Saturday, November 24, 2012

ကြိုးကြာငှက်တို့အိပ်တန်းပြန်ချိန်




(၁)
အပြာရောင်မိုးကောင်ကင်၏ တိမ်စိုင်တိမ်လိပ်တို့အကြား အုပ်စုဖွဲ့ပျံသန်းနေသော ကြိုးကြာငှက် တို့ကို   မြင်ဖူး ပါသလား.........။
နိမ့်နိမ့်လေးးပျံသန်းခြင်းမရှိကြ....ဟိုးးးအမြင့်ဆုံးထိ ပျံသန်းကြသည်။
ေ ၀း နို င် သ မျှ   အ ဝေး ဆုံး အ ထိ ပျံ သန်း ကြ သည် ။
ထိုကြိုးကြာငှက်များ၏ အိမ်အပြန်သည်.........................။

(၂)

”ဘ၀မှာ ငွေဟာအရေးကြီးဆုံးလား ”
ဒီအမေးစကားကို ပြန်ဖြေဖို့အတွက် ကျွန်မတုံ့နှေးနေသည်။ မေတ္တာတရား၊ ကိုယ်ကျင့်သိက္ခာ၊ မိသားစုဘ၀ အစရှိသည့်အရာတွေနှင့် ချင့်တွက်ရလျှင်တော့ ငွေစက္ကူဆိုတာ သိပ်အဖိုးတန်လှသည့်အရာမှ မဟုတ်ပေပဲ။ ဒါပေမယ့် လက်ရှိသူရောက်ရှိနေသည့် အနေအထား၊ သူနှင့်ကျွန်မ တွေ့ဆုံနေရသည့်နေရာ၊ မျက်မှောက်   ခေတ် လူမှုရှင်သန်ရေးဘ၀........ဒီအရာတွေအတွက် ဖြေစရာစကားတို့  ဆွံ့အနေသည်။

ဟင့်အင်
ဟုဖြေရမည်လား
အင်း ဟုဖြေရမည်လား
သေချာသည်မှာ ထိုမေးခွန်းသည် Yes or No ဖြေ၍မရပါ။

သူသည်ပျံသန်းနေဆဲ ငှက်ငယ်တစ်ကောင်ဖြစ်ပါသည်။ မူလဌာနေမှ မြင့်သထက်မြင့်အောင် ပျံသန်းရင်း
အိပ်တန်းနှင့် ဝေးသထက်ဝေးလာနေဆဲလည်း ဖြစ်ပါသည်။ သူ့၌ လူငယ်တစ်ယောက်၏ အားမာန်တွေ ရှိသည် ။ယုံကြည်ချက်တွေရှိသည်။ ဇွဲသတ္တိတွေ ရှိသည်။ အတောင်ညောင်း၍ ညည်းညူသံ မကြားရသော် လည်း မုန်တိုင်းဒဏ်ကြောင့် နာကျင်ရလျှင်မူ သူ့အသံတို့အားပျော့တတ်သည်။ သို့တိုင် ငိုညည်းသံ ဟူ၍   တော့ ထွက်အံ ကျမလာတတ်။

သူတို့အရွယ်က မက်ခဲ့ဖူးသောအိပ်မက်များအတွက် လူငယ်တွေကို ကျွန်မကိုယ်ချင်းစာနာပါသည်။ ကျွန်မ သည်ကော ဘာရခဲ့ပြီလဲ။ ဘာတွေများအောင်မြင်ခဲ့ပြီလဲ။ ယနေ့တိုင်ရုန်းကန်မှု သံသရာဝဲဂယက် အတွင်း ကနေ နစ်မြုပ်မသွားစေဖို့ ယက်ကန်ယက်ကန် ကူးခတ်နေဆဲပင်။

