Monday, October 13, 2014

အခြားအခြားသော ကြယ် တွေလို



Taare Zamee Par ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားလေးကိုဝယ်ထားခဲ့တာကြာပါပြီ။ ဒရာမာကားလေး    တွေသီးသန့်ရွေးဝယ်တတ်တဲ့အလေ့အထအရ ရွေးခြယ်ဝယ်ယူထားတဲ့အခွေတွေထဲကတစ်ခွေပါ။ ဒီနေ့ တော့ အခွေ တစ်ခွေတော့ ကြည့်ဦးမှပဲလို့ ကြံရွယ်တဲ့အခါ ကလေးငယ်လေးတစ်ယောက်နဲ့ လူကြီးတစ်   ယောက် အတူတူ ငေးနေတဲ့ ကာဗာလေးကို ရွေးထုတ်ဖြစ်ခဲ့ပါတယ်။ ကားနာမည်က အိန္ဒိယနာမည်မို့ ဘာကိုဆိုလိုတယ် မသိရ ပြန်ဘူး..။ ဒါပေမယ့် ငေးနေတဲ့မျက်ဝန်းလေးတွေက ကျွန်မကို တစ်စုံတရာ ဆွဲဆောင်လိုက်တဲ့အခါ အဲဒီ့ ကား လေးကို ရွေးပြီးကြည့်ဖြစ်လိုက်ပါတယ်။

အသက်ရှစ်နှစ်အရွယ်ရှိ အီရှန် ဟာထူးခြားတဲ့အတွေးအမြင်၊ ခံစားမှု ရှိနေတဲ့ ကလေးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ကူးထဲက အရောင်တွေ၊ ငှက်ကလေးတွေ၊ ငါးကလေးတွေ၊ ရုပ်ပုံလေးတွေ၊ စွန်ကလေး တွေ၊ တိမ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေဟာ အစဉ်လှုပ်ရှားလွန့်လူးလို့နေပါတယ်။ ဒါတွေကို ပန်းချီလေးတွေ အဖြစ် မကြာခဏပုံဖော်ခဲ့တယ်။ ဒါပေမယ့် အီရှန်ဟာ လူနေမှုအသိုင်းအဝိုင်းမှာ သဟ ဇာတမဖြစ်လှဘူး။ သူ ဟာ အက္ခရာတွေ၊ ကိန်းဂဏန်းတွေကို မှတ်နိုင်စွမ်းအားနည်းတဲ့ ရောဂါကို ခံစားနေ ရသူလေးဖြစ်ပါတယ်။ သူဟာ ကျောင်းစာကိုသင်ယူနိုင်စွမ်းမရှိဘူး။ သင်ခန်းစာတွေကို လိုက်မီနိုင်စွမ်း မရှိဘူး။ မလုပ်နိုင်ခြင်းကို ဝန်မခံချင်တဲ့ အီရှန်ရဲ့ အငုံ့စိတ်မာနဟာ ပြဿနာတွေကို ထပ်တလဲလဲဖန်တီးသူ အဖြစ်သာ ရောက်ရှိစေခဲ့ပါတယ်။


ပညာတတ်အလွှာဖြစ်တဲ့ ဂုဏ်သရေရှိမိဘတွေအတွက်တော့ အီရှန်ရဲ့အဖြစ်တွေဟာ အရှက်ရစရာ ပါပဲ။ အများနည်းတူဖြစ်တဲ့သူ့ကို နှိမ့်ချခြင်းတွေမှာ သူဟာငိုကြွေးမနေဘဲ ရန်ပွဲတွေဖန်တီးခဲ့တယ်။ အိမ်တိုင် ယာ ရောက်တိုင်တောခြင်းတွေ ခံခဲ့ရတယ်။ သုညရောက်လုနီးပါးအမှတ်တွေပြည့်နေတဲ့ အရည်အချင်းစစ် ကဒ်ပြားကို သူ ဖျက်ဆီးခဲ့တယ်၊ အပြစ်ပေးခံရတဲ့အကြိမ်တွေများလာတဲ့ ကျောင်းမှာ မနေပျော်တဲ့ အခါ ကျောင်းပြေးတယ်၊ နောက် ခွင့်စာအတုတွေလည်း တစ်ဦးတည်းသောအစ်ကိုဖြစ်သူကို အကူအညီ   တောင်းပြီး ပြုလုပ်ခဲ့ပြန်ပါသေး တယ်။

အီရှန်ကိုမထိန်းချုပ်နိုင်တော့ဘူးလို့ ယူဆလာတဲ့ မိဘတွေဟာ သူ့ကို ကျောင်းအိပ်ကျောင်းစား   ကျောင်း ကို ပို့ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။

ဒါဟာ အီရှန်အတွက် ငရဲပါပဲ။ စည်းကမ်းရှိဖို့၊ ပညာတတ်ဖို့၊ ထိပ်ဆုံးရောက်ဖို့ဆိုတဲ့ မိဘတွေ ရဲ့လိုလား ချက်ကို သူ မသိပါဘူး၊ နားလည်းမလည်ဘူး။ သူ သိတာ သူ ဟာ မိသားစုကိုချစ်တယ်။ သူချစ် တဲ့ ပါပါ၊ မာမာ၊ ဒါဒါ (အစ်ကို) တို့နဲ့ဝေးရာကိုခွဲပြီး ဘယ်ကိုမှ မသွားချင်ဘူး။ သူ လုပ်ခဲ့သမျှတွေလည်း တမင်လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာ သူ ကိုယ်တိုင်ပဲသိတယ်။ သူ ဟာ လူကြီးမိဘတွေကို ပမာပခန့်   ပြုပြီး ပြဿနာတွေကိုမှ ထပ်တလဲလဲတမင်တကာပြုနေခြင်း မဟုတ်ဘူးဆိုတာ မိဘတွေနားလည်လာ   အောင် မပြောပြနိုင်ခဲ့ဘူး။ တကယ် တော့ အီရှန်ဟာသူ ဘာဖြစ်နေသလဲဆိုတာတောင် ရေရာစွာ မပြောပြတတ်တဲ့ နုနယ်တဲ့ကလေးငယ်လေး တစ်ယောက်ပါပဲ။

စည်းကမ်းသေဝပ်ပြီး ကျောင်းစာတော်လာမယ်လို့ မျှော်လင့်ချက်နဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်း ကိုပို့ထားပေမယ့် အီရှန်ဟာ တိုးတက်ကောင်းမွန်မလာတဲ့အပြင် မိသားစုကိုလွမ်းဆွတ်စိတ်၊ အဖယ်ကြဉ်ခံ ရပြီ ရယ်လို့ ဝမ်းနည်းကြေကွဲစိတ်နဲ့ စိတ်ဒဏ်ရာပါရလာပါတယ်။ ကျောင်းစာကိုလည်း မလိုက်နိုင်တဲ့အခါ ထို ကျောင်းမှာလည်း ပြဿနာဖန်တီးသူ၊ ဘေးပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးသူ လူဆိုးလေး အဖြစ်သာ ရောက်ရှိခဲ့ပါတယ်။ သူ ဘာကိုမှလုပ်နိုင်စွမ်းမရှိဘူးဆိုတဲ့ အငုံ့စိတ်၊ မိသားစုကဘေးဖယ်ထားပြီ ဆိုတဲ့ နာကျင်စိတ်က အီရှန့်ကို ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေ တရိပ်ရိပ်ကျဆင်းစေခဲ့ပါတယ်။

Saturday, September 27, 2014

ခင်မင်ခြင်း









(၁)

