Wednesday, May 4, 2011

အဝေးပျံငှက်-အပိုင်း(၃)


အဝေးပျံငှက် အပိုင်း (၃)

ဖြူ့စကားဆုံးသော် မေမေသည်ဖြူ့ကို ကြောင်တောင်တောင်နှင့် ကြည့်နေသည်။ မေမေ့အသွင်ကို မြင်ရသည်မှာ မမြင်ဖူးသော သူစိမ်းတစ်ယောက်ကို စူးစူးစိုက်စိုက် ကြည့်သည့်သဏ္ဌန်မျိုး။

ကြာသော် ဖြူ မနေတတ်တော့ချေ။ မေမေ့လက်မောင်းကို လှုပ်ရမ်းကာဖြူမူနွဲ့တော့ မေမေသည် အသိဝင်လာသူ တစ်ယောက်လို ရှိုက်ကြီးတငင် ငိုတော့သည်။ မေမေငိုသည်မှာ သည်းထန်စွာရှိုက်ကာ၊ ရှိုက်ကာနှင့်ဆို့ဆို့နင့်နင့် ငိုခြင်းဖြစ်သည်။ အတော်နှင့် အတောမသပ်နိုင်ပေ။

ဖြူသည် သူပါ ၀မ်းနည်းသလိုဖြစ်ကာ မေမေ့ကိုလည်း နားမလည်နိုင်တော့။ နားမလည်နိုင်ခြင်း ကြားမှပင် သူ့အကြံ မအောင်တော့ပြီိကို နားလည်ကာ ၀မ်းနည်းရပြန်သည်။ ဖြူသည် ယောက်ယက်ခတ် အတွေးများကြားကပင် စိတ်ရှုပ်ထွေးသလို ဖြစ်လာသည်။

မေမေ …… သမီးကလေးတော့ ငိုရခြင်း အကြောင်းရင်းကို မတွေးတတ်နိုင်အောင်ပါပဲ၊ မေမေ ငိုတာကို မကြည့်ပါရစေနဲ့ မေမေ။ မငိုပါနဲ့ မေမေရယ်။ ဖြူသည်စိတ်ထဲမှ စကားများစွာပြောကာ မချမ်းမြေ့လှပေ ။

အတန်ကြာအောာင် ငိုကြွေးပြီးမှ မေမေသည် မသက်ဆိုင်သည့်စကားတစ်ခွန်းကို ကောက်ကာငင်ကာ ပြောတော့သည်။

“သမီးကို မေမေ ပုံပြင်တစ်ပုဒ် ပြောပြမယ်”



****************

(၇)

ဇာတ်စင် နောက်မှာမွေး၍ ဇာတ်စင်ပေါ်မှာ ကြီးပြင်းသော မငွေကျော့သည် နောင်အခါ မင်းသမီးမငွေကျော့ ဖြစ်ရသည်မှာ မဆန်းလှပါ။ မငွေကျော့၏ မေမေသည် အကမင်းသမီးတစ်ဦးဖြစ်ပြီး၊ ဖေဖေကတော့ ဇာတ်ဆရာ၊ ဇာတ်ပိုင်ရှင်တစ်ဦး ဖြစ်နေခဲ့သည်။ မငွေကျော့ကလေး သိတတ်စအရွယ်ကပင် ယိမ်းသမများ ၊ မင်းသား မင်းသမီးများ၏ အချော့အမြူကိုခံရင်း၊ ဆိုင်းသမားများနှင့် ဆော့ကစားရင်း ကြီးပြင်းခဲ့ရသည်။ မင်းသားမှအစ ထမင်းချက်သမားအဆုံး မငွေကျော့နှင့် မရင်းနှီးသူ မရှိလှပါ။

ဇာတ်ဆရာ၏ သမီးမို့လားမသိ။ မငွေကျော့လေးကို ချစ်ခင်သူ များလှသည်။ မငွေကျော့၏ ငယ်ဘ၀သည် ပျော်ရွှင်မှု့၊ လိုတရ ပြည့်စုံမှု့တွေနှင့် ပြည့်နှမ်းခဲ့သည်ဟု ဆိုလိုက ဆိုနိုင်သည်။ နုနယ် ပျိုမြစ်၍ လှသွေးကြွယ်သော အရွယ်တွင်လည်း ပင်ကိုယ် အရည်အသွေးပေါ်တွင် ဥစ္စာနှင့် အရှိန်အ၀ါက ထပ်လောင်း၍ မင်းသမီး မငွေကျော့ရယ်လို့ အောင်မြင်မှု့ကလျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ပြန်သည်။

