Tuesday, December 25, 2012

ရသမျှဝေခံစားမှု (ပန်းရိုင်းအကြွေ လေပြည်အပင့် )


ပန်းရိုင်းအကြွေ လေပြည်အပင့်

*ချစ်ကြည်အေး
ရတီမဂ္ဂဇင်း (ဒီဇင်ဘာ ၂၀၁၂)
Blog Link: http://www.chitkyiaye.com/


ရေးသားဟန်ဆွဲဆောင်မှုရှိသော၊ အတွေးအမြင်လှသည့် ၀တ္တုတိုလေးတစ်ပုဒ်ကို ညွှန်းဆိုချင်ပါသည်။

ပကာသနကို မနှစ်သက်သော၊ အပေါ်ယံဟန်ဆောင်မှုကို မလိုလားသော၊ စိတ်ဆန္ဒကို အရှိအတိုင်း စီးမျော တတ်သော မိန်းမပျိုလေးတစ်ယောက်အကြောင်း ဖြစ်သည်။ ဇာတ်ကြောင်းနှင့် အဖြစ်အပျက် မှာ ဖြစ်လေ့ ရှိသည့် သမားရိုးကျအကြောင်းအရာမျိုးပင်။ သို့သော် ဇာတ်ကောင် `ငွေ´၏ စိတ်ခံစားမှု အနိမ့်အမြင့် အတက်အကျကို ငွေ့ ဘ၀နှင့် ယှဉ်တွဲဖော်ပြရေးသွားသည့် အတတ်ပညာမှာ နှစ်သက်စရာကောင်းလှသည်။ `ငွေ´ ကို ဖတ်နေရင်း သတိတရရှိမိသည်မှာ ဒဂုန်တာရာ၏ `မြိုင်´ ပင်။ ပုံစံတူမဟုတ်ပေမယ့် စိတ်ခံစားမှု အနိမ့်အမြင့် အတက်အကျကို ပေါ်လွင်အောင်ဖော်ပြထားသော နှစ်သက်ဖွယ်ကို ခံစားရနေသောကြောင့် ပင်။ ငွေသည် မချိုသာသော မိန်းကလေးတစ်ယောက်ဟု ဆိုလျှင်ရသည်။ သို့သော်ငွေ သည် ရိုင်းစိုင်းသူတော့ မဟုတ်ပါ။ ငွေ့ ပင်ကိုစိတ်ရင်းသည် ပကတိအဖြောင့်အတိုင်း ရိုးရှင်းစွာ တည်ရှိနေသည်။ ဒါကို အဆင် လှလှတွေနှင့် တန်ဆာဆင်မွမ်းမံရန် ငွေ့ ခမျာမတတ်နိုင်ရှာခဲ့ပါ။

`ရှေ့တွင် ချိုသာနေသလောက် ကွယ်ရာကျတော့ စကားတင်းဆိုတတ်သည်မှာ လူ့သဘာဝဟုဆိုလျှင် ထို လူ့သဘာဝနှင့် ငွေ သည် လုံးလုံးမှ အံမ၀င်။ သိမ်မွေ့ညင်သာဟန်ရှိလျှက် အမျက်သိုမှီးထား တတ်သော၊   ဒေါသတို့ကို မျိုချထားကာ ရေခပ်ကြုံမှ ပြန်တွယ်တတ်သော ပညာရှိများနှင့် ယှဉ်လျှင် ငွေ က အမြဲလူဆိုး တစ်ယောက်ဖြစ်လေသည်။´

ငွေ့ အဘိဓမ္မာက ထိုသို့ပင်။ ပကတိအရှိတရားကို နှစ်သက်သော ငွေ ကို ချပြကာ စာရေးဆရာက လောက ၏ စည်း၊ ကနား၊ ဘောင် အကန့်အသတ်၊ ယဉ်ကျေးမှုတို့ကို မသိမသာ ခပ်ပါးပါးတင်ပြသွားခဲ့သည်။ ငွေ သည် ပကတိတရား၏ ပြယုဂ်ပေလား။ လူမှုအဖွဲ့အစည်း၏ ကူးလူးဆက်ဆံမှုဝဲဂယက်တွင်တော့ ငွေ သည် အရိုင်းတစ်ဦးသာ ဖြစ်ပါသည်။

