Thursday, May 27, 2010

ရှက်စိတ်၊ကြောက်စိတ်နှင့်တုန်လှုပ်စိတ်ဖယ်ရှားခြင်း



Global......တဲ့ ....။

ဒီစကားလုံးလေးရဲ့  အောက်မှာ ပြေးလွှားလှုပ်ရှားနေရတဲ့ ကျွန်မတို့ ရဲ့ ကိုယ်ခန္ဓာ၊ ကျွန်မတို့ ရဲ့ စိတ်တွေဟာ ဖိစီးလေးလံလို့ နေပါပြီ.။ ကိလေသာနွံထဲက ရုန်းမထွက်နိုင်သေးတဲ့  စိတ်ကလေးတွေကြောင့်လည်း အချစ်    ကြောင့်ရင်ခုန်၊ ပူဆွေး၊ ကြေကွဲ၊ နာကျင် အတော်ကို လေးလံထိုင်းမှိုင်း နေခဲ့ ကြပါပြီ...။ ဒါတွေကို သတိပြုမိရဲ့ ဆိုတော့ လည်း....ဟင့်အင်း...ဘာသိဘာသာပါပဲ......။


နင်လည်း..နင်ဖြစ်ချင်တာဖြစ်..ငါလည်း လုပ်ချင်ရာလုပ်မယ်...ဆိုပြီး စိတ်နဲ့ ကိုယ်နဲ့ အဆီအငေါ်မတည့်တဲ့  အဖြစ်ဟာ အတ္တအတွက်ဆိုရင် သိပ်မသိသာလှပေမယ့် ၊ပရအတွက်ဆိုရင်တော့ အပြုသဘောဆောင်တဲ့  positive thinking လေးတွေရှိစေဖို့  ၊ကိုယ်ချင်းစာတရားတွေ ရှိလာစေဖို့  ၊clearing mind ဆိုတာ မရှိ မဖြစ်လိုလာပါပြီ....။


´မကောင်းမှုဆောင် ၊ကောင်းမှုရှောင် ၊ဖြူအောင် စိတ်ထား ´...ဘာညာ..ဘာညာ နဲ့ တရာေးဟာမယ် လို့  လည်းမထင်လိုက်ပါနဲ့ ..။ ရှောင်ချင်ရင် ရှောင်...၊ မရှောင်ချင်ရင်လဲနေ..၊ ဆောင်ချင်ရင်ဆောင်၊ မဆောင် ချင်ရင်လည်း နေ (မြှောက်ပေးတာ မဟုတ်ဘူးနော်..။) ကိုယ့်စိတ်ကလေးနဲ ကိုယ့်ကိုယ် တစ်ခုတည်း ကို သာ clearing or relaxing လုပ်သင့်တဲ့ အကြောင်းလေးတင်ပြချင်တာပါ။

သူငယ်ချင်းတို့ ကို ကျွန်မကိုယ်တိုင် လက်တွေ့ ကျင့်သုံးနေတဲ့ နည်းလမ်းလေးတစ်ခု အကြောင်းပြောပြချင် ပါတယ်...။ ကျွန်မရဲ့ ပင်ကို စိတ်အခံက အတော်လေးကို weaknessဖြစ်ပါတယ်...။ ထစ်ကနဲဆို ကြောက် တတ်တာ၊ လန့် တတ်တာ၊ ၀မ်းနည်းလွယ်တတ်တာ စသဖြင့်အင်မတန်ထိလွယ်ရှလွယ်တဲ့  စိတ်ကို ပိုင်ဆိုင် ထားပါတယ်...။ အဲလိုပျော့စိစိစိတ်ကြီးကြောင့် အခက်အခဲတွေနဲ့ ကြုံလာတဲ့ အခါ၊ အင်တာဗျူး ဖြေဖို့ ကြုံ လာတဲ့ အခါ..၊လူအများရှေ့ထွက်စကားပြောရတာနဲ့ ကြုံလာတဲ့ တော်တော် စိတ်ပျက်ဖွယ် အခြေအနေတွေ နဲ့ လည်း ရင်ဆိုင်ရတတ်ပါတယ်..။ အရင်ကတော့ တောင်တောင်အီအီလည်း မတွေးပါဘူး..။ ငိုချင်လာရင် ငိုချလိုက်တယ်..။ကြောက်လာရင်လည်း ရုပ်ပျက်ဆင်းပျက်ပေါ့ ......။

