Thursday, May 27, 2010

မှန်နန်းတော်မှ မေတ္တာတရား

စာဖတ်ခြင်းသည် “တတိယမျက်လုံး“ လို့ အဆိုရှိပါတယ်..။ ဒီအဆို ကျွန်မအပြည့်အ၀ ထောက်ခံပါတယ်..။ ဒီနေ့ ခေတ်ဟာ သတင်းခေတ်၊ နည်းပညာခေတ်မို့ စာအုပ်၊ စာပေမှန်သမျှဟာလည်း အင်တာနက်ကနေ အလွယ်တကူ ရှာဖွေရနိုင်တယ်၊ ဖတ်ရှုနိုင်ပါတယ်..။ ဒါပေမယ့် စာအုပ်တစ်အုပ်ကို လက်ထဲမှာ ပြည့်ပြည့်   ၀၀ကိုင်ပြီး ဖတ်ရတဲ့ အရသာဟာလည်း ဘာနဲ့ မှ မလဲနိုင်ပါဘူး။ အတွေးအမြင်တွေ၊ ဆင့်ပွားအတွေးတွေ၊ အနုပညာ...စသဖြင့် ဒီအရာတွေဟာ စာဖတ်ခြင်းကနေရတယ်လို့ ကျွန်မ အပြည့်အ၀ယုံကြည်ပါတယ်...။

ဟိုးအရင်ကတော့ စာအုပ်မှန်သမျှ မလွတ်တမ်းဖတ်ခဲ့ ၊ စာတွေလည်း မပြတ်ရေးခဲ့ ပေမယ့် ကျဉ်းမြောင်း လာတဲ့ လူနေမှုစနစ်ရဲ့ အောက်မှာ စာပေတွေနဲ့ ဝေးကွာခဲ့ တာ နှစ်ချီခဲ့ ပါပြီ။ဒီနေ့ တော့ အားလပ်ရက် တစ်ရက်ဖြစ်လို့ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း ကို ဖတ်ဖြစ်ခဲ့ ပါတယ်..။ အဲဒီ့ မှာ မသီတာ (စမ်းချောင်း) ရေးသားတဲ့ “မှန်နန်းတော်ကိုဖန်တီးသူနှင့် တွေ့ ဆုံခြင်း” ဆိုတဲ့ တွေ့ ဆုံခန်းလေးကို ဖတ်ပြီး ရင်ထဲမှာ ထိထိခိုက်ခိုက်ခံစားမိခဲ့ လို့ ဒီစာစုကို ရေးဖြစ်ပါတယ်..။ ဆရာမ မသီတာတွေ့ဆုံ မေးမြန်းသူ က ရွှေအမြုတေမဂ္ဂဇင်းမှာ ဘာသာပြန်အခန်းဆက်ဝတ္တုအဖြစ် ဆရာနေ၀င်းမြင့် တင်ဆက် နေတဲ့  “ရေကန်သာကြာတိုင်းအေး“ ရဲ့ မူရင်းစာရေးသူ "Amitav Gosh" ဖြစ်ပါတယ်..။

ကျွန်မမှာ ဟိုးအရင်ကတည်းက အရိုးစွဲနေတဲ့ ၊ အမြစ်တွယ်နေတဲ့ အမြင်တစ်ခုရှိပါတယ်..။ အဲဒါကတော့   မြန်မာနိုင်ငံ သူ့ ကျွန်ဘ၀ရောက်ခဲ့ ရတာ၊ကိုလိုနီစနစ်ရဲ့ ဆိုးမွေ ကိုခံစားခဲ့  ရတာ...ဒါတွေအားလုံးရဲ့ တစ်ဦးတည်းသောတရားခံသည် “သီပေါဘုရင်“ လို့ မှတ်ယူထားခဲ့ ပါတယ်..။ ဘယ်မင်းသားတော့ဖြင့် နန်းတက်ခဲ့ ရင် ဒီလိုဖြစ်ခဲ့ မှာမဟုတ်ဘူး...စသဖြင့် မရေမရာအတွေးများနဲ့ တစ်ရံရောတခါက ယိုးဒယားကိုအောင်နိုင်ခဲ့ တဲ့  မြန်မာနိုင်ငံသမိုင်းကို ရမ်းရော် မှန်းဆပြီး ကျိတ်မနိုင်ခဲမရလည်း   ဖြစ်ခဲ့  မိပြန်ပါသေးတယ်...။ 