“ငါ့မှာ ခင်တဲ့သူတွေ အများကြီးပဲ” ဟုလူတစ်ယောက်ကို ပြောဆိုမိလျှင် ထိုသူမယုံနိုင်စရာ မရှိပါ ။ကျွန်မ၏ ငယ် ဘ၀အစသည် ကစားစရာမျိုးစုံ ၊အရုပ်မျိုးစုံ ၊အထိန်းတော် ၊အချီတော် ၊အချော့တော်များနှင့် ကြီးပြင်းခဲ့ရသည်။ လူမှန်းသိ တတ်စ အရွယ်ကပင် “ခင်တွယ်ခြင်း” ဟူသည်ကို တစ်မျိုးတစ်ဘာသာ နား လည်ခဲ့သည် ။အလှအပကို ဦးစားပေးတတ်ပြီး ပိုကာဝိုင်း (ထိုအချိန်ကတော့ မည်သည့်နေရာသို့ သွားမှန်း မသိခဲ့ပါ) သို့မကြာခဏ သွားတတ်သော မာမာ သည်ကျွန်မ၏ ခင်တွယ်ရာ မဖြစ်ခဲ့ပေ ။မာမာ နှင့် ကျွန်မ သုံးရက်ကြာ၍ပင် တစ်ခါမတွေ့ဖြစ်ခဲ့ပါ ။အဆောင်ဆောင် အခန်းခန်းတို့နှင့် ကျယ်ပြောလှသော ကျွန်မတို့ အိမ်ကြီးသည် မာမာနှင့် မတွေ့ဖြစ်အောင် ဖန်တီးခဲ့သည် ထင်သည် ။မျက်နှာထား လွန်စွာ တည်၍ စီးပွားရေးကိစ္စ၌သာ လုံးပန်းနေသော ပါပါသည်လည်း ကျွန်မ၏ အားကိုးရာ မဖြစ်ခဲ့ ။တစ်ခါတရံ မည်သည့် အကြောင်းကိစ္စကြောင့် မသိဘဲမြည်တွန်တောက်တီးကာ ဒေါသတကြီး ဖန်ခွက်များ ၊ပန်းအိုးများကို မကြာ ခဏ ပေါက်ခွဲ တာကြောင့်လည်း ဖြစ်မည် ။ထို့အတူ ပိန်ပိန်ပါးပါး၊ အသားညိုညိုနှင့် ၀တ္တရားကျေပွန်သော မျက်လုံးတစ်စုံပိုင်ဆိုင်ထား သည့် နာနီကိုလည်း ကျွန်မမနှစ်သက်ခဲ့ပေ။ ကလေးဘ၀၏ ငြီးငွေ့မှုများ အတွေးများထဲတွင် ကျွန်မတို့ ”သီရိဂေဟာ” ရှိလူအားလုံးသည် ကျွန်မကစားနေသော စက်ရုပ်ကလေး များနှင့် တူသည်ဟုထင်တာလည်းပါသည်။ အသစ်အဆန်း ကစားစရာများသည်လည်းကောင်း၊ ဂါဝန်မျိုးစုံ၊ ဖိနပ်မျိုးစုံသည်လည်းကောင်း၊ ကျွန်မအတွက် စိတ်ဝင်စားစရာ မဖြစ်ခဲ့ပေ။ 

Tuesday, September 16, 2014

keep in touch


ယခုလပိုင်းတွေမှာ ဘာသာစကားတစ်ခုနှင့်ပတ်သတ်သောသင်တန်းကို တက်ဖြစ်သည်။ ခေါင်းစဉ် တစ်ခုစီ သင်ကြားရင်း ‘The Value of Life’ ဟု အဓိပ္ပာယ်ဆင်တူသည့် အခန်းသို့ရောက်လာသည်။ တန်ဖိုး ရှိသောဘဝဆိုတာ Management သုံးခုလိုသတဲ့။ Time Management, Social Management, Cash Management စသည်ဖြင့် story ပေါင်းများစွာဖြင့် လေ့လာရသည်။ တကယ့်လက်တွေ့ဘဝအသီးသီး မှာတော့ ထိုသုံးမျိုးထက်ပိုသော အခန်းကဏ္ဍတွေရှိနေဦးမည်ပင်။ ဒါက ဆန်းစစ်ဝေဖန်နေရန် သိပ်မလို လှပါ။ ကျွန်မကို စိတ်ဝင်စားသွားမိသော အကြောင်းအရာက Social Management ဖြစ်သည်။
Friendly, Frankly, Kindly စသည်တို့ကို အကျယ်တဝင့်ရှင်းရင်း Keep in Touch ဟူသည့်နေရာ မှာ ကျွန်မ ခပ်ငေးငေးဖြစ်သွားသည်။ အမြဲတမ်းအဆက်အသွယ်မပြတ်ဖို့၊ ခင်မင်မှုကိုရေရှည်ထိန်းသိမ်းဖို့ စသဖြင့် ဘာသာပြန်နိုင်မည်ထင်ပါသည်။ သိပ်ရိုးရှင်းသော စကားစုလေးပေမယ့် သည်အထဲမှာ အကြောင်း အရာတွေ အများကြီး ပျော်ဝင်နေပါသည်။ တစ်ဦးနှင့်တစ်ဦးအလေးထားမှု၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဂရုစိုက်မှု၊ တစ်ဦး နှင့်တစ်ဦး ချစ်ခင်နားလည်မှု၊ တစ်ဦးလုပ်ဆောင်ချက်အပေါ်တစ်ဦးက တန်ဖိုးထား အသိ အမှတ်ပြုမှု၊ တစ်ဦး၏ အကြောင်းအရာကို တစ်ဦးသို့အစဉ်မျှဝေအသိပေးမှု စသဖြင့် အများသားပင်။ ဒါတွေ က တမင်တကာ အားစိုက် လုပ်နေရသည့်အရာတွေ ဆိုလျှင်ဖြင့် keep in touch က ကြာရှည်ခံလှမည် မဟုတ်လှပါ။ စိတ်နှလုံးအတွင်းမှ  လိုလိုလားလားနှစ်သက်စွာ အလိုအလျောက်ပြုမူချက်များဖြင့် ဖြစ်တည် သာ keep in touch ကသာ ရေရှည် တည်တံ့သော ကွန်ယက်တစ်ခုဖြစ်မည်ပင်။
သို့ပေမယ့် ထို keep in touch ကို သေသေချာချာလက်ခံနားလည်သူတွေကော ရှိပါရဲ့လား။

*********
တစ်ခုသော မနက်ခင်းမှာ facebook မှ message လေးတစ်ခုကို ကျွန်မ လက်ခံရရှိပါသည်။
‘ခြေရာဖျောက်သွားလိုက်တာ အခုမှပဲတွေ့ရတော့တယ်။ သတိရသေးရဲ့လား’ ဟူ၍အစချီသည့် အတော်အတန်ရှည်သည့်မက်ဆေ့ခ်ျလေးဖြစ်သည်။ စာပို့သူသည် လွန်ခဲ့သောလေးနှစ်ခန့်က သိကျွမ်း ခင် မင်ခဲ့ သူညီမငယ်တစ်ဦးဖြစ်သည်။ ရန်ကုန်တစ်မြေတည်းရှိနေပါလျက် မတွေ့ဖြစ်တော့တာလည်း တကယ် ကိုကြာမြင့် ခဲ့ပြီဖြစ်သည်။ သို့သော် ခြေရာဖျောက်သွားတယ်ဟူသော စကားစုအတွက်တော့ ကျွန်မအနည်း ငယ်ပြုံးဖြစ် သည်။ သူ့ကိုတော့ ထိုစကားအတွက်ပြန်လည်မချေပပါ။ ဒါ ပြောလေ့ပြောထ ရှိသော စကားပေ ပဲ။ ဒါကို ကျွန်မ နားလည်ပေးနိုင်ပါသည်။ ကျွန်မ တွေးမိနေတာက လူတစ်ယောက်နှင့်တစ်ယောက်ကြားက ဆက်သွယ်မှုပြတ်တောက်သွားမှုတွေအကြောင်းဖြစ်သည်။

