သည်။
မြို့တော်တွင် အခြေချနေထိုင်သော နှစ်ကာလသည်ပင် ဆယ်စုနှစ်တစ် ခုကို ကျော်လွန်လေပြီပဲ။
အချိန်ကာလသည် သွေးသားသံယောဇဉ်ကို ဖြတ်တောက်စေနိုင်သည့်အရာပေပဲလား။ သူ
ကင်းပြတ်ခဲ့လေသော အဖြစ်သနစ်တို့က အဓိကတွန်းအားဖြစ်စေခဲ့မည်ထင်သည်။
သူ့ စိတ်ကြိုက်ဖန်တီးထားသော ခိုနားရာတွင် နေရာတိုင်း၌ သန့်စင်ဖိတ်လက်လျှက်ရှိသည်။
အိပ်ရာသည် မွှေးပျံ့လျှက်။ အခန်းတွင်းဝန်းကျင်သည် Air Fresherနံ့တို့ဖြင့်
သင်းပျံ့လျှက်။ သူ တစ်ယောက်တည်း သုံးစွဲသော ရေချိုးခန်း၊ အိမ်သာသည်ပင်
သန့်စင်တောက်ပြောင်ကာ အမွှေးနံ့တို့ဖြင့် လန်းဆန်းလျှက်ရှိသည်။
ရံဖန်ရံခါခေတ္တလာနေသော တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ နဒီသည်ပင် သူ၏
အသေးစိတ်သော သန့်ရှင်းမှုများအောက်ဝယ် အနေကြုံ့ဖူးသည်။ ချစ်ခင်ရသော နဒီ့ကို
အားနာမိသော်လည်း ထိုသို့ သန့်ရှင်းမွှေးပျံ့ နေမှ သူက စားဝင် အိပ်ပျော်သည်ဖြစ်ရာ
သူ၏ ပြုမြဲဆောင်တာတို့ကို အနည်းငယ်မျှလျှော့ရန် စိတ်မကူးခဲ့ပါပေ။
မောင် နှင့် ပတ်သတ်တော့လည်း ထို့အတူပင်…။
*********
(၃)
ကျောခိုင်းထွက်သွားသည့် ပုံရိပ်ကိုမြင်လေမှ သက်ပြင်းခပ်ဖွဖွချကာ
ဆုပ်ချေထားသော ခန်းဆီးစကို အ သာဖြေလျော့ ရင်း တစ်ဘက်သို့ လှည့်မိတော့ သူ့ကို
စူးစိုက်ကြည့်နေသော နဒီ့ကို တွေ့ရသည်။
“အာ လန့်လိုက်တာ။ အသံမပေး ဘာ မပေးနဲ့ မိနဒီ”
“ငါ အသံပေးလိုက်ရင် နင့်ရဲ့ ချောင်းကြည့်ခြင်းဈာန် ပျောက်သွားမှာစိုးလို့
ဟေ့”
ခပ်ငေါ့ငေါ့ နဒီ့စကားအဆုံးမှာ သူ ဟက်ဟက်ပက်ပက်ရယ်မောမိသည်။
သို့သော် ဒီရယ်သံတွေမှာ နာကျင်မှုတွေစွက်နေတာ သူတင်မက နဒီပါ
ရိပ်မိကောင်းရိပ်မိနိုင်သည်။
“ကိုယ့် စိတ်ကို ကိုယ် ဘာလို့ ညှဉ်းဆဲနေရတာလဲ သွယ်”
“ဖြစ်မှ မဖြစ်နိုင်တာ ဟာ….”