မငွေကျော့၏ အမူအရာသည် အစ်ကို ကာလသားတို့အသည်းတွင် ဘ၀င်ငြိစရာဖြစ်ခဲ့ရသည်။ မငွေကျော့၏ မျက်ဝန်းအကြည့်တစ်ချက် အောက်ဝယ် ကျဆုံးသွားခဲ့ရသူများလည်း မနည်းတော့ပေ။

ထိုသိုဘ၀၀ယ် ပြည့်စုံကြွယ်ဝခြင်းနှင့် ကျော်ဇောထင်ရှားခြင်းတို့ သရဖူဆောင်းရသော မငွေကျော့သည် မထင်မှတ်သော ကံကြမ္မာ၏ အလဲထိုးခြင်းကို မရှုမလှ ခံခဲ့ရပါသည်ဆိုလျှင် ……. ။

မီးတောက်တွေ အလျှံတငြီးငြီး တောက်လောင်နေသည်။ လုတွေက ယောက်ယက်ခတ် ပြေးလွှား နေသည်။ ဖြိုးဖြိုးဖျစ်ဖျစ် မြည်သံများ၊ တ၀ုန်းဝုန်း ဖြိုချသံများ၊ စီခနဲ အော်ဟစ်နေသံ ငိုယိုသံများ … ပတ်ဝန်းကျင်သည် မငွေကျော့ရှေ့မှောက်ဝယ် သွေးပျက်စွာ ဆူဝေနေသည်။

မန္တလေး၏ ခက်ထန်သောမီးသည် မငွေကျော့၏ဘ၀ကို တစ်စစီ ဆုတ်ဖွာလိုက်လေသည်။ နှလုံး ရောဂါနှင့် သွေးတိုးရောဂါ အသီးသီးရှိကြသော မငွေကျော့အမေနှင့် အဖေသည် ဒုက္ခသည်စခန်းမှာပင် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြသည်။ တစ်ဦးတည်းသော သမီးလေး မငွေကျော့ကို စိတ်ချလက်ချ ထားခဲ့ကြသည်လား။

အပူအပင် ကင်းမဲ့သောဘ၀မှ ကြမ်းတမ်းသော လောကကို ဘွားခနဲ ရင်ဆိုင်လိုက်ရသော မငွေကျော့ မှာ ရင်ဆိုင်နိုင်စွမ်းအင် အပြည့်အ၀ မရှိခဲ့ရှာပေ။ သက်ဆိုင်ရာမြို့နယ်မှ ဒုက္ခသည်စခန်းဖွင့်လျက် နေစရာ ပေးထား၊ ကျွေးထား၍ပင် တော်တော့သည်။ သို့သော် ဘာပစ္စည်း တစ်ခုတစ်လေမျှ ယူဆောင်နိုင်ခဲ့ခြင်း မရှိ ခဲ့သော မငွေကျော့ဘ၀သည် ဘယ်ဆီဘယ်ဝယ်မှန်း မသိနိုင်အောင်ပင် ယောင်ဝါးဝါးဖြစ်နေသည်။

ထိုသို့ ကူကယ်ရာမဲ့သော ဘ၀၀ယ် ကယ်တင်ရှင်သည် မငွေကျော့ရှေ့မှောက်သို့ မျက်လှည့်ပြသလို ရောက်လာခဲ့သည်။
သူကား ………..

****************

မီးရောင်သည် ကိုယ်ပေါ်ကို ဝေ့၀ိုက်စွာကျနေသည်။ ပွဲခင်းသည် အနုပညာ ဖမ်းစားမှုအောက်ဝယ် ငြိမ် သက်နေသည်။ ခြေဆင်းတစ်ပုဒ်ကို ဆွဲဆွဲငင်ငင် ဆိုလိုက်သည့်ခဏ၌ မချင့်မရဲရေရွှတ်သံများ တစွန်းတစ ထွက်ပေါ်လာသည်။

“ကျော့လေးရေ ………… ကျော့”


