Friday, September 6, 2013

ကျွန်မ နှင့် စာရေးခြင်း

ကျမ ရေးသားခဲ့ဖူးတဲ့ရီဗျူးအချို့ကို ဖတ်အပြီးမှာ ခင်မင်ရင်းနှီးတဲ့ မဂ္ဂဇင်းတစ်စောင်က လစဉ်တစ်အုပ်ကျ စီ ဝေဖန်သုံးသပ်ချက်ဆောင်းပါးရေးပေးမလားရယ်လို့ အမေးစကားပြုလာပါတယ်။ စာဖတ်ခြင်းကို ခုံမင်ပြီး ရသကိုရိုးရိုးမခံစားဘဲ Analysis လုပ်တတ်တဲ့ ကျမ အတွက် ဒီကမ်းလှမ်းချက်ဟာ ၀မ်းမြောက်ဝမ်းသာ     ဖြစ်စရာပါပဲ။ တကယ်လည်း ဒီတစ်လမှာ ရေးမယ်ကြံရွယ်လို့ ရွေးချယ်ထားတဲ့ စာအုပ်တစ်အုပ် လည်း ရှိနေခဲ့ပါတယ်။ စာအုပ်ထဲက ဇာတ်လမ်းတွေလည်း အကုန်အစင် ဖတ်ပြီးသွားခဲ့ပြီ။ စာအုပ်ဖွဲ့စည်းပုံ၊ အပြင် အဆင်၊ အတွင်းသရုပ်ဖော်ပုံများက ဘယ်လို စသဖြင့် ချဉ်းကပ်လေ့လာမှုလည်း ရှိပြီး သွားခဲ့ပြီ။ အဲဒီ့ မဂ္ဂဇင်း တိုက်က ပြန်လာပြီး ရက် သိပ်မကြာခင်မှာ ရေးဖြစ်, ရေးပြီးသွားနိုင်မယ့် အနေအထားလို့ ပြောလို့ ရနိုင်နေ ပါပြီ။

ဒါပေမယ့် ရက်ပေါင်းများစွာ ကျော်လွန်လာတဲ့အထိ ကျမ စာ တစ်လုံး မစ ဖြစ်ခဲ့ပါဘူး။ တကယ်ဆိုရင် မရေးဖြစ်သေးတောင် အချက်အလက် gist ကိုထုတ်သင့်နေပြီ။ ဘာကြောင့် စာကြည့်ခုံကလေးမှာ မထိုင် တယ်မသိဘူး။ ကျမ ကိုယ် ကျမ လည်း အားမလိုအားမရ မချင့်မရဲဖြစ်မိသေးရဲ့။ စာပေလောက က သူတွေ နဲ့ ဆုံတိုင်း “စာရေးပါ” ဆိုတဲ့စကားက လူတိုင်းထံကနေ ကြားနေရမြဲစကား။ ဘယ်မဂ္ဂဇင်းမှာဖြင့် ဘယ်သူ က ဘယ်အပုဒ်ပါတာ...ဟို ၀တ္တုလေးကဖြင့် ဘယ်လိုစသဖြင့် ဆွေးနွေးသံညံနေတဲ့ အထဲမှာ ကျမ ၀မ်းနည်း သိမ်ငယ်သလို မကြာခဏဖြစ်ခဲ့ရဖူးတယ်။ ၂၀၁၃ အစပိုင်းကမှ ပြန်လည်အစပျိုး အားယူခဲ့တဲ့ ကျမ မှာ ယနေ့အချိန်အထိ မဂ္ဂဇင်းစာမျက်နှာထက် ပါဝင်ခဲ့တာဆိုလို့ တစ်ပုဒ်စ၊ နှစ်ပုဒ်စ  လား....ဒါပဲ ရှိသေးရဲ့။ ဒါပဲ ရှိဆို ကျမ ရေးအားကလည်း အားရစရာမကောင်းလောက်အောင် နည်းပါးလွန်းနေခဲ့တယ်။ ဆိုးဝါး တာက မဂ္ဂဇင်း၊ စာစောင်တွေကို ပို့လို့မရတဲ့ ရီဗျူးတွေ မကြာခဏရေးဖြစ်နေခြင်းပဲ။ နောက် အက်ဆေး မမည်၊ အတွေးအမြင်မမည်တဲ့ စာတိုပေစတွေလည်း စိတ်ကူးပေါက်ရင် ရေးမိပြန်တယ်။ ဘယ်တော့ ပြီးမယ် မှန်း ကိုယ်တိုင်တောင်မသိတဲ့ “အဝေးပျံငှက်” ဆိုတဲ့ ၀တ္တုရှည်ကိုလည်း အားရင်အားသလို ရေးမိပြန်တယ်။ ခံစားချက်တွေ စုပြုံများပြားလာရင် ကဗျာ၊ ကိုယ်ရေးကိုယ်တာခံစားချက်စာစု စသဖြင့် ရေးမိပြန်တယ်။

ဆိုတော့ကာ ကျမ ရဲ့ ဘလော့ဂ်မှတ်တမ်းမှာ ပြန်လည်လှုပ်ရှားချိန်က စ လို့ လ အလိုက်အရေအတွက်မှာ နည်းပါးတယ်ဆိုပေမယ့် အနည်းဆုံး သုံး လေး ပုဒ်တော့ ရှိနေတတ်တယ်..။ မဂ္ဂဇင်း၊ စာစောင်တွေကို ပို့လို့  ရနိုင်တဲ့ ၀တ္တုတို၊ အက်ဆေး၊ ဆောင်းပါး စတာတွေကတော့ မရှိသလောက်ကို အလွန့်အလွန်နည်းပါးနေ ခဲ့ပါတယ်။