“အဲဒီ့ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်က အဓိပ္ပာယ်မှ မရှိတာပဲ…နင် ဟာလေ
လိုတာထက် ပိုနေပြီ သိလား”
လိုတာထက်ပိုနေပြီတဲ့လား။
ဒီစကားကို နဒီ့ထံမှသာမက အခြားသူများထံကပါ ကြိမ်ဖန်များစွာ
ကြားဖူးခဲ့ပြီးပြီ။ အဖေ၊ အမေ၊ အစ်ကို၊ ယောင်းမ၊ နောက် ပတ်သတ်ဆက်နွယ်ရာ လူများ။ အဖေနှင့်
အမေကတော့ ကရုဏာဒေါသောဖြင့် ပြောခဲ့ သည်ပဲထင်သည်။ အမေ့ကို သတိရမိခိုက်
ရင်သည်ဆို့နင့်နာကျင်လှသည်။ သူ့ကို စိတ်မှ ချသွားပါလေစ ။ “ညည်း ခက်မယ် ” ဟုသာ
တွေတွေလေးလေး ပြောလေ့ရှိသော အမေသည် သူ့အတွက် စိတ်ပူပန်ရခြင်းများဖြင့် အဘယ်မျှ
နောက်ဆံတင်းခဲ့သနည်း။
“မိသွယ်ကို ပစ်မထားပါနဲ့ တဲ့..အမေ က ပြောခဲ့တာ”
ခပ်ဆတ်ဆတ် အစ်ကို့လေသံအဆုံးတွင် နက်ရှိုင်းသော ချောက်ကမ်းပါးထဲကျသလို သူ
လစ်ဟာဆို့နင့်နေ ခဲ့ဖူးသည်။ ကြီးမားသော အကြောင်းကိစ္စကြီးကြီးမားမား မရှိဘဲ
အိမ်နှင့် ဝေး ဝေး သွားခဲ့သော အသိရခက်သည့် သမီးဖြစ်သူကို
အထီးတည်းမဖြစ်စေချင်ဟန်တူသည်။ တခြားသူတွေ နားမလည်တောင် အမေကတော့ နားလည်
ခဲ့မှာပါပဲ။ မိဘနှင့် ဝေးရာသို့သာ ဦးတည်စေခဲ့သော သူ့အတ္တကို သူ
ပင့်သက်ရှိုက်မိပါသည်ဟု ဆိုလျှင် အများ သူငှာ လှောင်ရယ် ရယ်ကြလေမည်လား..။
သူ သည် လူဆိုးဟု အမည်တွင်ခဲ့ပြီ။
ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ မောင်သည်...။
*******
(၄)
မောင်သည် သူ့ဘ၀တွင် ပထမဆုံးနှင့်နောက်ဆုံးချစ်ရသူပင်။
သွေးသားသံယောဇဉ်များ ပြတ်တောက်ခဲ့ သည့်သူ့အတွက် အရင်းနှီးဆုံးသော
သူစိမ်းတစ်ဦးလည်း ဖြစ်ခဲ့သည်။ သီးသန့်နေလေ့ရှိသော ခြောက်သွေ့သည့် သူ့ဘ၀က မောင့်ကြောင့်
နွေးထွေးအသက်ဝင်လာခဲ့သည်။ သက်လတ်ပိုင်းအရွယ်သို့ ရောက်လာခဲ့ပြီဖြစ်သော သူ့ထက်
ခြောက်နှစ်တိတိငယ်သည့် မောင်က သူ့အား အဘယ်ကြောင့် ချစ်မြတ်နိုးခဲ့လေသည်မသိ။ သူ၏
တည် တင်းနေတတ်လေ့ရှိသော ဟန်ပန်ကလေးမှာ စွဲမက်စရာဖြစ်ခဲ့သည်ဟု မောင်က ဆိုခဲ့ဖူး၏။
မောင်က အေးဆေးနူးညံ့သူ။ သူက ပြတ်သားတိကျသူ။ မောင်က အနုပညာနှင့်ဆက်နွယ်သောအလုပ်
တစ်ခုကို လုပ်ကိုင်လျှက် ပြည်ပကျွန်းနိုင်ငံလေးနှင့် ကူးချည်သန်းချည်ရှိနေပြီး၊
သူကတော့ နေ့စဉ် စာရင်းဇယား များ၊ ငွေကြေးများဖြင့် နိုင်ငံတွင်းအခြေစိုက်
အဖွဲ့အစည်းတစ်ခုအတွင်းမှာ လုပ်ကိုင်သူ။ မတူညီ ခြားနားသော ဘ ၀၊
ရပ်တည်ချက်အသီးသီးပေမယ့် မောင်နှင့် သူ၏ နှလုံးသားချင်းကတော့ ထပ်တူကျခဲ့ကြသည်။
မောင် သည် သူ့လောက် စည်းစနစ်မကျလှသော်လည်း သန့်ရှင်းသပ်ရပ်သူဖြစ်ကြောင်း တစတစ
