Monday, September 8, 2014

တေးဖွဲ့မသီရာ






တိုလီမိုလီတွေထည့်သော ဘီရိုအသေးလေးကို ရှင်းတော့ ဂါဝန်ဝတ်ရုပ်မလေးနှင့် ဖန်ပုလင်းလေး ထွက် လာသည်။ ဇာတ်လမ်းပမာတွေထဲကလို ငိုင်တွေငြိမ်သက်လျက် အဝေးသို့ငေးရီနေခြင်းမဖြစ်နေတော့။ သို့သော် အသာအယာဂရုတစိုက်နှင့် သေသပ်စွာပြန်ထည့်မိသည်။
          အပြင်ဘက်မှာ မိုးရိပ်မိုးငွေ့တွေဆင်နေတာ သတိပြုမိသည်။ မကြာခင် သည်းသည်းမည်းမည်း ရွာ   တော့မည်လား။ မိုးရေစက်တို့အောက်ရှိ ဆိုင်ကယ်လေးတစ်စီးကို မြင်ယောင်ဖြစ်ပြန်သည်။ မိုးစက်မှုန်မွှား များအောက် မှ နူးညံ့သောအပြုံးရိပ်ကို အမှတ်ရတော့ မနာကျင်ခဲ့ပါဘူးဟု ဘာသာ မှတ်ချက်ပြုထားခဲ့လေ   သော ရင်သည် စစ်ခနဲ ဖြစ်မိလေသည်။

××××××××

        
      သူတို့အရပ်မှာတော့ မြူတွေဆိုင်းနေရော့မည်။
     စည်းမျဉ်းဥပဒေသနှင့် လူ့ဘောင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို သွေဖယ်ဖောက်ဖျက်လိုခြင်း မရှိ   သောကိုယ်တို့တွေ တပ်ဆင်ခဲ့သည့် ‘ရိုးသားခြင်း’ ခေါင်းစဉ်အောက်တွက် အရာအားလုံးနေသားတကျ မှန်ကန်ခဲ့သည်ဟု မှတ်ယူထား ခဲ့သည်။ ကိုယ်တို့ ဟူသည့် ဗဟုဝုစ်ကိန်းအောက်တွင် ကိုယ်၊ သူ နှင့် သူ့ ဖခင်တို့ပါဝင်ပေသည်။ သူ့အစ်မက တစ်စိတ်တစ် ဒေသပါဝင်သယောင်ထင်ရသော်လည်း စင်စစ် သူမက လမ်းကြောင်းကိုသွေဖယ်စေချင်သူ။ သို့သော် သူကော သွေဖယ်စေ ချင်သလားဟု ထိုစဉ်အခါများကတော့ ကိုယ် မတွေးပေးခဲ့သည်မှာ အမှန်ပင်။ သူ့ဆန္ဒကိုရယူရမည်ထက် ကိုယ် နှင့် သူ့ ဖခင်ဆုံးဖြတ်ချက် သည် သာ ချမှတ်ခိုင်မာစေခဲ့သည်။ သို့သော် သည့်အတွက်တော့ ယခုအချိန်မှ နောင်တရမနေသည် မှာ သေချာ ပါသည်။
          နာကျင်စရာ မဟုတ်ပါဘူး၊ မှိုင်းညို့ခဲ့သောအတိတ် မဟုတ်ပါဘူးဟု တလျောက်လုံးခံယူထားလျက် သည်းသည်း မည်းမည်းရွာနေသော မိုးစက်များကိုမြင်တိုင်း တစ်ခဏတော့ ငေးစိုက်မိသားပင်။           
              အမိုးချွန်ချွန်နှင့် ကော်ဖီဆိုင်ကလေးများကို တွေ့မိတိုင်းလျောက်လက်စ ခြေလှမ်းတို့အခိုက်အတန့်တော့ တုံ့ဖြစ်ရ သည်။ မွေးရပ်မြေမှာ မတည်ရှိတော့သည့်တိုင် အမှတ်ရလေသောပုံရိပ်တို့က လွန်လေပြီးသော ကာလတွင် ကျန်မနေရစ်ဘဲ ရှင်သန်ရာဘ၀တလျောက် ခါတရံဖျတ်ခနဲ ပေါ်,ပေါ် လာသည်ကို ဘ၀င်ကျလှ သည် မဟုတ်ပေမယ့် မတတ်သာစွာ လက်ခံ ရပါသည်။