အသံတို့ကို မသိကျိုးကျွန်ပြုကာ နှစ်ခြိုက်စွာပြုံးလိုက်ရင်း ဗလာထမီအနားခတ်ရင်း ကကြိုးကို ဆင်လိုက်သည်။ မီးရောင်အောက်ဝယ် နွဲ့နှာင်းသောလက်တို့မှ ရတနာသည် တဖျပ်ဖျပ် တောက်ပသွား သည်။ ရတနာ ပန်းပုရုပ်လေးတစ်ရုပ်လို ဖြူစင်ဝင်းပနေသည့် မငွေကျော့ကို အားပေး အားမြှောက်ပြုသည့် လက်ခုပ်သံသည်ပွဲခင်း တစ်ခုလုံးညံနေသည်။ အကတစ်ချီပြီး၍ လူရွှင်တော်များ ပျက်လုံးဝင်သည့်တိုင် လက်ခုပ်သံသည် တော်တော်နှင့်မစဲပေ။

မငွေကျော့ဘ၀ ပြန်လည်လင်းလက်လာပြီဟု ဆိုရမည်လား။ ဇာတ်စင်ထောင့်မှ ဇာတ်ဆရာ မိုးရင့် သည် မီးရောင်အောက်က မင်းသမီးလေးကို ငေးစိုက်ကြည့်နေသည်။

ကျော့ ………… ကျော့

စိတ်ထဲမှညည်းတွားသံသည် နှုတ်ဖျားမှ ပွင့်အံကျလာသည်။ သဘင်နယ်မှာ လှပလင်းလက်မှု့နှင့် ကျော်ကြားလှပါလေသော ကျော့။ သည်ကျော့ကို သူ့မှာ အဝေးကနေစွဲလမ်း နှစ်သက်ခဲ့ရတာ ကြာခဲ့ပြီ။ ခုတော့ကံကြမ္မာ အလှည့်ပြောင်းအရ ကျော့သည် သူ့ရှေ့ ရောက်ရုံသာမက ကျော့၏ ကျေးဇူးရှင်သည်ပင် သူဖြစ်နေသည်။

ကျော့တို့မီးလောင်သည့် အပိုင်းထဲပါသွားသည်ကို သိလျှင်သိခြင်း သူသည် ကျော့ရှိရာကို ချက်ခြင်းလို ရောက်ရှိသွားခဲ့သည်။ ကူကယ်ရာမဲ့ အားငယ်နေရှာသော ကျော့သည် သူ့ဇာတ်ထဲဝင်ဖို့ ချက်ခြင်းပင် ဆုံးဖြတ်ချက်ချကာ သူ့နောက်လိုက်လာခဲ့သည်။ ကျော့၏ အရည်အသွေးသည် အထူး တလည် သင်ပြနေစရာမလိုပဲ ရက်ပိုင်းအတွင်း ကဖြစ်သောပွဲခွင်တစ်ခု၌ ကောင်းစွာ အောင်ပွဲခံနိုင်ခဲ့သည်။

ကျော့၏ ရင်ခုန်ဖွယ်ရာအလှသည် သူ့ရင်ကို တဒိုင်းဒိုင်း လှုပ်ရှားစေသည်။ ပွဲခွင်ပေါ်မှ ကာလသား တို့ကိုချော့မြူသံသည် သူ့ကို ချော့မြူနေသလိုပင် မျက်စေ့လေးအပင့်သည် သူ့ကို တမင်ရည်ရွယ်သလို ခံစားရသည်။ သူသည် ဇာတ်ဆရာဖြစ်ပါလျှက်၊ ဒါတွေနှင့် ကျွမ်းဝင်ပြီးသား ဖြစ်ပါလျှက်…. ကျော့နှင့်ကျမှ စိတ်လှုပ်ရှားချင်သည်။

ကျော့သည် သူ့ကို ရစ်ပတ်နှောင်တွယ်ခဲ့သည်လား ။

သူကကျော့ကို ပတ်ချည်ခဲ့သည်လား ။

သူကျော့ကို ချစ်သည် ။

***************

မငွေကျော့သည် အကနှင့်အလှမှာ စွမ်းအားရှိလင့်ကစား စိတ်ရေးရာ၌ မရင့်ကျက်သေးချေ။ လေ သင့်ရာကို တိမ်းလွယ်၊ ယိမ်းလွယ်သည်။ လှပသော မိန်းမပျိုတို့မည်သည် အများက ပစားပေးကြသည့် နည်းတူ သူ၏စိတ်ကိုလည်း သူကိုယ်တိုင် ပစားပေးထားသည်။ ဆန့်ကျင်ဘက် ပုရိသတို့၏ မြှောက်စားမှု အရေးပေးမှုတို့အပေါ် ကျေနပ်သည် ။ အယုအယနှင့် ဂရုစိုက်မှုတို့အပေါ် သာယာ နှစ်မျောချင်သည်။