သိလာရသောအခါ သူ ၀မ်း သာအားရဖြစ်ရသည်။
ရနံ့တစ်မျိုးဖြင့် မွှေးပျံ့လျှက်ရှိသော မောင့်အင်္ကျီမှ ကော်လာစ၊
လန်းဆန်းသန့်စင်သည့် မောင့်လက် ချောင်း,ခြေ ချောင်းကလေးများ၊ ကြည်စင်နေသော မောင့်ပါးပြင်နှင့်နှုတ်ခမ်းပါးများ။
မောင်သည် ရည်မွန်သိမ်မွေ့ လှသော လူငယ်လေး တစ်ယောက်ပင်။ အရိုင်းဆန်ကာ
ကြမ်းတမ်းလှသည့် သူ့နှလုံးသားသည်ပင် မောင့် ကြောင့် နွေးထွေးညင်သာလာခဲ့ရသည်။
“နင့် မျက်နှာကြော မနည်းလျော့သွားတာ လင်းရိပ်ကို အတော်ကျေးဇူးတင်တယ်”
နဒီက သည်နှယ်ပြောတော့ မောင် နှင့်သူ လွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့ကြသည်။
နဒီ့ရှေ့မှာပင်ဖြစ်လျှက် မောင်သည် သူ့လက်ကိုနွေးထွေးစွာဆုပ်ကိုင်ပြီး “အခုမှ မက
ပိုချစ်စရာကောင်းသွားတာ” ဟု ကြည်နူးညင်သာ စွာပြောတော့ သူ့မှာ မောင့် အပေါ်ချစ်စိတ်တွေ
အဆမတန်တိုးကာ ပျော်ရွှင်ချမ်းမြေ့ရလှသည်။
နဒီက “အမလေး ပြောကာမှ ငါ့ရှေ့ Love Sence ရိုက်နေကြပြန်ပြီ” ဆိုကာ တဟားဟားအော်ရယ်တော့
မောင် နှင့် သူသည်လည်း မျက်နှာနီနီနှင့် ရယ်မောခဲ့ရတော့၏။
ထိုစဉ်ရက်များကတော့
သာယာကြည်လင်ခဲ့သည့် နေ့ရက်များပင်။
*******
အသိအမြင်ဗဟုသုတနည်းလှသည်မဟုတ်သော်လည်း သူ မသိသေးသောအရာများရှိနေသေးကြောင်း
သိ ရှိချိန်တွင် အချိန်က နောက်ကျခဲ့ပြီ။ သိမ်မွေ့သော ချစ်ခြင်းတရားတို့၌
အဆုံးစွန်သောချောက်နက်များ အဘယ် ကြောင့်သိုဝှက် တည်ရှိနေကြပါလိမ့်။ ထိုချောက်နက်သည်
ညင်သာသော ဂီတ၊ နူးညံ့သောရင်ခုန်မှုဟု သူ ထင် မှတ်မှားခဲ့၏။ ကြည်လင်ချိုမြသော မောင့်နှုတ်ခမ်းလွှာတို့သည်
အဘယ့်ကြောင့် ကြမ်းတမ်းနာကျင်စေရပါသ နည်း။
ရုန်းမသာအောင် သိုင်းဖက်ထွေးပွေ့ပါလေသော မောင့်လက်ချောင်းသွယ်သွယ်တို့သည်
ဤမျှသန်မာခိုင် မြဲလိမ့်မည်ဟု သူမတွေးမိခဲ့။ မွန်းကြပ်မောဟိုက်စေလှသော
မောင့်မျက်နှာသည် သူ့မျက်နှာမှ ခေတ္တခွာခိုက် အနီး အပါးရှိလေထုကို ခေါင်းမော့ကာ
အသက်ကို၀၀လင်လင် ရှုမိသည်။ တဆိတ် မောင်…ရှင့်ရဲ့ စပါးကြီးမြွေလို ရစ် ပတ်နှောင်တွယ်မှုတွေ
တစ်ပတ်လောက်မလျှော့နိုင်ဘူးလား။ မောင့်နှုတ်ဖျားမှ “အရမ်းချစ်တယ် မရယ်” ဟူသော
လေသံသည် တိုးညှင်းတုန်ခိုက်စွာ ထွက်ပေါ်လာ၏။
ဒါ အချစ်….အချစ် တဲ့လား။ ၀မ်းနည်းနာကျင်ရခြင်းများစွာဖြင့် သူ့မျက်ဝန်းမှ
မျက်ရည်တလိမ့်လိမ့်ကျဆင်း လာသည်ကို မောင် မြင်မှ မြင်ပါလေစ။
အမှန်စင်စစ် ဤအခြေအနေရောက်အောင် မောင်က ဇွတ်ဖန်တီးခဲ့ခြင်းမဟုတ်။