ထိုသို့သော ငွေ သည် တရားစခန်းတစ်ခုကို ၀င်ဖြစ်ရာမှ စိတ်၏ ရုန်းကန်လှုပ်ရှားမှု၊ လွင့်မျောချင်ရာ လွင့်မျောမှု၊ အကွပ်မဲ့ပရမ်းပတာဖြစ်မှုတို့ကို နားလည်လာသည်။ နောက်များ တွင်   အတော်အတန် ထိန်းချုပ်နိုင်ကာ တရား၏စိတ်နှလုံးအေးချမ်းမှုကို သိရှိခံစားခဲ့ရဖူး၍ တရားစခန်းများသို့ မကြာခဏ၀င်ဖြစ် ခဲ့သည်။  သို့သော် ဘုန်းတော်ကြီးမှ တစ်မဂ် တစ်ဖိုလ် ပေါက် အားထုတ်ရန် မိန့်တော်မူသည်ကိုပင် ငြင်းဆန် တုံ့ပြန်ချင်သော ငွေ့ စိတ်ဆန္ဒကို ရေးသားထားပုံက သဘောကျစရာပင်။

`ငွေ က ကျတော့ အမိုက်ပီပီ ပုထုဇဉ်ဆိုသော ဥမ္မာတကော ဘ၀မှာ မွေ့နေချင်သေးသူ   ဖြစ်လျှက်လောကဓံ ဆိုသည်ကို မြည်းစမ်းနေချင်သေးသူသာ ဖြစ်လေသည်´

လောကဓံကို မြည်းစမ်းကြည့်ချင်နေသော ငွေ သည် လောကဓံဟု သူ ထင်ရသော အချစ်တို့ကိုသာ   မြည်း စမ်း  ကြည့်ဖြစ် ခဲ့သည်။ ပကတိတရားနှင့် ဆက်ရှိမြဲ၊ နေမြဲ ငွေ သည် အချစ်တွေနှင့်လည်း သဟဇာတ မဖြစ် ခဲ့ပြန်ပါ။

`ငွေ့ ကို ဒီပုံစံအတိုင်း၊ အရှိအတိုင်း လက်ခံနိုင်ရင် ဆက်လျှောက်ကြတာပေါ့´

ထိုစကားလေးတစ်ခွန်း ဖော်ပြလိုက်ခြင်းဖြင့် ငွေ ၏ အဖြစ်သနစ်၊ စရိုက်၊ စိတ်ဓာတ်တို့ကို သိသာပေါ်လွင်စေ ခဲ့သည်။ တကယ်တော့ ငွေ သည် ပကတိတရားကို လက်ကိုင်ထား သည်  ဟုသာ ထင်မှတ်နေလျှက် မူလ စင်စစ်ကတော့ ချစ်ခြင်းမေတ္တာကို သေချာခံစားနားမလည်သေးတာသာ ဖြစ်သည်။ ငွေ ထားခဲ့သော ချစ်သူ များ ၏ အပြစ်အနာအဆာများကို တစစမြင်တွေ့ရင်းက ခပ်လွယ်လွယ် လက်တွဲဖြုတ်နိုင်ခဲ့သူ လည်း   ဖြစ်သည်။

ဓလေ့ထုံးတမ်းများနှင့် မီးမောင်းထိုးကြည့်လျှင် ငွေ့ အပြုအမူ၊ အတွေးအခေါ်တွေက ရင့်ရော်နေ မှာ   ဖြစ်ပေ မယ့် ငွေ ကတော့ ငွေ သည်ပဲလေ။ ရင်ခုန်လှုပ်ရှားမှု၊ စိတ်၏ သာယာရွေ့လျားမှုကို အရှိအတိုင်း လွင့်မျော ခွင့်ပေးနေသော  ငွေ သည် အချစ်ဆိုသည့်အရာကို သိရှိခံစားနားလည်ချင်သည်ကိုတော့ ကိုယ်တိုင် ၀န်ခံ ထားလေသည်။

