Thursday, May 27, 2010

အတိတ်သက္ကရာဇ်များနှင့်အတူ...

ဒီဇင်ဘာ ၃၁...။
၂၀၀၉ ၏ဇီဝိန်ချုပ်ငြိမ်းရာနေ့ သို့ ရောက်လာပြီ...။လက်တစ်ကမ်းတွင် ၂၀၁၀ သည်တောက်ပသောအနာဂတ်နှင့်ကြိုလင့်လို့ နေပြီ....။သည်နေ့ ထက်တော့ မနက်ဖြန်သည် ပို၍လှပနိုင်ပါသည်...။၂၀၀၉ ၏အစွန်းမှ နောက်ကိုလည်ပြန်လှည့်ကြည့်မိသည်...........။

´ငါဘာတွေလုပ်ခဲ့ပြီးပြီလဲ..´
´အတ္တလား...ပရလား......´

မှုန်ရီမှုန်ဝါးအတိတ်များကြားဝယ် ´အတ္တ´ သည် ထီးထီးကြီးထွန်းလင်းလို့ နေသည်..။

´ငါ့မိဘ..ငါ့ပညာ...ငါ့မိသားစု.....ငါ့နှလုံးသား.....ငါ့တက်လမ်း....ငါ..ငါ..ငါ........´

ရုန်းကန်လှုပ်ရှားပုံရိပ်များတွင် ငါ သာလျှင်ကြီးစိုးနေသည်...။´သမုဒ္ဒရာဝမ်းတစ်ထွာ´ အတွက်မပြည့်နိုင်သော ဖြည့်ခြင်းဖြင့်...၊အတောမသတ်နိုင်သော လိုအင်ဆန္ဒများအတွက် မဆုးံနိုင်သောဖြည့်ခြင်းဖြင့် မရပ်မနားလှုပ်ရှားဆဲကာလများ......။ထိုအရာများကြားမှ ပရဟိတလေးတွေဖြစ်ညှစ်ရှာ......ဟော ဟိုမှာ....။

စာမေးပွဲဖြေဆိုမည့်ကိုရင်ငယ်လေးများအတွက် စာရေးကိရိယာနဲ့ ဝတ္တုငွေများကပ်လှူနေသော စုတ်ချွန်းချွန်း မိန်းမငယ်လေးတစ်ယောက်၏ ကြည်လင်သောအပြုံး...။´ရဟန်းမယ်တော်ဖြစ်ချင်တယ်´ ဟူ၍ ဒိုင်ယာရီစာအုပ်လေးထဲတွင် လူမသိသူမသိရေးမှတ်ထားခဲ့သော ကောင်မလေးသည် ဓမ္မာစရိယအကျော်အမော်တစ်ပါးချက်ချင်းလက်ငင်းပေါ်ထွက်လာတော့အလား ၀ံ့ကြွားကြွားနိုင်လှသည်...။

ပြီးခဲ့သောပုံရိပ်ကို ပီတိနှင့်ပြန်လည်စားသုံးနေခိုက် ပုံရိပ်တစ်ခုသည် ဖျတ်ကနဲပြောင်း...။ဟိုးရိုးမ တစ်နေရာတွင် အုတ်သယ်နေသည်...။ဘာတွေတုန်း.......အော်သူ့ ဖခင်ရဲ့ ဘုရားတည်ကုသိုလ်အတွက် လုပ်အားဒါနပြုနေခြင်းပါလား......။တောင်ပေါ်ရှိ ဘုရားတည်ရာသို့ တောင်အောက်ရှိ စမ်းချောင်းလေးမှ ရေတွေသယ်..ဆူးခက်တိုး...ခြုံပုတ်တိုးနှင့်မည်းတူးတူးမျက်နှာသည် ပြုံးတော့နေတာအမှန်ပင်.....။