××××××

          ဆယ်တန်းဖြေပြီးကတည်းက Study Guide လုပ်လာခဲ့သော ကိုယ် သည် ဘွဲ့ရပြီးချိန်တွင် ကိုယ်ပိုင်စာသင် ကျောင်းများ၌ Second Teaching အဖြစ်လုပ်ကိုင်ခဲ့ခြင်းသည် အထူးအထွေတော့မဟုတ်။ လုပ်သက်များစွာကြီးရင့်သော နာမည်ရဆရာ/ဆရာမကြီးများက ဘာသာပြဆရာများ၊ ကိုယ်တို့တွေက ထိုဘာသာအသီးသီးကို နောက်မှလိုက်၍ပြန်လှန် လေ့ကျင့်၊ စာမေးပွဲစစ်၊ လိုအပ်လျှင်ထပ်မံရှင်းပြသော Second Teaching များ။ ဘော်ဒါများရှိ Study Guide များကတော့ ကိုယ်တို့တွေ ချမှတ်ပေးသော တစ်နေ့တာကို ကူကျက်ပေးရုံ၊ ထိုင်စောင့်ပေးရုံသာဖြစ်သည်။ ကိုယ်ပိုင်စာသင်ကျောင်းများ ၏ အလေ့အထကဤသို့ပင်။
          ကိုယ် Study Guide လုပ်ခဲ့စဉ်က ဘာသာရပ်အားလုံးလေ့လာကျွမ်းဝင်နိုင်ရုံသာမက ကိုယ်တိုင်မေးခွန်းထုတ်၊ ကိုယ်တိုင်သင်ကြားနိုင်ခဲ့သည့်အတွက် အောင်မြင်မှုတော့ရှိခဲ့သည်။ အလွတ် Guide နှင့် ဘော်ဒါ Guide တူသည်တော့ မဟုတ်။ ဘော်ဒါ Guide တစ်ယောက်ဖြစ်ဖို့အတွက် ဂုဏ်ထူးပါစရာမလို။ ဘာသာရပ်ဆိုင်ရာစာတွေ အလွတ်ရ ကျေညက် စရာမလို၊ ညဘက်စာကျက်ချိန်ထိုင်စောင့်ပေးကာ (လိုအပ်လျှင်) ကူကျက်ပေး၊ အလွတ်ရေးကြသည့် ကျက်စာများကို အဖြေနှင့်တိုက်ကြည့်ဖျက်ပေးကာ နာမည်နှင့်အလိုက်စာရင်းပြုစုပေးရန်ပင်။
          အလွတ် Guide များကတော့ ဘာသာရပ်အားလုံးကျေညက်ရသည်။ သင်ကြားနိုင်ရသည်။ တိုတို ထွာထွာ မေးခွန်း မျိုးက အစ ကျောင်းသားမေးလျှင်ဖြေပေးနိုင်အောင် သိထားရသည်။ ဂုဏ်ထူးရည်မှန်း   သော ကျောင်းသားမျိုးဖြစ်ခဲ့လျှင် ပိုဆိုးပါသည်။ ဖြတ်ထိုးဥာဏ်နှင့် စဉ်းစားဥာဏ်ရင့်သန်လေသော   ကျောင်းသား၏အသိကို ပိုမိုလင်းလက်စေဖို့ ထို Guide က များစွာရှေ့ရောက်နေဖို့လိုအပ်လှသည်။   အောင်ဖို့ရန်ပင် မနည်းဆွဲယူရလေသော ကျောင်းသားမျိုးအတွက်ကျပြန်တော့ အလွယ်ကျက်မှတ်နည်း short cut များသိရှိရန်လိုအပ်ပြန်လေသည်။
             ကိုယ် သည် ထိုထိုသော အတွေ့အကြုံများမှာ ကျင်လည်ခဲ့သည့်အတွက် ကိုယ်ပိုင်စာသင်   ကျောင်း များ၏ Second Teaching အဖြစ်ကို လွယ်လင့်တကူ ရရှိခဲ့ပါသည်။
          Second Teaching စာသင်နှစ် ဒုတိယနှစ်မှာ သူ့ကိုသိရပါသည်။ ထုံးစံအတိုင်း ဆယ်တန်းအောင် စာရင်း ထွက် ရှိပြီး ဆယ်ရက်အကြာမှာ ဖွင့်လှစ်သော Repeater တန်းခွဲသို့ ရောက်ရှိလာသူထဲမှ တစ်ဦး ပင်။ ကျောင်းလာအပ်သည့်နေ့ မှာမှ မိုးဖြိုင်ဖြိုင်ကျသည်နှင့်တိုးကာ တိုကပ်သောဆံပင်တွေ ပိပြားကာ ကြွက်စုတ်ကလေးနှယ် ဖြစ်နေသည့်သူ့ကို ခရီး ဦးကြိုပြုရင်း ကိုယ် မေးခဲ့သည်။
          ‘လူကြီးတွေနောက်မှာထင်တယ်။ ခေါ်လိုက်လေ သား’
          ‘မပါဘူး။ ကိုယ့်ဘာသာ အပ်လို့ရတယ်မလား’
          ရေစက်တွေကို လက်နှင့်သပ်ချရင်း တုံ့ပြန်မေးလိုက်မှုကြောင့် ကိုယ် ပင် အတန်ငယ်ကြောင်အ သွားသည်။ စင်စစ် ကျောင်းအပ်လက်ခံခြင်းဟူသည် ကိုယ်တို့နှင့်သက်ဆိုင်သော အခန်းကဏ္ဍမဟုတ်။ သက်ဆိုင်ရာစာရေးမလေးကစာရင်း ရေးသွင်းကာ ဘော်ဒါအုပ်ဆရာနှင့် ကျောင်းသားမိဘ ဆွေးနွေးပြောဆို အပ်နှံကြသည်ပင်။ ဘော်ဒါအုပ်ဆရာ ဆင်းမလာ သေးခင် တစ်ယောက်တည်းဖြစ်နေသည့် သူ့ကို အထုပ် အပိုးတွေနှင့် တွေ့လိုက် ရ၍ မေးလိုက်   ခြင်းသာ။ အုပ်ထိန်းသူမပါဘဲ အထုပ်တွေနှင့် မိမိဘာသာ ရောက် ချလာသော ကျောင်းသားကိုတော့ တရံခါမှ မတွေ့ခဲ့ဖူး။
          ဘော်ဒါအုပ်ဆရာဆင်းလာပြီး စကားပြောဆိုသောအခါ အခါတိုင်းနှယ် နားနေခန်းမသွားတော့ဘဲ ကိုယ် ရှိနေခဲ့ သည်။ စူးစမ်းချင်စိတ်လည်းပါမည်။ ဆရာမည်သို့ဆုံးဖြတ်မည်လဲ နားထောင်ချင်တာလည်း ပါကောင်း ပါ,ပါမည်။
          အမှန်တကယ်ပင် အုပ်ထိန်းသူမိဘက ဤမြေ၊ ဤရေမှာမရှိဘဲ တစ်ဦးတည်းတည်ရှိနေသည်ကို သိရသောအခါ ဆရာတင်မက ကိုယ်ပါ မျက်ခုံးပင့်ကာခေတ္တတော့တိတ်ဆိတ်သွားကြသည်။ တာဝန်ယူ အပ်နှံမည့်သူမရှိသည့် ကျောင်းသား တစ်ယောက်ကို သည်အတိုင်းအလွယ်တကူလက်ခံလိုက်ရန် မည် သည့်ကျောင်းကများ ခွင့်ပြုပါမည်လဲ။
          ‘ကျွန်တော် ကိုယ့်ကိုကိုယ် တာဝန်ယူနိုင်ပါတယ်။ ဖေဖေက နောက်သုံးလကြာရင် လိုက်လာပေးမှာပါ။ အခုလပိုင်း က ဖေဖေတို့အလုပ်က ခွင့်ယူလို့မရလို့။ ကျွန်တော် စာမေးပွဲကျမှာ ကြိုသိနေလို့ တန်းခွဲဖွင့်တဲ့အချိန်မီအောင် ပြန်လာခဲ့တာ’
          ဘော်ဒါအုပ်ဆရာကအထုပ်တွေနှင့် ရောက်ချလာသော ကျောင်းသားတစ်ယောက်ကို မောင်းထုတ်   ခြင်းမပြုငြား တန်းခွဲသို့တက်ရောက်ခွင့်ကိုမူ မပြုသေး။ အုပ်ထိန်းသူအပ်နှံခြင်းမရှိသေးဘဲ တန်းခွဲကျောင်း သားမဖြစ်သေး။ သို့သော် ဘော်ဒါတွင်နေထိုင်ခွင့်ကိုကားပြုမည်။ ဖခင်အလာကို စောင့်နေရင်း အခြား သူ များနှယ် စာလိုက်မီစေရန် သီးသန့် guide နှင့်သင်ရမည်ဟု ဆုံးဖြတ်ချက်ချပေးလေသည်။
          နောက်ဆုံးတော့ထိုသို့သော ဘာသာစုံသင်နိုင်သည်က ဆရာအနည်းငယ်သာရှိရာ ကိုယ့်အပေါ် သို့ သာ တာဝန်ပုံ ကျလာတော့သည်။ ကောင်လေးက တစ်စုံတစ်ခုပြောလိုဟန်ရှိသေးပေမယ့် စိတ်ဆုံးဖြတ် လိုက်ဟန်ဖြင့် ဘာမှမပြောတော့ ဘဲ ထိုဆုံးဖြတ်ချက်ကိုသာ အသာတကြည်လက်ခံလိုက်ပါသည်။