`အချစ်သည် ဘ၀ကောင်းကင်ကြီးထဲမှ ကြယ် ကလေး တစ်လုံးမျှသာဟု ငွေက ထင်သည်။ သို့စေကာမူ ကြယ် မစုံသော ကောင်းကင်သည် မည်သို့မျှပြီးပြည့်စုံခြင်းမရှိနိုင်။ သို့သော် ငွေ သည် ကြယ်ကလေး   တွေထက် ဘ၀ကောင်းကင်ကြီး၏ အဓိပ္ပာယ်ကိုမှ သိချင်မိသည်´
ကြယ်ကလေးတွေလား၊ ဘ၀ကောင်းကင်ကြီးကိုလား..တစ်ခုခုကိုောတ့ သူမ သေသေချာချာ သိချင်လှ သည် ထင်သည်။ ဇာတ်ကောင် ငွေ သည် သီလရှင်ဝတ်လိုက်သေးသည်။ ဒါ သည် စိတ်ရူးပေါက်သလိုလုပ်သည်ဟု ထင်စရာရှိပေမယ့် တကယ်တော့ ငွေ သည် အဆီးအတားမဲ့လွှတ်ထားသော စိတ်ဒီရေများအတွင်းမှ ဘ၀ အဓိပ္ပာယ်ကို ရှာဖွေနေလိုခြင်းပင်။ သူ ရှာဖွေနေသည်က မျဉ်းဖြောင့်တစ်ကြောင်းတည်းမှသာ ဖြစ်ရာ ငွေ သည် ဥပုသ်သီတင်းသီလဆောက်တည်လိုက်၊ ပါတီတွင်ကခုန်ပျော်ပါးလိုက်ဖြစ်နေသည်။
ထိုသို့သော ငွေ သည် တစ်ကြိမ်မှာတော့ အချစ်ကိုစတင်မြည်းစမ်းမိပေပြီ။ သူနှင့် ၁၆ နှစ်တိတိကွာသော ကလေးတစ်ယောက်အဖေ တစ်ခုလပ်နှင့် ဖြစ်သည်။ ငွေ ၏ စိတ်ဓာတ်၊ လွင့်မျောမှု၊ တဲ့တိုးတွေအတွက် လူကြီးအရာနှင့် ချော့မော့အလိုလိုက်ကာ သိမ်သိမ်မွေ့မွေ့ချစ်ပြတတ်သော ထိုသူနှင့် ငွေ အရောင်ဟပ် မိသည်မှာ အံ့သြစ၇ာတော့ မကောင်းလှပါ။ အဆိုးမလေး ငွေ သည် ချစ်ခြင်းတရားကို သိရှိခံစားတတ်ချိန် မှစ၍ ပုံစံပြောင်းခဲ့လေပြီ။ ဒါကို ပေါ်လွင်အောင် ရေးသားဖော်ပြထားသည်။


` ငွေ ဆေးလိပ်မသောက်တော့။ ဖိနပ်ကို ဘယ်ညာယှဉ်၍ ညီညာစွာချွတ်ထားတတ်ပြီ။ မိန်းမဆန်စွာ က္ကနြေ္ဒ ရရလေးပြုံးရယ်နေတတ်ပြီ။ မေမေ့ဆီကနေ ဟင်းချက်နည်းတွေ စတင်သင်ယူနေခဲ့ပြီ။ အရင်ကလို အံဆွဲ များကို ခြေနှင့်ကန်ပြီး မပိတ်တော့။ ထဘီကို ခြေနှင့်ခတ်၍ ကွင်းလုံးပုံမထားတော့ဘဲ ခုတင်ခြေရင်းက တန်း ကလေးပေါ်မှာ သပ်ရပ်စွာလွှားတင်ထားတတ်ပြီ။ ယောကျာ်းရှပ်အင်္ကျီတွေကို မီးပူကျကျနန တိုက်တတ်   နေလေပြီ`
အချစ်၌ ပျော်ဝင်ကာ ယုံကြည်ကိုးစားလျှက် လောကဓံကို ရင်ဆိုင်ဖို့ အသင့်ရှိနေသော ငွေ့ကို လောကဓံက လှပခြင်းလက်ဆောင်တွေ မပေးအပ်ခဲ့ပါ။ သေချာသော ချစ်ခြင်းတရား တို့ ခိုင်မာစွာသိရှိပြီဆိုသည်မှ ငွေ့ ချစ်သူ ဦးဦး၏ ကင်းပြတ်ခဲ့ပြီးသော ပထမအိမ်ထောင်မှ လွတ်တဲ့ငါးကြီးသည်နှင့် ကြုံတွေ့လာရသောအခါ....။ သိမ်မွေ့သော ချစ်ခြင်းမေတ္တာတွင် လူမှုရေးစည်း၊ စဉ်းစားဆင်ခြင်ဥာဏ်၊ မိန်းမသားချင်း စာနာစိတ်က  ရော ယှက်လာသည်တွင် ငွေ တွေဝေရပြီ။ သည်နေရာတွင် အဆိုးမလေး၊ အရိုင်းမလေး ငွေ ၏ တဲ့တိုး တဇွတ်ထိုး ဆန်သောစိတ်တွင် ဖြူစင်သော အလှတရားကို လှစ်ကနဲမြင်ခွင့်ရလိုက်သည်။ ဇာတ်ကောင် ငွေ သည် ပကတိတရားပေါ်မှ မသွေဖယ်ဘဲ မြင့်မြတ်သော စိတ်အလှကို   ဖော်ကြူး သွားနိုင် ခဲ့သည်။

