ယခုလပိုင်းတွေမှာ
ဘာသာစကားတစ်ခုနှင့်ပတ်သတ်သောသင်တန်းကို တက်ဖြစ်သည်။ ခေါင်းစဉ် တစ်ခုစီ သင်ကြားရင်း
‘The Value of Life’ ဟု အဓိပ္ပာယ်ဆင်တူသည့် အခန်းသို့ရောက်လာသည်။ တန်ဖိုး ရှိသောဘဝဆိုတာ
Management သုံးခုလိုသတဲ့။ Time Management, Social Management, Cash Management စသည်ဖြင့်
story ပေါင်းများစွာဖြင့် လေ့လာရသည်။ တကယ့်လက်တွေ့ဘဝအသီးသီး မှာတော့ ထိုသုံးမျိုးထက်ပိုသော
အခန်းကဏ္ဍတွေရှိနေဦးမည်ပင်။ ဒါက ဆန်းစစ်ဝေဖန်နေရန် သိပ်မလို လှပါ။ ကျွန်မကို စိတ်ဝင်စားသွားမိသော
အကြောင်းအရာက Social Management ဖြစ်သည်။
Friendly,
Frankly, Kindly စသည်တို့ကို အကျယ်တဝင့်ရှင်းရင်း Keep in Touch ဟူသည့်နေရာ မှာ ကျွန်မ
ခပ်ငေးငေးဖြစ်သွားသည်။ အမြဲတမ်းအဆက်အသွယ်မပြတ်ဖို့၊ ခင်မင်မှုကိုရေရှည်ထိန်းသိမ်းဖို့
စသဖြင့် ဘာသာပြန်နိုင်မည်ထင်ပါသည်။ သိပ်ရိုးရှင်းသော စကားစုလေးပေမယ့် သည်အထဲမှာ အကြောင်း အရာတွေ
အများကြီး ပျော်ဝင်နေပါသည်။ တစ်ဦးနှင့်တစ်ဦးအလေးထားမှု၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဂရုစိုက်မှု၊
တစ်ဦး နှင့်တစ်ဦး ချစ်ခင်နားလည်မှု၊ တစ်ဦးလုပ်ဆောင်ချက်အပေါ်တစ်ဦးက တန်ဖိုးထား အသိ အမှတ်ပြုမှု၊
တစ်ဦး၏ အကြောင်းအရာကို တစ်ဦးသို့အစဉ်မျှဝေအသိပေးမှု စသဖြင့် အများသားပင်။ ဒါတွေ က တမင်တကာ
အားစိုက် လုပ်နေရသည့်အရာတွေ ဆိုလျှင်ဖြင့် keep in touch က ကြာရှည်ခံလှမည် မဟုတ်လှပါ။
စိတ်နှလုံးအတွင်းမှ လိုလိုလားလားနှစ်သက်စွာ
အလိုအလျောက်ပြုမူချက်များဖြင့် ဖြစ်တည် သာ keep in touch ကသာ ရေရှည် တည်တံ့သော ကွန်ယက်တစ်ခုဖြစ်မည်ပင်။
သို့ပေမယ့်
ထို keep in touch ကို သေသေချာချာလက်ခံနားလည်သူတွေကော ရှိပါရဲ့လား။
*********
တစ်ခုသော
မနက်ခင်းမှာ facebook မှ message လေးတစ်ခုကို ကျွန်မ လက်ခံရရှိပါသည်။
‘ခြေရာဖျောက်သွားလိုက်တာ
အခုမှပဲတွေ့ရတော့တယ်။ သတိရသေးရဲ့လား’ ဟူ၍အစချီသည့် အတော်အတန်ရှည်သည့်မက်ဆေ့ခ်ျလေးဖြစ်သည်။
စာပို့သူသည် လွန်ခဲ့သောလေးနှစ်ခန့်က သိကျွမ်း ခင် မင်ခဲ့ သူညီမငယ်တစ်ဦးဖြစ်သည်။ ရန်ကုန်တစ်မြေတည်းရှိနေပါလျက်