×××××

          Repeater ဟု ကိုယ်တို့တွေ အမည်သညာခေါ်ဝေါ်ကြသော တန်းခွဲတိုင်းကို သင်ရတိုင်း လွယ်ကူချောမွေ့ကာ စိတ်ချမ်းသာသည့် ကျောင်းသားမျိုးတွေ့ရခဲသည်။ သို့သော် ထိုကောင်လေးကို သီးသန့်သင်ခွင့်ရသောအခါ နာခံရိုကျိုးကာ သေသပ်စွာလုပ်ကိုင်တတ်သူဖြစ်ရကြောင်း သိရသောအခါ အံ့သြမိရသေးသည်။
          ဘယ်လိုလုပ်များ နှစ်ကျဖြစ်လာပါလိမ့်..။ ဇဝေဇ၀ါဖြစ်ရလောက်အောင်ပင် လက်ရေးလက်သား ကအစ သေသေ သပ်သပ်။ စာကိုနှုတ်တိုက်အလွတ်မကျက်ဘဲ မှတ်စုထုတ်မှတ်သားလေ့ရှိသော အကျင့် သည် လူညံ့လေးတစ်ယောက်တော့ မဖြစ်နိုင်တော့ပါ။
သို့ပေမယ့် သိပ်ထက်မြက်လွန်းကာ သင်သမျှရှေ့ကတပြေးတည်းပြေးနေသည့်   ကျောင်းသားမျိုး လည်း မဟုတ် သဖြင့် ပြီးခဲ့သည့်နှစ်က သတ်မှတ်ဂုဏ်ထူးမမီမှာစိုး၍ ဖျက်ချသည့် ကျောင်းသားမျိုးလည်း မဖြစ်နိုင်။ သူ့ကို မေးကြည့် တော့လည်း ဖျက်ချတာမဟုတ်ကြောင်း အေးအေးသက်သာ,သာ   ပြောလေ သည်။ ဒီတော့လည်း ကြာရှည်ဦးနှောက် အခြောက်မခံဘဲ သင်စရာရှိတာသာ ပြည့်စုံအောင်သင်ဖို့ပင်။ စာတော်သောကျောင်းသားကို ထိန်းကွပ်ခွင့်ရသည်မှာ ကိုယ် တို့ ဂိုက်လောကသားများအတွက် ဆုလာဘ် တစ်ခုပဲ မဟုတ်ပေလား။
သုံးလခန့်ကြာလျှင် လိုက်လာမည်ဆိုခဲ့လေသော သူ့အဖေသည် လေးလကျော်ကာလကြာမှပင် လိုက်လာနိုင်ခဲ့ တော့သည်။ လာပြန်တော့လည်း ခဏတဖြုတ်နှယ်ပင်။ သူ လိုသောခွင့်ရက်ရှည်က မရ   သေးတဲ့။ ကျောင်းအပ်လက်မှတ် လာထိုးပေးရုံနှင့်ပင် တူလှသည်။ ကျောင်းတွင်လည်း ကြာရှည်နေရန်ပင် အချိန်ရပုံမရ။
ကိုယ့်ကိုပင် အာရုံစိုက်မိပုံမရသော်လည်း ကိုယ့်အတွက်ကတော့ သူ့အဖေကို ထိုအချိန်တွင် စကား   တွေပြောစရာ ရှိနေခဲ့ပေပြီ။ ယမန်နှစ်က ကောင်လေးရှုံးနိမ့်ရခြင်းအကြောင်းကို အရိပ်အမြွက်သိမြင်   နေခဲ့ပြီဖြစ်ရာ ထို့အတွက် ဆွေးနွေး လိုနေခဲ့လှသည်။
ကောင်လေး ယူထားခဲ့တာ အတွဲ (၇) ဟုခေါ်တွင်ကြသော ဘိုင်အိုပါဝင်သောအတွဲဖြစ်လေသည်။ ကျန်သော ဘာသာရပ် ခြောက်ခုလုံးတွင် လိုက်မီရုံမက အမှတ်များသည့်ဘက်သာရောက်နေခဲ့သော သူ သည် ဘိုင်အိုဘာသာ ရပ် တွင်ကား အကုန်အစင်မှတ်မိဖို့ ခဲယဉ်းလှသည်။ တစ်ပတ်တစ်ခါ test, တစ်လ တစ်ကြိမ် စာမေးပွဲများတွင် သိပ်မသိသာလှ သော်လည်း ရက်များစွာကျော်လွန်ပြီး လ အရေအတွက် များ လာသည်နှင့်အမျှ သင်ခန်းစာအခန်းများလည်း များလာသည် ဖြစ်ရာ သူ မှတ်မိနိုင်စွမ်းမရှိသည်ကို တစစ သိမြင်လာသည်။ ထိုအခါမှ ကိုယ် မေးမြန်းကြည့်တော့ ဟုတ်သည်… ထိုဘာ သာရပ်တွင် သူ အားနည်း လွန်းလှသည်။ ထို့အပြင် စိတ်ကိုမ၀င်စားလှသည်တဲ့လေ။
ထိုအကြောင်းတွေကို သူ့အဖေအားပြောပြတော့ မတုန်မလှုပ် ခပ်မဆိတ်သာလျှင်..။
‘ဆယ်တန်း စ တက်ကတည်းက သူ ဘိုင်အိုဘာသာမလိုချင်ဘူးလို့ ပြောတယ်..ကျွန်တော့် ဆန္ဒကတော့ ဘယ် နှစ် နှစ်ကျကျ ကျပါစေ…အမြင့်ဆုံးဘာသာတွဲနဲ့ပဲ အောင်ရမယ်..တက်ကို တက်ရမယ် လို့ ပြောထားခဲ့တာ’
အံ့သြရလွန်းသဖြင့် ကိုယ် ဘာမျှပြန်မပြောနိုင်။ ဘာသာတွဲတွေ ခွဲဝေသတ်မှတ်မှုက အနိမ့်အမြင့် ခွဲခြားထားခြင်းမှ မဟုတ်တာပဲ။ မိမိ အားသန်ရာ၊ နှစ်သက်ရာ ဘာသာရပ်တွေ စိတ်ကြိုက်ရွေးယူနိုင်ဖို့ပင်။ အတွဲ (၇) ကိုမှ အမြင့်ဆုံးဟု ဘာ ကြောင့်များသတ်မှတ်နေပါလိမ့်။
သို့သော် အချိန်ကာလအနေဖြင့်လည်း ဘာသာတွဲပြောင်းယူရန် မသင့်သည့်အချိန်ဖြစ်နေသည့် အတွက် အခြားတစ်စုံတစ်ရာမဆိုတော့ဘဲ သူ့အတွက်လိုအပ်နိုင်သည့် စာအုပ်စာတမ်းနှင့် တစ်လတစ်ကြိမ်   ဖြစ်ဖြစ် ကျောင်းသား၏အခြေအနေကို စောင့်ကြည့်နားထောင်ပေးဖို့၊ ဂရုတစိုက်လုပ်ပေးဖို့သာ မှာရပါ သည်။
သို့ပေမယ့် ထို တစ်ရက်သာမြင်ခွင့်ရခဲ့သော သူ့အဖေသည် နောက်ထပ် လ တွေ ကျော်လွန်ပြီးခဲ့ သည် အထိ ရောက်မလာတော့ပြန်။ နိုင်ငံရပ်ခြားတိုင်းပြည်ရှိအလုပ်တာဝန်ကြောင့် မကြာခဏပြန်လာရန် မဖြစ်ဆိုတာကို တွေးမိသော် လည်း လေလှိုင်းတွေမှတဆင့်တော့ သတင်းစကားမေးစေချင်မိသားပင်။ သို့ပေမယ့် သူ့အတွက် ကျောင်းလခတွေတောင် နှစ်ကုန်အထိတစ်ခါတည်းပေးသွင်းသွားရာ ကိုယ်ကမျှော်   သော်လည်း အချည်းနှီးသာ။ သူ့ သားအတွက်လစဉ်ငွေတောင် ဘဏ်မှာအပ်ပေးခဲ့သည်ဆိုပဲ။ ကလေး တစ်ယောက်အတွက် မဖြစ်သင့်သော်လည်း သူ့သားနှင့် သူ့အဖေကတော့ ပြဿနာ မရှိ အေးဆေး လို့နေ သည်။
စာသင်ချိန် လေးလခန့်သာရှိတော့သောအချိန်ကာလက သူ့အတွက်စိုးရိမ်ပူပန်ရခြင်း တို့ဖြင့်   လေးလံလှသည်။ ပုံမှန်ဂိုက်ချိန်ထက် ပိုဝင်ပေး၊ လေ့ကျင့်ပေးရလွန်းသဖြင့်လည်း သူ့ဦးနှောက်သည် ပိုမိုအုံမှိုင်းစေသည်လားမသိ။ သို့သော် ကျောင်းသား၏ ပင်ကိုထိုးထွင်းနိုင်စွမ်းကို ဗဟိုပြုသင်ကြားနေရန် မှာလည်း အချိန်ကမရှိတော့ပါ။ သူ မုန်းတီးလှသော ကြက်တူရွေးနှုတ်တိုက်ဖြင့် ကိုယ် သည် တုတ်တပြက်၊ ဓားတပြက်လူကြမ်းတစ်ယောက်နီးပါးပင်။
နာခံလွယ်ရှာသော၊ အေးဆေးငြိမ်သက်သော သူ သည် ရန်လိုငြင်းဆိုခြင်းဖြင့် ဂျစ်ကန်ကန်တော့ မပြုမူခဲ့ရှာပါ။ သို့သော် ဘိုင်အိုမကျက်ချင်ဘူးရယ်ဟု မကြာခဏငြင်းဆန်လေရာ ထိုကိစ္စနှင့်တော့   ပြဿနာမကြာခဏဖြစ်ရပါလေ သည်။တစ်ခါသားသော် ‘ဘိုင်အိုစာအုပ်ယူလာခဲ့’ ဟုစေခိုင်းသည်ကို ရူပဗေဒဘာသာရပ်သာ ယူလာလျက် သူ စိတ် ထက် သန်သော ပုစ္ဆာရပ်များသာ ထိုင်တွက်နေတော့ ဆရာဟူသောမာန်နှင့် ဒေါသကထွက်ရသည်။
‘အဲဒီ့ physics က မင်း တွက်လွန်း၊ လေ့လာလွန်းအားကြီးလို့ ဂုဏ်ထူးမှတ်ကျော်နေလောက်ပြီ။ ဘိုင်အိုက အောင် မှတ်ကို မရသေးဘူး..။’
သူသည် ခပ်မဆိတ်သာ နေလျက် ခွန်းတုံ့မပြန်။
‘ထုံပေပေ လုပ်မနေနဲ့ စည်သူ။ တစ်ဘာသာ ရှုံးရင်လည်း ရှုံးတာပဲ…။ ကျန်တာတွေ မိုးပျံနေလည်း အလကားပဲ…။ နားလည်လား။’
ကျက်မှမကျက်ချင်တာဟု ကိုယ့်ကိုတိုက်ရိုက်မဆိုသော ခပ်တိုးတိုးရေရွတ်သံက ကိုယ့်ဒေါသဒီဂရီ ကိုမြင့်တက် သွားစေခဲ့သည်။ ကရုဏာဒေါသကိုကျော်လွန်လျက် ငါ ဟူသောမာန်နှင့်ပါ နစ်နစ်နာနာပြောမိ ခဲ့လေသလားမသိ။ သတိဝင် လာတော့ ကောင်လေး သည် မျက်ရည်စတို့စိုစွတ်လျက် နှုတ်ခမ်းတွေ တင်း တင်းစေ့ထားခဲ့ပြီ။
ထိုအခါကျပြန်တော့ စိတ်ကိုအတတ်နိုင်ဆုံးလျော့ချကာ ‘ကဲ ကဲ သွားနားတော့’ ဟုသာ တိုးတိတ် စွာပြောလျက် တစ်နေ့တာစာသင်ချိန်ကို ကုန်ဆုံးစေခဲ့ရပြန်သည်။

