Thursday, May 27, 2010

ဘ၀တစ်ခု...ပုံပြင်တစ်ပုဒ်

တစ်ခါတုန်းကပေါ့............။
နယ်မြို့ လေးတစ်မြို့ မှာ ကောင်မလေး တစ်ယောက်ရှိခဲ့ပါတယ်....။သူဟာ မည်းမည်း ပိန်ပိန်လေးပါ...။ဒါပေမယ့် ပျော်ပျော်နေတတ်တဲ့ အတွက် သူငယ်ချင်းတွေက သူ့ ကို ချစ်ကြတယ်...။စာကြိုးစားပြီး လိမ္မာရေးခြား ရှိကြတဲ့အတွက်လည်း လူကြီးမိဘတွေက သူ့ ကို ချစ်ခင်ကြတယ်...။သူ့ မိဘတွေ ရဲ့ ပြည့်စုံတဲ့ အရိပ်အာဝါဿ အောက်မှာ ကောင်မလေးဟာ အပူပင်မရှိ အေးအေးချမ်းချမ်း ပျော်ရွှင်ခဲ့ပါတယ်....။


တစ်နေ့ .....။
သူ အပျိုဖော်ဝင်စ အထက်တန်းကျောင်းသူဘ၀ ရောက်တဲ့နှစ်မှာ ကောင်မလေးရဲ့ အိမ်မှာ မမျှော်လင့်တဲ့  ကံကြမ္မာထိုးနှက်မှု ကိုခံခဲ့ရတယ်.....။တိုတောငိးတဲ့ ကာလအတွင်းမှာပဲ မူလနေထိုင်ရာ အိမ်ကနေ ချောင်ကျတဲ့ ရက်ကွက်ငယ်လေးတစ်ခုကို ကောင်မလေးတို့ မိသားစု ရွှေ့ ပြောင်းခဲ့ကြရတယ်.........။မီးပျက်တဲ့ညနဲ့  ကြုံကြိုက်ရတဲ့ ကောင်မလေးတို့ ဟာ နေရာသစ်မှာ ကမောက်ကမတွေ ၊ အခက်အခဲတွေ ကြုံတွေ့ ခဲ့ကြရတယ်....။မှုန်ပျပျ လရောင်ခပ်သဲ့သဲ့ ထိုးကျနေတဲ့ ၀ါးထရံတွေ ကာရံထားတဲံ ခြံငယ်လေး အတွင်းမှာ ပျော်ပျော်နေတတ်တဲ့ ကောင်မလေး မျက်ဝန်းက မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာခဲ့တယ်......။


အဲဒီလိုနဲ့  ခါးသီးတဲ့နေ့ ရက်များနဲ့ တက္ကသိုလ်ဝင်တန်းဆိုတဲ့ ဘ၀တစ်ဆစ်ချိုးကို ကောင်မလေးဟာ ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ခဲ့ပါတယ်.....။ကောင်မလေးရဲ့ အဖေဟာ အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရတာကြောင့် မြို့ နယ်အနှံ့ သွားလာ ဖြေရှင်းနေရတဲ့အတွက် အိမ်ကို ပြန်မလာနိုင်သေးတဲ့ အချိန်ကာလတစ်ခုမှာ သူမရဲ့ မိခင်ဟာ ကျောင်းဆရာမ လခလေးနဲ့  ကောင်မလေးတို့ ညီအစ်မ နှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်....။ဒါပေမယ့် မနက် ၆း၃၀ ကစပြီး ကျောင်းကခေါ်တဲ့ အပိုချိန်တွေ တက်ရတဲ့ သမီးငယ် အတွက် သူ့ အမေဟာ များပြားလှတဲ့ အလုပ်တာဝန်တွေ ကြောင့်ထမင်းတော့ လာမပို့ ပေးနိုင်ခဲ့ဘူး..........။မနက်ခင်းပေါင်းများစွာ breakfast ဆိုတာ အဓိပ္ပာယ်မဲံခဲ့ရတဲ့ ကောင်မလေးဟာ နေ့ ခင်းပေါင်းများစွာမှာလည်း အတန်းသားတွေရဲ့  တစ်ယောက်တစ်ဇွန်းထည့်ပေးတဲ့ ချိုင့်ငယ်လေးကို ယူငင်စားသောက်ခဲ့ရင်း သိမ်ငယ်ဝမ်းနည်းတဲ့ မျက်ရည်တွေ အကြိမ်ကြိမ်ကျခဲ့ပါတယ်.....။