နာဂစ်ဒေသများသို့ လူသေကောင်များကို ကျော်လွှား၍ ရိက္ခာလိုက်ဝေရသော ပုံရိပ်များ................။ပျက်စီးဆုံးရံှု့းပြီးစ ဒေသများသို့ မာန်တင်း၍ သွားခဲ့ရသော ကာလများ.......။
ထိုအချိန်များ၌တွင်တော့အဇ္ဈတ္တသည် ကြည်လင်အေးချမ်းခဲ့တာ သေချာသည်.....။ပျက်စီးဆုံးရှုံးခဲ့ရသော တပည့်ငယ်များ၏မိသားစုဝင်များအတွက် ထပ်တူ ကြေကွဲဝမ်းနည်းကာဖေးမပေးခဲ့ရသော အတိတ်များ......။

လက်ချိုးရေတွက်၍ရသော ပရဟိတလေးများနှင့်အတူ ပြုခဲ့ပြီးသော အကုသိုလ်များလည်း အတွေးအိမ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာသည်........။ငွေကြေးအတွက် မိတ်ဆွေများနှင့်တောင်ပဋိပက္ခဖြစ်ခဲ့မိသော အဖြစ်အပျက်များ.....။
ငါမိသားစု အတွက် ဆိုသော အတ္တများနှင့် အဇ္ဈတ္တသည် ညစ်ညမ်းခဲ့ပါသည်......။

ဒါတွေသည် ပြီးခဲ့ပြီ...ကျော်လွန်ခဲ့ပြီ........။
မည်သို့ ပင်ဖြစ်စေ......မနက်ဖြန်သည် ဒီနေ့ ထက်တော့လှပနိုင်ပါသည်........။
နှစ်သစ်၏ အစမှ အစပြု၍ ဖြူစင်သောမနောများရှိစေဖို့ အတ္တကို တတ်နိုင်သမျှလျှော့ချနိုင်ဖို့ ....။လွယ်တော့မလွယ်လှပါ....ဒါပေမယ့်ကြိုးစားရမည်သာ.....။ဘ၀သည်မည်မျှ ရှည်လျားပါသည်လဲ......။
သံသရာကတော့ ရှည်လျားလှသည်မှာ သေချာသည်.....။သံသရာဝဲဂယက်အတွင်းမှ မလွတ်မြောက်နိုင်သေးသရွေ့ တိုတောင်းသောဘ၀များတွင် ညစ်ထေးပြီး မပြီးဆုံးစေဖို့ ......................။

နှစ်သစ်ကိုအားလုံးကြိုကြသည်.....။
နှစ်သစ်ကို အားလုံးပျော်ကြသည်.......။
ဟိုးးးးး အဝေးဆီမှ Happy New Year ဟူ၍ သံကုန်ဟစ်သံများကြားရသည်...........။
ထိုပဲ့တင်သံများကြားမှ ချစ်သောသူငယ်ချင်းများ၏ အသံများပါလေမလား မှန်းဆ၍ စိတ်ကူးမိသည်.....။
ဝေးသည်ဖြစ်စေ ၊နီးသည်ဖြစ်စေ...၊အချိန်ကာလတူသည် ဖြစ်စေ ၊မတူသည် ဖြစ်စေ.......အားလုံးပျော်နေကြမှာတော့သေချာသည်.....။အတိတ်မှ အညစ်အကြေးများကိုခ၀ါချခဲ့သည်မှာလည်း သေချာမည်....။မနက်ဖြန်များကို ရဲရင့်သောအပြုံးများနှင့် လှသထက်လှအောင် ဖန်တီးကြမည်မှာလည်း သေချာသည်.....။

အလွမ်းသည် မြောက်ပြန်လေ တဝှေ့ နှင့်အတူ စိမ့် ကနဲ တိုးဝှေ့ သွားသည်.........။
အပြုံးတစ်ချက်နှင့်အတူ မျက်ရည်တစ်စ တော့ဖျတ်ကနဲ ကြွေကျသွားလေသည်......။

၂၀၁၀ သည် နွေးထွေးသော ရင်ငွေ့ နှင့် ကြည်လင်စွာ ကြိုဆိုနေသည် တကားးး.......................................................
............................................................................................။ ။

No comments:

Post a Comment