စိတ်အလိုလိုက်၍ မိုးရင့်ခေါ်ဆောင်ရာသို့ ပါသွားပြီးသော် အမှားလုပ်ပြီး ငိုကြွေးရသည့် မိန်းက လေးတွေနည်းတူ မငွေကျော့လည်း ငိုကြွေးဖို့သာတတ်နိုင်တော့သည်။ ဇာတ်ဆရာသည် သူ့ကို လက်ထပ်မည်ပြောသည်။ သူ့စကားကိုကြားသော် သူ့သား၊ မယားမျက်နှာကို မြင်ယောင်ကာ စက်ဆုပ် မုန်းတီးစိတ်သည် ရိုးတွင်းခြင်ဆီထိအောင် ပျံ့နှံ့၏။

သင်း၏မျက်နှာကို မမြင်လို၍ သင်းဇာတ်မှာလည်း မနေလိုတော့ပြီ။ သို့သော်ဥစ္စာကင်းမဲ့၍ ဆွေမျိုးမိဘမရှိသော မငွေကျာ့သည် ဘယ်ဆီကို ပြေးရမည်နည်း။ သည်မှထွက်ခွာသော် သူဆင်ထားသော အဆင်တန်ဆာတို့ကိုလည်း ထားခဲ့ရမည်သာ။

ညှိုးနွမ်း အားငယ်လာချိန်တွင် ချစ်သော မောင့်ကိုသတိရသည်။ သတိတရ အားကိုးစိတ်နှင့်အတူ ၀မ်းနည်းကြေကွဲကာ ကိုယ်ကိုတရိရိ လွှမ်းခြုံစေသည်။ မောင့်ကို သစ္စာဖျက်မိသော အပြစ်သည် တစ်ဘ၀လုံး စာမောင်နှင့် ဝေးကွာရတော့မည်။ ချစ်မြတ်နိုးသောမောင်နှင့် ဝေးကွာဖို့ဖန်လာမှတော့ မငွေကျော့သည် ဘာကိုမှလည်း ခင်တွယ် မနေချင်တော့ပေ။ အရာရာကို စွန့်ခွာဖို့ဆုံးဖြတ်သော် မောင့်ကိုလည်း မှားခဲ့သမျှ ဖွင့်ဟ၀န်ခံပြီး နှုတ်ဆက်ခဲ့ချင်သည်။

တကယ်တမ်း ဖွင့်ပြောတော့ အံ့သြကြေကွဲရသူမှာ မောင်မဟုတ်ဘဲ မငွေကျော့သာ ဖြစ်နေသည်။

“တစ်နေ့ဒီလိုအခြေအနေ ကြားသိရလိမ့်မယ်လို့ မောင်မျှော်လင့်ပြီးသား အကျော့”

မောင့်ရဲ့တည်ငြိမ်သော စကားသံအဆုံး မငွေကျော့သည် အံ့သြ၍ စကားပင် မဆိုနိုင်ပေ။

“ဒီတော့ အကျော့ဘာလုပ်ဖို့ဆုံးဖြတ်လဲ”

“တစ်နေရာရာကို ထွက်သွားရမှာပေါ့မောင် အကျော့ ဆက်လည်း မကတော့ပါဘူး”

မငွေကျော့သည် တသိမ့်သိမ့်ရှိုက်ငိုသော် မောင်ကပြုံးသည်။

“မောင်နဲ့လက်ထပ်ဖို့ကော မစဉ်းစားတော့ဘူးလား အကျော့”

ညင်သာသော မောင့်ရဲ့စကားသံကြောင့် မငွေကျော့သည်အရှိုက်ကိုမရပ်ဘဲ အံ့အားတသင့်ကြည့်နေသည်။

“ကျော့က .. …”

“ဘာမှမပြောနဲ့တော့ အကျော့”

မောင်သည် အကျော့ထင်ထားတာထက်ပင် ခွင့်လွှတ်ကြင်နာတတ်သူ ဖြစ်နေခဲ့လေသည်။

************************

(၈)