”ဘ ၀ ဆို တာ တိုက် ပွဲ ” တဲ့

အမှန်တကယ်ပင် တိုက်ပွဲတစ်ခုဆိုလျှင်တော့ ကျွန်မတို့နိုင်အောင် တိုက်ကြရပါမည်။ ကျွန်မ၏ စာသင်သည့် သက်တမ်းတလျှောက် လူငယ်များစွာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်မှာ ဆယ်စုနှစ်တစ်ခု  ပြည့်တော့မည်။ လူမှုရေးအရသော်လည်းကောင်း၊ လုပ်ငန်းတာဝန်အရသော်လည်းကောင်း လူငယ်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရ သည်။ တော်သောကလေး၊ ညံ့သောကလေး၊ လိမ္မာသောကလေး၊ ဆိုးသောကလေး စသည်ဖြင့်  အမျိုးမျိုး အဖုံဖုံပင်။ လိမ္မာယဉ်ကျေးသော လူငယ်များနှင့်တွေခဲ့ရလျှင်  ကျေနပ်ပီတိဖြစ်ခဲ့ရသလောက် မူးယစ်ဆေး စွဲနေသော ကလေးများနှင့်တွေ့ရလျှင် ကျွန်မရင်နာသည်။ ချစ်ရေးချစ်ရာလာတိုင်ပင်လျှင် ကျွန်မဒေါသ ထွက်ချင်သည်။ ငွေကို ရေလိုသုံးတာမြင်ရလျှင် ကျွန်မပင့်သက်ချချင်သည်။ ရည်မှန်းချက်၊ ဖြစ်ချင်တဲ့ ဆန္ဒ ဟူ၍ မည်မည်ရရ မရှိလှသော လူငယ်များနှင့်တွေ့ရလျှင်  ကျွန်မ စိတ်မကောင်းပါ။ ဘ၀ဆိုတာ
အဲဒီ့လောက်ပေါ့တန်ပါရဲ့လား။

သို့သော် ...ကျွန်မထင်သလောက်သူတို့ မဆိုးရွားကြသေးပါ။ ဟိုးး အတွင်းအဇ္ဈတ္တထဲမှာတော့ လှပသည့် အိမ်မက်လေးတွေ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြစမြဲပင်။ ဒီအိမ်မက်တွေ အကောင်အထည်ဖော်ဖြစ်၊ မဖော်ဖြစ်... ဒီအရာတွေမှာပင် သူတို့လေးတွေ၏ ဘ၀တွေအမျိုးမျိုး အဖုံဖုံကွဲပြားသွားကြလေသည်။   သေချာတာက လူငယ်တိုင်းမှာ မျှော်လင့်ချက်ရောင်ခြည်တွေ ရစ်သန်းနေစမြဲပင် ဖြစ်သည်။

(၃)

သူ့လိုပင် လူငယ်လေးများစွာနှင့် စကားပြောဆိုမိတိုင်း၊ သူတို့တွေ၏ တစ်ခါတရံထွက်အံကျလာတတ်သော ရင်ဖွင့်သံများကို ကြားခဲ့ရတိုင်း သူတို့ခံစားချက်များကို  နားလည်ခံစားနိုင်ခဲ့ပါသည်။ အမိ၊ အဘရင်ခွင်နှင့်   ဝေးရာ၊ အမိမြေနှင့်ဝေးရာ သူစိမ်းတရံတို့အလယ်မှာ သူတို့ဘယ်လိုရှင်သန်နေကြရပါလိမ့်။ ဘ၀ကိုမြင့်သ ထက်မြင့်အောင် တည်ဆောက်ချင်လိုစိတ်နှင့် အဝေးသို့ ပျံသန်းလာခဲ့ကြပြီ။ ရုပ်ဝတ္တုပစ္စည်းအရပြည့်စုံ   ကောင်းပြည့်စုံမည်ဖြစ်သော်လည်း စိတ်ဒဏ်ရာတွေတော့အနည်းနှင့်အများရှိကြပါလိမ့်မည်။ Home sick ဆိုသည့်အိမ်လွမ်းဒဏ်ရာသည် အင်တာနက်အကူအညီနှင့် ကွန်ပြူတာဖန်သားပြင်ထက်   တွေ့ဆုံခွင့်ရ သည့်တိုင် အပြည့်အ၀ ကုစား၍မရနိုင်ကြောင်း ကျွန်မနားလည်ပါသည်။ မီးစိမ်းလေးတွေ၊ မီးနီလေးတွေ လင်းနေကြသည့် သူတို့နာမည်များနှင့်တွဲရက် Custom message များက ကျွန်မရင်ကိုထိရှစေသည်။

”အိမ်ပြန်ချင်တယ်” ”အမေ့ကိုလွမ်းတယ်” ”၀က်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်”
”မေမေနဲ့စကားပြောနေပါတယ်” ”မိန်းမနဲ့ဗိုက်ထဲကဟာလေးကိုလွမ်းတယ်”
”သမီးလေးကိုသတိရတယ်”
...............................
......................................