မတွေ့ဖြစ်တော့တာလည်း တကယ် ကိုကြာမြင့် ခဲ့ပြီဖြစ်သည်။ သို့သော် ခြေရာဖျောက်သွားတယ်ဟူသော
စကားစုအတွက်တော့ ကျွန်မအနည်း ငယ်ပြုံးဖြစ် သည်။ သူ့ကိုတော့ ထိုစကားအတွက်ပြန်လည်မချေပပါ။ ဒါ ပြောလေ့ပြောထ ရှိသော စကားပေ ပဲ။ ဒါကို ကျွန်မ နားလည်ပေးနိုင်ပါသည်။ ကျွန်မ တွေးမိနေတာက
လူတစ်ယောက်နှင့်တစ်ယောက်ကြားက ဆက်သွယ်မှုပြတ်တောက်သွားမှုတွေအကြောင်းဖြစ်သည်။
တမင်တကာပြတ်တောက်စေမှုနှင့်
မရည်ရွယ်ဘဲပြတ်တောက်စေမှုတို့တွင် တမင်တကာပြတ် တောက်စေမှု ကိုတော့ ကျွန်မ ထည့်မတွေးတော့ပါ။
ဖြတ်ချလိုက်သည်ဆိုရာမှာ ခိုင်လုံသောအကြောင်းပြ ချက်တွေ၊ လုံလောက်သောအကြောင်းတရားတွေ
အပြည့်အဝရှိနေနိုင်ပါသည်။ သည်အရာတွေအတွက် တော့ အထူးတလည်ပြောစရာမရှိလှပါ။ သို့သော် အကြောင်းမယ်မယ်ရရမရှိလှဘဲ
ဝေးကွာသွားကြသော လူမှုဆက်ဆံရေးတွေအကြောင်းစဉ်းစားရာတွင်မူ ကနဦးကတည်းက မခိုင်မာခဲ့၍လားဟုတွေးတောစရာဖြစ် လာသည်။
အဆိုပါ
ညီမငယ်လေးကိုပင် ပမာပြုလို့စဉ်းစားကြည့်တော့ ရင်းနှီးပတ်သတ်ခဲ့ရာအချိန်ကာလ တလျောက်လုံးတွင်
ကျွန်မထံ သူရောက်လာသောအကြိမ်တစ်ကြိမ်မျှတောင် မရှိဖူးခဲ့။ သည်နေရာမှာ ကျွန်မ က မိတ်ဆွေတွေကို
လွယ်လင့်တကူလိုက်လျောလွယ်သူဖြစ်နေတာလည်းပါသည်။ ဆိုပါစို့ တစ်နေ ရာရာတွင် ဆုံတွေ့ရန်
ကြံရွယ်တိုင်း ‘ငါ လာခဲ့မယ်’ ဟူသောစကားက ကျွန်မ လက်သုံးစကား လိုဖြစ်နေခဲ့ သည်။ သတိမထားမိလိုက်ပါပဲ
အမြဲလိုလို ကျွန်မက လာသူသာဖြစ်ခဲ့လေသည်။ ဖုန်းအဆက် အသွယ် လည်း ထို့အတူသာ။ သို့သော်….လိုက်လျောလွယ်သူ တဆက်တည်း
မောပန်းတတ်သူလည်း ဖြစ်နေပြန် သောအခါ အဆက်အသွယ်ပြုရတာ မောပန်းလာသည်၊ တစ်ဖက်ကအေးစက်လာသည်ဟု
ယူဆလာလျင် ကျွန်မ မဆက်သွယ်တော့ပါ။ ထိုအခါမျိုးတွင် ဆက်သွယ်မှုသည် အလိုလိုပါးလျကာ ကွယ်ပျောက်လုဖြစ် သွားလေ့ရှိသည်။
ထိုညီမငယ်သည်လည်း သည့်နှယ် အဖြစ်အပျက်မျိုးမှပင်..။
ထူးဆန်းလှစွာ
ကျွန်မ မိတ်ဆွေများက ကျွန်မ ထံမှ အသံတို့တိတ်ဆိတ်သွားလျင် သူတို့လည်း တိတ်ဆိတ်သွားကြမြဲဖြစ်သည်။
ကျွန်မ ကို ဖုန်းဆက်၍ပင် တိတ်နေတယ်နော်ဟု တစ်ခွန်းမျှတောင် မေး မည့်သူမရှိပါ။ ထို့အတူ