စာရေးဆရာ အစ်ကို၊ အစ်မတွေနဲ့ ဆုံလို့ “ရေးပါဟ...ပို့ပါဟ” စတဲ့ တိုက်တွန်းသံတွေ ကြားရတိုင်း ကျမဟာ ဒီအသံတွေနဲ့ ဝေးရာကိုသာ တဖြည်းဖြည်းရှောင်ပြေးမိလာတယ်။ ရေးခြင်းတွေ များပြားလာပြီးစုပုံလာမှသာ ပို့ခြင်းဆိုတာ ဖြစ်တည်လာမှာမို့ မဖတ်မဖြစ်မဂ္ဂဇင်းနှစ်စောင်ကလွဲပြီး ကျန်သော မဂ္ဂဇင်း၊ စာစောင်များကို မသိရှိ၊ သိရှိအောင်လည်း အားမထုတ်...ခပ်ဝေးဝေးမှသာ ကျောခိုင်း မမြင်ဟန်ပြုနေခဲ့ပါတယ်..။ အစ်ကို၊ အစ်မများက ဘယ်မဂ္ဂဇင်းကို ပို့ပါ၊ ဘယ်မှာ ဘယ်လို လက်ခံတာ၊ တချို့သော ရင်းနှီင်္းတဲ့ မဂ္ဂဇင်းများက စာမူတောင်းတာ စတဲ့ စကားသံတွေ ကြားရတိုင်း ကျမ တိတ်ဆိတ်စွာ မချိပြုံးသာ ပြုံးဖြစ်နေခဲ့ပါတယ်။ ကိုယ့် ၀မ်းနာ ကိုယ်သာသိ မဟုတ်ပေလား။ ဒီလိုလက်ကမ်း ကြိုဆိုနေတဲ့အချိန်မှာ အနုပညာတွေ တရစပ် ထုတ်လွှင့်သင့်ကြောင်း ကျမ မသိ မဟုတ်ပါဘူး။ လွန်ခဲ့သော နှစ်ကာလများစွာက နယ်မြို့ကလေးတစ်မြို့ ကနေ ရေးသမျှရမ်းပို့ရတဲ့ အနေအထားမျိုး မဟုတ်ဘဲ သက်ဆိုင်ရာ အယ်ဒီတာများနဲ့ ရင်းနှီးနွေးထွေး၊ စာရေးသူအချင်းချင်း ထိတွေ့ရင်းနှီးလို့ရတဲ့ နည်းပညာရေစီးကြောင်းမှ ကျမ လှုပ်ရှားရင် လှုပ်ရှား သလောက် အကျုးရှိမယ်ဆိုတာ သိရှိနေခဲ့ပါတယ်။

နေရာဌာနအရကော၊ အဆက်သွယ်အရကော အရာအားလုံးက ကျမ အတွက်အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ချမ်းချမ်းရဲ့ သီချင်းခေါင်းစဉ်အရဆိုရင် “တကယ်ဆိုရင် ကျမ ကြိုးစားဖို့ပဲလိုပါတယ်” ပေါ့။ သို့ပေမယ့် ကျမ ရဲ့ ဦးနှောက်အသိဥာဏ်ဟာ စိတ်အာရုံကိုမလွှမ်းမိုးနိုင်ခဲ့ပါဘူး။ ဒါ လုပ်ရင် ဒါ ဖြစ်မယ်မှန်း သိနေပေမယ့် စိတ်အာရုံစီးမျောမှုဟာ အလိုက်သင့်မျောပါ မလာခဲ့ပေဘူး။ ကိုယ့် ရဲ့ အခြေအနေကို မေ့လျော့စွာ စာပေ အသိုင်းအ၀ိုင်းထဲ (လူပုဂ္ဂိုလ်ချစ်ခင်မှု နဲ့ စာပေသံယောဇဉ်ကြောင့်) စောလျင်စွာခုန်ဝင်လိုက်ခြင်းကို မှား   လေပြီဟု ကျမ အကြိမ်ကြိမ်ရွတ်ဆိုနေမိပါတယ်။ စင်စစ် ကျမ ဟာ အပျော်တမ်းစာရေးသူ တစ်ယောက် သာဖြစ်တဲ့ အတွက် ဘလော့ဂ်စာမျက်နှာထက်မှာသာ ပျော်ရွှင်စွာရှင်သန်သင့်လှပါတယ်။ ကျမ ဖွဲ့သီတတ် ခဲ့ခြင်းဟာ ကိုယ်ရေးကိုယ်တာ ခံစားချက်သာ များပြားလှတဲ့အတွက် ဒါ ဟာ စာပေအနုပညာရယ် လို့ ပေါ် ထွက်လာစရာအကြောင်း မရှိလှပေဘူး။ ကိုယ့်စိတ်ထဲက မပါရင် “ဟုတ်ကဲ့” တစ်လုံးတောင် ထွက်ကျ မလာ တတ်တဲ့ ကျမ အတွက် ဒါတွေ ဥာဏ်ကစားကွန်မြူးရတဲ့ ၀တ္တုတို၊ အက်ဆေး၊ ဆောင်းပါးရယ် လို့ ထွက်ရှိဖို့ ရာ အလွန်တရာ ခဲယဉ်းနေတတ်ခဲ့ပါတယ်။

