Thursday, November 15, 2012

သက်တံ့များ၌ ပျော်ဝင်ခြင်း (အပိုင်း-၂)




ဝတ္တုဆယ်ပုဒ်ဖတ်ပြီးနောက်တွင် စာရေးသူ ဘလော့ဂါများ၏ ပရိုဖိုင်လေးများကို မြင်ရလေသည်။ စာရေး သူများ၏ အတွေး၊ အမြင်၊ ဖြတ်သန်းတည်ရှိရာ ဘ၀ပုံရိပ်ခပ်ပါးပါး တို့ကို ဖော်ပြထားသည်။ ဆရာ၊ ဆရာမများ၏ ကိုယ်ပိုင်ဒိုမိန်းများ၊ အီးမေးလ်လိပ်စာများ နှင့် စနစ်တကျ။ ကွန်ပျူတာနဲ့ အရိပ်အယောင်ပြ ထားသော ရုပ်ပုံလေးများကို ကြည့်ရင်း ဓာတ်ပုံလေးများတွဲရက် ဖော်ပြထားလျှင် ဘယ်လောက်ကောင်း လိုက်မလဲ ဆန္ဒဖြစ်ပေါ်မိသေးသည်။ သူတို့ ရေးသားခဲ့သည်များကို ဖတ်ရှုပြီးသွား၍လား ကျွန်မနှင့်တော့ အတန်ငယ် ရင်းနှီးလာကြသလို..။ ရှေ့ဆက်၍ စာရွက်များကို မလှန်မိသေးဘဲ ကျွန်မအတွေးစတို့ ခပ်ပါးပါး လွင့်မြောနေသည်။ ဖတ်ခဲ့ပြီးသော ရသများနှင့် သူတို့၏ စိတ်ဝိညာဉ်များကို မရည်ရွယ်ဘဲ ဆက်စပ် ပုံဖော် မိနေသည်။ တချို့က နူးညံ့သည်။ တချို့က စူးရှသည်။ တချို့က လှပသည်။ တချို့က သိမ်မွေ့သည်။ တချို့က လျှို့ဝှက်ဆန်သည်။ ဘ၀အခြေအနေ အမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ အနုပညာချစ်စိတ် ထပ်တူညီ မှု က သက်တံ့ရောင်စုံများကို ဖြစ်ပေါ်ခဲ့လေရော့သလား။ ရင်ထဲတွင်အမျိုးအမည်မသိသော ခံစားမှုက လှပ်ကနဲ။ ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုချင်သော အာသီသတို့က လှုပ်ရှားရုန်းကန်လာသည်။