ညနေခင်းတွေမှာ ကောင်မလေးဟာ သူ့ ဆရာမရဲ့ အိမ်ကို သွားရတယ်....။ကျူရှင်မတက်နိုင်တဲ့ ၊ စာအုပ်စာတမ်းတွေ မ၀ယ်နိုင်တဲ့ တပည့်ငယ်အတွက် ဆရာမက စာတွေသင်ပေးရင်း...၊စာရေးကိရီယာတွေ ၀ယ်ခြမ်းပေးရင်း....စာတွေလည်း ကျက်စေခဲ့တယ်....။နောက် ထမင်းပါ ကျွေးပြီးမှ အိမ်ပြန်လွှတ်ပါတယ်....။သူတစ်ပါးရဲ့ ထမင်းကို အလကားမြိုမကျခဲ့တဲ့  ကောင်မလေးဟာ ဆရာမရဲ့ အိမ်မှာ ဆရာမတို့ မိသားစုဝင်တွေ ရဲ့ အ၀တ်တွေ လျှော်ဖွတ် ပေးခဲ့တယ်...။အောက်ခြေသိမ်း အလုပ်မှန်သမျှ သိမ်းကြုံးလုပ်ပေးခဲ့တယ်....။
ဆရာမက အကြိမ်ကြိမ် တားပေမယ့် (ဒီလို လုပ်တာကို သဘောကျနှစ်ခြိုက်တဲ့ ဆရာမမိသားစုဝင်တွေကြောင့် ကောင်မလေးဟာ နေ့ စဉ်လိုလို အားသွန်ခွန်စိုက်လုပ်ပေးခဲ့တယ်......။အကြမ်းချတွက် ၊ ချရေးရရင် ဘောပင်နဲ့ စာရွက်ကုန်မှာ စိုးထိတ်မိတဲ့ ကောင်မလေးဟာ စိတ်နဲ့ လေ့ကျင့် ကျက်မှတ်တဲ့  အကျင့်တစ်ခု ရမှန်းမသိ ရလာခဲ့ပါတယ်.....။(ဒီအကျင့်ဟာ နောင်မှာ တစ်ယောက်တည်း တွေဝေ ငေးမောနေတတ်တဲ့  စရိုက်တစ်ခု အဖြစ် ပြောင်းလဲ သွားပါတယ်...)


ဒီလို နေ့ ရက်များကို ဖြတ်သန်းပြီး တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီးတဲ့ နောက်မှာ အရည်အချင်းကို ဂုဏ်ထူး စတာတွေနဲ့ တိုင်းတာ တတ်တဲ့ မိဘတစ်ချို့ ကြောင့် စာသင်ရတဲ့ အလုပ်တစ်ခုကို လက်ဝယ် ပိုင်ပိုင် ရရှိခဲ့ပါတယ်.....။အဆင်မပြေမှုတွေ မျက်ဝါးထင်ထင် ကြုံတွေ့ လာရပြီး ဖြစ်တဲ့ ကောင်မလေးဟာ စာမသင်ရတဲ့ အချိန်တွေ ၊နွေရာသီ ကာလတွေမှာ အလုပ်မှန်သမျှ သိမ်းကြုံးလုပ်ခဲ့ပါတယ်....။.....ထီဆိုင်မှာ..၊ အခွေဆိုင်မှာ....၊ ....စက်ဘီးစောင့်တဲ့ နေရာတွေမှာ ကောင်မလေး ရဲ့ အရိပ်တွေ ထင်ဟပ်ခဲ့ပါတယ်.....။သင်တန်းတစ်ခု ရဲ့  သင်တန်းနည်းပြ အဖြစ် ထမ်းဆောင်ပြီး အပြန်မှာ ညနေခင်းဈေးရဲ့ ပိုစတာတွေ ဖြန့် ရောင်းတဲ့  ဈေးသည်မလေး တစ်ယောက်ဖြစ်ရတာလည်း ကောင်မလေးဟာ ၀မ်းမနည်း ခဲ့ပါဘူး......။အလိုမကျမှုတွေ လုံးထွေးရစ်ပတ်ထားတဲ့  မည်းမည်းပိန်ခြောက်ခြောက် ကောင်မလေးကို ခပ်စွာစွာ မျက်နှာပေး ကြောင့်လည်း ဘယ်ကောင်လေး တစ်ယောက်ကမှ ချစ်ခင်နှစ်သက်ခြင်း မရှိခဲ့ကြဘူး.....။