Sense တစ်ခုခုကြောင့် အဖြစ်အပျက်ကလေးတစ်ခုကို ၀တ္တုတိုအဖြစ် (သို့မဟုတ်) အက်ဆေးအဖြစ် ပုံဖော်ဖြစ်ခဲ့ရင် ဖြစ်ခဲ့ပါမယ်။ သို့ပေမယ့် ဒါဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ စာမျက်နှာထက် ပစ်လွှတ်လောက် စရာ အရေအတွက် ပမာဏဖြစ်မနေခဲ့ပါဘူး။ သုံး လေး လ မှ ၀တ္တုတိုတစ်ပုဒ် (သို့) အက်ဆေးတစ်ပုဒ် အနိုင်နိုင်ရေးပြီးခဲ့ခြင်းဟာ စာပေနယ်ထဲခြေချဖို့ရာ မဖြစ်နိုင်ဘူးလို့ပဲ ကိုယ့် ကို ကိုယ် မကြာခဏကောက် ချက်ချ ဖြစ်ခဲ့ပါတယ်။

သို့သော် မနေနိုင်သော စာပေသံယောဇဉ်က အမျှင်တန်းတဲ့အခါ ပရင့်မဂ္ဂဇင်းတစ်စောင်နဲ့ အွန်လိုင်းမဂ္ဂဇင်း တစ်စောင်မှာ ကူညီရင်းပါဝင်ဖြစ်ခဲ့ပြန်ပါတယ်။ စိတ်ပါဝင်စားရင် စွမ်းစွမ်းတမံလုပ်တတ်တဲ့ စရိုက် အတိုင်း နှစ်နေရာလုံးမှာ အားကြိုးမာန်တက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်က လက်ရှိတဲ့ စာရေးသူအချို့ကို ပရင့်သို့ပို့ဆောင်ပေးရင်း ပေါင်းကူးတံတားအဖြစ် ပြုလုပ်ခဲ့ပါသေးတယ်။ ရည်ရွယ်ရင်း ကတော့ ရှင်းရှင်းလေးပါပဲ။ ကိုယ် မရေးနိုင်သော်လည်း ရေးနိုင်နေတဲ့ စာရေးသူများအတွက် ပရင့်မှာ   နေရာ ရသွားစေချင်လှတဲ့ စိတ်ရင်းနဲ့ပါ။ သို့သော် ကျမ ရဲ့ တံတားဟာ ရင်ဖွင့်ကြိုဆိုတာတွေ သိပ်များ လွန်းသွားခဲ့တယ် ထင်ပါရဲ့...။ ကျမ ရဲ့ တံတားယိုင်နဲ့နဲ့အပေါ် ခပ်ကြမ်းကြမ်းနင်းဖြတ်သူတွေ၊ တံတားကျိုး မတတ် ဆောင့်နင်းချသူတွေ အများအပြားကြုံတွေ့လာရပါတယ်။ အမိန့်သံပါပါ စေခိုင်းသူတွေ၊ အချဉ်ပါပဲ ခိုင်းရင်လုပ်တယ် သဘောထားသူတွေ၊ ငါ ပြောရင် ရမှာပဲဟု စိတ်မာန်ကြီးသူတွေ စသဖြင့် နဖူးတွေ့ ဒူးတွေ့ ကြုံလာရတဲ့အခါ ကျမ ရဲ့ ကြည်လင်နေတဲ့ စိတ်အာရုံဟာ တစ တစ ညှိုးရော်လာပါတော့တယ်။ အကူ အညီဆိုတာ ပေးတိုင်းမကောင်းဘူးဟု ခံစားမိလာချိန်မှာ ကျမ နွံထဲကို နစ်စပြုနေခဲ့ပါပြီ။

အွန်လိုင်းနယ်ပယ်မှ လေးလံမှုတွေကြောင့် ရွှေအိမ်စည် အကောင့်ကို ဖျက်သိမ်းလက်စတုန်းမယ် ကြံတော့ ပရင့်မဂ္ဂဇင်းရဲ့ တာဝန်ခွဲဝေမှုနေရာက “အွန်လိုင်းအယ်ဒီတာ” တဲ့။ ဆိုတော့ကာ အွန်လိုင်းမှ ပို့သမျှ စာမူတွေလက်ခံဖို့၊ လစဉ်သတင်းအချက်အလက် ဝေမျှပေးဖို့ ဒီအကောင့်ဟာ မရှိလို့ မဖြစ်ပေပြန်ဘူး။ နာမည်တူကိစ္စကြောင့် စိတ်ညစ်ညူးရ၊ ဒီနာမည်တူကိစ္စကြောင့်ပဲ “ကိုယ် က နေရာရပြီးသားလူ ပဲ.. မပြတ်ရေး...စာပေနယ်ထဲ စာတွေမပြတ်ပါလာရင် ဒီပြဿနာပြီးသွားပြီ” လို့ မိတ်ဆွေ မောင်နှစ်မများ က ပြောကြတဲ့အခါ ပိုမိုဖိစီးလေးလံရပြန်ပါတယ်..။ နာမည်တစ်လုံးအတွက် စိတ်အာရုံကို ဇွတ်မဖန်တီးသင့် လှပေဘူး မဟုတ်လား။ ကလောင်အသစ်နဲ့ အရာအားလုံးအသစ်က ပြန် စ မယ် ကြုံးဝါးတဲ့အခါ လက်ခံကြ တဲ့သူ ဘယ်သူမှ မရှိကြပေဘူး။ သို့ဆိုလျှင် ရေးထားပြီးသား စာ တွေ လွှင့်ပစ်လိုက်လေမည်လား၊ အထင်ခံနိုင်လေမည်လား စောဒကတက်ကြတဲ့အခါ ဟုတ်ပေသားပဲလို့ ကျမ နှုတ်ဆိတ် ကြေကွဲရပြန်တယ်။