တချို့သောစာသားလေးတွေက ပြုံးချင်စရာလေးတွေပေမယ့် ကျွန်မမပြုံးနိုင်ခဲ့ပါ။ ဒီနေရာမှာ သူတို့စိတ်တွေ ကို ဖောက်ခွဲ၍ရသည်။ ဒီနေရာမှာပင် ငိုချင်းချချင်လည်းချနိုင်သည်။ နောက်ပြောင်၍လည်း နေချင်နေမည်။ ဘာပဲဖြစ်ဖြစ် လူငယ်ဆိုသည်မှာ နာကျင်ကြေကွဲစရာတွေကို ကြာရှည်မြိုသိပ် မထားဘဲ   ဖြေလျော့ပစ်နိုင် သည့်  အစွမ်းသတ္တိတော့လည်း ရှိတတ်ကြပါသည်။

သူတို့ရဲ့ မပြီးဆုံးသေးသော ဘ၀ရည်မှန်းချက်အတွက်၊ သူတို့ရဲ့ မပြည့်ဝသေးသော စိတ်ဆန္ဒတွေအတွက်
မြင့်သထက်မြင့်အောင် ပျံသန်းနေရင်း အိပ်တန်းကတော့ ဟိုး....ဝေး ဝေး မှာကျန်ခဲ့ပြီ။ ပျပျတောင် မမြင် ရတော့သော အသိုက်မြုံအတွက် သူတို့လေးတွေ၏ ရင်ထဲမှာအလွမ်းတို့ နင့်နင့်သဲသဲ ကိုယ်စီပင်။ ”မိသားစု” ဆိုသည့်စကားလုံးသုံးလုံးဖြင့်ဖွဲ့စည်းအပ်သောစကားစုလေးအတွက် ပေးဆပ်လိုက်ရသော ခံစားချက်တွေ က ကုဋေကုဋာမကပင်။ မိသားစုကိုတမ်းတသော်လည်း မပြန်နိုင်သေးသော ဘ၀အခြေအနေအတွက်
မျက်ရည်သော်လည်း ရင်ထဲမှာတော့ ငိုနေနိုင်ပါသည်။

”ထိုက်သင့်သလောက် ငွေနဲ့ရောဘ၀ရပ်တည်လို့မရဘူးလား”
”အေးအေးဆေးဆေးပဲ ရွာပြန်နေချင်တယ်”

ကျွန်မ စောဒကတက်စရာစကားမရှိပါ။ မွန်းကျပ်ပိတ်လှောင်သော လူနေမှုစနစ်တို့ကြား၊ မတူညီခြားနားတဲ့   နေရာမှာ ပင်ပန်းစွာရုန်းကန်နေရတဲ့အကြားမှပေါက်ကွဲလွင့်စင် ထွက်လာသော ခံစားချက်အချို့သာ ဖြစ် ပါ သည်။ “တစ်ခုလိုချင် တစ်ခုပေးရမည်”ဖစ်ကြောင်း သူမသိရှိဘဲ မနေပါ။ မြို့ပြဟာ တစ်ကိုယ်ကောင်း ဆန် အတ္တစိတ်တွေကိုသာ မွေးဖွားပေးစေတတ်ကြောင်း သူမသိဘဲမနေပါ။ ရုပ်ဝတ္တုပစ္စည်း တိုးတက်လာ တာနဲ့အမျှ လူသားချင်းစာနာထောက်ထားမှုတွေ ခေါင်းပါးလာတတ်ကြောင်း၊ မေတ္တာတရားတွေပျောက်ဆုံး   နေတတ်ကြောင်း သူအပြည့်အ၀ သိရှိပါလိမ့်မည်။
သူ စွန့်  ခွာ နိုင် ပါ ရဲ့ လား ........။