အဝေးသင်ဆိုတဲ့ ခြောက်ကပ်ကပ် ဘွဲ့ တစ်လုံးရဖို့  အိမ်စားဝတ်နေရေးနဲ့ အတူ ရုန်းကန်နေရတဲ့  ကောင်မလေးဟာ တက္ကသီလာ ဆိုတာ ဘာမှန်း မသိခဲ့ဘူး....။မြကျွန်းသာ ဆိုတာ လည်း ဘယ်နားမှန်း မသိခဲ့သလို မြ၀ါးရုံဆိုတာလည်း သူနဲ့ သူစိမ်းပြင်ပြင် ဖြစ်ခဲ့ပါတယ်.....။


ဒီလိုနဲ့  နှစ်ကာလတွေ လွန်မြောက်ခဲ့ပြီး နောက်မှာတော့သူ့ ဘ၀ဟာ အတန်ငယ် တည်ငြိမ်ခဲ့ပါပြီ.....။ဒီအခါ အနှစ်နှစ်ကာလက မြင်ရက်..မကြင်ခဲ့ ရတဲ့ သင်တန်းမှန်သမျှ လိုက်တက်ရင်း လိုချင်ခဲ့တဲ့ ပညာတွေ အတွက် ရသေ့စိတ်ဖြေ..အာသာပြေ လုပ်ခဲ့ပြန်တယ်....။လူတကာ ပြောတဲံ အင်တာနက် ဆိုတာလည်း ၀င်ကြည့်ခဲ့တယ်....။အမှတ်မထင် ဆိုရာက အထီးကျန် တဇောက်ကန်း နိုင်လှတဲ့ ကောင်မလေးဟာ မမြင်ရတဲ့ လူတွေ နဲ့ စကားပြောရတာ ပျော်ရွှင်ရင်း..........၊ သူလိုချင်တဲ ပညာတွေ ဒီကလည်း ယူလို့ ရတာ အံ့သြဘနန်း ဖြစ်ရင်း ဒီအထဲမှာ တဖြည်းဖြည်း နစ်ဝင်သွားမှန်း မသိ နစ်ဝင်လာခဲ့တယ်.......။


ဟိုဟို သည်သည် အလည် အပတ်သွားရင်းက နေရာလေးတစ်နေရာကို သူ ရောက်လာခဲ့ပါတယ်.....။အဲင်္ဒ့နေရာလေးမှာ လူတွေအများကြီးကို သူတွေ့ ခဲ့တယ်...။သူတို့ တွေ ရဲ့ မျက်နှာတွေဟာ ပြုံးပျော်နေကြတယ်....။အချင်းချင်း လည်း စနောက်လို့ ...။နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံနေကြတဲ့  ဒီလူတွေကို ကြည့်ရင်း ကောင်မလေးဟာ အံ့သြပျော်ရွှင်လာတယ်.....။အားကျရင်းက ၀မ်းနည်းလာတယ်...။
“ သြော်.....ငါ့မှာတော့ ဘယ်သူမှ မရှိပါလား “
ဒီလိုတိတ်တဆိတ် ရေရွတ်ရင်း ယောင်နန ရပ်နေတဲ့ ကောင်မလေးကို လူအုပ်စုထဲက တစ်ယောက်က ဖျတ်ကနဲ မြင်လိုက်ပြီး အပြုံးနဲ့ မေးဆတ်ပြတယ်...။
ဒီအပြုံးမှာ ပျော်ရွှင်ကြည်နူး သွားရတဲ့ ကောင်မလေးဟာ အဲဒီ့အုပ်စု ထဲ ရောက်မှန်း မသိရောက်သွား ပြီး ရောယောင် ပြုံးပျော်နေခဲ့တယ်.....။