စာပေနဲ့ သက်ဆိုင်တဲ့ အခမ်းအနား၊ စာအုပ်ပွဲတစ်ခုခုမှာ စာရေးဆရာ/ဆရာမတွေနဲ့ တွေ့ဆုံမိတ်ဆက်ကြရ တိုင်း ရင်းနှီးတဲ့ ရေးဖော်မိတ်ဆွေမောင်နှစ်မတွေက ကျမ ကို လက်ညှိုးညွှန်မိတ်ဆက်ရပြီဆိုရင် “လွန်ခဲ့တဲ့ ဘယ်နှစ် နှစ်က ရွှေအသစ်မှာလေ..” အစချီ ရတုနဲ့ ဓာတ်ပြားဟောင်းတစ်ချပ်ကိုသာ ထပ်တလဲလဲဖွင့် ကြိုးပမ်းရှင်းပြကြရပါတော့တယ်။ ထိုအခါများစွာတိုင်း အားနာအနေရခက်ခြင်းများစွာနဲ့ ကျမ မျက်နှာ ထူအမ်းလို့ နေတတ်ခဲ့ပါတယ်..။ ဘယ်သူပါလို့ ပြောလိုက်ရုံနဲ့ သိကျွမ်းရင်းနှီးသွားမယ့် မျက်ဝန်းမျိုး ကြုံတွေ့   နိုင်မယ့်အခြေအနေမရှိဘဲ အဘယ်ကြောင့် ထို အ၀န်းအ၀ိုင်းထဲ ကျမ တိုးဝင်နေမိတယ် မသိပါဘူး။  တိုက်တွန်းရသူတွေသာ မောပန်း၊ အားပေးရသူတွေသာ ခြေကုန်လက်ပမ်းကျ ကျမ ကတော့ အင်နားရှား အခြေအနေကနေ မပြောင်းလဲသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျမ ကိုမှ အဟုတ်ထင်အကူ အညီ   တောင်းခံသူတွေ၊ မေးခွန်းများစွာနဲ့ လေးလံစေသူတွေ၊ သူတို့ ရေးသားထားတာကို ဖတ်ခိုင်းဝေဖန်ချက်   တောင်းခံသူတွေ စုပုံများပြားလာတဲ့အခါ မေးလ်တစ်စောင်၊ မက်ဆေ့ခ်ျတစ်ခုကိုတောင်ဖွင့်မဖတ်ချင်     တော့လောက်အောင် စိတ်ပျက်ညစ်ညူးလာပါတော့တယ်။

ကျမ ရဲ့ အပျော်တမ်းဆိုတဲ့ ၀ါဿနာအပင်ငယ်လေးဟာ မြေဆီသြဇာမရတဲ့အပြင် ကန္တရရဲ့ လေပူလေငွေ့   တွေ တရစပ်တိုက်ခတ်ခံနေရသလိုပါပဲ။ ငယ်ရွယ်သူမဟုတ်တော့ပေမယ့် ကြီးရင့်သူမဟုတ်သေးတဲ့ ကျမ ဟာ စိတ်ထဲရှိသလို ကလေးဆန်ဆန်ပျော်ပါး၊ ရေးသားချက်တချို့တလေအတွက် “အယ်ဒီတာဖြစ်နေပြီး...” စတဲ့ ပညတ်ချက်တွေအောက်မှာ အသက်ရှုမ၀ နှုတ်ဆိတ်လို့ နေခဲ့ရပြန်ပါတယ်။ သို့သော် ဖြစ်ရပ်အဖုံဖုံ ကို ပြန်လှန်သုံးသပ်တဲ့အခါ ကျမ ရဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းမှုက စာရင်းအင်းဆိုင်ရာ၊ လူမှုအဖွဲ့ အစည်းမျှသာဖြစ်လျှက် စာပေဟာ ဘ၀ရပ်တည်မှုဖြစ်မနေခဲ့ပါဘူး။ ၀ါဿနာကြောင့်၊ စိတ်ပျော်ရွှင်မှု    ကြောင့်ပြုလုပ်တဲ့ ကိစ္စရပ်တစ်ခုမှာ ဟန်တွေ၊ အထာတွေ၊ ဘ၀င်တွေ စတဲ့ အဆောင်အယောင်တွေ ဘာကြောင့်များ လျွမ်းခြုံနေရမှာပါလိမ့်။ ကျမ တွင် မရှိသောအရာများအတွက် ဘာကြောင့်ရှိသယောင် ဟန်ဆောင်ရမည်လဲ။ FB ရဲ့ ပရိုဖိုင်အမည်ပြောင်းခြင်းမှာ Writer ကို လက်မခံတော့ခြင်းကြောင့် Author လို့ ယူခဲ့ရခြင်းအပေါ် ယနေ့တိုင်မလုံမလဲဖြစ်နေဆဲပါပဲ။ စာအုပ်အစဉ်မပြတ်ရေးသားထုတ်ဝေခြင်းမဆိုနဲ့ ပရင့်မီဒီယာမှာတောင် မကြာခဏ ပါဝင်နေခြင်းမရှိဘဲနဲ့ Author လို့ အမည်တပ်ခဲ့မိတာဟာ ကျမ အတွက် မိမိဘာသာ ခေါင်းယမ်းစရာဖြစ်နေခဲ့ပါတယ်။

