Sunday, November 18, 2012

သက်တံ့များ၌ ပျော်ဝင်ခြင်း (အပိုင်း-၃)







ခင်လေးငယ်“နေ၀င်ပုံပြင်” မှာ နေ၀င်ချိန်ကို ချစ်မြတ်နိုးသော ကောင်မလေးနှင့် နေ၀င်ချိန်ကို မုန်းတီး   သော ကောင်ကလေးတို့ ချစ်သူနှစ်ဦး နေ၀င်ချိန်မှာပင် ကွဲကွာ သွားခဲ့ရ သည့်အကြောင်း   ဖော်ပြထား သည့်အချစ်ဝတ္တုတိုလေး ဖြစ်သည်။ နေ၀င်ချိန်ကို လွန်လွန်ကဲကဲမုန်းတီးသော မောင်၏ အသွင်စရိုက်က လျှို့ဝှက်နက်နဲလှသည်။ နေ၀င်ချိန်ဟူသော အသံကြားရုံနှင့် ဖျော့တော့ပျက်ယွင်းသွားလေ့ရှိသော သူ့ မျက်နှာ၊ နေ၀င်ချိန်သည် လူတစ်ယောက်၏ စိတ်ကို လေးပင်ထိုင်းမှိုင်းစေတတ်ကြောင်း ပြောလေ့ရှိသော သူ့စကား များ…..။ နေ၀င်ချိန်ကို နှစ်သက်လှပါသော မေ သည် သူ့ မောင် ကို နေ၀င်ချိန်နှစ်သက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ရှာပေ။ မေ ချစ်သော မောင် သည် နေ၀င်ချိန်တစ်ခုဆီကို သွားသည့်တစ်ညနေခင်းမှာပင် ဘ၀နေ၀င်ချိန်ရောက်ခဲ့ရပြီ ဖြစ်သည်။ ချစ်သူအား တစ်ဘ၀စာ ဆုံးရှုံးမှုတွက် ကြေကွဲဝမ်းနည်း မှုတွေနှင့်   နေ၀င်ချိန်ကို မုန်းတီးသွားရသည် ကတော့ မေ ပင်။


နေ၀င်ခြင်းအကြောင်းကို ပဟေဠိတစ်ပုဒ်နှယ် ဖွဲ့ဆိုရင်း ချစ်ခြင်းမေတ္တာ၏ သိမ်မွေ့နက်နဲမှုတို့ကိုပါ လှလှ ပပရေးဖွဲ့သွားသည်။ ချောမွေ့ပြေပြစ်သော အရေးအသားများကို သတိပြု မိရင်း ဆရာမ “ဂျူး” ၏ ၀တ္တုတို များကိုပါ အမှတ်ရမိသေးသည်။


ဏီလင်းညို “အသံများနှင့်…” က စာရေးသူနှင့် အဇ္ဈတ္တတို့ မေးခွန်းထုတ်အဖြေရှာမှုကို ဇာတ်ကောင် လူငယ်ကလေးနှင့် ဘူတာရုံလေးတို့ အပြန်အလှန် စကားဆိုကြပုံဖြင့်  ရေး သားထားပါသည်။ ကျွန်မတို့ ငယ် စဉ်က သာယာသံ၊ ဆူညံသံ ဟူ၍အသံတွေအကြောင်း သင်ကြားခဲ့ရဖူးသည်။ ဏီလင်းညို ပြောပြချင်သော အသံတွေမှာတော့ သာယာသံ၊ ဆူညံသံထက်မကတော့ပါ။ ဖြစ်ရပ်တိုင်းရှိသော၊ ကျိုးကြောင်း ညီညွတ်နေ ကြသော၊ မညီညွတ်နေကြသော အသံများ..။ ကျွန်မ တို့ ဘ၀သို့ ရိုက်ခတ်နေသမျှ အသံများကို တုံ့ပြန်ဖို့လို အပ်သည်လား၊ ခံစားဖို့ လိုအပ်သည်လား။ ကျွန်မတို့ ဘ၀တွေသည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည် မဟုတ်ပါ။ ကိုယ်တိုင် သတိမပြုမိ (သို့) မသိနိုင်သည်သာ ရှိသည်။ အသံကတော့ ရှိနေနိုင် မှာပင်။ သို့တည်း မဟုတ် ဆိတ်ငြိမ်ခြင်းကပင် ဆိတ်ငြိမ်ခြင်းအသံတစ်ခုအဖြစ် ဖြစ်နေနိုင်သည်ပဲ။ ဘူတာရုံလေး၏ စကား တစ်ခွန်းကတော့ လေးနက် ဆင်ခြင်စရာကောင်းလှသည်။