×××××
နောက်ရက် စာသင်ချိန်အပြီးအိမ်သို့ပြန်အရောက် ကိုယ်ကိုင်ရာအိတ်အတွင်း အမှတ်မဲ့ကြည့် လိုက်သော် စာအိတ် ဖြူလေးတစ်အိတ်ကိုတွေ့လိုက်ရသည်။ ဇဝေဇ၀ါဖြင့်စာအိတ်ဖြူလေးကို ဖွင့်ဖတ်မိ   သော ကိုယ် သည် ချောက်ကမ်းပါးအစွန်း ၀ယ် ရပ်မိသူပမာတလှပ်လှပ်ဖြစ်လှသည်။ သုံးနှုန်းသော နာမ် စားများက ရိုးစင်းပေမယ့် ခံစားမှုအရိပ်အယောင်က နက်ရှိုင်း နေသည်ကို သတိပြုမိတော့ ကိုယ် သည် တဒင်္ဂဆွံ့အနေသူနှယ် ငိုင်တွေငြိမ်သက်နေသည်။
စာဆုံးသော်လည်း ကိုယ်သည် ငြိမ်သက်နေမြဲ။ တစ်စုံတစ်ရာသောအပြုအမူ၊ အပြောအဆို တို့ လွဲမှားခဲ့ပြီလေလား ဟု အပြစ်မကင်းသောစိတ်ခံစားမှုနှင့် မသက်မသာဖြစ်မှုက လူကိုလွှမ်းခြုံနေသည်။
‘ကျွန်တော် စ ရောက်လာကစကတည်းက အစ်မနဲ့သင်ခဲ့ရတာပါ။ တခြားဆရာ/ဆရာမတွေနဲ့သာ မရင်းနှီးရှိ ရ မယ်။ အစ်မကတော့ ကျွန်တော်အရင်းနှီးဆုံးပါ။ ကျွန်တော့်စိတ်ထဲကဖြစ်သမျှ၊ နာကျင်သမျှ ခံစားချက်တွေကို ဘယ်တုန်း ကမှ ဘယ်သူ့ကိုမှ ပြောခွင့်မရခဲ့ဘူး။ အစ်မက နားထောင်ပေးတယ်။ ကျွန်တော် ရင်ဖွင့်နိုင်တာ၊ ပြောရဲတာ၊ စိတ်ထဲနွေး ထွေးစေခဲ့တာ အစ်မပဲ ရှိပါတယ်။ အစ်မပြောသမျှစကား   တွေလည်း အကုန်နားထောင်ခဲ့တာပဲ။ ကျွန်တော် ကလန်ကဆန် လုပ်မိတာမျိုး မရှိခဲ့ပါဘူး။ ဟိုနေ့က အစ်မကျက်ခိုင်းတာမကျက်ခဲ့တာ ကျွန်တော် ဘိုင်အိုကို စိတ်မ၀င်စားတာလည်း ပါသ လို အစ်မက   ကျော်သူနိုင် တို့ အဖွဲ့ကိုကျ ချိုချိုသာသာပြောပြီး ကျွန်တော့်ကျတော့ မျက်နှာတင်းတင်းနဲ့ ဟောက်လို့ စိတ်မ ကောင်းဖြစ်ပြီး လုပ်မိတာ။ နောက်ကို အစ်မ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်တော့ပါဘူး။ ကျွန်တော် ကတိပေး ပါ တယ်။ ကျွန်တော့်ကို အစ်မစိတ်ဆိုးနေတာ မြင်ရတာ အရမ်းဝမ်းနည်းမိတယ်။   နောက်တစ်ခါမဖြစ်စေရပါဘူး။ ကျွန်တော် တောင်းပန်ပါတယ်။ သည်အရုပ်လေးက ဟိုတစ်ပတ်ကတည်း က ၀ယ်ထားတာပါ။ အခုထည့်ပေးလိုက်ပါတယ်’
ဂါဝန်ကားကားလေးနှင့် ဗိုလ်မရုပ်လေးသည် ကိုယ့်ကိုပြုံးရွှင်စွာရယ်ပြနေသည်။ လက်တစ်ချောင်း စာအရုပ်ငယ် လေးကိုကြည့်ကာ လူသည်ယောင်နန။ တစ်စုံတစ်ရာမှားယွင်းခဲ့ပြီဟုဆိုလျင် ဘယ်အရာများ ကပါလိမ့်။ ဘယ်အရာပဲဖြစ်ဖြစ် ယိမ်းယိုင်ခဲ့ပြီဆိုလျင် တည့်မတ်ရန်မှာ ကိုယ့် တာဝန်သာ။ မနက်ဖြန်အ တွက် စကားလုံးတွေစီကာစဉ်ကာစဉ်းစားရင်း တစ် ညတာတော့ အိပ်စက်ခြင်းမဲ့ရပြန်လေသည်။

×××××

ပြတ်သားမာကျောပြဖို့ဖန်တီးချက်သည် စင်စစ်တော့ထင်သလောက်မချောမွေ့လှ။ ကိုယ့်စကား တစ်ချက်အမာ တွင် ပျက်ယွင်းသွားလေ့ရှိသော သူ့မျက်နှာကိုမြင်ရတိုင်း ပြုမူခဲ့သမျှသည် မှန်ကန်ပါ၏လား ဟု မကြာခဏတော့ မေးချက် ထုတ်မိရသည်။ စကားတစ်ခွန်းဆိုဖို့ခဲယဉ်းလှသည့် သူ့စရိုက်ကို စေ့ငှမိတော့ သည်အတိုင်းမသိကျိုးကျွံပြုလည်း ပြီးတာပဲ ဟု အတွေးကရောက်ဖြစ်သည်။
ထိုသို့ ဆုံးဖြတ်ရန် စိတ်ပိုင်းဖြတ်တော့ နေ့စဉ်လိုလက်ကိုင်အိတ်ထဲရောက်လာသည့်   ရောင်စုံစက္ကူ   တွေနှင့် ပြုလုပ် ထားသည့် ကြိုးကြာငှက်ရုပ်ကလေးတွေကိုပါ မသိဟန်ပြုရပြန်သည်။ ပြင်ပတွင် မသိဟန်   ပြုသော်လည်း အိမ်ရောက်လို့ ကြိုးကြာကလေး၏ တောင်ပံအောက်ခြေမှ ရက်စွဲနှင့် နာမည်ကိုမြင်ရတိုင်း ရင်က နာနာကျင်ကျင်။
ဒီလိုနာမည်ရေးထိုးမှုကို သူ့စာအုပ်တိုင်း၊ သူ့အသုံးအဆောင်တိုင်းမှာ ရေးထိုးထားခဲ့တာ ကိုယ် မြင်   တွေ့ခဲ့ရတာ ကြာခဲ့ပြီ။ ကလေးမို့အတတ်ဆန်းထွင် စာလုံးတွေနှစ်ခါထပ်ရေးသည်ဟု ကာလရှည်ကြာ ထင်ခဲ့မိသော ကိုယ့်ကိုကိုယ် ထုံအ ရန်ကောဟု အပြစ်တင်မိသည်။ ယခင်ကအမှုမဲ့၊ အမှတ်မဲ့ဖြစ်နေခဲ့သော် လည်း ယခုကာလတွေမှတော့ ထိုစာလုံးတွေ၏ အဓိပ္ပာယ်ကိုမှန်းဆနိုင်ခဲ့ပြီ။