မြတ်မွန် “မသိကိန်း၏တန်ဖိုး” ကို စတင်ဖတ်ရှုရပါသည်။ စတင်၍ ဖတ်ကာစတွင် ပထမတစ်ပုဒ်နှယ် ပင် ရေခြားမြေခြားရောက် မြန်မာမိသားစုအခက်အခဲအကြောင်း တင်ပြထား သည်ဟု ထင်မြင်မိသေး သည်။ ရေမြေခြားတွင် မြန်မာမိသားစုလေးတစ်ခုအတွက် နားခိုရာအိမ်တစ်အိမ်ရရန် အခက်အခဲဖြစ်ပုံ၊ သူငယ်ချင်းဖြစ်သူ၏ အိမ်ခန်းကျဉ်းကျဉ်းလေး တွင် ခေတ္တတွဲလျက်နေထိုင်ကြရင်း အိမ်ခန်းတစ်ခန်းရရန် အပူတပြင်းရှာဖွေရပုံတို့ကို ဖော်ပြထားသည်။ ဖတ်သူ ကျွန်မပါ သူတို့အတွက် အိမ်ခန်းလေးတစ်ခန်း အဆင်ပြေပြေ ရစေချင်လာသည်။ သူတို့ အိမ်ခန်းလေးတစ်ခန်းရရှိသွားသော အခါမှ ကျွန်မ သက်မချကာ စိတ်သက်သာရတော့သည်။ သို့သော် ထိုနေရာတွင် ၀တ္တုက အချိုးအကွေ့တစ်ခုသို့ ရုတ်တရက် ကူးပြောင်း သွားသည်။ မိသားစုတွင်းမှာ နေမကောင်းဖြစ်မှု၊ အလုပ်အကိုင်အဆင်မပြေမှုတွေနဲ့ ရစ်ပတ်လာသည်။ ဒါကို လမ်းဦးတိုက်ဖြစ်နေ၍လားဟု သူတို့သံသယ ရှိလာသောအခါ ကျွန်မ မျက်ခုံးပင့်မိသည်။ ဂမ္ဘီရဘက်ကိုများ   ရောက်သွားတော့မှာလား။ ၀ါးပင်ပေါက်ကလေးတွေစိုက်၍ တံခါးဝတွင် မှန်ကလေးချိတ် လိုက်ကြ သော အခါ သူတို့ အဆင်ပြေသွားကြတော့မလား ကျွန်မတွေးမိသေးသည်။ သို့သော်ဝါးပင်လေးခမျာလည်း အစွမ်း မပြရရှာပါ။ ထူးမခြားနားအခြေအနေများနှင့် ကြုံကြိုက်လာရသောအခါ သူတို့ နောက်တစ်အိမ် ပြောင်းဖြစ် ကြ ရတော့သည်။ သို့ပေမယ့် လူဆိုသည့်အမျိုးအနွယ်သည် ကိုယ် သိချင်သည်များ၊ တအုံနွေးနွေးဖြစ်နေ သည်များကို သိလိုက်ရမှ ဖြစ်လေရာ အဆိုပါ လမ်းဦးတိုက်အိမ်ကလေးတွင် အရင်နေ သွားသော လူမျိုးခြား မိသားစုထံဆက်သွယ်ကာ မေးမြန်းကြသည်။ ဒီနေရာမှာ လီချန် ဖြေလိုက်သော အဖြေ စကားကို ကျွန်မ သဘောကျလှသည်။

“ခင်ဗျားပြောတာမျိုး အခုမှ ကြားဖူးတယ်။ ကျွန်တော်တို့ အဲဒီ့မှာနေခဲ့တာ နှစ်နှစ်ကျော်ကြာတယ်။ နေမ   ကောင်း တာလည်း ရှိတာပဲလေ။ အလုပ်အကိုင်ဆိုတာလည်း အဆင်မပြေတဲ့ အခါမျိုးရှိတာပေါ့။ ကျုပ်တို့ ဖြင့် နေမကောင်းဖြစ်ရင် ဆေးခန်းသွားလိုက်တာပဲ။ တစ်ဘက်ကလည်း မဖျားမနာအောင် အနေ အထိုင်   တော့ ဂရုစိုက်ရတာပေါ့လေ။ အလုပ်အဆင် မပြေရင်လည်း ပြေတဲ့အချိန်ပြန်ရောက်အောင် ကြိုးစား ဖို့ ပဲတွေးတယ်။ အခုပြောင်းဖြစ်တာကလည်း အိမ်သစ်ဝယ်ဖြစ်လို့ ပြောင်းဖြစ်သွားတာ၊ အရေးကြီးတာက ကိုယ့် လုပ်ရပ်ကောင်းနေဖို့ပဲ မဟုတ်လား”



လက်တွေ့ဆန်သော သိပ္ပံနည်းလမ်းမှ အမြင်ဟုထင်မြင်ယူဆဖွယ်ရှိသော်လည်း တကယ်တော့ စိတ်စွမ်းအင်   နှင့်ပါ ပတ်သတ်ဆက်နွယ်နေပါသည်။ ကျွန်မ တို့ မြန်မာလူမျိုးများ၏ အရိုးစွဲအယူအဆများ၊ ဥပါဒါန်များက မသိစိတ်ကိုပါ အုံ့မှိုင်းစေကာ လက်တွေ့ဘ၀နေထိုင်မှုကိုပါ ထိခိုက်ပတ်သတ်စေပါသည်။ အယူအဆ မရှိ   သောသူများ၏ စိတ်တွင်းတွင်မူ စိတ်သည်ထိုအရာများနှင့် ပတ်သတ်၍ ငြိမ်သက်ကြည်လင်နေရာ လက်တွေ့ ဘ၀သို့ ပတ်သတ်လာခြင်းမရှိတော့ပါ။ လီချန်၏ နောက်ဆုံးစကားက ၀တ္တု၏ အရှိန်ကို အမြင့် ဆုံးထိ မြှင့်တင်နိုင်ခဲ့သည်။