တစ်ခါတော့  စာပေအသိုင်းအ၀ိုင်းက လုပ်တဲ့ ပွဲလေး တစ်ခုမှာ မဖြစ်မနေ စကားထွက်ပြောဖို့  အခြေ အနေနဲ့ ရင်ဆိုင်ကြုတွေ့ လာရပါတယ်...။ အဲဒီ့ အခါ စင်အောက်ကလူတွေကို ကြည့်နေရင်း ၊ ကြည့်နေရင်း နဲ့ ရှက်ကြောက်တုန်လှုပ်စိတ်တွေ အဆမတန်များပြားလာပြီး အသံလည်းမထွက်တော့ ပါဘူး...။ ကြိုးစားပြီး `မင်္ဂလာပါရှင်` လို့ အားယူပြောပြန်တော့ လည်း စကားသံပီပီသသ မထွက်တော့ဘဲ   ညှောင်နာနာ အသံကြီးသာ ဖြစ်နေပြန်ပါရော...။လှလှပပကြီးကို အရှက်ကွဲခဲ့ တာပါ...။

အဲဒီ့ ဖြစ်ရပ်နောက်ပိုင်းမှာ ကိုယ့် စိတ်ကိုနည်းနည်းပြုပြင်မှဖြစ်တော့ မယ်လို့ လည်း အတွေးဝင် လာမိ တယ်..။ မိန်းမသားမှန်ရင် စိတ်တော့ ပျော့ ကြတာပါပဲ(လှလှလေးပြောရရင် စိတ်နှလုံးနူးညံ့ သိမ်မွေ့ တယ်ပေါ့ )။ ဒါပေမယ့် ကျွန်မ လိုတာထက်ပိုပြီး ကြောက်ရွံ့ တုန်လှုပ်တတ်တာဟာ ထိန်းချုပ်နေရတဲ့  စည်းမျဉ်းစည်းကမ်းတွေကြောင့်မလူးမလွန့် သာရှိခဲ့ ရတဲ့ စိတ်က အခြေအနေတစ်ရပ်နဲ့ ကြုံလိုက်ရင် အစွန်းတစ်ဖက်ကို ပိုပြီးရောက်သွားဟန်တူပါတယ်...။

ဘ၀ဆိုတဲ့ ပင်လယ်မှာ ကူးခတ်နေရသရွေ့ ဒီလိုစိတ်နဲ့ တော့ ခက်ရချည့် ဆိုပြီး ထုံးစံအတိုင်း စိတ်ပျက်အား ငယ် နေတဲ့  အချိန်မှာ အမှတ်မထင် စာအုပ်ကလေး တစ်အုပ်ကို ဖတ်ဖြစ်လိုက် ပါတယ်.........။ အဲဒီ့ ထဲက နည်းလမ်းလေးအတိုင်း လိုက်လုပ်ကြည့်လိုက်တဲ့ အခါ................။