မေမေသည် မငိုကြွေးတော့ပေ။ သို့သော် မေမေ့မျက်ဝန်းသည် နီရဲစိုစွတ်နေသည်။ ဖြူသည် မေမေ့ကို ဆက်မပြောစေချင်တော့ပေ။ သို့တိုင် မေမေကမရပ်။ သမီိးဖေဖေဟာ သိပ်ကို သဘောထား ပြည့်ဝ တဲ့၊ ကြင်နာတတ်တဲ့ ယောက်ျားတစ်ယောက်ပါပဲ။ သူ့အပေါ်မှာ မေမေအမြဲ အကြွေးတင်နေသလို ခံစားရ တယ်။ မေမေ့သမီးတွေ အလှည့်ကျရင် သူစိတ်ကြိုက်ဖြစ်အောင် ပျိုးထောင်ပေးမယ်လို့ ဆုံးဖြတ်ချက် ချခဲ့တယ်။

အနုပညာလောကဟာ သမီးထင်သလောက် မလွယ်ကူဘူးဆိုတာ သမီးသိပြီမလား။ လှပမှုရဲ့ နောက်ကွယ်မှာ မှောင်မိုက်မှုတွေ အနန္တ ရှိနေကြတယ်။ ဥယျာဉ်မှူးကလည်း ပန်းခူးဖို့ဝန်မလေး တတ်ကြဘူး။ ဘ၀နဲ့ရင်းရတဲ့ ကျော်ကြားမှုကိုရော သမီးလိုချင်ရဲ့လား။ အသိုင်းအ၀ိုင်း တောင့်တင်းတဲ့သူတွေတောင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြရတယ်။

မေမေသည် ဖြူ့ခေါင်းကို ညင်ညင်သာသာပွတ်သပ်လိုက်သည်။

“မေမေနဲ့ ဖေဖေရဲ့မျှော်လင့်ချက်ကို မပျက်ပြားပါစေနဲ့ သမီးကလေးရယ် “

ဖြူသည် မေမေစကားတို့ကို နားထောင်အပြီး နှစ်ရက်ခန့် အပြင်မထွက်ဖြစ်ချေ။ ဘာကိုမှလည်း မတွေ့ချင်။ ဖြူသည်အလိုလိုနေရင်း ၀မ်းနည်းနေတတ်သော သူငယ်မလေး ဖြစ်လို့နေသည်။ မေမေ့ကိုလည်း ရဲရဲမကြည့်ချင်။ အားမနာတမ်းပြောသော် မေမေ့ကို ဖြူ ရှောင်ဖယ်နေသည်။

ဖေဖေ့ကိုလည်း စကားဟဟမပြော။ ရုတ်ချည်း ငြိမ်သက်သွားသော ဖြူ့အသွင်သည် မေမေမှတပါး ကျန်အိမ်သားအားလုံး နားမလည်နိုင်ခဲ့။ ပုလဲငွေနှင့် ချိန်းထားသောနေ့၌ မိုးခိုင် ရောက်လာသောအခါ ဖြူ ပို၍ ၀မ်းနည်းလာသည်။ ကံကောင်းသည်ဟု ပြောရမလား ကံဆိုးသည်ဟု ပြောရမည်လား မေမေအိမ်မှာ ရှိမနေခဲ့။

မိုးခိုင်၏မျက်နှာသည် အားအင်ဖြင့် တက်ကြွနေတော့ သူ့အိမ်က ခွင်ပြုလိုက်ပြီဟု ဖြူ ထင်သည်။
မိုးခိုင်က အိမ်ကနေ ခိုးထွက်လာသည်ဟု ပြောတော့ ဖြူ အံ့သြရသည်။

“နင့်အိမ်က သဘောမတူဘူးလား “

“ဘယ်ကလာကိုနိုင့်ကို ဖက်ခွက်စားဆိုပြီး တစ်မျိုးလုံး ကျဉ်ထားတာ”

သူ့ရှေ့မှာပြောတော့…”

“ဘာဖြစ်လဲ အာရွှီးပေါ့”

“နင့်အိမ်က လိုက်ရှာရင်ကော”

မိုးခိုင်က လက်မထောင်ကာ ရင်ကိုကော့သည်။

“ရေနံချောင်းက အမျိုးတွေရှိတဲ့ နေရာကိုသွာလည်မယ်ပြောခဲ့တယ်။ ပွဲချီ (၅) ပွဲလောက်နွှဲပြီးရင် အိမ်ပြန်နှပ်မှာပေါ့သုံးလလောက်ပဲကြာမှာ ဘယ်သူသိတာလိုက်လို့”