“ကျွန်တော့် အဖေ ပြောနေကျစကားတစ်ခွန်းရှိတယ်။ တချို့ကိစ္စတွေက မသိတာက ပိုတန်ဖိုးရှိတယ်တဲ့ ”

မြတ်မွန်ပြလိုသော ရှုထောင့်ကို ကျွန်မ လက်ကနဲမြင်လိုက်ရသည်။မသိကန်းတစ်ခု၏ တန်ဖိုးကို ကျွန်မ တို့တွေ ဘယ်လောက်အတိုင်းအတာ ပမာဏအထိ မြင်နိုင်ကြမှာ ပါလိမ့်..........။

ရေခဲငှက်“တိမ်နဲ့ရေးတဲ့ အိမ်” ကို နှစ်ကြိမ်လား၊ သုံးကြိမ်လားမသိ ကျွန်မ ပြန်ပြန်လှန်လှန် ဖတ်ဖြစ်ပါ သည်။ တကယ်တော့ ပထမတစ်ကြိမ်တွင် သာမာန်အလွမ်းသိပ်သည်းဆ များနေသည့် အဝေးရောက် ၀တ္တု တစ်ပုဒ်သာ ထင်မြင်မိ၍ပင်..။ နောက်တစ်ကြိမ် ဖတ်ဖြစ်သောအခါတွင်မူ ကျွန်မ ရင်ထဲလှိုက်ကနဲ...။ သူပြောချင်တာ ရိုးရိုးအလွမ်းမဟုတ်ဘူး။ သူသွားနေတဲ့ တောလမ်း၊ တောင်လမ်းတွေဟာ ရိုးရိုးခရီးမဟုတ် ဘူး။ တဂိုး၏ “ခရီတထောက်နားခြင်း” ကို စွဲလမ်းခဲ့ဖူးသော၊ ငယ်စဉ် ဖတ်စာအုပ်မှ “ခရီးသည်” ကဗျာလေး ကို   နှစ်သက်ခဲ့ဖူးသော ကျွန်မ အတွက် သူဖြတ်သန်းနေသော ထင်းရှုးရနံ့ တောအုပ်များ၊   ကျောက်   ဆောင်ကျောက်သားများ၊ နှင်းခဲပြင်ကျယ်များက ရင်ကိုထိရှစေသည်။ ကျွန်မခြေဖ၀ါးအောက်က လမ်း သည်ဘာပါလိမ့်။ ကျွန်မ ဘယ်ကိုလျှောက်လှမ်းနေပါလိမ့်...။

“ဒီတိုက်ပွဲတွေ တစ်ချိန်ချိန်တော့ ရပ်သင့်တယ်လို့ တစ်ဆက်တည်းတွေးမိတယ်။ ဘယ်အချိန်မှာ ရပ်မလဲ ဆိုတဲ့ ပြဿနာက တစ်ဆက်တည်းတွဲ ပါလာခဲ့တယ်။တိုက်ပွဲပေါင်း များစွာကို ဆင်နွှဲရင်း တိုက်ပွဲ အတွေ့ အကြုံတွေ  ရင့်ကျက်ပြည့်ဝလာတဲ့ စစ်သူကြီးတစ်ယောက်ပဲ ဖြစ်ချင်တယ်။ တစ်ချိန်တည်း မှာပဲ တစ်စုံ တစ်ရာကို တွေးမိရင်း   ကြောင့်ကြပူပင် လာမိခဲ့တယ်။”
“ ငါ အမှန်တကယ်ပဲ ရပ်တန့်နိုင်ပါ့မလား...”