သူ့ကိုလူတစ်ယောက်ရဲ့ရှိသင့်ရှိထိုက်တဲ့ တာဝန်ဝတ္တရားတွေအကြောင်း အနည်းငယ်တော့ ပြောပြဖြစ်ခဲ့ သည်။ ဘယ်သူ့အတွက်၊ ဘာအတွက်ဆိုတာတွေထက် ဖြစ်တည်လာတဲ့ဘ၀မှာ အကောင်းဆုံးဖြစ်အောင်
ကြိုးစားခြင်းသည်သာ ဘ၀ဖြစ်ကြောင်းသူကလေးသိရှိဖို့တော့လိုပါမည်။ ငွေကြေးဆိုတာတွေထက် အသိုက် အမြုံကိုပိုမိုတည်တံ့ခိုင်မြဲအောင် မိမိတည်ဆောက်နေကြောင်းသာ  မှတ်ယူထားလိုက်ဖို့။ သူအိမ်ပြန်ချင်နေ   ပြီလား။   အမိမြေ၏ ရေကိုသူတမ်းတမိလိမ့်မည်။ အမိမြေ၏လေကိုလည်း ရှုရှိုက်ချင်ပေလိမ့်မည်။ မိခင် ရင်ခွင်ထက် ခေါင်းဝှေ့၍လည်း ချွဲနွဲ့ချင်ပေလိမ့်မည်။ နွေးထွေးလုံခြုံသော မိသားစုအရိပ်အတွက် သူ့ရင်မှာ  ဒဏ်ရာတွေ ရှိကောင်းရှိနေနိုင်ပါသည်။ သို့သော် သူသည်အမောများကို ရယ်မောလွှင့်ပစ်နိုင်သော အစွမ်းသတ္တိကို  ပိုင်ဆိုင်ထားပါသည်။

(၄)

လူငယ်တွေသည် ကျွန်မထင်ထားတာထက်ပင် ဇွဲသတ္တိတွေရှိနေကြပါသည်။ အားမာန်တွေလည်း ရှိတတ်  ကြသည်။ သူတို့ရဲ့ဘ၀ကိုအလှပဆုံးထုဆစ်ဖို့၊ သူတို့ရည်မှန်းချက်တွေကို တတ်နိုင်သမျှ ဖော်ဆောင်ဖို့ ယုံကြည်ချက်တွေလည်းရှိနေကြပါသည်။ ငွေကြေးနှင့်တိုင်းတာ၍ မည်သည့်အရာကမှ ပြည့်ဝသည်ဟု အတိအကျပြော၍မရသော်လည်း ဘ၀တစ်ခုရှင်သန်ဖို့ စားဝတ်နေရေးပြည့်စုံမှတော့ ဖြစ်မည်ဖြစ်ကြောင်း
သူ့ကိုအလျဉ်းသင့်လျှင် ပြောပြပေးခဲ့သည်။

ကိုယ်ပိုင်ဘ၀တစ်ခုကိုထူထောင်ဖို့ဆိုလျှင် ကိုယ့်ရဲ့next generation များအထိစဉ်းစားပေးဖို့လိုအပ်ကြောင်း
ပြောဖြစ်ခိုက်သူတစ်ခဏတော့ ငြိမ်သက်သွားခဲ့သည်။ ကျွန်မ မမြင်နိုင်သော တခြားဘက်အခြမ်းမှာ သူ့သွင်   ပြင်မည့်သို့ရှိနေမည်ကို မသိရှိနိုင်သော်လည်း သူ့စိတ်ကူးထဲကိုတော့မှန်းဆမိသလိုပင်။ သူ့အတွေးပုံရိပ် ထဲမှာသူ့ချစ်ရသူကောင်မလေးနှင့်တွေ့ကောင်းတွေ့နေမည်။ ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲကြီးလည်း  ကျင်းပကောင်းကျင်းပနေမည် (သို့) သူ့ကောင်မလေးအားဆွတ်ပျံ့စွာ လွမ်းချင်လည်း လွမ်းနေနိုင်ပါသည်။ မွန်းကျပ်လှောင်ပိတ်မှုများကြား တစ်ခဏတော့ သူပျော်နေနိုင်ပါစေ.....။