စာပေမှာ တက်ကြွလှုပ်ရှားသူတွေကိုမြင်တိုင်း ကျမ တွင် အဘယ်ကြောင့် ရင်ခုန်လှုပ်ရှားမှုနည်းပါးနေ သည်လဲ တွေးမိကာ စိတ်မသက်မသာဖြစ်ရပါတယ်။ ရှင်းပြရခက်ခဲတဲ့ သိမ်ငယ်မှုတွေ များပြားလာတဲ့အခါ ကျမ ဟာ ရေးဖော်တွေအနား၊ စီနီယာ ဆရာ/ ဆရာမတွေအနားကနေ တဖြည်းဖြည်းရှောင်ခွာသူ သာ ဖြစ်လာခဲ့ပါတယ်။ အဲဒီ့အခါ “ရွှေအိမ်စည်ကတစ်မျိုးပဲ” လို့ ကောက်ချက်ချသံတွေ မကြာ မကြာ ကြားရပြန်ပါတယ်။

တစ်စုံတစ်ယောက်နဲ့ ဆုံတွေ့လို့ “သူက ရွှေအိမ်စည်” လို့ မိတ်ဆက်ပေးကြရင် “အင်း ကြားဖူးတယ်... ဖတ်ဖူးတယ်” စသဖြင့် အလိုက်သင့်စကားသံတွေကို မုသားများရယ်လို့ ကျမ တိတ်တဆိတ်ပြုံးနေတတ် ခဲ့ပါပြီ။ လက်ရှိကူညီပေးနေတဲ့ ပရင့်မဂ္ဂဇင်းတစ်စောင်နဲ့ ရေစက်ဆုံနေသေးသရွေ့အချိန်အထိ လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်သွားဖို့ရာသာရှိပြီး ရှေ့အနာဂတ်ဆိုတာ ကျမ တွေးတောမကြည့်သေးတဲ့ အကြောင်းအရာတွေပဲ ဆိုပါစို့...။ စာရေးပါလို့ မကြာခဏတိုက်တွန်းတတ်တဲ့ အစ်ကို၊ အစ်မတွေကို အယူခံဝင်ခြင်းပဲဆိုချင်ဆို၊ စာရေးကျဲခြင်းကို ဖြေရှင်းခြင်းပဲ ဖြစ်ချင်ဖြစ်၊ ကျမ ကို အဟုတ်ထင်နေသူများ အမှန်မြင်နိုင်စေခြင်းပဲ သတ်မှတ်လိုကသတ်မှတ်စေ စာတစ်ပုဒ်အဖြစ်တော့ ကျမ ချရေးခဲ့ပါပြီ။

လက်ရှိအခြေအနေမှာ စိတ်ဆန္ဒအတိုင်း အလိုက်သင့်လွင့်မျောရင်း ဘလော့ဂ်စာမျက်နှာထက်မှာသာ ကျမ နွမ်းနယ်စွာခိုနားဖြစ်ခဲ့ရဲ့..............။             ။

6.9.2013
AM:1:15

21 comments:

  1. ဒီပို့စ်လေးကို အပြည့်အဝ နားလည်ပေးနိုင်တယ် ညီမသူသူရေ...၊

    ပရိုအနေနဲ့ ပရင့်မီဒီယာတွေမှာ ရေးလာပြီဆိုတာနဲ့ စောင့်ထိန်းရတာတွေ၊ ပြုရမယ့် ဝတ္တရားတွေ၊ လုပ်ထုံးလုပ်နည်းတွေက တွဲပါလာစမြဲပဲလို့ ကျနော်လည်း တွေးထင်၊ ခံစားမိတယ်၊ အဲဒီလိုအခြေအနေမှာ စိတ်မပါဘဲ အတင်းလုပ်ယူရမယ့် ကိစ္စမျိုးတွေနဲ့ ကြုံမိတဲ့အခါ ရှေ့မတိုးသာ၊ နောက်မဆုတ်သာနဲ့ ပိတ်မိတော့တာပါပဲ၊ ကိုယ့်ကို ဖြစ်စေချင်တဲ့ ဘေးပတ်ဝန်းကျင်က လူတွေအပေါ်လည်း အားတုံ့အားနာ ဖြစ်ရပြန်သေးတယ်၊ ဘလော့ဂ်မှာကတော့ စာတိုလေးပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေး ဆန်တာတွေ ချည်းပဲ ဖြစ်ဖြစ်.. ဘာပဲရေးရေး ဘယ်လိုဖိအားမှ မရှိဘဲ အမြဲ လွတ်လပ်တယ်...၊