မြန်မာနိုင်ငံမှာမွေးပြီး...မြန်မာစစ်စစ်တစ်ယောက်ဖြစ်တဲ့  ကျွန်မအတွက် အိန္ဒိယနိုင်ငံသား စာရေးဆရာ တစ်ယောက်ရဲ့  အတွေးအမြင်တစ်ချို့ ဟာ ရင်ကိုလှုပ်ခတ်ထိခိုက်ခံစားခဲ့ ရပါတယ်..။ သူဟာ မြန်မာ့ရေမြေ နဲ့ နီးစပ်သူတစ်ယောက်ဖြစ်ပြီး မြန်မာပြည်ကို ချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်..။ သီပေါဘုရင် နဲ့ ပတ်သတ်ပြီး "Amitav" က ဒီလို ပြောပြခဲ့ ပါတယ်.....။

သီပေါ ဘုရင်ကိုပဲ ကျွန်တော် ပိုပြီး စိတ်ဝင်တစား ခံစားခဲ့မိတာပါ။ သူနဲ့ ပတ်သက်ရင် တော်တော်များများ က အထင်လွဲ နေတာမျိုးတွေလည်း ရှိပါတယ်။ သန့်မြင့်ဦး ရေးတဲ့ သီပေါဘုရင် အကြောင်း စာအုပ်အရ ဆိုရင် သူဟာ ရှေ့ရေးကို ကြိုတွေးသူပါ။ ကြေးနန်းကို စတင်ဖို့ ကြိုးစားခဲ့တယ်။ ရထားလမ်းတွေ ဖောက်ဖို့ ကြိုးစားခဲ့တယ်။ တခြား ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အများကြီး လုပ်ဖြစ်အောင် သူ ကြိုးစားခဲ့ပါတယ်။ တကယ်လို့များ သီပေါ ဘုရင်ဟာ သူ လုပ်ချင်တာတွေကို ဆက်လုပ်ခွင့် ရခဲ့မယ်ဆိုရင် မြန်မာဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံထက် ပိုပြီး ဖွံ့ဖြိုးနေမှာ သေချာတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
ဘာပဲလုပ်လုပ် မြန်မြန်ဆန်ဆန် ရှေ့ကို ရွေ့တတ်တဲ့ အတွက်လည်း ဗြိတိသျှ နယ်ချဲ့က မြန်မာကို မျက်စိကျခဲ့တာပေါ့။ သီပေါ ဘုရင်ဟာ သိက္ခာအရရော၊ အသိ ဥာဏ်အရရော၊ စိတ်ဓာတ်ရေးရာ အရပါ သြဇာပြည့်တဲ့ သူပါ။ ရတနာဂီရိကို ရောက်လာတော့လည်း သူ့မှာ သိက္ခာ အပြည့်နဲ့ပါ။ သူဟာ သူ့အိမ်တော်ထဲမှာ ၁၉ နှစ်လုံးလုံး အကျဉ်းကျ နေခဲ့တာမှာ အိမ်တော်ထဲကနေ တစ်ကြိမ်တစ်ခါမှ အပြင်ကို မထွက်ဖူးခဲ့ပါဘူး။ နယ်ချဲ့က သူ့ကို ဆက်ဆံခဲ့ပုံဟာ နည်းနည်းမှ လူမဆန်ခဲ့တာပါ။ ကျွန်တော် အိန္ဒိယခရိုင် ကော်မရှင်နာရဲ့ မှတ်တမ်း တချို့ကို ဖတ်ဖြစ်ခဲ့ပါတယ်။ သိပ်ကို ကြေကွဲစရာ ခံစားရတာပါ။