“အသံတွေရဲ့အလယ်မှာ နေတတ်ထိုင်တတ်ဖို့ ဆိုတာ အပြောမှာ လွယ်ပေမယ့် လက်တွေ့မှာ ခက်ခဲရင် ခက်ခဲနေလိမ့်မယ်။ ဒါပေမယ့် ကြိုးစားရင် ဖြစ်နိုင်တဲ့ သူလိုငါလို လူတွေထဲမှာ တကယ်လုပ်ရင် အဟုတ်ဖြစ် လာနိုင်တယ်ဆိုတာ ရင့်ကျက်လာတဲ့တစ်နေ့ မင်းသိလာပါလိမ့်မယ် ကောင်လေးရာ”


တကယ်တော့ အသံများကို အသံများဟု အသိအမှတ်ပြုလိုက်သည်နှင့် တပြိုင်နက် ကောင်းခြင်း၊ ဆိုးခြင်း ခံစားချက်များ ပေါ်ထွက်လာနိုင်ခြင်းရှိမှာမဟုတ်ပေ၊ ထိုကဲ့သို့သာမာန် အသိအမှတ်ပြုမှုလေးတစ်ခု အတွက် ပင် ကျွန်မတို့တတွေ မနည်းကြိုးစားနေကြရသည်။ ခံစားမှုများကြောင့်လား၊ ကောင်းတာကိုမှ လက်ခံလို သည့် စိတ်ကြောင့်လား။ ဘူတာရုံလေး ဆိုခဲ့သလို “လူပီသဖို့ အတွက်ဆိုရင်တော့ ကောင်းတာရော၊ ဆိုးတာ ကိုပါ ဝေမျှခံစားတတ်ဖို့လိုမယ်” ထင်ပါသည်။ လူဟူ၍ ဖြစ်တည်လာသည့် ဘ၀တွင်တော့ ကျွန်မတို့ လူပီသ သင့်ပါသည်။

မြသွေးနီ“နိုင်တဲ့အရှုံး” မှာ ဖခင်တစ်ယောက်၏ သားအပေါ်ထားသော ချစ်ခြင်းမေတ္တာဖြင့် လမ်းညွှန် တည့်မတ်ပြသမှုကို အခြေတည်ကာ ရေးသားထားခြင်း ဖြစ်သည်။ ဇာတ်လမ်းနှင့် ဇာတ်ကောင် အသားပေး မဟုတ်ဘဲ စာရေးသူတင်ပြလိုသော ဒဿနကို ဇာတ်ကောင်၏ စကားတွေနှင့် ဖော်ကြူးသွားသည်။ “အရှုံးကို   ကျော်ဖြတ်နိုင်မှ အနိုင်ဆိုတဲ့ အရာကို တွေ့နိုင်မယ်” ဆိုသည့်အကြောင်း မူလတန်းကလေးငယ်များ၏   ဘောလုံးယှဉ်ပြိုင်ပွဲတစ်ခုနှင့် သရုပ်ဖော်ကာ တင်ပြသွားသည်။ ရှုံးသည့်ကလေးမှာတော့ ငိုချင်မိမှာပဲ၊ ငိုမိမှာပင်။ ဒါပေမယ့် သူ့အတွက် ချစ်မြတ်နိုးစွာ ရပ်တည်ပေးနေသော ဖခင်၏ မေတ္တာက အနိုင်ကို တွေ့မည့် လမ်းကို ပြသခဲ့တာပင် ဖြစ်သည်။

ဖခင်ဇာတ်ကောင်ဖြစ်သူ ဦးဘုန်းကျော်၏ စကားက ၀တ္တုတစ်ပုဒ်လုံးအတွက် အထိရောက်ဆုံး Target ပင်။