    ဘာပဲဖြစ်ဖြစ်ပါ ညီမရေ..၊ ကိုယ့်စိတ်ကို ကိုယ်သာအသိဆုံးမို့ အာရုံကျတဲ့ နေရာမှာသာ ရေးပါ၊ ညီမသူသူလည်း သိတဲ့အတိုင်း ခင်မင်ရင်းစွဲ စိတ်တွေကြောင့်မို့ အားနာပြီး အတင်း လုပ်ယူတဲ့ ကိစ္စတိုင်းမှာ အပင်ပန်းဆုံး ဖြစ်ရမှာကတော့ ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား၊ ကိုယ်ချစ်တဲ့ စာပေကြောင့် ကိုယ့်စိတ်တွေ ပြန်ညစ်ညူးရမယ် ဆိုရင်လည်း မတန်ဆုံးပါပဲ၊

    ငယ်ရွယ်သူ မဟုတ်တော့ဘဲ ကြီးရင့်သူလည်း မဖြစ်သေးတဲ့ ညီမလေး သူသူက လူငယ်တစ်ယောက်ရဲ့ ရိုးသား၊ ရဲရင့်မှုနဲ့အတူ ယုံကြည်ရာအတိုင်း မြဲမြံ၊ ခိုင်မာစွာနဲ့သာ ဆက်လျှောက်သွားပါ၊ ညီမလေးရဲ့ စာပေသစ်ပင်ကလေး စိမ်းစို၊ လန်းဆန်းစွာ ကြီးထွားပြီး အရွက်တွေ ဖားဖားဝေနိုင် ပါစေဗျာ...။း)

    ReplyDelete
    Replies
    1. ပထမဆုံးရခဲ့တဲ့ ကွန်မန့်မှာ စာနာမှုတွေ၊ လေးနက်မှုတွေ အများကြီးကို မြင်တွေ့လိုက်ရတာကြောင့်
      အကြိမ်ကြိမ် ဖတ်ဖြစ်နေတယ် အကို...။
      မြိုသိပ်ထားရသမျှ ဖွင့်ချလိုက်တဲ့အတွက်လည်း အနည်းငယ်တော့တင်းကြပ်မှုတွေ လျော့ပါးသွားသလိုပါပဲ...။
      ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကိုပဲ အကြိမ်ကြိမ်ဆိုမိပါတယ် အကို :)

      Delete
  2. နားလည်စွာအတူခံစားသွားပါတယ်ညီမလေးရေ... ချစ်စရာကောင်းတဲ့ ရိုးသားအေးဆေးတဲ့ညီမလေးကို အားလုံးလိုလို(ရေးဖော်ရေးဖက်)က နားလည်ကြမယ်ထင်ပါတယ်....<3

    ReplyDelete
  3. ဟန်ကြည်September 6, 2013 at 3:35 AM

    ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်သတိရသွားတယ်...ဦးဟန်ကြည်တို့လည်း ဘာထူးလဲ စာပေနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ...တစ်ခါတစ်ခါကျတော့ စဉ်းစားကြည့်တယ်...ငါများ ဖိုးပါချင်ဖြစ်နေရော့သလားလို့...သို့ပေမင့် ရဲဘော်က ဦးဟန်ကြည်ထက်တော့ စွမ်းပါသဗျား...ဦးဟန်ကြည်ခမျာ အခုထိ စာရေးဆရာဆိုတဲ့ ပုဂ္ဂိုလ်တွေကို အပြင်လောကမှာ အရှင်လတ်လတ် မမြင်ဖူးသေးဘူး...း)အတွင်းလောကမှာလည်း တစ်ယောက်မှ မရင်းနှီးပေါင်ဗျာ..နီးစပ်ချက်များ အားရစရာ မကောင်းဘူးလား...

    ဘလော့ရေးကွယ် စိတ်ချမ်းသာတယ် ကိုယ့်ရွာ ကိုယ့်ကျောင်း ကိုယ့်ဘုန်းကြီး အေးဆေး...း)

    ReplyDelete
  4. မနော် >> နားလည်ပေးတာ ကျေးဇူးပါ မမ :))

    ဆရာဟန်ကြည် >> လေးလေး ပြောသလို ကိုယ့်ရွာ ကိုယ့် ကျောင်း ကိုယ့် ဘုန်းကြီးပဲ နေတော့မယ်...။ တကယ်တော့ ဘယ်သူနဲ့မှ မသိတာ ပို စိတ်အေးချမ်းရတယ် လေးလေးရဲ့...။ နို့မို့ မောရတယ် :D

    ReplyDelete

  5. အဲဒီခံစားချက်တွေ အားလုံးကို နားလည်တယ် ညီမ... ပေါ့ပါးလွတ်လပ်စွာ ပြီးတော့... ရိုးသားစွာ ဆက်လက်ရှင်သန်နိုင်ပါစေ...