ခိုင်မာသောချစ်ခြင်းတရား တို့ဖြင့် နှောင်ဖွဲ့ခဲ့လေသော သူနှင့် မောင်တို့
သဘောတူညီချက်ပင်ဖြစ်သည်။ သို့သော် လက်ထပ်ခြင်းဟူသည့် ခေါင်းစဉ်၏ အောက်တွင် သူ
မနှစ်ခြိုက် ရွံမုန်းလေသောအရာများ ရှိနေသည်ကို မသိခဲ့ပါပေ။ သူ့ကို နုံနဲ့လွန်းသူ
မိန်းမသားဟု လက်ညှိုးထိုးအပြစ်တင်လေမည်လား။ သူ ထင်မှတ်ခဲ့ခြင်းသည် သာယာသောဂီတနှင့်
ချိုမြိန်သော ရင်ခုန်မှုကိုသာ ပေးစွမ်းလိမ့်မည်ဟုသာပင်။
မြန်မာပြည်အထက်ပိုင်းမှ တောင်ပေါ်မြို့လေးတစ်မြို့တွင်ရှိသော
မောင့်မိဘများထံသို့ အကြောင်းကြား ထားပြီး ထုံးစံဝတ္တရားများကို
ဆောင်ရွက်ခြင်းမပြုရသေးမီ နဒီနှင့် မောင့်ရုံးမှ သူငယ်ချင်းတစ်ဦးကို သက်သေပြုလို့ ၍ မြို့နယ်တရားရုံး တစ်ခုတွင်
မောင်နှင့်သူ လက်ထပ်ရန် စီစဉ်ခဲ့ကြသည်။ ညင်သာသိမ်မွေ့သော ချစ်ခြင်းတ ရားတို့ဖြင့်
ကြည်နူးနှစ်သက်စွာ အေးချမ်းခဲ့သော သူသည် မောင်နှင့် အချိန်ကြာကြာဝေးနေရန်
စောင့်ဆိုင်းမနေ လိုတော့ပေ။ မောင့်အပေါ် လေးနက်သော ချစ်ခြင်းတရားတို့က
မြန်ဆန်သောတွန်းအားကို ဖြစ်စေခဲ့သည်ထင် သည်။ မနက်ဖြန် နံနက်စောစောတွင် ကြိုတင်ချိန်းဆို
ထားသည့်အတိုင်း ဆုံရပ်တစ်ခုသို့ နဒီနှင့် မောင့်သူ ငယ်ချင်းတို့လာရောက်ကြမည်ဖြစ်သည်။
ယနေ့ည သူ့တိုက်ခန်းမှ မောင် မပြန်တော့ခြင်းအတွက် မောင့်ကို
စိုးစဉ်းမျှအပြစ်မတင်လို။ မောင်သည် ရက်စက်စွာ ပြတ်သားကြမ်းတမ်းရမည့် သူစိမ်းမဟုတ်။
သူ့ဘ၀အတွက် အရင်းနှီးဆုံးသူဖြစ်သည်။ သူ့ဘ၀တစ် လျှောက်လုံး နွေးထေး စွာလက်တွဲရင်း
အတူယှဉ်တွဲရင်ဆိုင်ရမည့်သူလည်း ဖြစ်သည်။
မောင့် နှုတ်ခမ်းလွှာတို့ သူ့ထံ နီးကပ်လာပြန်၍ အတွေးတို့လွင့်စင်ရပြန်သည်။ သူ
ရုန်းဖယ်နေသည်လား၊ မောင်က တင်းကြပ်နေသည်လား။ ရှင်သန်ရန်ခက်ခဲလှသော
လေထုထဲရောက်နေသူလို သူ မွန်းကြပ်လှသည်။ မနှစ်မြို့ခြင်းစိတ် အခြေအနေများ တစစတိုးပွားလာကြောင်းသိရှိချိန်တွင်
သူ့ရုန်းဖယ်မှုတို့က ပိုမိုအား ကောင်းလာ ခဲ့သည်။ သူ ချစ်မြတ်နိုးခဲ့လေသော မောင့်ကို
ဤညမြင်တွေ့ရခြင်းလောက် စက်ဆုပ်ခြင်း မရှိခဲ့။
မောင့် အနမ်းများ ပိုမိုတင်းကြပ်ကာ ရစ်ပတ်နှောင်တွယ်လေသော မွန်းကြပ်မှုတစ်ခဏ
မည်သို့သောအား အင်ဖြင့် သူ တွန်းထုတ်လိုက်မိလေသည်မသိ။
သတိပြုမိတော့ မောင် က သူ့ကို ငေးကြောင်ကြည့်နေလျှက်…၊ သူ့ နှုတ်ခမ်းမှလည်း
ချုပ်ထိန်းထားခဲ့သော စကားတစ်ခွန်းက အလိုအလျောက်ထွက်ပေါ်သွားခဲ့ပြီ။
“ကိုယ် အန်ချင်တယ် မောင် ”
မောင့်မျက်နှာက ရဲရဲနီစွေးသွားသည်မှာ ကြည့်ရက်စရာမရှိ။ မောင့်ကို