တိုက်ပွဲတွေကို ညည်းညူရင်း၊ ငြူစူရင်း ကျွန်မတို့တွေ တိုက်ပွဲပျော်တွေများ ဖြစ်နေကြသလား။ ဘယ်သော အခါ ရပ်တန့်နိုင်မှာလဲ။ တစ်ခါတရံအောင်မြင်မှုများ၊ ချိုမြိန်မှုများက တိုက်ပွဲထံမှ သွေးစက်များ၊ နာကျင်မှု များကို မေ့လျော့စေသည် ထင်ပါသည်။ လိုအင်ဆန္ဒကြောင့်လား၊ ရည်မှန်းချက် အမည်ခံ တက်မက်မှု   တွေ ကြောင့်လား၊ ငါ ဘာဆိုတာ သိစေ လိုစိတ် မခံချင်စိတ်များကြောင့်လား။ သူကတော့ ဆွဲခေါ်ခံရခြင်း ကို ဒီလိုရေးဖွဲ့ထားပါသည်။

“ဘေးဘီဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ သူ့လိုမျိုး တရွတ်တိုက်ဆွဲပါနေသူ တချို့ ကို တွေ့ရတယ်။ တချို့က ပျော်ပျော်ပါးပါး၊ တချို့က မရေမရာ၊ တချို့က အိပ်မှုံစုတ်ဖွား၊ တချို့က ပြူးပြူး ပျာပျာ။”

မဖြစ်သင့်ဘူး။ မဖြစ်ရဘူး ငြင်းဆန်နေရင်းက သူ့ ခြေလှမ်းတွေ ရှေ့ဆက်နေပါရော့လား...။ ကျွန်မစိတ်တွေ မှိုင်းပြပြ၊ လွမ်းမောမော။ ဒက်ဖိုဒေးလ်ပန်းလေးများ၊ ထင်းရှုး ပင်လေးများ၊ နှင်းခဲပြင်ကြီး၊ စမ်းချောင်းလေး အနား သူ့ကို ပြန်ရောက်စေချင်သည်။

“ကမ်းဝေးမြစ်တစ်စင်းကတော့ ပင်လယ်ဆီကို ဦးတည်လို့ အရှိန်အဟုန်နဲ့ စီးလို့ မျောလို့ ကောင်းနေ တုန်း.......”

သူကတော့ ၀တ္တုလေးကို အဆုံးသတ်သွားပြီ။ ကျွန်မ အတွေးစထဲတွင်တော့ အဆုံးမသတ်ချင်သေး။   မြစ်တို့မည်သည် တစ်နေ့သောအခါ အေးမြတဲ့တောရိပ်အောက်ရှိ စမ်းချောင်းလေးဆီ   ပြန်လည်စီးမျော လာကောင်းရဲ့လေ.....။

အိမ့်ချမ်းမြေ့“အမွေအနှစ်” ကို ဖတ်ရပါသည်။ တန်ဖိုးရှိလှသော ဆောင်းပါးကောင်း တစ်ပုဒ်ပင်။  နိုင်ငံ ရပ်ခြားရောက် မြန်မာစိတ်ပျောက်နေသူများသာမက ပြည်တွင်းနေ မြန်မာများပါ ဖတ်ရှုသင့်လှသည့်   ဆောင်းပါးကောင်း တစ်ပုဒ်ဖြစ်ပါသည်။ လူမျိုးတိုင်း မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှုကို တန်ဖိုးထားကြပုံများ၊   မြန်မာလူမျိုးများ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာ၊ မိခင်ဘာသာစကားကို တန်ဖိုးထား သင့်ကြောင်း  အထူးပြုဖော်ပြထားသည်။ ပညာနောက်၊ ငွေနောက်ကို လိုက်ရင်း ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုကို အထင် မကြီးတော့သော၊ လူမျိုးခြားများရှေ့တွင်   နှိမ့်ချပြောရန် ၀န်မလေးသော လူတန်းစားတချို့ အကြောင်း   ရေးပြ  သွားသည်တွင် အိမ့်ချမ်းမြေ့သာမက ကျွန်မပါ ခံစားနာကျင်လာသည်။ ဘာကြောင့်များပါလိမ့်..။

 “မိမိအမျိုးနွယ်ကို ရွံရှာမုန်းတီးတတ်သူများ (သို့) စိတ်ပညာဆိုင်ရာ ဝေါဟာရတစ်ခုကို ယူသုံးရရင်တော့ Self-Haters တွေများဖြစ်သွားနိုင်မလား” ဟု စာရေးဆရာမညည်းညူသလို ကျွန်မ  လိုက်ညည်းညူ ချင် လာသည်။

“အိမ်မှာကလေ အင်္ဂလိပ်လိုပဲ ပြောတော့ မြန်မာစကား သိပ်ပြီးတော့လေ မတတ်တော့တာလေ၊ I know it's a shame ပါ။ ဒါပေမဲ့ သိတယ်မဟုတ်လား၊ မြန်မာတွေနဲ့ကလည်း မပေါင်းဘူးဆိုတော့လေ You know?”