ပထမဆုံး တစ်နေရာမှာ သက်တောင့်သက်သာ ထိုင်လိုက်ပါတယ်...။ တကယ့်ကို သက်သက် သာသာ   လေးနော်...။ လဲလျောင်းနေတာတော့ လည်း မဟုတ်ဘူး   ပေါ့ လေ....။ ခြေထောက်တွေ၊ လက်တွေကို လည်း ကိုယ်နေသာသလို ၊သက်သာသလို အနေအထားမှာပဲ ရှိထားပါတယ်...။ပြီးတော့ အသက်ကို မှန်မှန်   လေးရှုပါတယ်....။သာမန်အခြေအနေအတိုင်းပါပဲ...။(တရားထိုင်နေတာမဟုတ်တဲ့ အတွက်လည်းဝင်လေ၊   ထွက်လေ ဘာညာမှတ်နေစရာမလိုပါဘူး..။)နောက် မျက်စိကို မှေးထား လိုက်တယ်..။ သည်မှာလည်း တမင် တကာမှေးထားတာမျိုး မဟုတ်ပါဘူး........။တစ်ခုခုကို အာရုံစိုက်ကြည့်နေတာမျိုး မဟုတ်တဲ့ အခြေ အနေတစ်ရပ်လောက်ပါပဲ...။တစ်ကိုယ်လုံး အသက်သာဆုံးအနေအထားကိုရောက်တဲ့အခါ စိတ်တွေအား လုံးကို နဖူးဆီ ပို့ ကြည့်ပါတယ်...။ပထမတော့သိပ်မရပါဘူး...။အဲ..နဖူးမှာ မသိမသာ ၊မဆိုစလောက်လေး တင်းနေတာကို သိသွားတဲ့ အခါ နဖူးထဲကို ကိုယ့်စိတ်အာရုံ အားလုံးရောက်သွား ပါပြီ..။ အဲဒီ့ တင်းနေ တာ   လေး ကို ဆက်အာရုံစိုက်လိုက်ရင် တဖြေးဖြေးချင်း.. .ပြေ...ပြေ...လျော့ ...လျော့ .... သွားတာကိုခံစား ရမှာပါ....။

နဖူးတစ်ပြင်လုံးပြေလျော့သွားတဲ့အခါ မျက်လုံးတစ်ဖက်စီကို အာရုံပြောင်း ရပါတယ်....။ ဘယ်ဘက် မျက် လုံးဆိုပါ စို့ ...၊ မျက်ခွံ ၊ အဲဒီ့နောက် မျက်လုံးအတွင်းထဲအထိ အာရုံသေချာစိုက်ကြည့် လိုက်ရင်  တင်းနေ တာတွေ ၊ မျက်စိညောင်းနေတာတွေ သတိပြုမိလာမှာပါ...။ ဘယ်လောက်တောင် တင်းနေကြလည်း မသိ ဘူးနော်...။သေချာဆက်အာရုံစိုက်လိုက်တော့အဲဒီ့တင်းနေ ၊ညောင်းနေတာတွေလည်း တဖြေးဖြေး ပြေ ...လျော့  သွားပြန်ပါတယ်...ပြေ.လျော့ ... သွားပြန်ပါတယ်....။ ဒီလိုနဲ့ ညာမျက်လုံး. .ပြောင်းလုပ် ကြည့် လိုက်တော့လည်း..အလားတူဖြစ်ရပ်မျိုးကြုံရပါတယ်...။အဲဒီ့အချိန်မှာ တင်းနေတာတွေ ပြေ လျော့သွးတဲ့  အရသာဟာ ဘာနဲ့မှကိုစာဖွဲ့ ပြလို့ မရပါဘူး...။

ဆက်ပြီးပါးတစ်ဖက်စီ..၊ပြီးတော့ မေးရိုးတစ်ဖက်စီ...၊နှုတ်ခမ်း...၊လျှာ...။ အားလုံးပြီးသွားတော့ မျက်နှာ တစ်ပြင်လုံး ပြေလျော့သွားတာကို သိသိသာသာ ကြီးကို ခံစားသိရှိရမှာပါ...။   ခေါင်းလည်း တော်တော် ကြည်လင်သွားပါတယ်....။ အဲဒီ့ နောက်ပိုင်းတော့ အလေ့ရသွားတော့လွယ်သွားပါပြီ...။ လည်ပင်း ၊ကုပ် ၊ ပခုံးတစ်ဖက်စီ ၊လက်မောင်းရင်းမှ သည် လက်ချောင်းကလေးများအထိ ၊ရင်ဘတ် ၊ဗိုက် ၊ကျော ၊ခါ ၊တင်ပါး၊   ပေါင်ရင်းမှသည် ခြေဖျားကလေးများအထိတစ်ခုချင်း...ဖြည်းဖြည်းချင်းအာရုံစိုက်ပြီး ဖြေလျော့ပါတယ်....။ စာနဲ့ရေးပြလို့သာ ကြာတယ်လို့ ထင်တာနော်...။ တကယ်တမ်းကသူ့ အရှိန်နဲ့ သူသွားနေတာ...။ တစ်ကိုယ် လုံး ပြေလျော့သွားချိန်မှာ နာရီကြည့်လိုက်တော့အားလုံးစုစုပေါင်းမှ နာရီဝက်ခန့် ပဲကြာပါတယ်....။