“ သား…တစ်ခါတရံ ဘ၀မှာ ကိုယ် မျှော်လင့်ထားသလိုဖြစ်မလာတာတွေကို တွေ့ကြုံရမှာပဲ၊ ကိုယ် က ကြိုးစားပေမယ့်လည်း ဘယ်လိုမှ တားဆီးလို့မရဘဲ ခံလိုက်ရတာမျိုး၊ နေရာ တစ်ခုမှာ နှစ်သိမ့်ကျေနပ်လိုက် ရတာမျိုးလည်း ရှိမှာပဲ၊ ဒါပေမယ့် အဲဒါက အရေးမကြီးဘူး၊ ကိုယ့်ကို ချစ်ခင်သံယောဇဉ်ရှိသူတွေ ကိုယ့်ဘက် မှာ ရပ်တည်အားပေးမယ့်သူတွေ ကိုယ့်ဘေးနားမှာ ရှိနေဖို့က ပိုအရေးကြီးတယ်၊ အောင်မြင်တဲ့အခါ ၀မ်းသာ စိတ်ဖြစ်ရတာထက် အရှုံးကို ရင်ဆိုင်ရချိန်မှာလည်း ကျေကျေနပ်နပ်လက်ခံတတ်ဖို့က ပိုအရေးကြီး တယ်”

ဦးဘုန်းကျော်၏ ပြောစကားကြောင့် ကြွတက် အရှိန်မြင့်လာသော ၀တ္တုသည် ကျော်စွာ၏ “သား…ကြိုးစား ပါ့မယ်”  ဟူသော စကားနှင့် အဆုံးသတ်သောအခါ အနည်းငယ် အားပျော့ သလို ဖြစ်သွားသည်။ အကယ်၍ သာ ကျော်စွာ နှင့် ဦးဘုန်းကျော်ကြားဘာသာဗေဒမဲ့ အမူအရာနှင့် (သို့) စိတ်တွင်းအတက်အကြွခံစားမှု နှင့် အဆုံးသတ် လျှင်ပိုကောင်းမည်ဟု ထ်သည်။ ဒါကတော့ ဖတ်ရှုသူ၏ ရှုထောင့်အမျိုးမျိုး နှင့် သက်ဆိုင်လိမ့် မည်  ထင်ပါသည်။


သတိုး“ရိပ်ကြီးခိုလျှင်” သည် သဘာဝပတ်ဝန်းကျင်ကို လူတို့တစစဖျက်စီးပြုန်းတီးလာကြ၍ ပျက်စီး ယိုယွင်း လာကြသည့် အကြောင်းတင်ပြထားခြင်းဖြစ်သည်။ အကြောင်းအရာမှန် ဆောင်းပါးကိုပင် ၀တ္တု သဏ္ဍန်ဖွဲ့တည်ထားသည့် အနုပညာမှာ လှပလှသည်။ သူတို့ ရပ်ရွာကလေး၏  ရေမြေဒေသ အကြောင်း   ရေးသွားသည်မှာ စိတ်ဝင်စားဖွယ်။ ပျင်းရိငြီးငွေ့ စရာ မဖြစ်ဘဲ ရွာကလေးကို အလည်ရောက်နေသလိုပင် ခံစားရသည်။ ကျွန်မ နာမည်မကြားဖူးသော အသီးအရွက်တွေကိုလည်း သိရသည်။ ဗိုင်းတောင့်သီး၊ သမှည့် သီး၊ ကျီးသေရွက်၊ တောင်သလဲရွက်၊ ကြက်ဖသီး ခေါ် ခင်မွန်သီး တဲ့။ လမုဆိုတာ ကြားဖူးသော်လည်း လဘ ဆိုတာပါ ရှိနေသေးကြောင်း ဒီတော့မှ သိရသည်။ သင်ပေါင်းဖူးကတော့ ကြားဖူးသည်ထင်သည်။ သင်ပေါင်းပိုး  ကို ထမင်းအိုးထဲထည့်ပေါင်းကာ စားသည်တဲ့။ ဒီနေရာမှာတော့ မမြင်ဖူးသည့် သင်ပေါင်းပိုး   ကောင်လေးကို လှုပ်ရွရွမြင်ယောင်ကာ ကျွန်မ အူယားလှသည်။