အဲဒီ့နောက်မှာ........ကောင်မလေးဟာ အဲဒီ့နေရာကို နေ့ စဉ်လိုလို ရောက်လာခဲ့ပါတယ်....။
လူတွေအများကြီးန့ဲ ဆက်ဆံရတော့မှ သူ့ လိုအပ်ချက်တွေကို တစစ သိမြင်လာခဲ့တယ်.....။မေတ္တာကို အာသာ ငမ်းငမ်းမက်မောတဲံ စိတ်နဲ့ ခပ်ကြောင်ကြောင် ဖြစ်နေတဲ့ ကောင်မလေးဟာ အတ္တကြီးခဲ့ သလို...၀န်တိုစိတ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်.........။ကောင်မလေးကို သူ့ မိတ်ဆွေတွေက နားမလည်နိုင်တော့ပဲ စိတ်ပျက်ရှောင်ခွာ လာကြတယ်.......။စိတ်ဓာတ်ကျလွယ်တဲ့ ..၊ အရာရာကို ထိခိုက်ခံစားလွယ် ၊ မျက်ရည်ဝဲတတ်တဲ့ ကောင်မလေးကို နေရာတကာ လိုက်မနှစ်သိမ့်နိုင်တော့တဲ့ သူငယ်ချင်းလေးတွေဟာ ပူလောင်တဲ့ သူ့ အနားကနေ ရှောင်ခွာ ဖယ်ကြည်ဖို့ ကြိုးစား လာခဲ့ကြောတ့တယ်.......။


ဒါဟာ....လူတွေရဲ့ အပြစ် မဟုတ်ပဲ...သူ့ ရဲ့ အပြစ်လို့ နားလည်မိတဲ့ ကောင်မလေးဟာ တစ်ယောက်က စိတ်ပျက်စကားဆိုတိုင်း........
“တောင်းပန်ပါတယ်....“
လို့ ခပ်တိုးတိုး ရေရွတ်ရင်း မျက်ဝန်းက မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာတတ်ခဲ့တယ်....။
“တောင်းပန်ပါတယ်“ ဆိုတဲ့ ရေရွတ်စကား အကြိမ်အရေအတွက် စိပ်လာတာနဲ့ အမျှ ကောင်မလေးရဲ့ ကမ္ဘာဟာ အရင်ကလိုပဲ တစစ ပြန်လည် ခြောက်သွေ့ မှောင်မိုက်လာခဲ့ပါတယ်....။သူ့ နေရာလေးကို လာနေကျလူတွေ ရောက်မလာတော့တဲ့ အခါ......၊ သူ့ ကို ပြုံးပြခဲံ့သူတွေ ပြုံးမပြတော့တဲ့ အခါ...၊ ချစ်ခင်စကားဆို ခဲ့သူတွေ မဆိုကြတော့တဲ့ အခါ....၊ လက်ဆောင်ပို့ ပေးသူတွေ မပို့ ကြတော့တဲ့ အခါ...........သူ့ ရဲ့ အတ္တအဇ္ဈတ္ထ ကို မြင်မိရင်း ကောင်မလေးဟာ နာနာကျင်ကျင် ပြုံးခဲ့မိတယ်......။

အတ္တကင်းမှ ၊ ၀န်တိုမှု ကင်းမှ ၊ နားလည်မှုတွေ ပေးမှ မေတ္တာ တွေ ပြန်ရမယ်လို့ ယုံကြည်မိတဲ့ ကောင်မလေးဟာ ခြောက်သွေ့ မှောင်မိုက်တဲ့ ကမ္ဘာကနေ ရုန်း ထွက်ဖို့  ကယောင်ကတမ်း အကြိမ်ကြိမ် ကြိုးစား ရင်း....၊ လုပ်မိလုပ်ရာတွေ လုပ်ရင်း......................................။

ညနက်နက် တွေမှာ ကောင်မလေးဟာ နေရာလေးတစ်ခု အကြောင်းတွေးမိရင် မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာတတ်ပါတယ်.....။
ပြီးတော့......
“နင်တို့ ကို ငါ ချစ်တယ် “
လို့ လည်း ရှိုက်သံ တွေနဲ့ ပလုံးပထွေး ပြောမိသေးတယ်...။
သူ့ စကားကိုတော့ သူချစ်တဲ့ သူ........ဘယ်သူကမှ မကြားကြတော့ပါဘူး.................................................................................။

1 comment:

  1. ခံစားသွားပါတယ် မအိမ်။ ဘဝဆိုတာဒီလိုပါပဲဗျာ။

    ReplyDelete