Monday, September 8, 2014

တေးဖွဲ့မသီရာ






တိုလီမိုလီတွေထည့်သော ဘီရိုအသေးလေးကို ရှင်းတော့ ဂါဝန်ဝတ်ရုပ်မလေးနှင့် ဖန်ပုလင်းလေး ထွက် လာသည်။ ဇာတ်လမ်းပမာတွေထဲကလို ငိုင်တွေငြိမ်သက်လျက် အဝေးသို့ငေးရီနေခြင်းမဖြစ်နေတော့။ သို့သော် အသာအယာဂရုတစိုက်နှင့် သေသပ်စွာပြန်ထည့်မိသည်။
          အပြင်ဘက်မှာ မိုးရိပ်မိုးငွေ့တွေဆင်နေတာ သတိပြုမိသည်။ မကြာခင် သည်းသည်းမည်းမည်း ရွာ   တော့မည်လား။ မိုးရေစက်တို့အောက်ရှိ ဆိုင်ကယ်လေးတစ်စီးကို မြင်ယောင်ဖြစ်ပြန်သည်။ မိုးစက်မှုန်မွှား များအောက် မှ နူးညံ့သောအပြုံးရိပ်ကို အမှတ်ရတော့ မနာကျင်ခဲ့ပါဘူးဟု ဘာသာ မှတ်ချက်ပြုထားခဲ့လေ   သော ရင်သည် စစ်ခနဲ ဖြစ်မိလေသည်။

××××××××

        
      သူတို့အရပ်မှာတော့ မြူတွေဆိုင်းနေရော့မည်။
     စည်းမျဉ်းဥပဒေသနှင့် လူ့ဘောင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို သွေဖယ်ဖောက်ဖျက်လိုခြင်း မရှိ   သောကိုယ်တို့တွေ တပ်ဆင်ခဲ့သည့် ‘ရိုးသားခြင်း’ ခေါင်းစဉ်အောက်တွက် အရာအားလုံးနေသားတကျ မှန်ကန်ခဲ့သည်ဟု မှတ်ယူထား ခဲ့သည်။ ကိုယ်တို့ ဟူသည့် ဗဟုဝုစ်ကိန်းအောက်တွင် ကိုယ်၊ သူ နှင့် သူ့ ဖခင်တို့ပါဝင်ပေသည်။ သူ့အစ်မက တစ်စိတ်တစ် ဒေသပါဝင်သယောင်ထင်ရသော်လည်း စင်စစ် သူမက လမ်းကြောင်းကိုသွေဖယ်စေချင်သူ။ သို့သော် သူကော သွေဖယ်စေ ချင်သလားဟု ထိုစဉ်အခါများကတော့ ကိုယ် မတွေးပေးခဲ့သည်မှာ အမှန်ပင်။ သူ့ဆန္ဒကိုရယူရမည်ထက် ကိုယ် နှင့် သူ့ ဖခင်ဆုံးဖြတ်ချက် သည် သာ ချမှတ်ခိုင်မာစေခဲ့သည်။ သို့သော် သည့်အတွက်တော့ ယခုအချိန်မှ နောင်တရမနေသည် မှာ သေချာ ပါသည်။
          နာကျင်စရာ မဟုတ်ပါဘူး၊ မှိုင်းညို့ခဲ့သောအတိတ် မဟုတ်ပါဘူးဟု တလျောက်လုံးခံယူထားလျက် သည်းသည်း မည်းမည်းရွာနေသော မိုးစက်များကိုမြင်တိုင်း တစ်ခဏတော့ ငေးစိုက်မိသားပင်။           
              အမိုးချွန်ချွန်နှင့် ကော်ဖီဆိုင်ကလေးများကို တွေ့မိတိုင်းလျောက်လက်စ ခြေလှမ်းတို့အခိုက်အတန့်တော့ တုံ့ဖြစ်ရ သည်။ မွေးရပ်မြေမှာ မတည်ရှိတော့သည့်တိုင် အမှတ်ရလေသောပုံရိပ်တို့က လွန်လေပြီးသော ကာလတွင် ကျန်မနေရစ်ဘဲ ရှင်သန်ရာဘ၀တလျောက် ခါတရံဖျတ်ခနဲ ပေါ်,ပေါ် လာသည်ကို ဘ၀င်ကျလှ သည် မဟုတ်ပေမယ့် မတတ်သာစွာ လက်ခံ ရပါသည်။

Tuesday, September 2, 2014

အရောင်မဲ့တိမ်တိုက်


အပြင်ဘက်ဆီမှာ မိုးတွေညို့နေတာ မြင်ရသည်။ လွန်မဆွဲခဲ့သော်ငြား သူမ အရပ်မှာ မိုးသည် သည်းထန်တော့မည့်ဟန်ပြင်သည်။ နားခိုစရာ ရှာချင်စိတ်မဲ့စွာ အခါကာလကိုသာ မမှိတ်မသုန် စိုက်ကြည့်မိ သည်။
မိုးကား ရွာလေပြီ။

******
သည်နေရာကိုရောက်လာခဲ့ပြန်ပြီ။ မြေသည် ထိုစဉ်အခါကနင်းခဲ့စဉ်လို စွတ်စို၍နေသည်။ မြစ် ကမ်းဘေးက အုပ်မိုးနေသော အပင်တို့သည်လည်း ယခင်ကနှယ် လေအသဲ့ဝယ် ယိမ်းနွဲ့လျက်ဆီးကြို  သည်။ မြစ်ရေသည် အခါများစွာကလို တသွင်သွင်စီးမြဲပင်။ ထိုင်ခဲ့ဖူးသောနေရာမှာ အသာအယာထိုင်မိ သည်။ သည်နေရာကနေ ဟိုးအဝေးက တောင်တန်းတွေကို ငေးကြည့်စဉ်မှာပေါ့..။
မှိုင်းပျပျတောင်တန်းတွေကို သူမ ချစ်သည်။ မြူထူတွေရစ်ဆိုင်းနေသော တောင်တန်းတွေကို ငေး ကြည့်ရင်း သည်အရာတွေက သူမကို ၀န်းရံထားပေးသလို ခံစားမိသည်။ တကယ်တော့ တောင်တန်း တို့သည် သူမနေရာနှင့် လွန်စွာဝေးကွာလွန်းသောနေရာမှာ ရှိကြသည်ပင်။ အမြင်မှာ နီးကပ်သလိုရှိ လှသော ထိုတောင်တန်းတို့အချင်းချင်းသည်ပင် ထိစပ်နေခြင်းမရှိလှ..။ ကီလိုပေါင်းများစွာ ကွာခြားလျက် တစ်နေရာစီ ရှိကြသည်သာ။ သို့ပေမယ့် သူမ ထိုင်နေကျနေရာလေးမှ လှမ်းမျှော်ကြည့်လိုက်လျင်တော့   တောင်တန်းပတ်ပတ်လည်သည် သူမအနီးမှာ လွန်စွာနီးကပ်လျက် ၀န်းရံနေသလို ခံစားမိရလေသည်။ မိုးသောက်အခါ ဖြစ်စေ၊ နေ့အလင်းရောင်ကောင်းစွာရသောအချိန်ဖြစ်စေ တောင်တန်းတို့သည် အစဉ်ဝန်း ရံနေလျက်ပင်။
တောင်တန်းတွေက စတင်စကားပြောချိန်သည် သူမ ငိုကြွေးနေချိန်ဖြစ်သည်။ ညင်သာသာ တိုက် ခတ်နေသော လေတိုးသံမှတစ်ပါး တိတ်ဆိတ်သောနေရာတွင် ခေါ်သံတစ်ခုကို စတင်ကြားရစဉ်က သူမ ဇဝေဇဝါဖြစ်နေသေးသည်။ သည်နေရာမှာ လူသူတစ်ပါးမှ မရှိတာပဲ။ သူမ ငိုသံကိုပင် တောက ပဲ့တင်သံ    ပြုလေသလား ထင်မှတ်မိသေးသည်။
 ‘ညီမလေး’
ခေါ်သံက ပိုမိုပီပြင်လာတော့ ငိုကြွေးခြင်းတို့ရပ်တန့်ကာ ဝန်းကျင်ကိုကြောင်စီစီနှင့် လှည့်ပတ်ကြည့် သည်။ အိပ်မက်များမက်နေသလား။ တသွင်သွင်စီးဆင်းနေသော မြစ်ရေနှင့် စိုစွတ်နေသော မြေသား တို့ မှအပ အခြားသက်ရှိတစ်စုံတစ်ရာမရှိသောနေရာတွင် မည်သည့်နေရာက ခေါ်သံထွက်ပေါ်လာသည်လဲ။
‘ညီ….မ..လေး’
ခေါ်သံက ဟိုးအဝေးကြီးက လာသလိုမိုင်ပေါင်းများစွာဖြတ်သန်းလာရသော လေတိုးသံတွေပါသည်။
‘ဘယ်သူလဲဟင်’
‘ညီမလေး ရှေ့ကလေ…မြူခိုးတွေတော့ ဆိုင်းနေတယ်..မြင်ရရဲ့လား’
သူမ ရှေ့တွင် တောင်တန်းကြီးတွေသာရှိသည်။ သည်အရာတွေဆီကတော့ မဖြစ်နိုင်လှပါ။ပြီးတော့ သူတို့က ဝေးလွန်းလှသည်။ ဒါပေမယ့် မြူတွေဆိုင်းနေတာတော့ သည်အရာတွေပဲ။
‘တောင်တန်းကြီးတွေလားဟင်’
‘ဟုတ်ပါတယ် ညီမလေး’
တောင်တန်းကြီးတွေဟာ စကားပြောတတ်လား။ တအံ့တသြဖြင့် ငေးမောကြည့်နေသော သူမကို ထိုတောင်တန်းကြီးဆီမှ နှုတ်ဆက်စကားသံများဖြင့် ထပ်မံလှုပ်နိုးလေသည်။ သူမ ကလည်း အပြန်အလှန် စကားပြောမိသလားပဲ။ သုံး လေး ငါးခွန်း ပြီးသည့်နောက် မြူထူတွေသည် အနည်းငယ်လျော့ပါးသွား ကာ တောင်တန်းကြီးသည် သူမနှင့် နီးကပ်လာသလို ခံစားရမိလေသည်။ ထိုအခါမှ ချစ်ခင်ဖွယ်ကောင်း လှသော တောင်တန်းကြီး၏ သရုပ်ကို သူမ သေချာစွာ မြင်တွေ့ခဲ့ရတာ ဖြစ်သည်။