တကယ်တော့ဒီနည်းလမ်းလေးဟာ အနောက်တိုင်းသားတွေက "meditation" ဆိုပြီး အမှတ်သညာပြု လက်တွေ့ ကျင့်သုံးနေကြတဲ့ နည်းလမ်းလေးဖြစ်ပါတယ်...။ ဒီနည်းလမ်းလေးဟာ ရှက်တတ်၊  ကြောက် တတ် ၊ ဝေဒနာခံစားရတဲ့စိတ် ကိုကျော်လွှာနိုင်ရုံသာမကပဲ မိမိရဲ့ သဘောထားတစ်ခုလုံးကိုတောင်   ပြောင်းလဲ သွားစေနိုင်ပါတယ်....။ ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်စိတ်ကြားမှာ သဟဇာတ  ဖြစ်အောင် လေ့ကျင့်       ယူသွားတဲ့အခါ ကြောင့်ကြမှုတွေ ၊ကြောင့်ကြမှုကြောင့်ပေါ်လာရတဲ့ ကိုယ်အမူအရာတွေလည်း သိသိ သာသာလျော့နည်းသွားတာ့မှာပါ...။ကိုယ့် ခံစားချက်ကို ပိုလည်းထိန်းချုပ်လာနိုင်မှာဖြစ်သလို ကိုယ့် စိတ်ဆန္ဒ ၊ လိုလားချက်တွေကိုလည်း ခါတိုင်းထက် ပိုပြီးထိထိရောက်ရောက် ဖော်ထုတ်နိုင်လာဦးမှာပါ.....။

ကိုယ့်ကိုယ်တွင်းကရော ၊ကိုယ့်ခန္ဓာကိုယ်ပြင်ပကပါ ဖြစ်နေလေတဲ့ အဆီအငေါ်မတည့်မှုတွေကို   လျှော့ချ လိုက်နိုင်တာနဲ့ တစ်ပြိုက်နက် ကိုယ့်သူငယ်ချင်းတွေ ၊မိဘတွေ ၊နောက် လုပ်ဖော် ကိုင်ဖက်တွေနဲ့  ရင်းနှီး ချစ်ခင်မှုတွေကလည်း တိုးပွားလာနိုင်ပါတယ်...။တစ်ဖက်ကလည်း မိမိကိုယ်မိမိ ယုံကြည်မှု ၊ မိမိကိုယ် မိမိ လေးစားမှုတွေ ရင့်သန်လာစေနိုင်ပါတယ်...။ ကျွန်မ တပည့်တစ်ယောက် ၊နှစ်ယောက်ကို စမ်းသပ်   လေ့ကျင့်ပေးကြည့်တဲ့အခါစာကျက်မှတ်ရတာပိုမိုထိရောက်လွယ်လာတာကိုတွေ့ ရပါတယ်..။   ပြီးတော့  လူမှုဆက်ဆံရေးနဲ့ ဖွံ့ ဖြီုးချိန်ကိုယ်ခန္ဓာ အပြောင်းအလဲကြောင့်ဖြစ်ရ တဲ့ စိတ်ကယောက် ကယက်တွေ သိသိသာသာကြီးကို ကွယ်ပျောက်သွားတာကိုတွေ့ ရပါတယ်...။