တကယ်တော့ သီပေါ ဘုရင်ဟာ နယ်ချဲ့အင်ပါယာရဲ့ အကြွယ်ဝဆုံး ခရိုင်က ဘုရင် တစ်ပါးပါ။ သူ့ကို ထားခဲ့တာက တကယ့်ကို အရေးမပါတဲ့ သာမန် ဘုရင်ငယ်လေးတွေရဲ့ အဆောင် အယောင်မျိုးနဲ့ပါ။ သူ့ကိုထားခဲ့တဲ့ အိမ်ကို မြင်ဖူးကြပါသလား။ အခု ရတနာ ဂီရိမှာ ရှိနေတဲ့ စံအိမ်ဆိုတာ ၁၉၁၂ မှာမှ ဆောက်ခဲ့တာပါ။ သီပေါ ဘုရင် နေခဲ့ရတဲ့ စံအိမ်ဟာ အဲဒီအိမ် မဟုတ်ပါဘူး။
အူထရမ်အိမ်က ပျက်စီးသွားခဲ့ပြီ။ အဲဒီမှာ သီပေါ ဘုရင်ဟာ ၁၈၈၅ ကနေ ၁၉၁၂ ထိ နေခဲ့တာ ပါ။ လူနှစ်ဆယ်ကျော်၊ သုံးဆယ် လောက်ဟာ အိမ်လေး တစ်လုံးထဲမှာ စုပြီး နေခဲ့ရတာကို ခင်ဗျားတို့ တွေးကြည့်ကြပါ။ အိမ်လေးဆိုတာ တကယ့်အိမ်က လေးပါ။ ဘန်ဂလိုလေး တစ်လုံးပဲ ဖြစ်ပါတယ်။ ဘုရင်တစ်ပါး အတွက် ဘန်ဂလို တစ်လုံးဆိုတာ ဘာအဓိပ္ပာယ် ဆောင်မှာလဲဗျာ။ ဒါကြောင့် ၁၉၁၂ မှာ အဲဒီ ဘန်ဂလိုကို ဖျက်ဆီးပြီး ရတနာဂီရိ ရဲအုပ်ချုပ်ရေး ရုံးကို အဲဒီ မြေပေါ်မှာ ဆောက်ခဲ့ လိုက်ကြတယ်လေ။ ဒါကြောင့် သီပေါဘုရင်ရဲ့ စံအိမ်တော်ကို ကြည့်ချင်တယ်ဆိုတဲ့ သူတွေကို ပြောလိုက်ကြပါ။ သီပေါ နန်းတော်လို့ အမည် ပေးထားတဲ့ အခုနေရာမှာ သီပေါ ဘုရင်ဟာ စုစုပေါင်း လေးနှစ်သက် တမ်းသာ နေသွားခဲ့ရပါတယ်။

ကျွန်မရင်ထဲမှာ ဖျတ်ခနဲကြေကွဲသွားခဲ့ ပါတယ်...။ စာပေတွေ..၊ အမြင်တွေ အရသာကြီးပြင်းခဲ့ ရတာ ကျွန်မဟာ ကိုယ်ချင်းစာတရားနဲ့ အကြောင်းအကျိုးဆက်စပ်မှု ဆိုတာတွေကို မေ့လျာ့နေခဲ့ တယ်ဆိုတာ....။ သီပေါမင်းတရားရဲ့ ဘက်ကရော တစ်ခါမှ တွေးမပေးခဲ့ ဘူးဆိုတာ..။ သယံဇာတ ပေါကြွယ်ဝတဲ့  ရေမြေကို အစိုးရတဲ့ အရှင်တစ်ပါးရဲ့ ရင်ထဲမှာ ဘယ်လိုဖြစ်ခဲ့ မယ်ဆိုတာ...။ ဆက်လက်ပြီး    မြန်မာနိုင်ငံ ရဲ့ ဖွံ့ ဖြိုးဆဲအခြေအနေအပေါ် "Amitav" က ဒီလိုပြောပြခဲ့ ပါသေးတယ်...။