သနားအားနာကာ နာကျင်လှ သည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ရှက်ရွံ့တုန်ရီမှုများ၊
အော်ဂလီဆန်မှုများ လွှမ်းခြုံလျှက် တဆတ်ဆတ်တုန် ယင်လျှက်ရှိနေခဲ့သည်။ တစ်ချက်
ရှိုက်ငင်မိလေသည်လားမသိ။
********
(၅)
အတိအကျစီစဉ်ထားပြီးသော အရေးကြီးမှုတစ်ခုကို ဖျက်သိမ်းဖို့၊ ဘ၀တွင်တစ်ဦးတည်းချစ်မြတ်နိုးရသည့်
မောင့်ကို ဖြတ်တောက်ဖို့ အားအင်မွေးရသည်မှာ သူ့နှလုံးသားကို သူ
ဓားပါးပါးနှင့်လှီးသလိုပင်။ ထိုနေ့ညက ဆန္ဒ တို့ကို ချုပ်ထိန်းကာ
သူ့အပေါ်ချစ်ခြင်းတရားတို့ဖြင့် ချော့မော့နှစ်သိမ့်ရင်း တုန်လှုပ်မှုလျော့ပါးစေအောင်
မောင် ကြိုးပမ်းပေးခဲ့ရှာပါသည်။ နောက်တစ်နေ့နံနက် နဒီတို့နှင့်
ချိန်းဆိုသောနေရာသို့ သွားကြမည်ပြင်သောအခါ မောင့် ကိုအရင်သွားနှင့်ရန်
တိုက်တွန်းခဲ့သည်။ နားမလည်သောအမူအယာရှိသော်လည်း သူ့ကိုဆန့်ကျင်ခြင်းမပြုသည့် နှယ် မောင်တစ်ယောက်
အရင်ထွက်ခွာ သွားခဲ့သည်။
တရွေ့ရွေ့ဝေးသွားသော မောင့်ကျောပြင်ကို ပြတင်းတံခါးမှ ငေးကြည့်ကာ တသိမ့်သိမ့်ရှိုက်ငိုနေမိသည်။
နောင်သောအခါ ဒီပြတင်းအကွယ်သည် မောင်စိတ်ပျက်အားလျော့စွာ လှည့်ပြန်သွားလေတိုင်း
ချောင်းကြည့်ရင် နာရသောနေရာ ဖြစ်လာခဲ့သည်။
“သွားပေဦးတော့ မောင်။ ကိုယ်ဟာ ဘယ်လိုစိတ်ဓာတ်၊ ခံစားမှုတွေနဲ့
ဖွဲ့စည်းထားတဲ့သူဆိုတာ ကိုယ်တိုင် တောင်နားမလည်ချင်တောပါဘူး။ အညစ်အကြေးတွေနဲ့
ဝေးရာမှာ ရပ်တည်ရခြင်းသက်သက် လူဖြစ်ခဲ့ရတယ် ထင်ရဲ့ကွယ်။ တစ်ဘ၀လုံးစာ မောင်နဲ့ဝေးမှ
ဖြစ်တော့မယ်ဆိုတာ….”
လူသူဝေးရာတစ်နေရာတွင် ငြိမ်သက်စွာထိုင်ရင်း
သူ့အလာကိုစောင့်မျှော်ကာလည်တဆန့်ဆန့်ရှိနေကြ မည့် မောင်တို့သုံးဦးကို
မြင်ယောင်မိသောအခါ ရင်သည်တဖျပ်ဖျပ် နာကျင်မိလှ၏။
လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပြီပဲကွယ်။ မောင်မှ မဟုတ်၊ ကိုယ်ဟာ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ
လက်ထပ်ရန်မဖြစ်သော သူ တစ်ယောက် ဖြစ်ခဲ့လေပြီ။
ကန်ရေပြင်ကို မှောင်ရိပ်လွှမ်းသည်အထိငေးကြည့်ရင်း တစ်နေ့တာ၏အချိန်နာရီတို့ကို
ခက်ခဲပင်ပန်းစွာ သူ ကျော်ဖြတ်ခဲ့ရသည်။
********
လက်မထပ်နိုင်တော့ဘူး ဟူသည့်စကားကို မောင်နှင့် နဒီ
နှစ်ဦးစလုံးခါးခါးသီးသီးငြင်းဆိုကြလျှက် လက်မခံ နိုင် ဖြစ်ကြသည်။ အမျိုးမျိုးသော ဖျောင်းဖျသောစကားများ၊
ချော့မော့နှစ်သိမ့်သောစကားများ၊ ခါတရံကြိမ်း မောင်းဆူပူသော စကားသံများအောက်မှာ သူက
မတုန်မလှုပ်ကြောက်ရုပ်။ ၀မ်းနည်းနာကျင်နေသော မောင့်သွင် ပြင်ကိုကြည့်ကာ ဘ၀တလျှောက်လုံး