လူငယ်တွေရဲ့ ရင်ဘတ်ထဲမှာ ဘာတွေရှိနေနိုင်မလဲ ။သဘာဝတရားက အရောင်မဆိုးသရွေ့ဖြူစင်မှုတွေ
ကိုယ်စီရှိကြသည်ပင်။ အရာရာကို စူးစမ်းချင်သည်။ တိုက်ပွဲတွေကို တိုက်ကြည့်ချင်သည်။ အမြင့်ဆုံးရောက်   အောင် ကြိုးစားချင်သည်။ တက်ကြွမှုတွေ အပြည့်နှင့်ဇွဲသတ္တိတွေတော့ ရှိကြသားပင်။ တစ်ချို့က ပညာအတွက်၊ တစ်ချို့ကအသပြာအတွက်၊ တစ်ချို့ကဘ၀ရပ်တည်မှုအတွက်.........................။

အင်တာနက်စာမျက်နှာများထက်မှ အိမ်လွမ်းခြင်းအကြောင်းရေးဖွဲ့ကြသော ကဗျာများ၊ အိမ်လွမ်းခြင်းအ   ကြောင်း ဖွဲ့ဆိုကြသော blog များကို မြင်တွေ့ရသည့်အခါတိုင်း ကျွန်မရင်တွေတစစ်စစ်နာကျင်မိပါ သည်။ လွယ်လင့်တကူ comment မပေးမိဖို့၊ တစ်ခါတရံရိုးစင်း၍ကလေးဆန်သောအဖွဲ့အနွဲ့ကလေးများကို မပြုံးမိစေဖို့ ကြိုးစားရင်း သူတို့ရင်ထဲကအလွမ်းဒဏ်ရာကို ထပ်တူခံစားနိုင်ခဲ့သည်။ ဝေးကွာခြင်းဟူသည်
ကိုယ်တိုင်ဖန်တီးခဲ့သော ဘ၀ဖြစ်သည့်တိုင် သူတို့ရွေးချယ်ခဲ့သည်မှာ တစ်ကိုယ်ရည် အတ္တအတွက်တော့ မဖြစ်နိုင်လှပါ။ မိသားစုအတွက် ဟူသည့်ခေါင်းစဉ်အောက်မှ သားတစ်ယောက်တာဝန်၊ သမီးတစ်ယောက် တာဝန်၊ ခင်ပွန်းတစ်ယောက်တာဝန်၊ အကိုကြီးတာဝန်၊ အစ်မကြီးတာဝန်.....စသဖြင့် မေတ္တာတရားက   ပေးသော   တာဝန်တွေကြားမှာ သူတို့နစ်မြုပ်ရင်း ရုန်းကန်နေကြရပါသည်။

သူတို့ငြီးငြူနေကြသည်လား..။ မိသားစုနှင့် ချစ်ခင်သူများနှင့်ခေတ္တခဏတွေ့ရခိုက်ဖြစ်သော ကွန်ပြူတာ  ဖန်သားပြင်ထက်တွင်တော့ ပြုံးပြနေကြမြဲပင်။ စိုးရိမ်ပူပန်သောစကားများ၊ နွေးထွးသော မေတ္တာတွေ   ပျော်ဝင်နေသည့်စာသားများ၊ ထိတွေ့ဖမ်းဆုပ်၍မရသော အကြည့်များဖလှယ်၍ တဒင်္ဂအခိုက် အတန့် တော့  သူတို့ပျော်ရွှင်ကြပါသည်။ နီးခြင်း....ဝေးခြင်းက မေတ္တာကို ကန့်သတ်၍ ရနိုင်ပါရဲ့လား။ ရောက်ရှိ   နေသည့်နေရာမှ အခက်အခဲများ၊ မွန်းကျပ်မှုများကို ကြံ့ကြံ့ခံရင်း အားမာန်တွေတင်းလျှက်
ရွှေရောင်အနာဂတ်ကိုရမ်းရော်မှန်းဆရင်း........သူ တို့ ရှင် သန် နေ ကြ ပါ သည်


(၅)