သြော် ....ဖြစ်မှဖြစ်ရလေ..။ ကျွန်မ ရယ်ချင်စိတ်တစ်ဝက်၊ စိတ်ပျက်ခြင်းတစ်ဝက်။

“နိုင်ငံခြားဆိုတာကို လိုအပ်တာထက် ပိုအထင်ကြီးနေမိတဲ့ အခါ၊ မြန်မာပြည်၊ မြန်မာ့ ယဉ်ကျေးမှုနဲ့   မြန်မာ လူမျိုးတွေကို ရှိနေဖြစ်နေတာထက် ပိုမိုလျှော့ပေါ့ အထင်သေးနေမိ တဲ့အခါမှာ၊ ကျွန်မတို့ရဲ့ လူမှုပတ်ဝန်း ကျင်မှာ မိမိကိုယ်ကို ပြန်မုန်းတီးသူတွေ ပေါ်လာတတ်သလားဆိုတဲ့ မေးခွန်းကို မေးလာခဲ့မိပါတယ်”

ကျွန်မတို့ မြန်မာလူမျိုးများသည် နိမ့်ကျသိမ်ငယ်နေသူများ မဟုတ်ကြပါ။ အများအလယ် မဖွင့်ဟ ရဲလောက်   အောင် ယုတ်မာညစ်ညမ်းသောပြုမူကြသူများလည်း မဟုတ်ကြပါ။ ရိုးရာယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာ   တွေနှင့်လူမျိုးတစ်မျိုး၏ ရှိသင့်သောအဆင့်အတန်းတွေနှင့် ဖြစ်ပါသည်။ ရုပ်ဝတ္တုမြင့်မားမှုနောက် လိုက် ရင်း မိမိအမျိုး၊ မိမိစာပေ၊ မိမိ ယဉ်ကျေးမှုကို ရွံရှာမုန်းတီးကာ မေ့လျော့ကြသူများ မဖြစ်ကြ ပါစေနှင့်။   မေ့ပျောက်ရင်း မေ့ပျောက်ရင်း မြန်မာဟူသောလူမျိုးစု တဖြးဖြေးပျောက်ကွယ် လာပြီး မြန်မာ့ မြေပေါ်   တွင် မြန်မာမဟုတ်သော တခြားအမျိုးအနွယ်များက မြန်မာစကားများကို ပြောရင်း၊ ရှေးရိုးစဉ်ဆက် မိဘ ဘိုးဘွားတွေရဲ့ အမွေအနှစ်တွေနဲ့ ပျော်မွေ့ရင်း၊ ဧရာဝတီမြစ်ပြင်ကျယ်တွင် လင်းပိုင်များနှင့်   မြူးတူး   ပျော်ပါးနေသော အခါမှ ခုနှစ်သံချီငိုချင်းမချကြပါတော့နှင့်။  မှောက်သွားသော  နွားနို့အိုးကို   ရွှေစည်းခုံ ကပ်လှူတယ်ဟူ၍လည်း ရသေ့ စိတ်ဖြေပြောချင်နေ၍ လည်း မရတော့ကြောင်း၊ ကိုယ်ရွေးတဲ့လမ်း ကိုယ် လျှောက်နေရတယ်ဆိုတာပဲ အမှတ်ရနေရတော့မည် ဖြစ်ကြောင်း စာရေးသူက စူးစူးရှရှ တင်ပြ သွားပါသည်။

နိဂုံးချုပ်“ မြန်မာ” ဟူသည့် ကဗျာလေးနှင့် အဆုံးသတ်သွားသော “အမွေအနှစ်” သည် တန်ဖိုးထိုက်တန် လှသော ဆောင်းပါးကောင်းတစ်ပုဒ်ပင်။