မဆွေးမြေ့စေဖို့ စကားတစ်ခွန်းကို ခက်ခဲပင်ပန်းစွာပြောထွက်ခဲ့ရသည်။
“ကိုယ် မင်း ကို တကယ်မချစ်ခဲ့ဘူး လင်းရိပ်…..ဆောရီး”
လည်ပြန်အရိုက်ခံရသည့်နှယ် ပျက်ယွင်းကြေမွသွားခဲ့သော မောင့်မျက်နှာသည်
သူ့ရင်တွင်း အနက်ရှိုင်း ဆုံးနေရာ၌ နာကျင်စွာသိမ်းဆည်းထားမိသော
နောက်ဆုံးပုံရိပ်ဖြစ်ခဲ့ပြီ။ မောင်က လက်သီးကို ကျစ်ကျစ်ပါ အောင်ဆုပ်သည်ကို
မြင်သောအခါ သူ့ကို တစ်ခုခု နာကျင်အောင် ပြုလုပ်သွားပါစေဟု မျက်လုံးအစုံကို မှိတ်ကာ
ငြိမ်သက်နေပေးခဲ့သည်။ သို့သော် သူ့အပေါ် နာကျင်အောင် မောင်မပြုမူခဲ့။
အချိန်အတန်ကြာပြီးသည့်နောက် စ ကားတစ်ခွန်းမှ မဆိုဘဲ သူ့အပါးမှ ထွက်ခွာသွားခဲ့သည်။
မောင်က ပြစ်တင်စကားမဆိုသွားခြင်းအတွက်၊ နာကျင်အောင်
မပြုမူသွားခဲ့ခြင်းအတွက် သူ့အဖို့ရာ ပိုမိုဆို့ နင့်ရသည်။ မဖြစ်နိုင်ခြင်းဟူသော
အကြောင်းအရာကို နဒီနားလည်အောင် တတ်နိုင်သမျှရှင်းပြခဲ့သော်လည်း ဘေးလူဖြစ်သည့်
နဒီကိုယ်တိုင်က အဓိပ္ပာယ်မရှိဘူးဟု တဖွဖွရေရွတ်နေခဲ့လေသည်။ နောက်ရက်များစွာ မောင်
လာတွေ့ဖို့ကြိုးစားတိုင်း သူတံခါးဖွင့်မကြိုဆိုခဲ့။ ညှိုးနွမ်းစွာပြန်သွားသည့် မောင့်
ကျောပြင်ကိုသာ ပြတင်းအကွယ်မှ မျက်စိတဆုံးချောင်းကြည့်မိသည်။ သူ့ကို စိတ်မချစွာ
အတူလာနေပေးခဲ့သော နဒီက မကြာခဏ ဝေဖန်ပြစ်တင် သော်လည်း သူမသိချင်ယောင်သာဆောင်နေ၍
မကြားဟန်ပြုနေခဲ့ရသည်။
လပေါင်းများစွာကျော်လွန်ပြီး တစ်နေ့တွင်
ကျွန်းနိုင်ငံလေးဆီသို့ မောင်အပြီးထွက်ခွာသွားပြီဟု သတင်း ကြားရသောအခါ
မောင့်ဘ၀သာယာအေးချမ်းပါစေဟု လှိုက်လှဲစွာဆုတောင်းမိလေသည်။ သူ့အပေါ် နာကျည်းခြင်းတို့နှင့်
မေ့ပျောက်နိုင်ပြီး ဘ၀သစ်ကို လွတ်လပ်ပေါ့ပါးစွာလျှောက်လှမ်းနိုင်ပါစေဟု သူ့ရင်မှ
တဖွဖွဆုတောင်း မေတ္တာပို့သမိလေသည်။
သူ့ အဖို့ရာမှာ ချစ်ခြင်းမေတ္တာသည် မောင် တစ်ယောက်တည်းအတွက်ပင်တည်း။
သို့သော် ဤသည်ကို မောင်သိရှိရန် မလိုအပ်လှပါပေ။
*********
နာကျင်ကြေမွသောနှလုံးသားသည် အောင်မြင်သောဘ၀ကို ပိုင်ဆိုင်ရန်တွန်းအားတစ်ခုဖြစ်ခဲ့သည်လား။
အချိုးကျခြင်း မဆီငေါ်လှပေမည့် သူ့ဘ၀က ထိုသို့သာဖြစ်ခဲ့သည်။
သဘာဝတရားတို့ကိုလက်မခံနိုင်သော သူ သည် အလုပ် တာဝန်များကို ချစ်ခင်ပြီး
သေသပ်အောင်မြင်သော ဘ၀ကိုလျှောက်လှမ်းနိုင်သူဖြစ်ခဲ့၏။
ထိုအချိန်တွင် သူ့အနားဝယ် မည်သူမှ မရှိတော့။ တစ်ဦးတည်းသော
သူငယ်ချင်းဖြစ်သူ နဒီသည် ခင်ပွန်း ဖြစ်သူ အခြေချရာ ပြည်ပနိုင်ငံသို့လိုက်ပါနေထိုင်နေခဲ့ပြီ။