ပေါ်၍လည်းလာမည့်သူမရှိပါ။ ထိုသို့ဖြင့် ကာလတစ်ခုရွေ့လျားသွားပြီဆိုလျင်တော့ ကျွန်မ ကလည်း
ဖုန်းနံပါတ်အပြောင်းအလဲ၊ နေရာထိုင်ခင်းအပြောင်းအလဲတို့ကို တိတ်ဆိတ်သွားသော သူ တို့ကို
အကြောင်းထပ်မံမကြားတော့ပါ။ ဤနည်းလမ်းဖြင့် ဝေဝါးသွားသော ပုံရိပ်တို့က အများသားပင်။
ဆိုရှယ်မီဒီယာတွေ
ခေတ်စားလာတော့ အဆက်အသွယ်ဝေးကွာနေသူတို့ တချို့တလေနှင့် ပြန်လည် ဆုံတွေ့ရပြန်သည်။ သည့်အခါ
နေနိုင်လိုက်တာဟယ် ဟူသော ခွန်းနှုတ်ဆက်စကားတို့ ဖောဖောသီသီလက်ခံရရှိလေသည်။ ထိုအခါမျိုးတွင်
မည်သည့်ခွန်းတုံ့ပြန်မှုမှ မပြုဘဲ ကျွန်မ ပြုံးရုံသာ ပြုံးနေခဲ့ သည်။ နေနိုင်တာကတော့ နှစ်ဦးနှစ်ဖက်ပဲမဟုတ်ဘူးလား..။
အမြဲတစေ စတင်ရသူဖြစ်နေသည့် ကျွန်မ ကပဲ ထိတွေ့နေရမည်ဟု ယူဆဟန်တူသည်။ တကယ်တော့ သိမြင်လိုလျှင်ဖြင့်
ဖုန်းတစ်ချက် ကောက်ဆက်တောင် လွယ်လင့်တကူပြီးစီးသွားမည့် အရာပေပဲ။ ကျွန်မ အတွက်ကတော့
ဆိုခဲ့ပြီး သည့် အတိုင်း မောပန်းလာ၍ ငြိမ်လိုက်သူမို့ အထူးတလည် တဖျစ်တောက်တောက်လည်း ဖြစ်မနေမိတော့လှ။
တစ်ကွေ့မှာ ကွယ်ပျောက်ခဲ့သူတို့ တစ်ကွေ့မှာ ပြန်လည်ဆုံတွေ့ရတော့ ပြုံးပြနှုတ်ဆက်ရန်သာရှိသည်။
အကြောင်းပြချက်မဲ့စွာ
ဝေးကွာပါးလျသွားလေသော ဆက်ဆံရေးတို့အကြောင်းတွေးမိတိုင်း ကျွန်မ အဖြေမပေါ်ပါ။ ဘာသာဗေဒမှာ
သင်ရသလိုဆိုရင်ဖြင့် အဆက်အသွယ်မပြတ်စေဖို့၊ လူမှုဆက်ဆံရေး ကောင်းသောသူ ဖြစ်စေဖို့ ကိုယ်
ကသာလျင် ကြိုးပမ်းဖို့လိုအပ်လေသည်လား။ ခိုင်မာမြဲမြံသော ဆက်ဆံ ရေးဆိုတာ ဘာပါလိမ့်။ ကျွန်မ
အတွက်ကတော့ ကိုယ့်အပေါ်အေးစက်လာသည်ဟု ခံစားမိလာလျင် အလိုလိုနောက်ဆုတ်မိသူသာ။ မလိုလားဘူးဟု
အထင်ရောက်သူကို ဆက်သွယ်ရန် ဝန်လေးမိလှသည်။ ဆုတ်ရင်း၊ ဆုတ်ရင်း များ စည်းဝိုင်းအပြင်များ
ရောက်လာလေသလား။ ကျွန်မ မသိပါ။ ထို့အတူ တခြား တစ်ဘက်ရှိ အကြောင်းများစွာလည်း ကျွန်မ ရေရာစွာဘယ်သောအခါမှ
မသိရှိခဲ့ပါ။
‘ကိစ္စမရှိရင် မက်ဆေ့မပို့နဲ့’ ဟူသော စကားတစ်ခွန်းကို
လက်ခံရရှိစဉ် ကျွန်မ ဝန်းကျင်သည် တဒင်္ဂမှောင်မိုက်သွားခဲ့ဖူးသည်။ ကိုယ် မမြင်နိုင်သော