    ReplyDelete
  6. ညီမသူသူ အခက်တွေ့နေပေမဲ့ လူကြီးတော်တော်ဆန်တယ်။
    သူသူရေးထားတဲ့စာလေးတွေကြည့်တော့ ကိုယ့်ထက်လူကြီးဆန်လိုက်တာလို့ တွေးရင်း ရှက်တောင်ရှက်တယ်။
    ညီမရဲ့ခံစားချက်ကို အမ စာနဲ့မဖော်ပြနိုင်ပေမဲ့ အဲဒီလိုခံစားမှုမျိုးတော့ ခံစားခဲ့ရဖူးတယ်။ ဖိအားဆိုတဲ့ကျောက်ခဲတုံးကြီး ကိုယ့်ခေါင်းပေါ်ရွက်တင်ထားရသလိုဘဲ။
    ဘဝဟာ တိုတောင်းပါတယ် ညီမ။ ညီမလုပ်ချင်တဲ့ ၊ ပျော်ရွှင်တဲ့ကိစ္စမျိုးကိုဘဲ လုပ်ပါ။ ညီမဟာ ငယ်ရွယ်ပေမဲ့ အတွေးအခေါ်တွေ ရင့်ကျက်ပါတယ်။ ပျော်ရွှင်ပါစေ ညီမ။

    ReplyDelete
  7. အခက်ခဲ ဆိုတာက နေရာတိုင်းမှာ ရှိတတ်ပါတယ်..
    ကိုယ်က ကျော်ဖြတ်နိုင်ဖို့ဘဲ လိုတာပါ

    ReplyDelete
  8. စာရေးခြင်းနဲ့ သူသူ
    ရင်ထဲကလာတဲ့ စာတွေအများကြီးရေးနိုင်တဲ့သူ ဖြစ်ပါစေပေါ့

    ReplyDelete
  9. စာရေးဆရာ နဲ့ Blogger ကြားက ကွာဟမှု က ... အဲဒါတွေ ထင်ပါရဲ့ ... ။ Blogging ကို နှစ်သက်ဖြစ်တဲ့ အကြောင်း တစ်ခုက ... ကျွန်တော့် အတွက် တော့ ... အဲ့လို စိတ်ဖိစီးစရာ ၊ စိတ်ပင်ပန်းနွမ်းနယ်ရာ တွေ ကို ဖြေဖျောက်ပစ်နိုင်တဲ့ နေရာရပ်ဝန်း တစ်ခု လို့ ခံယူမိလို့ပါပဲ ...

    ReplyDelete
  10. ဖြေးဖြေးလျှောက် ဒါပေမယ့် မြန်မြန်လည်းရောက်ပါစေ ။

    အပေါ်က ပိုစ့်ကို ဖတ်ပြီးသွားတော့ အထက်က စာကြောင်းလေးချရေးမိသွားတယ် ။

    စာပေလောက အကြောင်းကိုအဲလောက် မသိပါဘူး
    ဖတ်လိုက် မှတ် လိုက်လုပ်ယုံသာ တတ်နိုင်သူမို့
    ဘာမှမပြောတတ်ပါဘူး ဝန် နဲ့ အား မမျှတဲ့ အခါ
    အဖိခံရတာ စိတ် ဖြစ်နေတတ်တယ် လေ
    လွတ်လပ်သော စိတ်နှင့် လွတ်လပ်သော
    စာပေတွေကို ဖန်တီးခွင့် ရပါ ရပါစေ ။

    ReplyDelete
  11. ရေးထားတာလေးက မြူမှုန်နှင်းခိုးတွေကြားမှာ တစ်ဦးတည်းလျှောက်လှမ်းနေရသလိုမျိုးလေးခံစားရတယ်...။
    အရေးအသားက သရုပ်ပါတော့ ထပ်တူခံစားရပါရဲ့....။

    ReplyDelete
  12. မမသက်ဝေ၊ မမလရိပ်၊ ညီမပစ်ပစ်၊ အမဖြိုးဖြိုး၊ ကိုသိဂါင်္ရ၊ ကိုမင်းဧရာ၊ ကိုငြိမ်းနိုင်

    ဖတ်ရှုပေးပြီး အားပေးစကားများအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်
    နှေးပေမယ့် ရှေ့ဆက်လျှောက်နေဦးမယ်လို့ ကတိစကားဆိုခဲ့ပါတယ်..

    ချစ်ခင်သော
    သူသူ

    ReplyDelete
  13. ဘယ်အရာမဆို စိတ်ပါလက်ပါရှိမှ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်မှာ ညီမသူသူ။ အထူးသဖြင့် စာရေးတဲ့ကိစ္စမှာလည်း mood က အရေးကြီးဆုံးပဲ မဟုတ်လား။ ပြီးတော့ တချို့ကိစ္စတွေမှာ အားမနာတတ်မှ ကိုယ့်အတွက် ပိုခံသာတာမျိုးလည်းရှိတော့ ကိုယ်စိတ်မပါရင် အကူအညီပေးဖို့ငြင်းသင့်ရင် ငြင်းလိုက်ပါ ညီမလေး။ မဇွန် ပြောဖူးသလိုပဲ သူသူက ငယ်ပေမယ့် ကလောင်စွမ်းထက်တယ်၊ ရီဗျူးတွေရေးတာ သိပ်ကောင်းတယ်။ ရှေ့ဆက်လို့ စာပေနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုမများဘဲ စိတ်ပါလက်ပါနဲ့ စိတ်ရွှင်ကိုယ်ပျော်တဲ့ စာတွေ ဘလော့ဂ်ပေါ်မှာပဲဖြစ်ဖြစ်၊ ပရင့်မှာပဲဖြစ်ဖြစ် အများကြီး ရေးနိုင်ပါစေလို့...။း-)

    ReplyDelete
  14. စိတ်ရဲ့ လှိုက်လှဲမှု မပါဘဲ စာရေးရတာ မလွယ်လှပါဘူး မရွှေအိမ်စည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရေးချင်တာတွေ ချရေးရင်းနဲ့ အရှိန်ရလာမှာပါ။ စိတ်ဓာတ်မကျပါနဲ့။

    ReplyDelete
  15. အဲ... စာရေးပါဦးလို့တောင် ကိုဏီမတိုက်တွန်းရဲတော့ဘူး။
    နောက်တာပါ။ ကိုဏီက ရေးဖော်ရေးဖက်မောင်နှမတွေကိုတွေ့တိုင်း တိုက်တွန်းတတ်တာ အကျင့်လိုဖြစ်နေတာမို့ပါပဲ။ ရေးနေစေချင်တာမျိုးလေ။ အဲ့သလို...