နဒီ့ထံမှ အီးမေးလ်လာတိုင်း စာချည်းသက်သက်ပါဝင် သည်က အလွန်ရှားခဲ့သည်။ ချစ်စဖွယ်
သမီးငယ်လေးနှင့်အတူ ပြုံးပျော်ရွှင်မြူးနေသော ဓာတ်ပုံကလေးများ မ ထပ်ရအောင် တွဲလျက်
ပါမြဲဖြစ်သည်။ ကြည်လင်သာယာနေသော နဒီ့သွင်ပြင်များကိုမြင်ရတိုင်း စိတ်သဘော ထားဖြူစင်လှသည့်
သူငယ်ချင်းမ အတွက် ကြည်နူးပီတိဖြစ်ရလေ၏။
“သွယ်သွယ်ယု” ဆိုတာ အချစ်မရှိသည့် မိန်းမတဲ့။
သူ့ ပတ်ဝန်းကျင်က မှတ်ချက်များပင်။ ဆန့်ကျင်ဘက်ယောကျာ်းသားများနှင့်
ရင်ဘောင်တန်းလှုပ်ရှားကာ လုပ်ငန်းခွင်အတွင်း၊ လူမှုရေးနယ်ပယ်အတွင်း လိုအပ်လျှင်လက်ဆွဲနှုတ်ဆက်ရန်
ဝန်မလေးတတ်လှသည့် သူက စိတ်လှုပ်ရှားမှု စိုးစဉ်းမှမရှိ ခံစားချက်ကင်းမဲ့သူရယ်တဲ့လေ။
အထိအတွေ့မှာ မသာယာတတ်ခြင်းက ချစ်ခြင်း မေတ္တာခန်းခြောက်ခြင်းဟု ယူဆလေသည်လား။
သူ့ရင်ထဲမှ မြှပ်နှံသိမ်းဆည်းခဲ့ရသည့် ချစ်ခြင်းမေတ္တာတို့အ ကြောင်း၊
ဖြူစင်ခိုင်ကျည်သော သံယောဇဉ်တို့အကြောင်းကို သူသာ သိလေသည်။
သွေးသားသံယောဇဉ်ကို စွန့်ခွာခဲ့သူ ဖြစ်ပါလျှက် တိတ်ဆိတ်သော ညတိုင်းတွင်
တစ်ချိန်က “မိသားစု” အား
မြင်ယောင်တမ်းတနေတတ်သည်ကို မည်သူသိနိုင်ပါအံ့နည်း။ ညစ်ပေသော အမှိုက်သရိုက်တို့ကို
ဖယ်ရှား ရန် ကြိုးစားရင်း စိတ်အရေပြားဝယ် ညစ်ထေးမိုက်မှောင်လာသည်ကို ရှေးယခင်က သူမသိရှိခဲ့။
အမေ....
လေသံသဲ့သဲ့မျှသာ ရွတ်ဆိုရင်း ခေါင်းငိုက်စိုက်ကျခဲ့ရသည်။
သူ့ရင်သည် ပကတိမိုက်မှောင်လေ၏။
*****
လပြည့်ညတိုင်းအား ညွတ်နူးသာယာသော သူ့အတွက် လပြည့်ညသည်အေးစက်ခြောက်သွေ့ခြင်းကို
ခံစား စေလေသည်မှာ အသို့နည်း။ တစ်ခုသောဆောင်းနှောင်းကာလ လပြည့်တစ်ညတွင်
ကြည်စင်အေးမြသော လ ရောင်သည် ၀ရံတာကိုကျော်လွန်ကာ အခန်းတွင်းသို့ပါ
ဖြာကျလင်းထင်းလျှက်ရှိသည်။
ဝရံတာတွင် ရပ်မိတော့ သူ့နှယ်ပင်လရောင်၏ ဖမ်းစားမှုကို ပျော်မွေ့ဟန်တူသည့်
ဘေးအိမ်မှလူငယ်တစ်စု သည်လည်း ၀ရံတာတွင်ဝိုင်းဖွဲ့ကာ ဂစ်တာတီးနေကြသည်ကို တွေ့ရသည်။
လရောင်နှင့်ဂီတသည် အဘယ်မျှပ နံရလှပါသနည်း။ သိမ်မွေ့ခြင်းမရှိလှသည့် သူသည်ပင်
လရောင်အောက်ဝယ်ဂီတသံကို နားဆင်ရင်း ပိတ်နှောင် ထားခဲ့လေသော မြိုသိပ်ခြင်းတို့ ပြေလျော့ကျကာ
လှိုက်မောနွေးထွေးလာသည်။ အထီးတည်းသောဘ၀သည်
အစုအဖွဲ့အရိပ်အယောင်ကိုမြင်ရုံမျှနှင့် တစ်စုံတရာကို
ကြေကွဲလွမ်းဆွတ်သလိုဖြစ်လာသည်။ ဂီတကိုစိတ်လွတ် လက်လွတ် ဟစ်ကြွေးတီးခတ်နေကြသော
လူငယ်ကလေးများ၏ သွင်ပြင်အား လရောင်၏အလင်းကို အားပြု၍ သူငေးစိုက်ကြည့်နေမိသည်။