တစ်ဖက်ခြမ်းတွေကို ကြောက်ရွံ့မှုများလာပြီး မည်သူ နှင့်မဆို လိုရင်းပြောဖို့ လေ့ကျင့်တတ်သူ
ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ မူလစကားနည်းသော ကျွန်မ ပို၍ နည်းလာသည်။ ဟိုအရင်ကာလတွေလို
နွေးထွေးစွာ စတင်သူတော့ ဖြစ်ဖို့ သိပ်မလွယ်ကူလှတော့။
သည့်နောက်ပိုင်းမှာတော့
အများစုဆုံနိုင်ကြသည့် ဆိုရှယ်မီဒီယာလူမှုကွန်ယက်မှာ ကျွန်မ ဘာလုပ် နေသည်၊ ဘယ်ရောက်နေသည်ဆိုတာကို
တတ်နိုင်သရွေ့တော့ အသိပေးဖြစ်သည်။ ဒါ ကျွန်မ အလုပ် တတ်ဆုံး keep in touch ထင်ပါရဲ့။
တစ်ကိုယ်တည်း ပြုံးဖြစ်သည့်အကြိမ်က များစွာပင်။
*********
ဘာသာဗေဒသင်ခန်းစာကတော့
ဥပမာ၊ ဥပမေယျတွေနှင့် အကျယ်တဝင့် သင်ကြားသွားသည်။
Keep
in touch ကို ကျွန်မ အသေအချာ ဘာသာပြန်နိုင်ခဲ့သည်လား။
မသေချာပါ။
16.09.2014
10:09PM
Yangon Time
'Keep in touch' သင်ခန်းစာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေး ဖတ်သွားပြီ သူသူရေ...
ReplyDeleteလူအမျိုးမျိုးစိတ်အထွေထွေ လောကကြီးထဲမှာ ရေလိုက်ငါးလိုက်နေနိုင်ဘို့ ကြိုးစားခဲ့ရတာ နှစ်ပေါင်းများခဲ့ပြီ.. :)
ဟုတ် တီတင့် ။ သမီးလည်း နေတတ်အောင် နေတတ်ပြီ :D
Deleteကိုယ်တိုင်လဲ ကိစ္စမရှိရင်မက်စေ့မပို့တတ်ပေမယ့် စိတ်ထဲတော့သတိရနေတာမျိုးရှိနေတတ်တယ် ဒါပေမယ့် Keep in touch မဖြစ်တာမျိုးလို့ပြောမလားဘဲ .လက်ပွန်းတတီးမနေတတ်လေတော့ဝေးကွာသွားသူတွေအများကြီးပါပဲသူသူရေ
ReplyDeleteဟုတ်ပါ့ မဒိုး။ သူသူလည်း သိပ် keep in touch မဖြစ်လှပါဘူး။ စကားက နည်းသေး :D
Deleteအစ်မလဲ အဲလိုပါပဲကွယ် ဒါပေမယ့် နောက်ပိုင်းကျ ဘာဖြစ်လာလဲဆိုတော့ တစ်ကယ်ရင်းရင်းနှီးနှီးပေါင်းတဲ့ သူက လက်ချိုးရေလို့ရလာတယ်။ လက်ချိုး ရေသူတွေထဲ မပါသူတွေကိုတော့ သူတို့ခေါ်ရင်ခေါ်လိုက်တယ် ကိုယ်တတ်နိုင်တဲ့ အကူအညီဆို ပေးတယ်။ သူတို့ကိုယ့်ကိုယ်ဘယ်လိုစဉ်းစားသလဲ ဘယ်လိုတွေးသလဲ မစဉ်းစားဘူး။ တစ်ခါတစ်ခါ သူတို့ဘာသာသူတို့ ရှိန်ပြီး ကိုယ်ယောင်ဖျောက်သွားတာမျိုးတောင်ရှိတယ်။ သူတို့ပျောက်သွားရင် ကိုယ်ရဲ့ စိတ်ထဲလဲ သူတို့ ပျောက်သွားတာပဲ.