သာယာလှပမှုများ၊ ပေါကြွယ်ဝမှုများကို ငယ်ငယ်တုန်းက ဟူ၍သာ အစချီနိုင်တော့သော ရွာကလေးသည် ယခုအခါမှာတော့ ပူပြင်းခြောက်သွေ့ကာ ချောင်းရေညိုညစ်ညစ်နှင့် မစိမ်းလန်းနိုင်တော့ပေ။ မီးသွေးဖိုတွေ ကို ရွာ၏ အဓိကလုပ်ငန်းအဖြစ်ရပ်တည်လုပ်ကိုင်ခဲ့သော ရွာကလေး၏ ၀န်းကျင်သည်   နှစ်ကာလ တိုက်စား လာသည့်အခါ သစ်တောကျိုးကျဲနှင့်   ခြောက်ခြောက်သွေ့သွေ့သာ ကျန်တော့သည်။ ဒါကို သူရေးသွားသည် မှာ ထိမိလှသည်။

“ဘ၀စဉ်ဆက်မှီခိုနေသော သဘာဝတရားကြီးကို ကိုယ်တို့တွေ တစ်ကိုယ်စာသက်ရှင် ရပ်တည်နိုင်ရုံ မျက်တောင်တဆုံး အတွေးတိမ်တိမ်နှင့် တစ်ယောက်တစ်လက်ဝိုင်းဝန်း ဖျက်ဆီးခဲ့လိုက်ကြတာ။ ကမ္ဘာကျော် ပင်လယ်လှိုင်းကြီးက အဆီးအတားမဲ့ ခဏအတွင်း ကျော်လွှားခုန်ပျံကာ ကုန်းမြေပေါ် အလွယ်တကူ လွှမ်းဖုံး လာလေမှ   နောင်တရချင်မိတော့   နောက်ကျလွန်းခဲ့ပြီ”


ရှေးရိုးအစဉ်အလာတွေနှင့် ရွာကလေးကို သဘာဝတရားပျက်စီးမှု၊ ပိုမိုမပျက်စီးစေရန်   ပြုပြင်ထိန်းသိမ်းရေး ကို စာရေးသူလည်း ပြောပြခြင်းငှာ မစွမ်းသာခဲ့ပါ။ သာမာန် မြင်လေ့ရှိကြ သည့်အတိုင်း   ရေတစ်ပေါက်နှင့်   တော့ မိုးမဖြစ်နိုင် ဟူ၍ပင်။ ရေစက်ပေါင်းများလာလျှင် အေးမြလှသည့် မိုး ဖြစ်နိုင်တာ ဘာကြောင့် မတွေး   တောနိုင်ကြပါလိမ့်။ သဘာဝ တရားကို ကယ်ဆယ်ထောက်မရေး စီမံကိန်းများ ပါဝင်သည့် အဖွဲ့အစည်း တစ်ခုမှ အလုပ်လုပ်နေသည့် ကျွန်မ.. သက်မမောတို့ တနင့်တမောပင်။ စည်းရုံးနိုင်ဖို့၊ ပေါင်းစည်းနိုင်ဖို့ ကျွန်မ တို့ လက်တွေ အားအင်ပြည့်နေဖို့တော့ လိုပါသည်။


သည် အမောတွေကိုပင် သတိုးက သူ့စကားအရာမလုပ်ကြသော ဆွေမျိုးစုအလယ်မှ အဖြစ်သနစ်တို့ဖြင့် ဟာသဆန်ဆန် နိဂုံးချုပ်သွားသည်။ ပြုံးချင်စရာပေမယ့် တကယ့် လက်တွေ့တော့ ပြုံးစရာမဟုတ်ခဲ့ပါ။ ပတ်ဝန်းကျင်ကို တစေ့တစောင်း ပြန်လှည့်ကြည့်ဖို့ သတိုးက သူ့ဝတ္တုတိုအတတ်နှင့် ညွှန်ပြခဲ့လေသည်။