မြန်မာပြည်ဟာ အတော်ကြီးကို ဖျက်ဆီး ခံခဲ့ရတာပါ။ ဂျပန်တွေ ၀င်လာပြီး ဗြိတိသျှ ဆုတ်ပေးရတော့ သူတို့က တံတား မှန်သမျှ ဖျက်ဆီးတယ်၊ မီးရှို့လို့ရတာ မှန်သမျှ ရှို့တယ်၊ အစစ အရာရာကို ရစရာ မရှိအောင် ဖျက်ဆီးခဲ့တာပါ။ ကျွန်တော် အဲဒီအချိန်က ဆီစက်ပိုင်ရှင် အိန္ဒိယသား တစ်ယောက်ရဲ့ ဒိုင်ယာရီကို ဖတ်ခဲ့ရဖူး ပါတယ်။ အဲဒီမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆန်စက်၊ ဆီစက် စတာတွေကို မြန်မာတွေ ပိုင်တာမို့ ဖျက်ဆီးခဲ့တာလို့ သူက နားလည် မှတ်သားထားတာပါ။ အဲဒီလိုပဲ ဂျပန်ကလည်း သူ့လက်ထက်မှာ အားလုံးကို တစ်ခါ ဖျက်ဆီးပြန်ပါတယ်။ ဒီလိုနဲ့ မြန်မာပြည်ဟာ ပြောင်တလင်း ခါခဲ့ရတာပါ။ ဒီလို ပြောင်တလင်း ခါတဲ့ အဖြစ်ဟာ မြန်မာပြည်မှာ နှစ်ခါ တိတိ ဖြစ်ခဲ့တာပါ။ ခင်ဗျားတို့ ဒီလို အဖြစ်မျိုး ဥရောပမှာ ဖြစ်ခဲ့တာကို စဉ်းစားကြည့်ပါ။ အထူး အစီအစဉ်တွေနဲ့ အမေရိကက ဥရောပ ပြန်လည် ထူထောင်ရေးကို ကူညီ ပေးခဲ့တာပါ။ နိုင်ငံတကာက ဥရောပ နာလန်ထအောင် စိုက်လိုက် မတ်တတ် ကူခဲ့ပေမယ့် သူတို့ မြန်မာပြည် အတွက် ဘာလုပ် ပေးခဲ့ကြသလဲ။ ဘာဆို ဘာမှ မလုပ် ပေးခဲ့ကြပါဘူး။ 

ဒီတွေ့ ဆုံခန်းကလေး ကိုဖတ်မိပြီး ကျွန်မရရှိလိုက်တာ မေတ္တာတရား နဲ့ ကြည်နူးမှုပါ......။ ခံစားတတ်တဲ့ သူတစ်ယောက်အတွက် ရသတွေကိုရရှိစေပြီး ...သုတလိုချင်သူတွေအတွက်လည်း ဗဟု သုတ အချို့ ကိုရရှိစေတဲ့  ဒီတွေ့ ဆုံခန်းကို ရေးသားပေးတဲ့ ဆရာမ မသီတာနဲ့ ဖော်ပြပေးတဲ့  ဆရာ ဦးဝင်းငြိမ်း ကို ကျေးဇူးအထူးတင်ရှိပါတယ်..။ ထပ်ဆင့်တွေးမိတာ  ကတောအရှေ့မှာနေသည်ဖြစ်စေ၊ အနောက်မှာနေသည်ဖြစ်စေ..မေတ္တာတူကြရင် လူသားအချင်းချင်းဟာ နီးစပ်နိုင်ကြတယ် ဆိုတာ....။    ။


ရွှေအိမ်စည်
27.5.2010

No comments:

Post a Comment