ReplyDeleteအဲဒါလည်းဟုတ်တယ် မမဆွေလေး။ စစ်မှန်ရင် တကယ်ရင်းရင်းနှီးနှီးပေါင်းတဲ့သူတွေ အလိုလိုဖြစ်လာတယ်။ သူသူ့မှာလည်း လက်ချိုးလို့ရတယ်ဆိုတဲ့အရေတွက်ပဲရှိပါတယ်။ :)
Deleteညီမမေရဲ့ ခံစားမှုလေးကို တစ်လုံးချင်းဖတ်ပြီး ထပ်တူခံစားသွားခဲ့ပါတယ်...။ ကိုယ်တိုင်လဲ အဲလိုအမြဲစတင်သူဖြစ်ခဲ့ဖူး(ဖြစ်နေဆဲ)လို့လေ...။ ပြီးတော့ စတင်သူအပြင် စောင့်ဆိုင်းသူလဲဖြစ် အဲလိုပေါ့...။ အက်ဆေးလေးက ခံစားမှုလေးလေးပင်ပင်မှာ တိတ်တဆိတ်လေး ညိမ့်ညောင်းစီးဆင်းနေတဲ့ စမ်းရေလိုပဲ.. သိပ်လှတယ်...။
ReplyDeleteမမိုး စောင့်ဆိုင်းသူဆိုတာယုံပါတယ်နော် ;)
Deleteအက်ဆေးလေးတွေ လာဖတ်ပေးတာ အရမ်းဝမ်းသာတယ်။ ကျေးကျေး မမိုး :)
နေမကောင်းရက်နဲ့ ဒီပိုစ့်လေး ရေးပေးတာ ကျေးဇူးတင်လိုက်တာ ညီမလေးရေ။ မချစ်ပြောချင်တာတွေ တော်တော်များများ သူသူရေးတဲ့အထဲမှာ ပါသွားပြီ သိလား။ မချစ်လည်း တူတူပဲ၊ လူတွေအပေါ် လိုက်လျောအားနာတတ်လွန်းလို့ အမြဲနာကျင်ခံစားရတာပဲ။ ကိုယ်ကပဲ စနေရလို့ တခါတလေ ကိုယ့်ဘက်က တိတ်ဆိတ်လိုက်တဲ့အခါ သူ့ဘက်က အေးစက်နေမှုအပေါ်၊ နေသာမှုအပေါ် တိတ်တိတ်လေး ဝမ်းနည်းနေတတ်တယ်။ ခံစားမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အသွားအပြန်ရယ်လို့ မမျှော်လင့်ကောင်းပေမယ့် ကိုယ့်အပေါ် ကိုယ်လိုပဲ ထပ်တူနွေးထွေးစေချင်တယ်။ ဖြစ်မလာတဲ့အခါ ကိုယ်ပဲ ခံစားရတယ်။ နောက်တော့ အဝေးကပဲ လှမ်းကြည့်နေတတ်ခဲ့တော့တယ် သူသူရေ….။ နေကောင်းအောင်လည်း နေဦးး)
ReplyDeleteချစ်ခင်စွာ
မချစ်
နေမကောင်းလည်း မမချစ်တဂ်တာဆိုတော့ ရေးမှာပေါ့ဂျာ (ချွဲ ~ :D )
Deleteဟုတ် မမချစ် :)
တယောက်နဲ့တယောက် အပြင်မှာ တကယ့်ကို touch ဖြစ်တာမျိုးထက် ဆိုရှယ်မီဒီယာတွေပေါ်မှာပဲ လွယ်လွယ်တွေ့၊ လွယ်လွယ်မေ့ ဖြစ်လာနေတဲ့ ခေတ်မို့ keep in touch ဆိုတာကလည်း ပြောရိုးပြောစဉ် ရေလဲစကားတခွန်း ဖြစ်လာနေသလားလို့ တွေးနေမိတယ်၊