မယ်ကိုး“လူယောင်ဆောင်သူများ” သည် သစ္စာမတည်တတ်သော ခင်ပွန်းဖြစ်သူနှင့် အကြောင်းစုံကို သိလျှက် သည်းခံမြိုသိပ်နေရသော၊ မျှော်လင့်ချက် တစစကင်းမဲ့လာသည့် မိန်းမသားတို့ အိမ်ထောင်ရေးကို ခပ်ပါးပါးရေးဖွဲ့ထားခြင်း ဖြစ်သည်။

“ချွဲနွဲ့ပြောတတ်တဲ့ ကြောင်တွေလို နေစရာ၊ စားစရာနဲ့ သွေးသားလိုအင်တွေ အတွက်သာ ကျွန်မ ကို ခဏတာ ချစ်ယောင်ပြခဲ့တာ”


သည်လို စာသားလေးများကတော့ အနည်းငယ်ရင့်ရော်လှပါသည်။ သို့ပေမယ့် ထို ဇာတ်လမ်းမှ ထို ဇာတ်ကောင် အမြင်မို့ သိပ်စောဒကတက်စရာတော့ မရှိလှပါ။ ရေးသားဟန် ဆန်းသစ် ဖတ်ပျော်သော ၀တ္တုတစ်ပုဒ်တော့ ဖြစ်ပါသည်။


ညီလင်းသစ် “အသိအမှတ်ပြုမှု” သည် ဆောင်းပါးတိုလေး တစ်ပုဒ်ဖြစ်ပါသည်။ လူသားဟူသမျှ အသိ အမှတ်ပြုမှု ခံချင်သူတိုင်း ဖြစ်ကြောင်း သတင်းတိုလေးတစ်ခုနှင့် အစပြု ကာ ရေးသားထားသည်။ ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်ခ်မြို့ရှိ လူတစ်ယောက်သည် သူ့မွေးနေ့ကို အများသတိပြုစေချင်လိုသော စိတ်နှင့် ကုန်တိုက်ကြီးတစ်ခုအတွင်း ဗုံး ရှိသည်ဟု သတင်းအမှားပေးခြင်း ဖြစ်သည်။ အများသူငှာငှာ ရုတ်ရုတ် သဲသဲ ဖြစ်ကာ သူလည်း အများပြည်သူထိတ်လန့်စေမှုနှင့် အရေးအယူခံရသည်။ ထိုသတင်းမှ အစပြုကာ “အသိအမှတ်ပြုမှု” ဟုသော ဆောင်းပါးလေးတစ်ပုဒ်ကို စာရေးသူက ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားလေ သည်။


အသိအမှတ်ပြုမှု ဟူသောစကားလုံးလေးသည် တိုတောင်းကျစ်လျစ်နေသော်လည်း ကျယ်ပြန့်လှကြောင်း သူက တင်ပြသွားသည်။ အသိအမှတ်ပြုရုံလေး ဆိုပေမယ့် သူ့အဓိပ္ပာယ် ကတော့ တာသွားလှသည်။ ထိုအရာက လူမှုဆက်ဆံရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်တွေမှာ   အောင်မြင်ရေး လမ်းစ၏ ပထမဆုံးတံခါးပေါက်ဟု စာရေးသူက တင်ပြသွားပါသည်။ ခင်မင်ခြင်း၊ ချစ်ခြင်းဟာ နွေးထွေးသည့် ချစ်စဖွယ်အိမ်ကလေးဆိုရင် ထိုအိမ်ကလေးထဲ ၀င်ရောက်ဖို့ အသိအမှတ်ပြုမှု ဟူသော တံခါးပေါက်ကို အရင်ဆုံး   ခေါက်ရမည် ဖြစ်ကြောင်း ထိမိစွာတင်ပြသွားသည်။


“အသိအမှတ်ပြုမှု ရဲ့ ဆန့်ကျင်ဘက်က ဥပေက္ခာပါ” တဲ့။ ထိုစကားလေးကို ကျွန်မ လက်ခံပါသည်။ ဥပေက္ခာပြုခြင်း၊ လျစ်လျူရှုခြင်းကို ကျွန်မ ခံစားခဲ့ရဖူးသည်။ အသိအမှတ်ပြုမှု အပေါ် မျှော်လင့်နာကျင်ခဲ့ဖူး သည်။ တကယ်တော့ လူသားသည် လူသားဆန်သည်သာ ဖြစ်သည်။


“တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်  အသိအမှတ်ပြုမှုတွေများလာတာနဲ့အမျှ ကျွန်တော်တို့နေထိုင်ရာ လူမှုအဆောက်အအုံဟာ ပိုမိုခိုင်ခန့်ပြီး၊ ဟန်ချက်ညီတဲ့ နေချင့်စဖွယ် အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာပါမယ်” ဟု ဆောင်းပါးကို နိဂုံးချုပ်ထားသည်။ ဆောင်းပါးလေးက ရိုးရှင်းပေမယ့် အကြောင်းအရာကတော့ ကျွန်မတို့ အားလုံးနှင့် တိုက်ရိုက် ပတ်သတ် ဆက်နွယ်နေပါသည်။ အတွေးစ၊ အသိမြင်တို့ လွန့်လူးစေသော   ဆောင်းပါး တစ်ပုဒ်ပင်ဖြစ်သည်။


သက်တံဆယ်စင်း စာအုပ်ကလေး၏ ရသမျှဝေခံစားမှုကတော့ ပြီးဆုံးသွားလေပြီ။ ရသစာပေကို   မြတ်နိုးလှ   သော ကျွန်မ စာအုပ်စင်ကလေးတွင် ထိုစာအုပ်ကလေးက  နေရာ တစ်နေရာ ယူခဲ့ပြီ။ နောက်ကျော တွင် နောက်ထွက်ရှိမည့် စာအုပ်ကြေငြာများကိုလည်း တွေ့ရရာ မုဒိတာစိတ်နှင့် ၀မ်းသာကြည်နူးရပါသည်။ လူနည်းစုတင်မက သက်တံဆယ်စင်း ပါ ဆရာ၊ ဆရာမများ အားလုံးရောက်ရှိသည့်နေရာတွင် ရပ်တန့် မနေဘဲ အသစ်အသစ်သော အနုပညာဖန်တီးမှုတို့ဖြင့် ထွန်းလင်းကြပါစေသည်း။ စာပေကောင်းကင်တွင် လင်းလက် တောက်ပသော ကြယ်ပွင့်များ ဖြစ်ကြပါစေသတည်း။      ။



ချစ်ခြင်းမေတ္တာဖြင့်

ရွှေအိမ်စည်
17.11.2012
PM:10:15

9 comments:

  1. ရွှေအိမ်စည်ရေ
    အဲဒီစာအုပ်လေးမြန်မာပြည်က သူငယ်ချင်းတစ်ယောက်ပို့ပေးလို့ရထားတယ်
    ကိုညီလင်းဆီသွားရင်းတွေ့တာနဲ့ ၀င်လည်တစ်ခေါက်ပြန်နွေးခဲ့ပြန်တယ်
    follower လဲလုပ်ခဲ့တယ်ရွှေအိမ်လေးရေ
    ခင်မင်စွာဖြင့် sis jasmine

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် မမစံပယ်ချို
    တိတ်တိတ် ဆိတ်ဆိတ်နေရာလေးကို အလည်ရောက်လာလို့ ကျေးဇူးပါရှင် :)

    ReplyDelete
  3. အောင်မြင်တဲ့အခါ ၀မ်းသာစိတ်ဖြစ်ရတာထက် အရှုံးကို ရင်ဆိုင်ရချိန်မှာလည်း ကျေကျေနပ်နပ်လက်ခံတတ်ဖို့က ပိုအရေးကြီး တယ်”........အားပေးနေမယ်နော်....ညီမလေးရွှေအိမ်စည်က သူသူဟန်လား....တွေ့ကြမယ်ဆိုပြီးမတွေ့ဖြစ်ကြဘူးနော်....သတိရနေပါတယ်မကြီးမာလာက...