******
တောင်တန်းကြီးတစ်ခုနှင့် မိတ်ဆွေဖြစ်ပြီးသည့်နောက် နောက်ထပ် တောင်တန်းအချို့နှင့် မိတ်ဆွေ အဖြစ်ထပ်မံသိကျွမ်းခဲ့ရလေသည်။ အခုတော့ တောင်တန်းတွေက စကားပြောတတ်ရုံမက နွေးထွေးကြင် နာသောနှလုံးသားရှိနေကြသည်ကို သူမ သိရှိခဲ့ပြီ။ သူမလာနေကျ မြစ်ကမ်းဘေးနေရာလေးသည် အခါ  တိုင်းလိုခြောက်သွေ့ကြမ်းရှခြင်းမရှိတော့။ နားလည်စာနာသောနှလုံးသားတို့ဖြင့် ဝန်းရံနေသော အဖော်တို့ ရှိခဲ့ပြီ။ ရက်တွေ၊ လ တွေ ကြာညောင်းလာသည်နှင့်အမျှ တောင်တန်းတွေသည် သူမနှင့် နီးသထက် နီး လာသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။
အချို့သောတောင်တန်းတွေဆိုလျှင် လက်နှင့်ထိတွေ့၍တောင် ရသည်ပဲ။ ထိုတောင်တန်းကြီးကို ခပ်ဖွဖွထိတွေ့ခွင့်ရကာစ က ပျော်ရွှင်ကြည်နူးသောခံစားမှုဖြင့် သူမ ခုန်ပေါက်နေခဲ့သည်။ အခြားတောင် တန်းနှင့် စကားပြောစဉ် လက်နှင့်ထိတွေ့ခွင့်ရသော တောင်တန်းအကြောင်းကိုလည်း ဂုဏ်ယူစွာကြွားဝါ  လိုက်သေးသည်။ ထိုအခါ အကြွားဝါခံတောင်တန်းက ပြုံးလျက်သာနေသည်။ သူတို့အဖို့ ထိုအရာက မဆန်းတော့ပေသည်လား။ သူမ အတွက်ကတော့ တိတ်ဆိတ်ခြောက်သွေ့လှသော သူမ၏ မြစ်ကမ်းပါး   လေးအတွက် ပျော်ရွှင်မှုတို့က ပြောမကုန်ဖွယ်ပင်။

******
တောင်တန်းတွေသည် ခရီးဦးကြိုပြုတတ်သလို သိကျွမ်းရင်းနှီးပြီးလျှင် ပြန်လည်ငြိမ်သက်သွား တတ်ကြသည်ကို သူမ မသိရှိခင်အထိတော့ မြစ်ကမ်းဘေးသည် သာယာကြည်နူးဖွယ် အတိဖြစ်ခဲ့လေ သည်။ ချစ်ဖွယ်ချော့ငင်တတ်သော တောင်တန်းတို့သည် လျစ်လျူရှုတတ်သောစိတ်နှလုံးရှိသည်ကို သူမ မသိရှိခင်အထိပေါ့။
သူမကမ္ဘာသည် တောင်တန်းတို့သာဖြစ်သည်ဟု အမှတ်မဲ့ပြောမိပြီးနောက် တောင်တန်းအချို့သည် သူမနှင့် ဝေးကွာသွားတော့သည်။ အခါတိုင်းနီးကပ်စွာမြင်နေရသောတောင်တန်းတို့သည် တဖြည်းဖြည်းပြန် လည် ဝေးကွာသွားသည်ကို သတိပြုမိသည့်ခိုက် သူမ မငိုဖြစ်တော့ပေ။ မြူထူတွေရစ်ဆိုင်းနေသော ဟိုး အဝေးက တောင်တန်းတွေကိုသာ ငေးကြည့်ရင်း စကားလုံးများစွာကို မြိုချ,တိတ်ဆိတ်စွာရှိနေခဲ့သည်။
တကယ်တော့ သိကျွမ်းခဲ့စဉ်က ပြောဖူးသောစကားတို့ကို   တောင်တန်းတွေ မေ့လျော့သွားခဲ့တာ သာဖြစ်နိုင်မည်။ သူမ သည်ကောင်းကင်ပျောက်ရှခဲ့သူတစ်ဦးဖြစ်ခဲ့သည်ဆိုတာ…။ အုပ်မိုးနေသော   ကောင်းကင်မရှိနေသည့် သူမ သည် မြစ်ကမ်းဘေးမှာ တိုင်တည်ခြင်းသက်သက်ဖြင့် ကမ္ဘာသဖွယ် ဖန်တီး   နေခဲ့ခြင်းသာ။ ကီလိုတွေဝေးသည့်တောင်တန်းဖြစ်စေ၊ ကီလိုတွေမခြားသည့်တောင်တန်းဖြစ်စေ   မြစ်ကမ်းပါးဘေးမှ သူမက ချစ်ခင်ရုံသက်သက်ဖြင့်ရှိနေရုံသာ ဖြစ်သည်။
အမြဲလိုစွတ်စိုနေသော မြစ်ကမ်းပါးဝယ် တောင်တန်းတွေကို ငေးကြည့်ရင်းငြိမ်းအေးလိုသူသာ။ ပြန်လည်တိတ်ဆိတ်သွားသော ဝန်းကျင်တွင် အတန်ကြာသည့်တိုင်အောင်တော့ သူမ ထိုင်နေမိသေး သည်။ မြစ်ရေသည် ပြုမြဲကျ တသွင် သွင်စီးလျက်သာ။ ရေညှိတက်နေသော ကျောက်တုံးကလေးအချို့ကို အကြောင်းမဲ့ကုတ်ခြစ်မိပြန်သည်။