ဖြူသည်ရင်တဒိတ်ဒိတ် ခုန်လာသည်။ ကြည့်စမ်း ……… ပျော်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း။

မိုးခိုင်က “နင်ရော ဘယ်လိုလဲ မလိုက်ဘူးလား”

မေးတော့ ဖြူမည်သို့ ပြန်ဖြေရမှန်းမသိ။ ဖြူ့ရဲ့ အေးတိအေးစက် အမူအရာကို ကြည့်ကာ မိုးခိုင်က အားမလိုအားမရဖြစ်သည်။

“နင်အနုပညာတွက် မစွန့်စားရဲဘူး”

ဒီလိုဆိုတော့ ဖြူမခံချင်။ ဒီမယ်မိုးခိုင်ရဲ့ နင်လည်း နင့်ယုံကြည်ချက်နဲ့နင်၊ ငါလည်း ငါ့ယုံကြည် ချက်နဲ့ငါပဲ။

“နင်ဘာတွေ တွန့်ဆုတ်နေတာလဲ”

“ငါကြောက်တယ် “

မိုးခိုင်က တဟားဟားရယ်သည်။

“ငါပါတာပဲဟာ၊ စိတ်ချနင့်ကို ဘယ်သူမှလက်ဖျားနဲ့ မတို့စေရဘူး”

ငါ့အိမ်ကို ဘယ်လိုပြောရမလဲ”

“ဘယ်လိုမှမပြောနဲ့”

************************

ဖြူ့ရင်သည် တဒိတ်ဒိတ် ခုန်နေသည်။ လက်ဖျားသည် ချွေးစေးတို့ဖြင့် စေးထန်းလျှက်၊ ခြေလှမ်း ကို တတ်နိုင်သမျှ သွက်ရင်း မောဟိုက်လာသလိုပင်၊ ပတ်ဝန်းကျင်သည် အမှောင်ထုကို ကြောက်လန့်ဖွယ်ရာ ၀ါးမြိုထားသည်။ ဖြူသည် အမှောင်ရိပ်ကို တစ်ချက် စိုက်ကြည့်ရင်း နောက်ကိုလည်ပြန် လှည့်ကြည့်မိ ပြန်သည်။ ဘုရားသိကြားမလို့ ဖေဖေတို့ မသိကြပါစေနဲ့ဦး။ သည်အချိန်မှာ ဖြူ့ကိုတွေ့သွားလျှင် ဖေဖေ့ ဒေါသက မတွေးဝံ့စရာ၊ ဖြူ အပြီးထွက်လာတာ မဟုတ်ပါဘူး ဖေဖေ၊ တစ်နှစ်လောက် ပွဲကပြီးရင် ဖြူ အိမ် ပြန်လာမှာပါ။ ပြီးရင် ဖေဖေ့ စိတ်ကြိုက် ဘွဲ့နှစ်ခု ယူပေးမယ်လေ၊ ဖြူ ကျောင်းဆရာမလေး ဒါမှမဟုတ် သူနာ ပြုဆရာမလေး လုပ်မှာပေါ့။

မေမေလည်း သိပ်ငိုမနေနဲ့ဦး ဖြူပြန်လာတဲ့အခါကျ မင်းသမီးလေး မြနှင်းဖြူရဲ့ အောင်မြင်မှုတွေကို မေမေ့ကို တဖွဲ့တနွဲ့ ပြောပြနေမှာ။ အဲဒီအခါကျ မေမေ ပြုံးနေရမှာပါ နော့ ….. သမီးငယ်ငယ်က သီချင်းဆိုပြီး က ပြရင် မေမေပြုံးတဲ့ အပြုံးမျိုးနဲ့ပေါ့။

မမကြီးကကော ဖြူ့ကို လွမ်းနေမှာလား၊ တဖျစ်တောက်တောက် ပြောနေဦးမည် ထင်တာပဲ။ မောင်ငယ်ကတော့ သူ့မမလေးကို မေးနေတော့မှာပဲ။ ကြာတော့လည်း ရိုးသွားမှာပါ၊ သိပ်လည်းမကြာပါဘူး။ မမလေး ပြန်လာမှာပါ၊ မောင်ငယ့်ကို သီချင်းဆိုသိပ်ဦးမှာ။

အပိုင်း (၄) ဆက်ရန် …..

No comments:

Post a Comment