‘Sitthhuu’

သူ့ အမည်နှင့် ကိုယ့်အမည်တစ်လုံး ရောနှောရေးထိုးသည်ကို ကိုယ် နားလည်သိရှိခဲ့ပြီ။
သူ့အဖေစီစဉ်ပေးထားခဲ့သော စာသင်ချိန်နှစ်ချိန်စာက ကိုယ်တို့တွေကို ပိုမိုနီးကပ်စေခဲ့သည်။ သာမာန်စာသင်ချိန် က တစ်နေ့နှစ်နာရီနှင့် တစ်ပတ်လေးရက်ဖြစ်ရာ ကိုယ်တို့တွေ့ရှိချိန်သည် ရက်သတ္တပတ်လုံး တစ်နေ့နှစ်နာရီခွဲ..။ စာမေးပွဲ နီးလာ၍ ညဘက်စာကျက်ချိန်တွေ ဘော်ဒါမှာထုံးစံနှယ် စီစဉ်ရတော့ ဘော်ဒါဂိုဒ်သမားတွေက နေ့စဉ်အိပ်ပေးရပြီး ပြင်ပမှ ကိုယ်အပါအဝင် အခြားဂိုဒ်ဆရာအချို့က ရက်ခြားလာအိပ်ပေးရသည်။
ကိုယ်အိပ်သောညတွေမှာ ကော်ဖီဖျော်ကာလာပေးတတ်သော သူ့ကိုမာန်မဲကာ တားမြစ်ရသေး သည်။ သည် အချိန်ဟာ သူတို့အပါအဝင်ကျောင်းသားတိုင်းအတွက် အရေးကြီးသောအချိန်တွေ၊ သူတို့ လိုသည့် ကိစ္စဝိစ္စတွေတောင် ကိုယ်တို့က လုပ်ပေးသင့်လုပ်ပေးရဦးမည်။ စာမှစာ သင်ရိုးကိုမုန်းတီးသူဖြစ်   သော်လည်း ကိုယ် တတ်နိုင်သော သင်ကြား ရေးက စာမှစာ သာ။
တစ်ခါတရံတွင်တော့ နှုတ်တိုက်ကျက်ရသည့် သင်ခန်းစာတွေကို ငြီးငွေ့လှစွာ လရောင်အောက် တွင် စာအုပ်တွေ ကျဲဖြန့်ချလျက် စကားစမြည်ထိုင်ပြောဖူးသည်။ အေးဆေးသည်ဟုထင်ရသော သူသည် ထိုစဉ်တွင်မတော့ သင်ခန်းစာတွေ ၏ အနှစ်သာရမဲ့မှုကို ချက်ကျလက်ကျရှည်ရှည်ဝေးဝေး ပြောပြန်လေ သည်။ ထိုအခါများမှာ ပြုံးရိပ်အချို့နှင့် ကိုယ် ငြိမ် သက်စွာနားထောင်ပေးခဲ့ဖူးသည်။
သူ့ဖခင်၏ ဘာသာရပ်ရွေးခြယ်မှု၊ ကိုယ်အပါအဝင် ဆရာ/ဆရာမတွေ၏ အောင်မှတ်ထက်   ကျော်လွန်၍ရအောင် တွန်းအားပေးမှုတွေကို သူ အောင့်အီးသည်းခံခဲ့ရပုံပေါ်သည်။ စိတ်ချရသော အခြေ အနေတစ်ခုသော ရောက်နေပြီဖြစ်သော ကိုယ်တို့စိုးရိမ်ခဲ့ရသည့် ဘိုင်အိုဘာသာရပ်ကို စာလုံးများချည်း သက်သက် ဇွတ်ကျက်ခဲ့သည်ဟု သူဆိုခဲ့သောအခါ ကိုယ် အသံထွက်ရယ်မောမိသည်။ ပင်ကိုသိမြင်နိုင် စွမ်းရှိသည့် သူ သည် ဘိုင်အိုမေးခွန်းလွှာကိုလည်း ကျက်ထားသောစာလုံး တွေနှင့် အမေးဝါကျ အချို့ သာ ရောစပ်ဘာသာပြန်လျက် ခန့်မှန်းဖြေသည်ဟု ပြန်လှန်ပြောတော့ ကိုယ် ခေါင်းယမ်းရင်းက ဘာမှ မတတ်နိုင်စွာ ရယ်ရုံသာ။ ဘော်ဒါတွင်း မကြာခဏစစ်သော စာမေးပွဲများတွင် သူ ကောင်းစွာ အဖြတ် အတောက်ဖြင့် ဖြေနိုင်ခဲ့သည်ပဲ။ မကြာမီဖြေဆိုတော့မည့် စာမေးပွဲကြီးတွင်လည်း ဖြေနိုင်ပါလိမ့်မည်။ သို့သော် သည် ဘာသာရပ်ကိုတော့ စာလုံးများမှတစ်ပါး အဓိပ္ပာယ်တောင်သိရန်မကြိုးစားခဲ့သည်ကို ကိုယ်နှင့်သူမှ လွဲ၍ သိနိုင်သူမရှိ။
‘ကျွန်တော် စာမေးပွဲအောင်ပြီးရင် ဖေဖေ နှစ်သက်တဲ့ ဘာသာရပ်တစ်ခုခုပဲယူပေးရဦးမယ် ထင် တယ်။ ကျွန်တော် တကယ်နှစ်နှစ်သက်သက်လေ့လာချင်တဲ့ အချိန် ဘယ်တော့ ဖြစ်လာမလဲ…. အဲ့အချိန်   ကော ဖေဖေ ချပေးတဲ့ လမ်းကြောင်း ပေါ်က ဆင်းနိုင်ပါဦးမလား။ တစ်ခါတလေတော့ ရှင်သန်ခြင်းဟာ အဓိပ္ပာယ်မရှိသလိုပဲ အစ်မ’
သူ့ကို ရုတ်တရက်ဘာစကားဆိုရမည်မသိ။ ကိုယ်တိုင်တောင် အဓိပ္ပာယ်ရှိရှိ ရှင်သန်ခြင်းလား မသေချာတော့ သူ့ ကို နှစ်သိမ့်ပေးရန် ကိုယ့်တွင်လည်း စကားက မရှိပြန်။

