Saturday, October 15, 2011

ဘာမဟုတ်တာ

ဘာမဟုတ်တာလေးနဲ့များ
ဒီစကားအကြားမှာ ကျွန်မပြုံးမိသည်။
ဘာမဟုတ်တာတဲ့လား.....။
လူသားတစ်ဦးရဲ့စိတ်ခံစားမှုသည် တခြားလူသားတစ်ဦးအတွက်တော့ ဘာမဟုတ်တာပင်ဖြစ်သည်။
ဒါကို ကျွန်မ အသေအချာလက်ခံပါသည်။
လောလောဆယ်တော့ ဘာမဟုတ်တာလေးဆိုသည့် ခေါင်းစဉ်အောက်မှာ ကျွန်မ မချိတရိပြုံးနိုင်ဖို့ ကြိုးစားနေပါသည်။
အသက်မဲ့သလိုခံစားမှုမျိုး ကြုံဖူးကြမည် ထင်ပါသည်။
ဒါဟာလည်း ဘာမဟုတ်တာပင်....
မျက်ရည်..လွမ်းမောမှု....နာကျင်မှု
အရှက်သိက္ခာ
ဒါတွေကော ဘာမဟုတ်တာတွေ မဟုတ်ဘူးလား
လူသားတွေမို့သာ ခံစားမှုတွေကြောင့် ကြီးကျယ်နေသလိုထင်ရသည်။
စကြ၀ဠာနဲ့ ယှဉ်ရင်တော့ ကျွန်မတို့ နေထိုင်ရာ၊ ရှင်သန်တည်ရှိရာ ကမ္ဘာမြေက အစက်အပျောက်တစ်ခုသာပင်။


ဒီ သေးသေးမွှားမွှားလေးထဲမှာပဲ အဲဒီ့ဘာမဟုတ်တာလေးတွေ က ကျွန်မကို တနင့်နင့် နာကျင်စေသောအခါ
ကျွန်မ ပြုံးကြည့်ဖို့ကြိုးစားမိသည်။ သို့ငြား မပီပြင်..........။
ချစ်ခြင်းမေတ္တာဆိုတာ ဘာမဟုတ်တာလား။
မေတ္တာတရားကြောင့် ဖယ်ခွာမှုကို ခံစားသိရှိရခြင်းဟာ ဘာမဟုတ်တာလား။
ဟုတ်ပါလိမ့်မည်.......။
လျစ်လျူရှုခြင်းကြောင့် အရှက်ရတာလား.(သို့) ချစ်ခြင်းမေတ္တာကြောင့် နာကျင်ရသည်လား........။
ဒီအထဲမှာ ကျွန်မအတ္တကော ပါမနေပါဘူးလို့ အာမခံရဲပါ့မလား
အစဉ်အခါတော့ တွေးခဲ့မိဖူးပါသည်။
ကိုယ့်ကြောင့် တခြားသူများ မနာကျင်စေရပါ..တခြားသူများ မလိုအပ်လျှင် ကိုယ် ရှောင်သွားပေးရန်....
သို့သော်......
ကျွန်မ အသက်ဆက်ရှင်သန်ရပ်တည်ဖို့ သတ္တိတော့ လိုနေပါသည်။
တစ်ခါတရံတော့ ဘာမဟုတ်တာတွေက ကျွန်မကို အားအင်မဲ့စေသည်အထိ မောပန်းနာကျင်စေပါသည်။
ကျွန်မ မျက်ရည်မကျချင်ပါ....။
ထိုအရာအားလုံးသည် ဘာ မ ဟုတ် တာ တွေ ပင် ဖြစ်ပါသည်။ ။

3 comments:

  1. တဘက်ကဘာမဟုတ်တာလေး ဆိုပေမယ့် ဒီမှာတော့.....??????

    ReplyDelete
  2. ကျွန်မ အသက်ဆက်ရှင်သန်ရပ်တည်ဖို့ သတ္တိတော့ လိုနေပါသည်။
    တစ်ခါတရံတော့ ဘာမဟုတ်တာတွေက ကျွန်မကို အားအင်မဲ့စေသည်အထိ မောပန်းနာကျင်စေပါသည်။
    ကျွန်မ မျက်ရည်မကျချင်ပါ....။
    ထိုအရာအားလုံးသည် ဘာ မ ဟုတ် တာ တွေ ပင် ဖြစ်ပါသည်။ ။

    ReplyDelete
  3. joker , Chaw Su Win

    အားပေးသွားကြတာ ကျေးဇူးပါရှင် :)) ။

    ReplyDelete