******
လေပြည်က ရုတ်ခနဲနှုတ်ဆက်တော့ ပြုံးယဲ့ယဲ့ဖြင့် တုံ့ပြန်ရသည်။ သည့်ထက်တော့ မသိကျွမ်း လိုတော့။ ယခင်နေရာမှာ ဖြည်းညင်းစွာထိုင်၍ အရှေ့ဘက်ဆီငေးကြည့်တော့  ဝေးကွာသောနေရာမှ      တောင်တန်းက အပြုံးတစ်ခုနှင့် ရောက်လာပြီလားဟု   နှုတ်ဆက်သံပြုသည်။ ခေါင်းကို အသာအယာ ညိမ့်ပြရင်း ဘာစကားမှမဆိုဖြစ်တော့။
သည်လို ခပ်ဝေးဝေးသိကျွမ်းမှုကိုသာ တောင်တန်းတို့အလိုရှိသည်ဆိုတာကို သူမ နားလည် သဘောပေါက်ရသည်မှာ ကာလတစ်ခုကို ကျော်ဖြတ်ပြီးခဲ့ပြီပဲ။ ယခုတော့ တောင်တန်းတွေနှင့် အလိုက် သင့်နေတတ်ခဲ့ပြီ။ သူတို့ တည်ရှိပေးနိုင်သလောက် အနေအထားကိုသာ အသာအယာလက်ခံနိုင်ခဲ့ပြီ။
မြစ်ရေသည် သူ့တာဝန်အတိုင်း စီးလျက်ပင်ရှိသည်။ သူမ နေရာတဝိုက်တွင်တော့ အမှိုက်အချို့ ဝဲ့ပျံ့နေတာ တွေ့သည်။ ရှင်းလင်းဖယ်ရှားရင်း လတ်ဆတ်သောလေကို တဝရှုရှိုက်မိသည်။ နောက်ထပ် သည်နေရာကို ဘယ်တော့ ရောက်လာရဦးမလဲ၊ သူမ မသိနိုင်သေးဘူး မလား။ နေခွင့်ရတဲ့အခိုက်   မြစ်ကမ်းပါး၏ သာယာသောထုံမွှမ်းမှုကို အပြည့်အဝသာခံစားလိုလေသည်။
ဝေးနေသော်လည်း မြင်နေရဆဲဖြစ်သည့် တောင်တန်းတွေကိုလည်း ငေးကြည့်ခွင်လည်း ရလေ သည်လေ။
******

သည်းထန်ခဲ့လေသော မိုးတို့အကြောင်း၊ စွတ်စိုကျသွားခဲ့လေသော သူမ အကြောင်း တိုင်တည်    ပြောလိုလှသော်လည်း တောင်တန်းတို့ ပျောက်ရှသွားမှာ စိုးရွံ့ကာ ဝေးဝေးမှသာ ငေးကြည့်နေခဲ့သည်။
ပြည့်စုံပြီလေ..။ ငေးမောခွင့်နှင့်သာ နာကျင်ခဲ့လေသော ရင်ကို ဖြေသိမ့်ရသည်။
သည့်ထက်ပို၍ သူမ မတောင်းဆိုဝံ့..။
ယခုတော့ သူမ ကမ္ဘာသည် သီးခြားဖြစ်သည်ဟူသာ တောင်တန်းတို့ ကြားမည်ဆိုလျှင် ခပ်တိုးတိုးပြောပြချင်ပါသေးသည်..။  


03.09.2014
12:55 AM
Yangon Time
















Friday, August 29, 2014

အကြောင်းတရားတို့အလွန်

လည်ချောင်းအတွင်းမှ ပူလောင်စူးရှမှုက ရှားပါးစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို လန့်နိုးလာစေ သည်။ မူးနောက်ရီဝေသော အသိအာရုံကို ကြိုးစားစုစည်းရင်း ပူလောင်မှုအား သက်သာရာသက်သာငြားနှုတ်ခမ်း အစုံကိုသပ်လျှက် တံတွေးမြိုချမည်ကြံသော်လည်း အချည်းနှီးပင်။ ကိုယ်ခန္ဓာအတွင်းရှိ ရေဓာတ်တို့ အလုံးစုံ ပျက် ပြယ်ပျောက်ဆုံးသွားလေပြီလား။ လှိုက်ဟာဝမ်းနည်းမှုက ပါးပြင်ပေါ်သို့ မျက်ရည်ပူတို့ တလိမ့်လိမ့် စီးကျလာစေ သည်။ ပါးလွှာနေသော အသားအရေ၀ယ် ပူလောင်လှချည့်။ ရေဓာတ်တို့တော့ ကျန်နေသေးသည်ပဲ။ ရေသောက် ရန်အားယူထတော့ ၀န်းကျင်သည် မှောင်အတိ ပြီး၏။
         အိပ်ရာဘေးရှိ မီးခလုတ်ကိုဖွင့်လိုက်သော် အခန်းတွင်းသည် လင်းထင်းသွားသည်။ သို့သော် အမှောင်ထု ဟု သူခံစားနေရဆဲ။ ရေပုလင်းကို မြင်တွေ့နေရသည်။ သို့စဉ်လျှက် မမြင်တွေ့သလို။ ရင်တွင်းမှ ပူလောင်လွန်းလှ သည်။ တိတ်ဆိတ်သောဝန်းကျင်သည် အေးစက်မာကျောစွာ လွှမ်းခြုံလျှက်ရှိ၏။
         နာရီသံက တချပ်ချပ်...။

******************

Thursday, March 27, 2014

မွန်းတည့်ချိန်


မွန်းတည့်နေဖြစ်တဲ့
လောကဓံမှာ
စိတ် ဟာ
တနံတလျားလွင့်တယ်

ဘယ်သူ့အတွက်
ဘာ့ကြောင့်
ဘာ့အတွက်
ဘယ်ဆီသို့

အမေးပြပုဒ်တွေနဲ့
ချုံးချုံးကျလာတဲ့
ဘ၀ ဟာ
တက်ကြွမှုတိုင်းကို ပိုင်းဖြတ်

သူလိုကိုယ်လို ရုန်းကန်
သူလိုကိုယ်လို ကြုံတွေ့
သူလိုကိုယ်လို ဖြစ်ပျက်
သူလိုကိုယ်လို နာကျင်
သူလိုကိုယ်လို…..

အရှိန်တငြီးငြီးတောက်နေတဲ့
လောကဓံကို
ခပ်ရင့်ရင့် ရင်ဆိုင်တော့
ဒွိဟ မောဟ
မျက်နှာသာမပေးမှုတွေနဲ့
စိတ် က
ဒလိမ့်ခေါက်ကွေး
ကျ တယ်…….

သဘာဝကျတယ်
သ  ဘာ  ၀  ကျ  တယ်
သ    ဘာ    ၀    ကျ    တယ်

သမားရိုးကျ
ဖြစ်ရိုးဖြစ်စဉ်
ကြုံလေ့ကြုံထ
ဖြစ်လေ့ဖြစ်ထ

နွေရာသီတွေများတဲ့
သံသရာဟာ
တငွေ့ငွေ့တောက်လောင်တာ
သဘာဝကျပါတယ်....။ ။

27.03.2014
PM:8:55

Saturday, November 30, 2013

ဂွတ်ဘိုင် နိုဝင်ဘာ


သွားတော့ နို ၀င် ဘာ
အတိတ်ရဲ့ ၀တ်ရုံထူထူကို ခွာချပြီး..... နင်ထွက်သွားပါတော့
နင့်ရဲ့ ၀ိညာဉ်ထဲ တန်ဆောင်မုန်းလပြည့်ရှိတယ်
နင့်ရဲ့ ၀တ်ရုံထဲ စက်တော်ရာမီးထွန်းပွဲတော်ရှိတယ်
သံစဉ်ချိုမြလျှောက်ခဲ့တဲ့ မြေနီလမ်း
နင် သိမ်းမထားပါနဲ့ နိုဝင်ဘာ။

နိုဝင်ဘာ
တစ်ချိန်က င၀န်ကမ်းခြေရဲ့ နိုဝင်ဘာမှာ
မီးကျည်မီးပန်းတွေ ပြုံးပျော်မော့ကြည့်လို့
ကောင်မလေးတစ်ယောက် မြူးထူးခဲ့ဖူးတယ်..။

နိုဝင်ဘာ
မြို့ကလေးရဲ့ နိုဝင်ဘာမှာ
ကုသိန္နာရုံဘုရားပွဲသံတွေညံလို့
ကထိန်ဗေထိနဲ့
ဗြောင်းဗြောင်းဆန် ဆူညံနေဖူးတယ်...။