×××××
စာမေးပွဲပြီးဆုံးပြီး နောက်ရက်များမှာ ကိုယ့်ထံရောက်လာသူက သူ မဟုတ်ဘဲ သူ့အဖေဖြစ်နေခဲ့ သည်။ တစ်နှစ် ပတ်လုံးမမြင်တွေ့ရသော သူ့အဖေကို စာမေးပွဲပြီးချိန်မှ မြင်ရတော့ ကိုယ့်စိတ်က မျက် ချင်ချင်။
သူ့အဖေ၏ သမားရိုးကျဆန်သော ကျေးဇူးတင်စကားများကြားမှာ အလိုက်သင့်ပြန်လည်ပြုံးရင်း ရှိနေဆဲ နောက် ဆက်တွဲစကားတွေကြားရပြန်တော့ မျက်ခုံးပင့်လုမတတ်ဖြစ်ရသည်။
‘ကျွန်တော်က ဟိုကိုခေါ်သွားဖို့ စီစဉ်ထားတာ..။ သား ကဒီမှာ ဘွဲ့ရအောင်တက်မယ်လုပ်နေတယ်။ ဆရာမလေး က အင်္ဂလိပ်စာကောင်းတယ်တဲ့။ တက္ကသိုလ်အတွက်လည်း ထပ်ခေါ်ပေးပါလို့ ပြောနေတယ်။’
‘မဟုတ်တာ…’
ရေရွတ်မှုသာ ဆိုနိုင်လျက် ကိုယ် ရှေ့ဆက်စကားမဆိုနိုင်။ သူ သည် ကလေးဆန်သော နည်းလမ်း ကိုအသုံးပြု ခဲ့ပြီ။ သိမြင်ပြီးသောအရွယ်သို့ရောက်ရှိနေသည့် သူ့အဖေက ဒါကိုသတိမပြုမိဘဲနေမှာမဟုတ်။ အနေခက်ရှက်ရွံ့ခြင်းဖြင့် ကိုယ့်မျက်နှာသည် အနည်းတော့ နီမြန်းနေခဲ့မည်ထင်သည်။
ကိုယ် သင်ပေးလိုစိတ်ရှိလျင် သူ့သဘောအတိုင်းထားခဲ့မည်။ ကိုယ် ငြင်းဆိုလျင် သူ့သဘောကို အလိုမလိုက်ဘဲ ခေါ်သွားမည်ဟု ထပ်မံဆိုတော့ ဘာကိုဆိုလိုသည်မသိစွာ ကိုယ် ဝေဝေဝါးဝါး..။ သို့ပေ မယ့်အတိမ်အနက်တွေအဓိပ္ပာယ် ဖော်နေဖို့ထက် ဖြစ်သင့်ဖြစ်ထိုက်တာသာ ဖြစ်ရန်တော့ဦးစွာစကားဆိုရပါ သည်။ ခေါ်သွားနိုင်သည်ဆိုပေမယ့် သူ ဝါဿနာ ပါတာသာ မေးမြန်းလမ်းကြောင်းပေးဖို့ကိုတော့ မမေ့ မလျော့ ထည့်သွင်းမှာကြားရသေးသည်။ အညွန့်တက်ရန် အားယူနေစ ဖြစ်သော အပင်ပေါက်ကလေး ကို ရေခံမြေခံကောင်း၊ မြေဆီသြဇာကောင်းနှင့်သာ အောင်မြင်ရှင်သန်စေလိုလှပါသည်။
ထိုနေ့က တိုက်တွန်းစကားဆိုလိုက်ခြင်း၏ ရလာဒ်ကတော့ နောက်တစ်နေ့ညနေမှာ သူ ရောက်ရှိ လာခြင်းပါပဲ။ တိုးတိတ်စွာ အပြင်ခဏ ဟု သူဆိုတော့ ကိုယ် မငြင်းဆန်ခဲ့။ မြို့ပြင်ရောက်လုနီး ကော်ဖီ ဆိုင်လေးတစ်ခုဆီ ဆိုင်ကယ်ကို သူ ဦးတည်မောင်းနှင်တော့ ဘယ်အချိန်ကများ ရှာဖွေထားပါသလဲဟု တိတ်တဆိတ်တွေးရင်း ကိုယ် ပြုံးမိသည်။ ဆိုင်က လေးက အမိုးချွန်ချွန်ကလေးနှင့် အကန့်လေးတစ်ကန့်စီ တည်ရှိကာ ချစ်စဖွယ်ကောင်းလှသည်။ တိုးတိတ်သော ဂီတသံ လွင့်မျောနေပုံနှင့် ခင်းကျင်းထားသော သိမ်မွေ့သည့်အလှအပက နယ်မြို့ကလေးနှင့်တောင် မလိုက်ဖက်လှ။ စာအုပ်ဆန် လှသော ကိုယ်က သည် လိုဆိုင်တွေရှိမှန်းတောင် မသိခဲ့ဖူးခဲ့။ ယခုတော့ သူ ခေါ်ဆောင်မှုနှင့် ရောက်တော့ရောက်ဖူးခဲ့ပြီ။
တကယ့် တကယ် ဆိုင်မှာထိုင်ဖြစ်တော့လည်း စကားများစွာ သူ မပြောခဲ့ပါ။ သူ ဟာ စာရွက်ပေါ် ကလွဲပြီး အပြင် မှာ ကိုယ့်ကိုထိပ်တိုက်မပြောရဲသော သူ ပင်။ ဒါကိုပင် ကိုယ် က စိတ်ထဲမှ သက်သာရာရ မိသည်။ သူ လျောက်ရမယ့်လမ်း တွေ အများကြီး ကျန်သေးသည်။ ငယ်နုစဉ်ခံစားမှုတစ်ခုနှင့်တော့ ဘာကို မှ အကျိုးမသက်ရောက်စေချင်လှ။
‘ဖေဖေ့ နောက်ကို လိုက်ကိုလိုက်သွားသင့်တယ်လို့ အစ်မ ပြောလိုက်တာလား’
မျက်နှာပျက်လျက် ခပ်တိုးတိုး သူ မေးတော့ အပြုံးမပျက်စွာ ခပ်သွက်သွက် ကိုယ် ခေါင်းငြိမ့်ပြနိုင်ခဲ့ သည်။ အဲဒီ့ နောက်မှာတော့ အရှိန်ရလျက် တပည့်တွေကိုဆိုနေကျ ဓာတ်ပြားဟောင်းအတိုင်း ကြိုးစားဖို့၊ ကိုယ့်ကိုကိုယ်သေချာစွာ ရပ် တည်ဖို့၊ လိမ္မာဖို့ စသဖြင့်တွေ အထစ်အငေါ့မရှိ ကိုယ် ပြောနိုင်ခဲ့ပြီ။
သူ မျက်နှာပျက်နေတာ ကိုယ် မမြင်သည်မှ မဟုတ်ပေပဲ။ မြင်သော်လည်း ဥပေက္ခာပြုရမှာပင်။ ဘဝက ဖြစ်သင့် တာတွေ ချမှတ်ပြီးသားမဟုတ်လား။ ကြီးသူကလမ်းမှန်ကို မြင်တတ်ရမည်သာ။ သူ့   နောက်ကွယ် မှာ သိမ်းထားသော ကြိုး ကြာရုပ်ကလေးတွေ အပြည့်ပါသည့် ဖန်ပုလင်းလေးတစ်ခု အကြောင်း သူ သိစရာမလို။ ဘူးလေးတစ်ခုထဲရှိ ဂါဝန်ကားကား လေးနှင့် အရုပ်မလေးအကြောင်း သူ သိမြင်ရန်မလို။
ထို့နောက်တွင်တော့ သူ ထွက်မသွားခင်ရက်အထိ ညနေခင်းအချိန်များမှာ အမိုးချွန်သော ကော်ဖီ ဆိုင်ကလေးသို့ ကိုယ်တို့တွေ နေ့စဉ်ရောက်ခဲ့ခြင်းကိုတော့ ကိုယ်တိုင်မတားမြစ်နိုင်ခဲ့။ ထိုရက်တွေမှာ သူ ပေးသော ကြိုးကြာရုပ်ကလေး တွေ များလာသည်။ စာသင်နှစ်အချိန်ကလို တစ်နေ့ တစ်ရုပ် မဟုတ်   တော့။ တစ်ကြိမ်တွင် ဆယ့် လေး ငါး ရုပ်…။ ရောက် တတ်ရာရာစကားတွေနှင့် ဟန်လုပ်ရယ်မောစကား ဆိုကြရင်းတစ်ခါတရံတစ်ယောက်ကို ကော်ဖီနှစ်ခွက်တောင် သောက်မိ သလားရယ်မသိ။ စကားပြောရုံသာ ထိုင်လေ့ရှိကြသော ထို ကော်ဖီဆိုင်ကလေးမှာ ဘာဂါတွေ ခပ်များများမှာစားရင်း ကိုယ် တို့ ညနေခင်းများ ဟာ အစားတွေတနင့်တပိုးပင်။