မဝေးလှသောအကွာအဝေးပေမယ့် နီးကပ်လှသည်မဟုတ်သောကြောင့် အ သေးစိတ်အထိမြင်တွေ့နိုင်စရာအကြောင်းမရှိ။
သို့သော် သူတို့၏မျက်နှာဝယ် ခံစားအသက်ဝင်လေသော သွေးရောင်လွှမ်းနေသလို သူ
သိရှိခံစားရသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ဖြစ်တည်ခြင်း၊ သဘာဝတရား၏
အကြောင်းတရားများစွာတို့ အလိုက်သင့်စီးမျောနိုင်သော သွေးရောင်များ…။ သူ့မျက်နှာကို
ယောင်ယမ်းစမ်းကြည့်မိသည်။
ပါးပြင်၌ သွေးကြောတို့ ရှိလေသလား။ သူ့ခန္ဓာကိုယ်တွင်း လှည့်ပတ်စီးဆင်းနေသော
သွေးသည် မည်သို့ သော သွေးမျိုးများပါလိမ့်။ နီရဲပူနွေးသော သွေးတို့
ဟုတ်မှဟုတ်ပါလေစ။ သို့ဆိုလျှင် အဖြူသက်သက်ပေလား။ အဖြူရောင်ကို သူထာဝစဉ် နှစ်သက်မြတ်နိုးခဲ့သည်။
အစွန်းအထင်းလုံးဝမထင်လေသော၊ ၀ါညစ်ခြင်းကင်းစင် သည့် အဖြူရောင်ကိုသာ
နှစ်ခြိုက်ခဲ့သည်။ အဖြူရောင်အသုံးအဆောင်မှန်သမျှ ညစ်ရာတစ်ချက် မရှိရလေအောင်
ဂရုတစိုက်ကြိုးပမ်းခဲ့သည်။ အဖြူရောင်စစ်စစ် မဟုတ်တော့လျှင် စွန့်ပယ်ခဲ့သည်သာ
ဖြစ်သည်။
ပကတိအဖြူရောင်သည် ကောင်းမြတ်ခြင်းဟု အဓိပ္ပာယ်ဆောင်လေသလား။ အရောင်ဟူသည့်
အမည်နာ မ၊ အမျိုးအစားခွဲခြားဖော်ပြမှု၊ လူသားတို့၏ ပိုင်းခြားဖွင့်ဆိုမှုတို့အရ
အဖြူရောင်ကိုသန့်စင်မွန်မြတ်ခြင်းဟု သူ ယူ ဆလေသည်။ ညစ်ထေးမှုတွေကို ရှောင်ရှားရင်း
သူ့ဘ၀ကို အဖြူရောင်များနှင့်သာ မွမ်းမံတည်ဆောက်ခဲ့သည်။ သို့စဉ်လျှက်
မှောင်မိုက်နေသည်မှာ အသို့နည်း.။
အခန်းတွင်းသို့ အမှတ်မဲ့စွာ လှမ်းကြည့်မိသောအခါ မွှေးပျံ့သန့်စင်သောအခန်းက
အိနြေ္ဒရစွာရှိနေသည်။ ဖုန်မတင်သောကြမ်းပြင်သည် တလက်လက်ထလျှက်။
အသုံးအဆောင်ပစ္စည်းတိုင်းသည် သန့်စင်အောင်ကြိုးပမ်း ခဲ့မှုများ၏ ရလာဒ်အဖြစ်
သေသပ်ကျနစွာတောက်ပြောင်နေကြသည်။ တစ်ကိုယ်စာအိပ်ရာသည် သန့်စင်နေဆဲ ပါဟု တစာစာ ရွတ်ဆိုနေသယောင်ရှိသည်။
ထို ထို အရာတို့သည် သူ ဖန်တီးသော
ဖြတ်သန်းရာဖြစ်သလို သံသ ရာ၏ အကျိုးဆက်အမွေ လည်းဖြစ်နိုင်သည်။
********
သူသည် အရာဝတ္ထုတို့ကို ညစ်ပေမှုကင်းစင်အောင် အားထုတ်ခဲ့၏။
သို့သော်... အဇ္ဈတ္ထကို ဆေးကြောသုတ်သင်ဖို့ မေ့လျော့နေခဲ့မိသည်။
သူသည် သန့်စင်မှုဖြစ်တည်ရန် ဖြစ်တည်ခဲ့၏။
သို့သော် ခန္ဓာကို ပယ်ဖျက်ရန် သတိမမူမိခဲ့။
********
အကျိုးတရားတို့ ဖြစ်တည်ရန် အကြောင်းတရားတို့တွဲလျက်ပါလာကြကုန်သည်။ သို့သော်
အကြောင်းတ ရားတို့သည် တိမ်းစောင်းသွားသောအခါ အကျိုးတို့ မဖြစ်လေပြီတကား…။ ။
ရွှေအိမ်စည်မေ
20.7.2013
PM:12:45
No comments:
Post a Comment