    ReplyDelete
  4. စာအုပ်ရဲ့ အဆုံးပိုင်း ရောက်တဲ့အထိ တသမတ်တည်းသော အရှိန်နဲ့ စေတနာ ထားပြီး ဆစ်ပိုင်း၊ ခံစား ပေးခဲ့တဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် မရွှေအိမ်စည်..၊ အပိုင်း ၃ ခုစလုံးမှာ ပါတဲ့ သုံးသပ်ချက်တွေက တကယ်ပဲ မျှတပြီး သမာသမတ် ကျတာကို ကျနော်တို့ ခံစားနားလည် ရတယ်၊ ဖတ်နေရတဲ့ တလျှောက်လုံးမှာ ကြည်လင်တဲ့ အမြင်နဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကိုပဲ တချိန်လုံး ရနေခဲ့တယ်၊ ကျေးဇူးတင်ပါတယ် ဆိုတာကိုပဲ ထပ်ပြောပါရစေဗျာ...။

    ReplyDelete
  5. ကိုကိုး အိမ်December 26, 2012 at 12:33 AM

    ရှင်းလင်းပြတ်သားတဲ့ စကားပြေအရေးအသား၊ နားလည်လွယ်တဲ့အသုံးအနှုန်း၊ ဝါကျအထားအသိ ပြေပြစ်မှူတွေကြောင့် ဒီဆောင်းပါးရှင်ကို စာရေးစေချင်မိသည်အမှန်..

    ReplyDelete
  6. သူသူရေ ချစ်ခြင်းအားဖြင့် မြတ်မွန် :)

    ReplyDelete
  7. အပိုင်း ၃ ပိုင်းလုံးမှာ မဆုတ်မနစ်တဲ့ စေတနာထား အားထုတ်မှုကို မြင်တွေ့ရတာ ဝမ်းသာကျေနပ်မိပါတယ်။ နွေးထွေးမှုကိုလည်း ခံစားရတယ်။ အစစအရာရာအတွက် ကျေးဇူးပါခင်ဗျာ..။

    ReplyDelete
  8. ဏီလင်း ညိုDecember 26, 2012 at 12:34 AM

    မရွှေအိမ်စည်ရဲ့ ရီဗျူးလေးဖတ်ပြီးတော့ တကယ့်ကို နွေးနွေးထွေးထွေးနဲ့ ၀မ်းမြောက်ခြင်းကို ခံစားရလိုက်မိပါတယ်...။ ရှေ့ဆက်ပြီးတော့ စာတိုပေစ,လေးတွေ ရေးဖို့အတွက်လည်း အားသစ်တချို့ ရရှိမိပါတယ်...။ မရွှေအိမ်စည်ရေးခဲ့တဲ့ စာလေးတွေအတွက် ကျန်တဲ့ ရေးဖော်ရေးဖတ်မောင်နှမတွေနဲ့အတူတူ ရင်ထဲမှာ ကျေးဇူးတင်မိပါတယ်...။ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားသွားပါဦးမယ်ခင်ဗျ.... :)

    ReplyDelete
  9. တစ်ပုဒ်ခြင်းစီအပေါ် သုံးသပ်တင်ပြသွားတာ အင်မတန်မှနှစ်သက် ဖို့ ကောင်းလှပါတယ်။ ညီမ ပြောသလိုပဲ “နိုင်တဲ့အရှုံး”ရဲ့ အသိမ်းကို အားမရခဲ့တာ မှန်ပါတယ်။ ညီမလေးရဲ့ အစကနေ အဆုံးထိ ရေးသားချက်များကို နှစ်သက်လှပါတယ်။ အွန်လိုင်းမှာ Book Review ရေးသူ မရှိသလောက်ပါဘဲ။ အခုလို Book Review တင်သာမက အွန်လိုင်းမှာ ရေးနေကြတဲ့သူများရဲ့ ထူးခြားတဲ့လက်ရာများကို သုံးသပ်ပေးရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိပါတယ်။ တချို့ ဖေ့စ်ဘုတ်မှာ ရေးနေသူများဆို အတော်လေး စာရေးကောင်းသူတွေ ရှိနေတာ တွေ့ရပါတယ်။ ဒီ Review တွေက အွန်လိုင်းမှာ ရသစာပေဘယ်လောက်အထိ အားကောင်းလာနေတယ်ဆိုတာကိုလည်း တစ်စိတ်တစ်ပိုင်း အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်။

    ReplyDelete