တစ်ခုတော့ရှိပါတယ်နော်...တစ်ရက်တည်း နဲ့ တော့ သိသိသာသာပြောင်းလဲသွားမှာမဟုတ်ဘူး.....။ စိတ်အလေ့အကျင့်ရဖို့ က အနည်းဆုံး ၁၀ ရက် ၊၁၅ ရက် လောက်တော့ နေ့ စဉ်မှန်မှန်လေး လုပ်သွားဖို့   တော့လိုအပ်တာပေါ့ နော်....။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမြန်မြန် လုပ်နိုင်လာတာကိုလည်း   တွေ့ ရပါ လိမ့် မယ်..။ အကျင့်ရသွားရင် အလွန်ဆုံးကြာ ၁၅ မိနစ်လောက်ပါပဲ....။

ကဲ..ဘယ်လိုလည်း ချစ်တဲ့သူငယ်ချင်းတို့  ကျွန်မတို့ အွန်လိုင်းဝင်ကြရင်တောင် နာရီတွေ ကုန်လွန်ကြသေး တာပဲနော့ ..  ဟဲဟဲဟဲ...။(ကိုယ် အပါအ၀င်..)....။

အောက်မှာ သူငယ်ချင်းတို့ ကြည့် ရှုလေ့ လာနိုင်ဖို့  ရည်ညွှန်းလေးတွေ ထည့်ပေးထားပါတယ်...။
နောက် ဗုဒ္ဓဘာသာဝင်များ အတွက်က ဆရာတော် ဦးဇောတိက ရဲ့ ` ငြိမ်းချမ်းခြင်း´ ဆိုတဲ့  ကျင့် စဉ် လမ်းညွှန်လေးကို ညွှန်းပေးပါတယ်...။ တရားခွေ မဟုတ်ဘူးနော်..။ ဘာတရားမှမပါပါဘူး...။ တကယ့်ကို ကျင့်စဉ်အတွက် သက်သက်ပါပဲ....။ အားလုံးသော ဘာသာဝင်မျးအတွက်ကတော့ ကျွန်မ ရည်ညွှန်း လုပ်ပေး ထားသော စာအုပ်များနဲ့ ဘလော့ တွေမှာ လေ့ လာနိုင်ပါတယ်....။

တိုးတိုးတိတ်တိတ် ပြော ရ ရင် အသည်း ကွဲ တာလည်း ပျောက်တယ်နော့ ..ဟဲဟဲ.....။

ကျေးဇူးတင်ပါတယ်...။ ချစ်တဲ့သူငယ်ချင်းများအားလုံး ဖြူစင်သန့် ရှင်းသော မနောများဖြင့် ဘ၀ခရီးကို ကြံ့ ကြံ့ ခံ ရင်ဆိုင်နိုင်ကြပြီး အောင်မြင်မှုသရဖူဆောင်းသော ဘ၀ပိုင်ရှင်လေးများ ဖြစ်ကြပါစေလို့  ဆုတောင်း   မေတ္တာဖြင့် ဒီပို့ စ်လေးကိုရေးသားလိုက်ရပါတယ်...။





REF:http://meditation4beginners.blogspot.com
-Don't be shy:how to fit in,make friends and have fun-even if you weren't born outgoing by Claude Clement
with Melissa Daily
-ရှက်တတ်သူတွေ ဖတ်ကြလေ.....ဆူဒိုနင်
TEEN magazine,august 2008.

2 comments:

  1. ကျွန်မတို့ အွန်လိုင်းဝင်ကြရင်တောင် နာရီတွေ ကုန်လွယ်တယ်..

    ReplyDelete
  2. တစ်ကယ် လိုက်လုပ်ဖို့ ပဲ လိုမယ်ထင်တယ်နော်..။ ထိရောက်မှုရှိမယ်ဆိုတာ အကြွင်းမဲ့ လက်ခံပါတယ်..။

    ReplyDelete