×××××
သူ ထွက်သွားတော့ ဖုန်းထဲမှသာ နှုတ်ဆက်စကားဆိုဖြစ်ကာ လိုက်လံမပို့ဖြစ်ခဲ့။ ထိုစဉ်က ကိုယ့်မှာ လက်ကိုင် ဖုန်းပင်မရှိသေး။ အိမ်ဖုန်းထဲမှပင် တိုတိုတုတ်တုတ် နှုတ်ဆက်စကားဆိုကာ အရာရာသည် စာမျက်နှာတစ်ရွက် လှန်လိုက် သည့်နှယ် ပြီးဆုံးသွားပြန်သည်။
ကာလအချို့ကျော်လွန်ပြီးသွားတော့ ကိုယ့်နေ့စဉ်ဘဝသည် ယခင်ကနှယ် နေသားတကျပြန်လည် လည်ပတ် လာသည်။ ပြီးခဲ့သော မိုးရိပ်မိုးငွေ့တွေကို တစ်ထောင့်တစ်နေရာမှာ လုံခြုံစွာ ကိုယ် သိမ်းဖြစ်ခဲ့ပြီ။ အမိုးချွန်သော ကော်ဖီ ဆိုင်ကလေးကို မြို့ပြင်ဘက်မှာပင် ထားရစ်ခဲ့ပြီ။ နှင်းငွေ့ဝေသော လရောင်တောက် သည့် ညများတွင်လည်း ငေးမောမနေ ဖြစ်ခဲ့တော့။
အကယ်၍ နောက်ထပ်လေးနှစ်ခန့်အကြာမှာ အင်တာနက်စာမျက်နှာသို့ မရောက်ခဲ့ဘူးဆိုလျှင် ဒါသည် မှုန်ဝါးဝါး သာ ရှိရတော့မည့် အတိတ်တစ်ခုပင်။ အင်တာနက်စာမျက်နှာမှာ သူ့ကိုပြန်တွေ့ရတော့ ကိုယ် အံ့သြငြိမ်သက်ရင်း ရုတ်တ ရက်စကားမဆိုနိုင်ခဲ့။ သူ ကတော့ ဒီကာလတွေမှာ ကြီးပြင်းရင့်ကျက် လာသည့်နှယ် ကိုယ့်ကိုမေးမြန်းစကားဆိုနေလိုက် သည်မှာ အဆက်မပြတ်။ ဖန်သားပြင်က သူ့ရုပ်သွင် သည် ယခင်ကနှယ် အေးဆေးသိမ်မွေ့သော်ငြား မဝံ့မရဲဟန်ပေါက် နေ သော မျက်ဝန်းလေးတွေနှင့် မဟုတ်   တော့။ ပြုံးသောအပြုံးရိပ်တို့တွင်ပင် နူးညံ့သောစကားတို့ အသံတိတ်ဆိုလျက်ပင်။
သူ နှစ်ခြိုက်သောပညာရပ်ကိုသာ လေ့လာခွင့်ရသည်။ လက်တွေ့လုပ်ငန်းခွင်နှင့်အတူ တက်ကြွ   ပျော်ရွှင်လှသည် ဟု သတင်းစကားကြားရတော့ ကိုယ့် ကြည်နူးဝမ်းသာမှုသည် လှိုက်လှဲမှုများစွာ တို့နှင့် ပင်။ ရက်မကြာမီပင် သူ့အစ်မဖြစ်သူ နှင့် အွန်လိုင်းပေါ်မှ တဆင့်မိတ်ဆက်ပေးပြန်သည်။ ကမ္ဘာဆိုတာ ရွာကြီးတစ်ရွာတကယ်ဖြစ်သွားခဲ့ပြီလား။ ယခုတော့ သူ့ ဆွေ၊ သူ့မျိုးတွေနှင့် ကိုယ်က အွန်လိုင်းပေါ်မှ မပြတ်တွေ့လို့ပင်။
သူ့ အစ်မဖြစ်သူ၏ ကိုယ့်ကိုသိနှင့်ခဲ့ပြီးသားဟူသော စကားတို့အောက်တွင် အံ့သြစိတ်နှင့်အတူ အနေတော့ကြပ်မိ သေးသည်။ ‘အခုထိစာသင်နေတုန်းပဲလား’ဟု အမေးစကားကြားရစဉ်တွင်တော့ ကိုယ် မေ့လျော့ခဲ့လေသော အပိုင်းအစ တစ်ခု ရုတ်ချည်းပေါ်လာသည့်နှယ့် လူကမောလျလျ ဖြစ်ရသည်။
သူ့ အစ်မဟာ ကိုယ်နှင့် မတိမ်းမယိမ်းအရွယ်ရှိမှာပဲ..။ ငယ်လှ တစ်နှစ်၊ နှစ် နှစ်ပင်။ သည်လို ရွယ် တူတန်းတူရှေ့ မှာ တစ်စုံတစ်ရာကိုအစစ်ခံရသည့်နှယ် အပြစ်မကင်းလည်း ကိုယ် မဖြစ်လိုလှ။ ပြီးတော့ သည်လိုခေါင်းစဉ်အောက်သို့ လည်း ကိုယ် မရောက်လိုလှ..။
အို တပည့်ဟောင်းတစ်ယောက်ရဲ့ မိဘသားချင်းကို နှုတ်ဆက်စကားဆိုတာပဲဟု အခါခါစိတ်သွင်းပါ လျက် ‘အချိန် ကြာလာခဲ့ပြီပဲ….ဖြူစင်နေဖို့လိုသေးလို့လား’ ဟု ကျီစယ်သလိုချဉ်းကပ်မေးမြန်းလာတော့ သည်စကားကို ကိုယ့်ကိုမဆိုသင့်ဟု တိတ်တဆိတ်ရှက်ရွံ့ဝမ်းနည်းရင်း သူ့အစ်မကို စကားတုံ့ပြန်မပြောချင်   တော့ပြန်။ ဒါဟာ သူ့စနက်ပါမှာပဲ..အများကြီး ပါမှာပဲ ဟု ခပ်မျက်မျက်တွေးမိရင်း ကာလရှည်ကြာသော   သံယောဇဉ်ကို လှစ်ခနဲတွေးမိကာကြည်နူးမိတာ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်ချင်။
အင်တာနက်စာမျက်နှာပေါ်မှ တဆင့် သူ့အနေအထား၊ သူ့အသိုင်းအဝိုင်းကို တစတစ မြင်လာ ရတော့ သည်ကွန်ယက်ကို ဖြတ်တောက်သင့်ပြီဟု ၀မ်းနည်းစွာ ကိုယ် တွေးမိခဲ့ရပြီ။ ယခင်က သူ့အပေါ်   ကောင်းလိုစိတ်၊ မယိမ်းယိုင်လိုစိတ်… .ယခုများတော့ သိမ်ငယ်စိတ်၊ အငုံ့စိတ်တို့နှင့်..။ အရာရာ မတူညီ ကွာခြားခဲ့တာ ဟိုး ကတည်းကပဲ။ ဘဝတစ်ကွေ့မှာ တွေ့ ဆုံခဲ့ရုံလေးဖြင့် မြဲမြံခိုင်မြဲပါမည်၊ သင့်လျော် ညီညွတ်ပါသည်ဟု ဆိုလို့ရနိုင်ပါ့မလား။ ဘဝသည် တကယ်တော့ လက်တွေ့ ပေါင်းများစွာနှင့် ဖွဲ့စည်း လျက်သာ။
ဆက်သွယ်မှုကွန်ယက်တစ်ခုဖြစ်သည့် ဆိုရှယ်နက်ဝက်ပေါ်မှာ ကိုယ့်အမည်နှင့်စာမျက်နှာကို အပြီး တိုင်ဖျက် သိမ်းသော ည က မထင်မှတ်စွာ မျက်ရည်ကျလေသည်။ သူ သိလျင် မည်သို့ရှိလေမည်လဲ။ ကိုယ် မမြင်နိုင်သော အခြား တစ်ဘက်ကို ရမ်းရော်မှန်းဆရင်း နောက်တော့လည်း ယခင်ကနှယ် အေးဆေး တည်ငြိမ်သွားမှာပါဟု ကိုယ့်ဘာသာ ဖြေ သိမ့်ကာ မျက်လုံးတို့ စုံမှိတ်ဖို့ကြိုးစားရသည်။ မှိတ်သော် ကြယ်   ရောင်က တဒင်္ဂတော့ ကွယ်ပျောက်သားပင်။