နိုဝင်ဘာ
အစွန်အဖျားရပ်ကွက်ငယ်လေးရဲ့
အပင်တွေအုံ့ဆိုင်း ခြံကျယ်ထဲ
ဖယောင်းတိုင်တွေ တထိန်ထိန်
ဝိုင်းစက်စက်လပြည့်အောက်
ဆေးပေါင်းခ ခဲ့ဖူးတယ်..။

နိုဝင်ဘာ
နင် ဟာ ကလေးဆန်ဆန် ဂျစ်ကန်ကန်နဲ့
ကောင်မလေးတစ်ယောက်ကို
ချစ်ခြင်းတရားနဲ့ထိတွေ့အောင်
ဖြစ်တည်ခဲ့တယ်...။

နိုဝင်ဘာ
မထင်မှတ်တာတွေ ပေးစွမ်း
ချည်နှောင်မှုတွေ ပြတ်တောက်
ဟို ကမ္ဘာဝေးဆီ လွင့်ပြယ်အောင်
နင် စွမ်းဆောင်လွန်းခဲ့တယ်..။

သွားတော့ နိုဝင်ဘာ
အတိတ်ရဲ့ ခြေသံ တဖျပ်ဖျပ် ပေး
မာန်မာနတွေ ၀င့်မချီပါနဲ့တော့...။

သွားတော့ နိုဝင်ဘာ
မနက်ဖြန်ရဲ့ နေ့သစ်တွေ မက်နိုင်ဖို့
ဒီဇင်ဘာမှာ အေးမြဖို့
နှစ်သစ်ကူးဆီ အရောက်လှမ်းဖို့
နင်.... သွားးး တော့ နိုဝင်ဘာ
သွားတော့ နိုဝင်ဘာ
သွားးး
တော့
နို ၀င် ဘာ ။ ။

30.11.2013
PM:7:00

Monday, November 25, 2013

စံပယ်တစ်ပွင့် ခရေတစ်ကုံး


ကျောင်းဆရာ အလုပ်ကို ၀ါဿနာအကြီးဆုံး ၊စကားလုံး မြင့်မြင့်တွေနဲ့  အတွေးအခေါ်ပိနေသူကို ပြပါဆိုရင် ကျွန်တော်တို့ အုပ်စုထဲမှာ စိုးမြင့်ကိုပဲ ပြရမယ်...။ သူများတကာတွေ (ကျွန်တော် အပါအ၀င်ပေါ့ ) ကျောင်းအားခိုက် ဟိုယောင်သည်ယောင်   ဖြစ်နေ တုန်း စိုးမြင့်က ရိုးမဘက် ခပ်ကျကျ ရွာလေးတစ်ရွာရဲ့  တွဲဖက်ကျောင်းမှာ ဆရာ  လုပ်ဖို့ စီစဉ်ပြီးသွားပြီ...။ ဒီတုန်းက ကျွန်တော်တို့  အုပ်စုရှိရာ မြောက်ကြွမြောက်ကြွနဲ့ ရောက်လာတဲ့ စိုးမြင့်ပုံကို မှတ် မိနေသေးတယ်....။

            ”ဟေ့ကောင်တွေ .....ငါ အလုပ်ရပြီကွ...”

နည်းနည်းအံ့သြသွားပေမယ့်စိုးမြင့်ပုံကိုအမြင်ကတ်တာနဲ့သူတို့တတွေမသိသယောင်ဆောင်နေကြတယ်....။ ဟိုကောင် လင်းလင်းကလည်း အာပေါင်အာရင်းသန်သန် နဲ့  ဘယ်နိုင်ငံမှာဘာတွေဖြစ်နေကြောင်း ဟုတ်တာမဟုတ်တာ အသာထားစကား ဆက်မပြတ်အောင်ဆက်ပြောနေတယ်.....။ စိုးမြင့်ကလည်းမှုတယ်မထင်ပါဘူး....။ သူပြောချင်တာပဲ ဆက်ပြောပြီး စကားဝိုင်းထဲ ၀င်လာတယ်.....။

”စာသင်ရမှာ .....ကျောင်းဆရာပေါ့...နေရေးစားရေးက ပူစရာမလိုဘူး....။ ဒါတွေက အရေးမကြီးပါဘူး...။ ငါက စာသင် ရမှာပဲစိတ်ဝင်စားတာ...။ကလေးတွေဆိုတာပန်းလေးတွေလိုပဲ...။သိပ်ကိုနူးညံ့ဖြူစင်တာ...။ဒီလိုအရိုင်းပန်းလေးတွေကို ပြုစုပျိုး ထောင်ပေးရမှာ ဘယ်လောက်ပျော်စရာကောင်းလဲကွာ.....။လောကမှာ အမြင့်မြတ်ဆုံးက ပညာဥာဏ်မီး ထွန်းညှိပေးတဲ့ ကျောင်း ဆရာ အလုပ်ပဲကွ.....ကျောင်းဆရာအလုပ်ဆိုတာ..........................”

ပထမတော့သည်းခံပြီးနားထောင်ပေးနေသေးတယ်...။ နောက်တော့တစ်အုပ်စုလုံးဝိုင်းဆဲလိုက်ကြတာ တိုင်ပင်ထားတဲ့ အတိုင်း....။ စိုးမြင့်က မနာပါဘူး..။ ခပ်ပြုံးပြုံးပဲ...။ အရေထူနေတာလဲ ပါမှာပေါ့.......။

         ”မင်းတို့ မုဒိတာပွားစမ်းပါကွ....။လောကရဲ့ အလှတရားကို မခံစားတတ်ဘူး..။မနာလိုတာပဲ ဖြစ်ရမယ်...”

မိန်းမဆန်ကာမှဆန်ရော...။ဆဲချင်စိတ်ကိုကုန်ခမ်းပြီးပြစ်ပြစ်နှစ်နှစ်ကြီးပဲ မျက်စောင်းထိုးပစ်လိုက်တော့တယ်...။

         တကယ့်ခါချဉ်ကောင်.................................။

********************

Saturday, October 19, 2013

ဂိမ်းကစားခြင်း

photo-google

ချိန်ကိုက်ဖန်တီးထားသည့် ဒီဂျစ်တယ်အရုပ်ကလေးတွေက ကျွန်မကို ဖမ်းစားနိုင်လိမ့်မည်ဟု မထင် မှတ်ခဲ့။

******

ကျွန်မ ဂိမ်းကစားခြင်းကို ဘယ်သောအခါမှ မနှစ်သက်တတ်ခဲ့ပါ။ တမင်ပြုပြင်ဖန်တီးထားမှန်း သိသိနှင့် ပါဝင်ယှဉ်ပြိုင်ရသည်ကို ကလေးကလားဆန်သည်ဟု ထင်မြင်နေခဲ့သည်။ ဂိမ်းကစားတာစွဲသည် ဟု ပြောကြ လျှင်ဘာများစိတ်ဝင်စားစရာရှိ၍ စွဲသနည်းဟု အစဉ်စောဒကတက်ခဲ့သည်။ ဂိမ်းနိုင်လျှင် ဘာရ သလဲဟုမေးတိုင်း တိကျရေရာသောအဖြေကို မရရှိခဲ့ပါ။ “ပျော်စရာကောင်းတာပေါ့” ဟု တချို့ကဖြေသည်။ ဂိမ်းတစ်ခုရဲ့ အထာ၊ အသွားအလာကို သိသွားရင် ဂိမ်းနိုင်တာမဆန်းပါဘူးဟု တုံ့ပြန်ပြောမိလျှင် ကျွန်မကို ဆက်လက်စကားမဆို လို တော့သည့်နှယ် ပြန်လှန်မပြောကြတော့ပေ။