မြစ်ကျိုးအင်း“နှလုံးသား ရှိတဲ့ အရပ်” ကို ဆက်လက်ဖတ်ဖြစ်ပါသည်။ မြို့ပြ၏တိုးတက်မှုများတွင် သာ ယာနစ်မြောရင်း မိသားစုအပေါ်မေ့လျော့ထားမိသော၊ အေးစက်မိသော လူငယ်လေးတစ်ယောက်၏ စိတ်ခံ စားမှု ကို ရေးဖွဲ့ထားသည်။ သာမာန်ကြည့်လျှင် အပြစ်တင်စရာပေမယ့် တကယ်တော့ ဒါဟာ ယုံကြည်  စိတ်ချထားမှုကြောင့်လည်း ဖြစ်နိုင်သည်။ ဥပမာ-“ ငါ ဘယ် အချိန် ဆက်သွယ် ဆက်သွယ် ရတာပဲ” ဆိုတာမျိုး၊ “ငါ အမှား လုပ်လည်း ခွင့်လွှတ်မှာပါ” ဆိုတာမျိုး။ ရုန်းကန်ရင်း၊ အသစ်အဆန်းတွေမှာ  ပျော်မွေ့ ရင်း သတိရ လွမ်းဆွတ်စိတ်ကို တစ်နေရာမှာ ခေတ္တပုံထားမိတာလည်း ဖြစ်နိုင်သည်။ ၀တ္တုထဲမှ လူငယ်   လေး သာမက ကျွန်မတို့တွေလည်း ထိုအဖြစ်အပျက်မျိုးဆန်ဆန်မှ လွတ်ကင်းနိုင် လိမ့်မည် မထင်ပါ။

ဇာတ်ကောင်လူငယ်လေးသည် သူ့အစ်ကိုနှင့် ဖုန်းပြောနေရာမှ ထပ်ကာထပ်ကာပြောနေသော သူ့အစ်ကို ၏ စကားများကို ငြီးငွေ့လာသည်။ ဖုန်းကဒ် ကုန်တော့မှာပဲဟု   ငြိုငြင်စ ပြုလာသည်။ နောက်ဆုံး သည်းမခံ   နိုင်တော့ သည့် အဆုံးတွင် ဖုန်းခွက်ကို အသာချလိုက်သည်တဲ့..။ ဖြစ်တတ် ပါသည်ဟု ဖြည့်တွေးပေးနေ   သော ကျွန်မပင် ဟာကနဲ...။ မလုပ်ရဘူးလေ ကလေးရယ်..။ ဟိုခမျာ သတိရရှာလွန်းလို့လေ။ ခပ်ရိုးရိုး စကားလေးတွေကိုပဲ သည်းခံပြီး နားထောင်ပေးလိုက်ပါ။

တကယ်တော့ ထိုလူငယ်လေး မနေနိုင်ခဲ့ပါ။ လူငယ်စိတ်နှင့် တဒင်္ဂတုံ့ပြန်ခဲ့ပြီးမှ အတိတ်မှ အစ်ကိုနှင့် ပတ် သတ်သော ပုံရိပ်များ၊ ချစ်ခြင်းမေတ္တာများကို တရိပ်ရိပ်မြင်ယောင် လာသောအခါ သူ နောင်တတရားတို့နှင့် ပူလောင်လာသည်။ သူ ၀မ်းနည်းလာသည်။ ဖုန်းပြန်ခေါ်သောအခါ သူ့အစ်ကိုက အပြင်ထွက်သွားခဲ့ပြီ။ သူ့ မိသားစုလေးကတော့ ဖုန်းလိုင်း ကျသွားသည်ဟု သူ့အပေါ် ရိုးသားချစ်ခင်စွာတွေးပေးနေမြဲပင်။ လူငယ်   လေး၏ မျက်ဝန်းမှ မျက်ရည်များ တလိမ့်လိမ့်ကျလာသလို ကျွန်မ ရင်ထဲ၍လည်း နင့်ကနဲ။ သူ့အစ်ကို အတွက်လား..၊ သူ့အတွက်လားတော့ သေချာရေရာ မသိလှချေ။ သူရေရွတ်သော စကားလေးများကိုတော့ ကျွန်မပြုံးလျက် ဖတ်ဖြစ်ခဲ့ပါသည်။