    ညီမသူသူရဲ့စာကိုဖတ်ပြီး ဟိုတစ်နေ့က ကြည့်မိတဲ့ အင်္ဂလိပ်ရုပ်ရှင်ကားတစ်ကားထဲက စကားပြောလေးတစ်ခုလိုမျိုးနေမှာလို့တောင် တွေးမိလိုက်သေးတယ်...
    “လူအများရဲ့ အာရုံစိုက်မှုကို ခံလာရတာနဲ့အမျှ၊ ပျော်ရွင်မှုတွေမှာ အခါးဓာတ်လေးတွေ ငွေ့ငွေ့ပါလာတတ်တယ်”တဲ့။ (သူပြောတာ အဲ့ဒီအဓိပ္ပါယ်။ ၀ါကျဖွဲ့ထားတာက ကိုဏီ ကွန့်ထားတာ... :D)

    စာရေးခြင်းနဲ့ပတ်သတ်ပြီး များသောအားဖြင့် ဒီလိုပဲ တစ်ခါတစ်ခါကျ ဖြစ်တတ်တယ်။ ကိုဏီလည်း ဖြစ်ဖူးတယ်။ ဥပမာ စာအုပ်ဆိုင်တွေက စာအုပ်အများကြီးတွေကြားထဲ ရောက်သွားတဲ့အခါမျိုးမှာ... ငါထက်တော်တဲ့လူတွေအများကြီးပါလားလို့ သိမ်သိမ်ငယ်ငယ်နဲ့ တွေးမိသွားတတ်သလို၊ စာတွေဖတ်တာများသွားလွန်းတဲ့အချိန်တွေကျရင်လည်း သူတို့ရေးထားတာလေးတွေ ကောင်းလိုက်တာ၊ တော်လိုက်ကြတာ၊ ငါက ဘာမှမဟုတ်တဲ့ ကြောင်ချီးပါလားဆိုပြီး အားငယ်စိတ်လည်း ဖြစ်ဖူးတာပါပဲ။

    ဒါပေမယ့် ရေးချင်စိတ်ပေါက်လာတော့လည်း မရေးပဲမနေနိုင်တော့ ဒီလိုပဲ တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ရေးဖြစ်နေတာပါပဲရယ်။ ကိုယ်က ရေးချင်စိတ်ရှိတဲ့အခါမှရေးနေကျဆိုတော့ တာဝန်တစ်ခုလို ခံစားလာရပြီဆိုရင် မလွတ်လပ်တော့သလိုလို၊ စိတ်ဖိစီးသလိုလို ဖြစ်လာမှာ အမှန်ပါပဲရယ်....။ ကိုယ်ချင်းစာကြည့်ပေးလို့ရတယ်။

    ဘာပဲဖြစ်ဖြစ် ရေးချင်တဲ့အခါ ရေးနေဦးပေါ့။
    အဆင်ပြေပါစေဗျား...

    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို

    ReplyDelete
  16. စာတော့ ရေးမှ ဖြစ်မယ် သူသူရေ...။ ကွကိုယ်လည်း သတိပေးရသလို ခင်မင်သံယောဇဉ် ရှိတဲ့သူတွေကိုလည်း အမြဲ တိုက်တွန်းဖြစ်ပါတယ်။ ဇွတ်ဖန်တီးဖို့ မဆိုလိုပေမယ့် စိတ်နှလုံးသား တံခါးလေးဖွင့်ထားစေချင်မိတာပါပဲ။း))

    ReplyDelete
  17. သူသူရေ..
    သူသူ ခံစားရတဲ့ ခံစားချက်မျိုးတွေ ရံဖန်ရံခါ ကိုယ်တိုင် ခံစားမိရပါတယ်။ စာကိုတော့ မရေးချင်ပဲ ဇွတ်မရေးပါဘူး။ စိတ်ပါမှ ရေးဖြစ်တယ်။ အဲ့တာကတော့ မကောင်းဘူးပေါ့။ အလုပ်တစ်ခုလို မရေးတတ်တာကလဲ အခက်သားကလားနော်။ ဒီတော့ ရေးချင်တဲ့ အချိန်ရေးပါ။ မရေးချင်ရင် စာတွေ ဖတ်ပါ။ စာရေးဖို့ ခံစားမှုတွေ လှုံ့ဆော်လာရင် သူ့အလိုလို ပြန်ရေးဖြစ်လာပါလိမ့်မယ် ညီမလေးရေ..။

    ReplyDelete
  18. ဒီစာလေးဖတ်ပြီး စာတွေ ရေးပါလို့ မတိုက်တွန်းရဲပေမဲ့
    အမြဲတမ်း ဖတ်ခွင့် ရချင်ပါတယ် မမရေ

    ReplyDelete
  19. Reason letter is good..

    ReplyDelete
  20. Thanks for everything.
    I love you more than past.
    You and me are more closely.
    Love you.

    ReplyDelete