သင်တန်းတစ်ခုတက်နေစဉ် ဖဲချပ်များဖြင့် စီကာစဉ်ကာကစားရသည့် ဂိမ်းတစ်ခုကို စတင်ကစားဖူး သည်။ ရံဖန်ရံခါ သင်တန်းဆရာကို စောင့်ရခြင်း၊ တစ်ချိန်နှင့်တစ်ချိန် အားလပ်ချိန်အနည်းငယ်ရခြင်း စသည့် အချိန်များတွင် အများတကာနှယ် ဂိမ်းမဆော့တတ်သည့် ကျွန်မကို သူငယ်ချင်းအချို့က အလွယ်ကူဆုံး ကစား နည်းဖြစ်သည့် Spider ကို သင်ပေးလေသည်။ ပြင်ပလောကတွင် ဖဲချပ်များကို မရင်းနှီးသည့် ကျွန်မအတွက် အဆိုပါဂိမ်းမှ ဖဲချပ်စီရသည်ကိုပင် အတော်သင်ယူခဲ့ရသည်။ King, Queen, Jack ကို မကြာခဏပြောင်းပြန် မှတ်လိုက်၊ အတည့်လုပ်လိုက်နှင့် ဖဲချပ်သုံးချပ်ကို ထားစရာနေရာမရှိပါ။ အောက်ကဂဏန်းအစီအစဉ်ကိုတော့ သက်တောင့်သက်သာ မှတ်လို့ရပေသည်။ တစ် နှစ် သုံး လေး ဂဏန်းတွေကိုး။ အခြားမှ မဟုတ်လေဘဲ။ ဒါ တောင် အခြား level များကို တက်မကစားဝံဘဲ Beginner နဲ့သာ ထပ်ကာတလဲလဲဆော့ကစား ခဲ့ရပါလေ သည်။

အင်တာနက်ဆိုင်များတွင် ကွန်နက်ရှင်ကျသွားသောအခါ စက်ကို Free ဖွင့်ပေးထားသည့် ၀န်ဆောင်မှုကို နယ်မြို့တွင်ရှိစဉ်က ရခဲ့ဖူးသည်။ ထိုအခါ စာစီစာရိုက်လုပ်၍ ရသလို၊ Game ဆော့၍လည်း ရသည်။ အများသူငါ သည် ဂိမ်းဆော့ကြတာများ၍ ကျွန်မကတော့ စာစီစာရိုက်နှင့် ဖိုတိုရှော့ကလိနေတာ များပါသည်။ ထိုစဉ်က ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်နေသည့်အတွက် အင်တာနက် ဆိုင် တွင် အသုံးပြုခြင်းက အင်တာနက်ထက် မေးခွန်းရိုက်၊ မှတ်စုရိုက်နေဖို့က အဓိကဖြစ်   နေခဲ့ရာ ကွန်နက်ရှင် ကျ လျှင် ကျွန်မ ပျော်ပါသည်။

Wednesday, October 16, 2013

ဝါဇီမှ ချန်ဂီ (သို့) ထင်ကျန်ရစ်စေ

photo by- Cynthia Thet



 ငြိမ်သက်အိနြေ္ဒရသော စက်ရုံအ၀န်းအ၀ိုင်းတစ်ခုမှ အရိပ်သဏ္ဍာန်တစ်ခုလွန့်လူးကာ တိုးဖျဖျ ပြောလိုက်သံ ကြား လိုက်ရသည်။

           “၀ါဇီ”
      အ၀န်းအ၀ိုင်းတွင်း တိုးဝင်မည်ပြုတော့ ချက်ချင်းနှယ်တားဆီးသည်။ ဒါ ပိုက်ဆံထုတ်ရာ ကန့်သတ်နယ်မြေ။ အပြင်မှ ဧည့်သည်လာဖို့ ဧည့်စာရင်းကြိုတိုင်ရကာ အတွင်းမှ လူ အပြင်သွားချင်လျှင် Gate Pass ယူရသတဲ့။ ၀ိုးတ၀ါး အရိပ်အယောင်များကြားမှ ၀ါဇီသည် တစစပီပြင်လာသည်။ ဈေးတစ်ခု၊ ရုပ်ရှင်ရုံတစ်ရုံ၊ ဗီဒီယိုရုံတစ်ရုံ၊ ဘုရားစေတီတစ်ဆူ၊ ဆိုင်ခန်း ၆ ဆိုင်၊ လိုင်းခန်း ၃ လွှာတို့ဖြင့် ဖွဲ့စည်းထားသော ၀ါဇီ။ စက်ရုံ သည် လည်ပတ်မြဲ၊ လူတို့သည် ဟို သည် သွား လာ နေကြမြဲ။ ၀ါဇီ၏ လည်ပတ်မှုယန္တရားကို ကြည့်နေရင်း ကောင်းကင်သည် အရောင်ပြောင်းကာ မြူတို့ဖြင့် ယှက်သိုင်း လွှမ်းခြုံလာသည်။ မြူ တို့ များပြားလာသောအခါ ၀န်းကျင်သည် ပိန်းပိတ်ကာ အဖြူပြင်အတိ။

         လေတစ်ချက်အဝှေ့ ပိတ်လှောင်နေသော မြူ တို့ ကွဲပျက်လွင့်စင်ကာ မြင်ကွင်းသည် တဖြည်းဖြည်းကြည်လင် လာ၏။ ပျားပန်းခတ်သွားလာလှုပ်ရှားနေကြသော ဟိုမှသည်သို့ ခရီးသွားများ။ ခမ်းနားတောက်ပြောင်မှု အရှိန်အ၀ါများနှင့် ထွက်ခွာခြင်း၊ ပေါင်းဆုံခြင်းတို့ တပြိုင်နက်ကြုံတွေ့နေလေ့ရှိသော နေရာ။

            “ချန်ဂီ”

*****

            “ထင်ကျန်ရစ်စေ” ဟု အမည်နာမပေးထားသည့် ၀တ္တုတိုပေါင်းချုပ်ကလေးကို ကောက်ကိုင်လိုက်သည်အထိ “မိဇုစံ” ဟူသည့်အမည်ကို သိနှင့်နေသလိုလို၊ မသိသလို ဇဝေဇ၀ါဖြစ်နေသည်။ ၀တ္တုတိုများကို နှစ်သက်မက်မောလှသော ကျွန်မအတွက် အသစ်တစ်အုပ်ထွက်ရှိခြင်းမြင်ရသည်တွင် ၀မ်းသာအားရ ဖြစ်ရသည်။ သို့တိုင် အကျင့်ပါနေသော အလေ့ အထအရ အတွင်းစာမျက်နှာများကို တဖျပ်ဖျပ်လှန်ကာ အနည်းငယ်တော့ မြည်းစမ်းကြည့်မိသေးသည်။ စိတ်အာရုံကို တိုးဝှေ့မတိုက်ခတ်လျှင် New Available ဖြစ်စေဦး။ ချ , ရစ်ခဲ့မည်သာ။

            ရိုးသားသော အပြုံးများ၊ လက်ဆွဲနှုတ်ဆက် ကွန်ဂရက်ကျူလေးရှင်း၊ New Year Eve နှင့် ညင်သာသော ချစ်ခြင်း မေတ္တာ၊ အန်မိုကရိုချန်ဂီ..။

            အပြန်လမ်းတွင်တော့ “ထင်ကျန်ရစ်စေ” ဟူသည့် ၀တ္တုတိုပေါင်းချုပ်ကလေး ကျွန်မ နှင့် အတူ ပါလာခဲ့ပါပြီ။

Wednesday, October 2, 2013

နာဖျားညနေ


ကောင်းကင်ကို မော့မကြည့်ဖြစ်တာ ကြာခဲ့ပြီ။
ဒီနေ့တော့ ဟိုးးအဝေးက မိုးကောင်းကင်ကြီးထက် ကိုယ် မော့ကြည့်နေမိတယ်...။
မုန်တိုင်းစဲလ ရက်ကာလများရဲ့ထုံးစံ တိမ်စိုင်တိမ်လိပ်တွေက ဟို သည် ရွေ့လို့......။