ဖြူစင်သောချစ်ခြင်း၊ အနစ်နာခံခြင်း၊ စနာဖေးမခြင်းတွေသည် မိစားစုထံမှသာ ရနိုင်ကြောင်း၊ ကျွန်တော် ၏ နောင်တတရားက သင်ပေးခဲ့ပြီ။ ပြီးပြည့်စုံသော ခေတ်မီ အသုံး အဆောင်ပစ္စည်းများ သည် မေမေ ညတိုင်း ဖက်အိပ်သော ကျွန်တော်၏ ခေါင်းအုံးလေးလောက်ပင် တန်ဖိုးမရှိတော့ပါ။”

“သည် အရပ်မှ အနေကြာလာလျှင် ချစ်ခြင်းမေတ္တာကို မခံစားတတ်လောက်အောင် ကျွန်တော့နှလုံးသား လွင်တီးခေါင်ဖြစ်သွားမှာ စိုးရိမ်မိသည်။ .........ထိုအရပ်တွင် ကျွန်တော်မှ ချစ်သော၊ ကျွန်တော့်ကို ချစ်သော နှလုံးသားများ တည်ရှိနေကြောင်း မမေ့မလျော့ အထပ်ထပ် သတိပေးနေမိတော့သည်”



@@@ အပိုင်း (၂) နှင့် အဆုံးသတ်မည်ဟု ကြံရွယ်ထားသော်လည်း ခံစားမှု အလျင်အရ နောက်တစ်ပိုင်း ခွဲလိုက်ရပါသည်။ အချိန်ကြန့်ကြာမှုအားလည်းကောင်း၊ အပိုင်း ထပ်မံခွဲမှုကြောင့်လည်းကောင်း အနူးအညွတ်တောင်းပန်အပ်ပါသည်။ အပိုင်း (၃) တွင် အဆုံးသတ်ဖြစ်အောင် ကြိုးစားမည်ဖြစ်ပြီး ရက်မခြားဘဲ ဆက်တိုက် တင်ပေးနိုင်အောင်လည်း ကြိုးစားမည်ဖြစ်ကြောင်း ပန်ကြားအပ်ပါသည်။@@@

ချစ်ခြင်းမေတ္တာဖြင့်

ရွှေအိမ်စည်
15.11.2012
PM:10:00

9 comments:

  1. ကိုကိုး အိမ်December 26, 2012 at 12:28 AM

    တကယ် လေးလေးနက်နက်ဖတ်ပြီး စာရေးသူတစ်ယောက်ချင်းစီရဲ့ ပေးချင်တဲ့ရသနဲ့ မက်ဆေ့ခ်ျကို စူးစူးရှရှ ဝင်ရောက်တွေးတောပြီး ဂရုတစိုက်ရေးထားတဲ့အတွက် ဖတ်ထားပြီးဖြစ်ပေမယ့် မတွေးမိသေးတဲ့အတွေးတွေကို တွေးမိရပါတယ်... ဝါကျအထားအသိုနဲ့ အစီအစဉ်တကျဖော်ပြတာလေးအရမ်းကောင်းပါတယ်... ခံစားမှူ့အားကောင်းတဲ့သူတွေကို ဖန်တီးသူဖြစ်စေချင်ပါတယ်... ခံစားခြင်းဆိုတာတစ်ယောက်တည်းဆီမှာ မြုံသိပ်သွားခြင်းဖြစ်ပြီး ဖန်တီးခြင်းဆိုတာကတော့ အခြားသူတွေကို ပြန်လည်ခံစားစေခြင်း ဖြစ်တဲ့အတွက် မိမိရဲ့ရင်ထဲမှာ အမှန်တကယ်ဖြစ်တည်လာတဲ့ခံစားချက်ကို ရေးသားခြင်းဟာ တကယ့်ရသအစစ်တွေကိုဖြစ်လာစေပါတယ်... အမရွှေအိမ်စည်လည်း ခံစားမှုအားကောင်းသူဖြစ်တဲ့အတွက် အမဖန်တီးမယ့် အသစ်အသစ်သော ရသတွေကိုလည်း ခံစားချင်ပါတယ်...... နောက်ထပ်များရှိရင်လည်း Tag ပေးပါ... အခုလို Tag ပေးတဲ့အတွက်လည်းကျေးဇူးပါခင်ဗျာ.