ReplyDeleteကွန်ပျူတာတလုံး၊ ဖုန်းလေးတလုံး နဲ့ တကမ္ဘာလုံးက လူပေါင်းများစွာကို တပြိုင်နက်ထဲ ဆက်သွယ်နေကြပေမယ့် ဘယ်နှစ်ယောက်လောက်ကိုများ တကယ် keep in touch လုပ်ထားနိုင်သလဲဆိုတာ လေးလေးနက်နက် တွေးကြည့်ချင်စရာ ကောင်းတဲ့ အက်ဆေးလေးပါပဲ ညီမသူသူရေ…။ Keep writing to keep in touch ! ;)
သမီးကတော့ Keep in touch က အစ်ကိုတို့ပဲရှိတာနော်။ ဖုန်းလေးတစ်လုံးနဲ့ပေမယ့် သမီးတို့မောင်နှစ်မတွေ အမြဲစစ်မှန်နေကြပြီးသား။
Deleteဟုတ် ဘလော့စာဆိုရင်တော့ ပျော်ပျော်ပါးပါးထွက်တော့ ဆက်ရေးနေဦးမှာပါ အစ်ကို :))
မဇွန်ကတော့ သူသူ့ကို keep in touch လုပ်တယ်နော်။ ဖုန်း ၂ခါတောင် ဆက်ပြီးပြီ။း)
ReplyDeleteဟုတ်တယ် ဟုတ်တယ်။
Deleteမီး က ပျက်ကွက်သူပါ :(
မီး ကို ခွင့်လွှတ်ပါ မမဇွန် (သွားလေးဖြဲ ).:D
ဒီလိုပါပဲ အစ်မရေ ကျနော်တို့လည်း သင်ယူရင် ခွဲခြားရင်းနဲ့ပါပဲ အတုတွေ အစစ်တွေကတော့နေရာတိုင်းရှိတယ်မဟုတ်လား ခံစားတတ်လွယ်တဲ့ နှလုံးသားတွေကပဲအပြစ်ဖြစ်နေရော့သလားပေါ့ ။
ReplyDeleteအဆင်ပြေပါစေ တစ်ခါတလေ ကိုယ်တွေလည်း ခံစားချက်တွေ ထုံတတ်အောင်လုပ်အုံးမှာပါပဲ ။
အိမ်စည်ရေ Keep in touch မလုပ်ရတာကြာလို့ လုပ်တဲ့အနေနဲ့ BPP-Challengeမှာ သတိတရတဂ်သွားပါတယ်။ အဆင်ပြေရင်ရေးပေးပါအုံးနော်။
ReplyDelete- Adora
Keep in touch မဖြစ်လည်း ထာဝရ ချစ်ခင်နေလျက်ပါ အမ
ReplyDelete(ကျနော်ကိုယ်တိုင်လည်း keep in touch မဖြစ်သူရယ်လေ... :D )
ချစ်ခင်စွာဖြင့် -
သူသူရေ..
ReplyDeleteအစ်မ ဘာတွေးမိသလဲဆိုတော့.. ဒီရက်ပိုင်း သူသူ့ကို ဖုန်းဆက်မိနေတာ ဒီပို့စ်ဖတ်ပြီးတော့ ဆက်နေမိတာလို့များ သူသူ ထင်နေလေမလားလို့။ အမှတ်တော့ Keep in Touchကို ဒီမနက်မှ ဖတ်မိတာပါ။
Keep in touch !