တိမ်တွေကို ငေးစိုက်ကြည့်ရင်း တိမ်စိုင်တွေရဲ့ သဏ္ဍာန်ဟာ ကိုယ့် အတွက် အရိပ်အယောင်တွေ ထင်ဟပ်လာတယ်။
ဘယ်သူပြောသလဲ...ကိုယ် ချစ်တဲ့သူတွေဟာ ကိုယ့် အနားမှာ မရှိဘူးလို့....။ ဟိုးး မှာ ကိုကို က ကြည်ကြည်လင်လင်ပြုံးရယ်နေတယ်။ အလင်းတွေက တဖျပ်ဖျပ်....လေတိုးသံ ခပ်သဲ့သဲ့နဲ့အတူ `ညီမလေး´ ခေါ်သံကို ကြားလိုက်ရတယ်...။
ဘယ်သူပြောသလဲ.......ကိုကို ဟာ ကိုယ် နဲ့ အဝေးကြီးလို့...တစ်မြေတည်း တစ်မြို့နယ်ထဲမှာ သူ ရှိနေတယ်။ အရင်လို ရန်ကုန်မြေကို ကိုယ် ရောက်နေတာ သူ မသိမဟုတ်ဘူး။ အခု သူ သိနေပြီ။ ညီမလေး ရေ........ တဲ့....။ ချိုသာမြဲ ကိုကို့ အသံက ဟိုးးး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကလို ချစ်ခင်မှုတွေ လွှမ်းခြုံနေမြဲ..။

အိမ်နောက်ဘက်မှာ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးတွေ ရှိတယ်။ ကိုယ် တို့ မောင်နှစ်မတွေ ခူးဆွတ်စားခဲ့တဲ့ မာလကာပင်တွေ တစ်ခြံလုံးမွှေးပျံ့နေအောင်ရှိတယ်။ ကိုကို က ဂစ်တာတီးတဲ့အခါ ညီမလေးက သီချင်းလေး မပီကလာဆို....ဟင့်အင်း  လှေစီးချင်သေးတယ် ကိုကို ရဲ့..`

ငါး အရိုး ထွင်ပေးမယ် ညီမလေး´ .....`ကိုကို အိမ်ပြန်နောက်ကျတယ် မေမေ ဆူနေပြီ´....... `သမီး ပထမ ရတယ် ကိုကို´ .........`ဟို ကောင်မလေးကို သမီး မခေါ်ဘူး ကိုကိုရဲ့´......... `ညီမလေး စွန်လွှတ်မလား´.......... `စွန်လေးတွေ အောက်ပြုတ်ကျလာရင် ဘယ်လို လုပ်မလဲဟင်´.........

တိမ်တွေဟာ လေတစ်ချက်လူးအလွန့် ကိုကို့ ကို ဆွဲခေါ်ချေမွသွားတယ်။ ငေးကြည့်နေဆဲ ကိုကို့ အပြုံးက လေ ရဲ့ အဝှေ့မှာ မဲ့သလို ပျက်ပြယ်.......။

အရိပ်တွေ လူးလွန့်လာပြန်တယ်။ ဟင့်အင်း ...သူတို့ကို ကိုယ် မလိုချင်ဘူး...။

`မ´

သွားပါ ....လေတွေရယ်...ဒီ ပုံရိပ်တွေကို ခေါ်ဆောင်သွားပါ။ လေပြင်းတစ်ချက်နဲ့ ခပ်ကြမ်းကြမ်းဖြိုဖျက်ပေးလှည့်ပါ..။
လေကြမ်းဟာ ကိုယ့် အလိုကို လိုက်သလိုမျိုး ဝေ့ခနဲ တစ်ချက် တိမ်စိုင်တွေ ပြိုပျက်သွားပြန်တယ်။

သံစဉ်လေးတစ်ခုကို တိုးဖျဖျ ကြားလိုက်ရတယ်...။
ရင်းနှီးကျွမ်းဝင်တဲ့ သံစဉ်ဟာ ကိုယ့် ရင်ကို နွေးထွေးလွှမ်းခြုံ...ကိုယ် ညင်ညင်သာသာလေးပြုံးမိပါတယ်...။

တိမ်စိုင်ဟာ မပီပြင်ဘူး..၀ိုးတ၀ါးနိုင်လှရဲ့....ဒါပေမယ့် ကိုယ် အေးချမ်းကြည်လင်စွာငေးစိုက်ကြည့်မိတယ်။
ကိုယ် ချစ်တဲ့ တိမ်ဖြူဟာ ဂီတသံစဉ်တစ်ခုကို အေးချမ်းစွာ ရွတ်ဆိုလို့....။
ကမ္ဘာလောက....လူ့ပတ်ဝန်းကျင်ကို မြင်တဲ့ ကိုယ့် အမြင်တွေဟာ တစစ အေးချမ်းငြိမ်သက်လာတယ်...။ တိမ်ဖြူလေးဟာ သူ့ အလုပ် သူ လုပ်နေတာပါပဲ...။ ဒါပေမယ့် တစ်ချက် တစ်ချက် တော့ ကိုယ့်ဘက် စောင်းငဲ့ကြည့်လို့...။

ကိုယ် တစ်စုံတစ်ခုပြန်ပြောမိသလား..ပြန်မပြောမိဘူးလား...။ သေချာစွာ မသဲကွဲဘူး..။
သေချာလွန်းနေမှာက ကိုယ် အေးချမ်းစွာတိတ်ဆိတ်နေပေးနေခဲ့မှာကိုပဲ...။

လေပြေဟာ ခပ်သဲ့သဲ့ တိုက်ခတ်ပြန်တယ်...။
တိမ်စိုင်တွေ ဟို သည် ဖြည်းညင်းစွာ ရွေ့လျားလို့.....။
ဖျတ်ခနဲ ပိတ်လိုက်မိတဲ့ မျက်လွှာအစုံမှာ မျက်ရည်တစ်စက်လွင့်စင်သွားတယ်...။


2.10.2013
PM:8:38

Thursday, September 19, 2013

ခရမ်းပြာရိပ်မှ ၀တ္တုတိုသုံးယောက်

သရုပ်ဖော်ပုံ-http://www.myworld-phyophyo.com



             စာပေနယ်တွင် အနုပညာသွေးကို အမွေဆက်ခံကြသော စာပေမျိုးဆက်များရှိကြသည်။ မျိုးဆက်တစ်ခုမှတစ်ခု ဆင့်ကဲ   ဖြစ်စဉ် (သို့မဟုတ်) ခေတ်ကာလမတူသော်ငြား ခေတ်ပြိုင်ရေးလျက်ရှိသည်များ စသဖြင့် မိမိလှုပ်ရှားရာ ပရ၀ဏ် အတွင်း အနုပညာဖန်တီးမှုများရှိကြသည်။ သို့သော် တစ်မိသားစုအတွင်းမှ အမှတ်တရထုတ်ဝေမှုကတော့ နည်းပါးလွန်းစွာ ရှားပါသည်။ ယခုစာရေးဆရာသားအမိသုံးယောက်ဖြစ်သော “ခင်မေသစ်၊ ဖြိုးဖြိုး၊ စုမီအောင်” တို့၏အမှတ်တရပေါင်းဆုံ စုစည်းမှုစာအုပ် ထွက်ရှိ လာသည်။ “၀တ္တုတိုသုံးယောက်” ဟူ၍ပင် ရိုးရိုးရှင်းရှင်းပေးထားသည်။ ပျဉ်းမနားမြို့ရှိ မိသားစုပိုင် ခရမ်းပြာခြံကိုအစွဲပြု၍ မှည့်တွင် ထားသော “ခရမ်းပြာစာပေ” ၏ ပွဲဦးထွက်ကြိုးပမ်းမှု လည်းဖြစ် သည်။
            စာအုပ်အပြင်အဆင်သေသပ်ကောင်းမွန်သော၊ သရုပ်ဖော်ပုံများနှင့်ကိုက်ညီထင်ဟပ်သော စာအုပ်တစ်အုပ်ဖြစ်သည်။ ၀တ္တုတို စုစုပေါင်း (၁၃) ပုဒ်ပါဝင်သည်။ စာရေးဆရာတစ်ဦးချင်းစီ၏ ကိုယ်တိုင်ရေးကိုယ်ရေးအကျဉ်းနှင့်အတူ ဆက် သွယ်ရန် အီးမေးလ်၊ နေရပ်လိပ်စာ တို့ကိုပါဖော်ပြထားသည်။ စာရေးဆရာတစ်ဦးစီ၏ ရုပ်ပုံလွှာကို “ညိုပြာဝိုင်” က ကောက်ကြောင်းရေးခြစ်   ပေးထားသည်။