    ReplyDelete
  2. ဒီတစ်ပိုင်းမှာလည်း ထဲထဲဝင်ဝင် ခံစား၊ သုံးသပ်ထားတာတွေ ဖတ်ရလို့ ကျေနပ်စရာပါပဲ၊ စာတစ်ပုဒ်ချင်းစီကို စာဖတ်သူ တစ်ယောက်နေရာက လိုက်ပါခံစားပုံက တကယ်ပဲ စူးစူးနစ်နစ် ရှိလွန်းလှပါတယ် မသူသူဟန်...၊ အပိုင်း ခွဲရတာတွေ အတွက်လည်း စနိုးစနောင့် မဖြစ်ပါနဲ့ဗျာ၊ နုသစ်လတ်ဆတ်တဲ့ အတွေးအမြင် အညွန့်စိမ်းစိမ်းလေးတွေ ဖတ်ရမှာကို သိနေတဲ့နောက်တော့ တောင်တက်နှေးတာကို ယိုးမယ်ဖွဲ့စရာ အကြောင်းမှ မရှိတာပဲလေ...နော။ :)

    ReplyDelete
  3. စောင့်ဖတ်နေပါတယ်....မရွှေအိမ်စည်..

    ReplyDelete
  4. လေးလေးနက်နက် ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ရှေ့ဆက်ရေးဖြစ်မယ့် စာတွေအတွက်လည်း ပိုပြီးကြိုးစားအားစိုက်ဖို့ စိတ်ခွန်အားတွေ ရစေပါတယ်။ နောက်အပိုင်းလေးတွေလည်း စောင့်မျှော်နေပါတယ်။

    ReplyDelete
  5. သတိုး သတိုးDecember 26, 2012 at 12:30 AM

    စောင့်ဖတ်နေပါတယ်ဗျး))

    ReplyDelete
  6. ခံစားမိသမျှ အချက်ကျကျနဲ့ ရေးထားတာ ဖတ်ရသူစိတ်ထဲ တသိမ့်သိမ့်နဲ့ နှစ်သက်မှုကို ဖြစ်စေပါတယ် ညီမလေးရေ..
    အားထုတ်မှု၊ စေတနာကို အသိအမှတ်မပြုပဲ မနေနိုင်ပါဘူး..
    တတိပိုင်းကိုလည်း စိတ်လက်ရှည်စွာ စောင့်မျှော်နေလျှက်ပါရှင်..

    ReplyDelete
  7. ဏီလင်း ညိုDecember 26, 2012 at 12:30 AM

    အပေါ်က ညီအစ်ကိုမောင်နှမတွေ ပြောသွားသလိုပါပဲ မရွှေအိမ်စည်။ ဒီလိုမျိုးလေးတွေ ရေးထားတာကို ဖတ်ရှုခွင့်ရလို့ ၀မ်းလည်းသာသလို၊ စာတွေဆက်ရေးဖို့အတွက်လည်း အားအသစ်တွေ ဖြစ်ရမိပါတယ်...။ ကျေးဇူးလည်းတင်ပါတယ်...။ ကျန်တဲ့ အပိုင်းကိုလည်း အခြားမောင်နှမတွေနဲ့ထပ်တူ... မျှော်လင့်စောင့်စားလျှက်ပါခင်ဗျာ...:)

    ReplyDelete
  8. မရွှေအိမ်စည် ရေးထားတာလေးကို အပေါ်က ညီအကိုမောင်နှမတွေ ပေးထားတဲ့ ကော်မန့်လေးတွေနဲ့တူတူ ပါပဲ အားပေးနေပါတယ်..ထပ်မံပြီးတော့လည်း ကျေးဇူးတင်ရှိပါတယ်..:)

    ReplyDelete
  9. ဆရာမရွှေအိမ်စည်ရေ.....အရေးအသားတွေကညက်နေတာပဲ။စာတွေပြန်ရေးတော့လေ။

    ReplyDelete