×××××

မိုးရိပ်မိုးငွေ့တို့ဆင်လာပြီဆိုတော့ အဝေးတစ်နေရာမှာ ကျန်ခဲ့ပြီဖြစ်သော နယ်မြို့ကလေးတစ်မြို့မှ အမိုးချွန်သည့် ကော်ဖီဆိုင်ကလေးကို သတိရမိသည်။ ဆယ်နှစ်ကျော်ကြာခဲ့ပြီ။ ဆိုင်ကလေးရှိပါသေးရဲ့  လား။ ရှိလျင်ကောယခင်နှယ် တိတ်ဆိတ်ငြိမ်းချမ်းဆဲလား..။ ကော်ဖီနှစ်ခွက်စီသောက်ကာ ဘာဂါတွေ များ များစားသည့် ကောင်လေး၊ ကောင်မလေး မျိုး ကော လာကြပါသေးလား။
ခေတ်ရေစီးကြောင်းအရ ပြသနေသောအာရှနိုင်ငံအချို့၏ ဇာတ်ကားများထဲမှ ကြိုးကြာငှက်ရုပ် ကလေးများကို မြင် တိုင်း ယခုထက်တိုင် ကိုယ်နေထိုင်ရာအခန်းကျဉ်းကလေးအထိ သယ်ဆောင်လာဖြစ်    သော ဖန်ပုလင်းလေးနှစ်ပုလင်းကို သတိရမိသည်။ ထို ကြိုးကြာငှက်ရုပ်ကလေးများထဲမှာ ပန်းချီ ဆန်   သောလက်ရေးလေးတွေနှင့် စာသားလေးတွေရှိပါသည်။ ထိုစာလေးတွေ အကုန်အစင်ဖတ်ပြီး   ကြောင်း ပြန်လည်မသေသပ်ခေါက်ထားသည့် ကြိုးကြာရုပ်ကလေးများက သက်သေပြု နေသလိုပင်။
ကတ္တီပါဘူးကလေးတစ်ခုထဲတွင် ငြိမ်သက်စွာလဲလျောင်းလျက်ရှိသော ဂါဝန်ကားကားလေးနှင့် အရုပ်မလေးရှိပါ သည်။ ထိုအရုပ်မလေး၏ အင်္ကျီမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ပေါ်ပေါက်ခဲ့သည်ကို ရည်ညွှန်းနေလျက်ပင်။
အထပ်ထပ်ဖတ်ဖြစ်ခဲ့သော စာကလေး ငါးစောင်သည်ယခုတိုင်စာကြည့်စားပွဲမှာ နေရာယူထားမြဲ…။

×××××

အချိန်တို့တိုက်စားကုန်လွန်သွားခဲ့သော်လည်း သူ သည် ကိုယ့်အတွေးနှင့် ထာဝစဉ်ယှဉ်တွဲလျက် သာ။ သူ နှင့် ပတ်သတ်သည့် ပုံရိပ်တွေကိုမြင်တိုင်း လွမ်းမောနာကျင်စိတ်သည် တားမရဖြစ်ရလှ သည်။ ရွေးခြယ်ဆုံးဖြတ်ပြီးခဲ့သော လမ်းပဲဟု အခါခါတွေး ကာ အဆင်ပြေပျော်ရွှင်နေမည့် သူ့ ပုံရိပ်ကို မှန်းဆမြင်ယောင်ပစ်ရသည်။
တကယ်တော့ အဖြစ်အပျက်တွေ ပြီးဆုံးပျောက်ကွယ်သွားခဲ့သော်လည်း စိတ်အလျင်ကတော့ တစ် ဘဝတိုင်ပါ သွားလိမ့်မည်ဆိုတာ ကိုယ်တွေ့ယှဉ်ပြီးမှပင် ကိုယ် သိရှိခဲ့ရပြီ။
မည်သို့ဖြစ်စေ ဖြူစင်စွာလွမ်းဆွတ်ရခြင်းကိုပင်  ကျေနပ်နှစ်သိမ့်ရလှပါသည်။     

ရွှေအိမ်စည်မေ
16.05.2014
PM;5:29
Re-Edited;08.09.2014
AM:1:52

8 comments:

  1. မည်သို့ဖြစ်စေ ဖြူစင်စွာလွမ်းဆွတ်ရခြင်းကိုပင် ကျေနပ်နှစ်သိမ့်ရလှပါသည်။
    (တကယ်တော့ ငိုချင်စရာပါလေ...)

    ReplyDelete
  2. လွမ်းစရာကြီးပါလား။ ဆယ်စုနှစ်ဆိုတာ ခဏလေးနော်။ ဘာမှ မကြာလိုက်သလို ဖြစ်မှာ။ အဲဒီ ဆရာမကို ချီးကျူးပါတယ်။ ဆရာမပီပီ ထိန်းချုပ်နိုင်ခဲ့တာ။

    ReplyDelete
  3. မတတ်သာလို့လက်ခံလိုက်ရတာတွေအများကြီးရယ်

    ReplyDelete
  4. ကြုံရဆုံရဘုံဘ၀... အရာရာဟာ လုပ်ယူလို့မရတာ သဘာဝတရားပေါ့ကွယ်...
    ဖြစ်ကြုံတဲ့လက်ရှိအခြေအနေ အပေါ်မှာ အကောင်းဆုံးခံယူတတ်ဘို့ အရေးကြီးပါတယ်..
    အလွမ်းလေးတွေနဲ့ ခံစားဖတ်သွားတယ် သူသူရေ...

    ReplyDelete
  5. တီတင့်ကောင်းမှုကြောင့် သူသူ့လက်ရာ စာကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရလိုက်တယ်။း)

    ReplyDelete
  6. ဆွေလေးမွန်September 9, 2014 at 10:29 PM

    ဖတ်ရင်းနဲ့ မျှောပါပြီး ကိုယ်တိုင် တစ်စုံတစ်ရာကို ပြန်တမ်းတ လွမ်းချင်ချင်.

    ReplyDelete
  7. စာကြောင်း တကြောင်းစီတိုင်းက ဆွဲခေါ်သွားနိုင်တဲ့ ဝတ္ထုတိုလေးပါပဲ ညီမသူသူ...၊ လိမ္မာရေးခြားရှိပြီး တဇွတ်ထိုးမဆန်တဲ့ ကျောင်းသားလေးနဲ့ ထိန်းသိမ်း၊ စောင့်စည်းခဲ့တဲ့ ဆရာမလေးတို့ အကြားက မပြောဖြစ်ခဲ့တဲ့ ဝါကျများစွာကို ဝတ္ထုရဲ့ အဆုံးသတ်မှာ ဆက်ပြီး ဖတ်နေမိခဲ့တယ်...။

    ReplyDelete
  8. မမသက်ဝေ >> မငိုပါနဲ့ မမသက်ဝေရာ ;)
    ကိုကိုမောင်(ပန်းရနံ့) >> ဟုတ်တယ် အစ်ကို။ ဆယ်နှစ်ဆိုတာ တကယ်တော့ ဘာမှမကြာသလိုပဲ ဖြစ်မှာရယ်။
    မဒိုး >> ဟုတ်ပါ့ မဒိုးရယ် ။
    တီတင့် >> မှန်မှန်လာအားပေးတဲ့ တီတင့် ကျေးကျေး :))
    မဇွန် >> စာလေးလာဖတ်ပေးတာ ကျေးကျေး မဇွန် :)
    မမဆွေလေး >> မမဆွေလေး လည်း လွမ်းသွားပြီဆိုတော့ကာာ :D
    ကိုညီ >> အစ်ကို လာဖတ်တာ သိပ်ပျော်တာပဲ။ ဒါနဲ့ အစ်ကို ဆက်ဖတ်တဲ့ဝါကျတွေ သိမ်းထားလိုက်ပါဗျာ :))

    ReplyDelete