ဟော................ကြိုးကြာငှက်တွေ အုပ်စုဖွဲ့ပျံသန်းနေကြပြီ။
ဝေဟင်ဝယ် အားနဲ့မာန်နဲ့ တောင်ပံတွေ တဖျတ်ဖျတ်ခတ် ။ကြည့်နေရင်းက တဖြေးဖြေးဝေး၍လာသည်။ ဟိုးးးအမြင့်ထက် တိမ်စိုင်တိမ်လိပ်များထက် တိုးဝင်ပျံသန်းသွားကြသည်။
မည်သည့်နေရာမှာ အဆုံးသတ်မည်လဲ..........
ဘယ်သောအခါ အိပ်တန်းပြန်မည်လဲ............
မည်မျှလောက်ဝေးကွာမည်လဲ....................
ကြိုးကြာငှက်တို့ကတော့ မလျှော့သောဇွဲလုံ့လ..သတ္တိတို့ဖြင့် မိုင် ပေါင်း ထောင် ချီ ပျံ သန်း နေ ဆဲ ပင် ။
ထိုကြိုးကြာငှက်များ၏ အိမ်အပြန်သည်.................။            ။



ရွှေအိမ်စည်

6 comments:

  1. မွန်းကျပ်မှုကိုကြံ့ကြံ့ခဲတဲ့သူတွေထဲမှာ အမလဲပါတယ်
    အေတွးကောင်းအရေးကောင်းပါ

    ReplyDelete
  2. ကျေးဇူးပါ မမ
    အားပေးတဲ့ အတွက်ပါ

    ReplyDelete
  3. ရင်ထဲ အလွယ်တကူရောက်ရှိသွားစေတဲ့ အရေးအသားတွေပါ ။

    အများကြီး ဆက်လက် မျှော်လင့်နေမယ်ဗျာ ။

    ဒီလက်ရာတွေဟာ တစ်ချိန်မှာ မြန်မာစာပေလောကထဲ

    နေရာတစ်ခု အခိုင်အမာ ရရှိစေမယ်လို့

    ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်နေပါတယ် ။

    ဆက်လက်ထုဆစ်နိုင်ပါစေ ။

    ReplyDelete
  4. ကြိုးကြာငှက်တွေကို အုံလိုက်ကျင်းလိုက် အဝေးကြီးမှာ ရောက်နေစေတဲ့ အကြောင်းချင်းရာတွေထဲမှာ ကမ္ဘာဟာ ရွာကြီးတစ်ရွာ ဖြစ်လာလို့ပါ ဆိုတာထက် ပိုတဲ့ အကြောင်းပြချက်တွေ ကောင်းကောင်းရှိနေမှာပါ...၊

    ရေနောက်ချင်လည်း နောက်မယ်၊ မြက်ရင့်ချင်လည်း ရင့်မယ်..၊ ဒါပေမယ့် ချည်တိုင်ဖြစ်ခဲ့ဖူးရာ နေရာလေးကိုပဲ လူငယ်တို့ရဲ့ နှလုံးသားတွေက တဝဲလည်လည် ဖြစ်နေမှာ အသေအချာပါ၊ မျက်မှောက်ကင်းဗတ်ပေါ်ကို ရသစုတ်တံ ခပ်စိပ်စိပ်၊ ခပ်သွက်သွက်နဲ့ ခြယ်မှုန်းထားတဲ့ အက်ဆေးလေးမို့ နှစ်သက်သဘောကျစွာနဲ့ ဖတ်သွားပါတယ် မရွှေအိမ်စည်...။

    ReplyDelete
  5. ကိုညီလင်းနိုင် >>> စာတွေဆက်ရေးနိုင်ဖို့ အင်အားတွေ အများကြီးရလိုက်တယ်ရှင်.....
    ကျေးဇူးတင်တယ်ဆိုတဲ့ စကားလေးကိုပဲ ပြောပါရစေ :))))

    ကိုညီလင်းသစ် >>> အားကျရတဲ့ role model စာရေးဆရာတစ်ယောက်က လာအားပေးတာ အရမ်းဝမ်းသာတယ်ရှင့်
    ကျေးဇူးပါ ကိုညီ :))

    ReplyDelete
  6. မျှားပြာSeptember 11, 2013 at 4:25 AM

    ဆရာမရဲ့ကြိုးကြာငှက်တွေ အိမ်အပြန်လှပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ... အဆင်ပြေပါစေ။။

    ReplyDelete