`ဦးဦး ကို ငွေ ချစ်ပေမယ့် ယောကျာ်းတစ်ယောက်ကို မိန်းမနှစ်ယောက်ယှဉ်လုရမှာ ငွေ ရှက်ပါသည်။........... ....................................................သို့သော် ဦးဦး နှင့် ဒီတစ်သက်လုံးဝေးကြဖို့ရာ အတွေးနဲ့တင် ရင်ထဲ ဆို့နင့်လာကာ တစ်ဖက်ကကြည့်တော့လည်း မမစိုးအပေါ် မိန်းမသားချင်း စာနာစိတ်လေး က ခေါင်းပြူထ လျှက် ရှိသည်။´
သောကမီးဗျာဝေလျှက်ဘုရားသမီးတော်အဖြစ်သို့ ဒုတိယအကြိမ် ငွေ တစ်ယောက် ခိုလှုံခဲ့ရပြန်ပါလေသည်။ ရင်တွင်းဗျာပါဒကို ပျောက်လိုပျောက်ငြား...ကိုယ် ရော စိတ်ပါ မနားတမ်း ခိုင်းစေမိသောအခါ   သောက   ကြောင့်    နွမ်းနယ်ခြုံးကျနေသော ခန္ဓာက ခံနိုင်ရည်မရှိတော့ပါ။ ထို့အတူ အတင်းမေ့ပျောက်ဖုံးဖိရသော စိတ်အလျဉ်ကလည်း တဖျပ်ဖျပ်လူးလျှက် မေ့ပျောက်ခြင်းငှာ မစွမ်းသာခဲ့။
ငွေ့ ကို သူ့မေမေက ပြန်လာခေါ်၍ ဘုရားသမီးတော်အဖြစ်မှ လောကီဇာတ်ထုပ်သို့ ပြန်လာခဲ့ရသည်။ အပြန် လမ်းတလျှောက်လုံးတွင် ငွေ့ အတွေးတွေသည် တနင့်တလျား။ စာရေးဆရာသည် ဟိုတစ်ဘက်ခြမ်းမှာ ရှိသော ဦးဦးနှင့် မမစိုး၏ အဖြစ်သနစ်တို့ကို ဖော်ပြမသွားတော့။ ငွေ့ အတွေးတွေနှင့်သာ ဇာတ်ကို အလှပ ဆုံး ပုံဖော်သွားလေသည်။

`ငွေ့ ဘ၀မှာ တစ်ခါမှ မရခဲ့ဖူးသော စိတ်ခံစားမှု၊ လူတစ်ယောက်အပေါ် ချစ်မြတ်နိုးမှု။ ငွေ တကယ်ပဲ ကြည်နူး ရပါသည်။ လူတစ်ယောက်အပေါ် မြတ်မြတ်နိုးနိုးနှင့် တစ်သက်လုံးချစ်သွားဖို့ဆိုတာ အတူနေကြရမှ မဟုတ်တာ´
တကယ်တော့ ချစ်ရသူကို လက်လွတ်ဆုံးရှုံးပေးလိုက်ခြင်းဟူသော ခံစားမှုသည် နာကျင်ကြေမွစရာပါပင်။ တစ်ဘက်က အသိအမှတ်ပြုလျှင် တော်သေးသည်။ သို့ပေမယ့် ငွေ သည် နာကျင်မှုကို အသာအယာ သပ် လျှက် လောကဓံကို ကြံ့ကြံ့ခံနိုင်သောစိတ်ရှိသည်။ ချစ်ခြင်းတရားကို မညစ်နွမ်းစေလိုသော စိတ် ရှိ သည်။ သူသိလိုသော ကြယ်ပွင့်လေး တစ်ပွင့်အကြောင်းသိခွင့်ရခဲ့ပြီ။ သူ လက်လွှတ်လိုက်သောအရာအတွက် သူ့ဘ ၀ကောင်းကင်ကတော့ ကြယ်မစုံဖြစ်နေမှာပင်။ ဒီလိုနေရာမှာ လွမ်းမောနာကျင်စရာတွေနှင့် အဆုံးသတ် ကြပေမယ့် ဇာတ်ကောင် ငွေ ၏ ခိုင်မာတည်ကြည်သောစိတ်၊ ဘ၀ကို ကြံ့ကြံ့ခံလိုသော အားမာန်၊ အကောင်း   မြင်ငြိမ်းချမ်းသော စိတ်နှလုံးအလှတို့က ဇတ်ြကို သိမ်မွေ့စွာ အဆုံးသတ်နိုင်ခဲ့သည်။
သူ့ ဦးဦး ပေးထားသော လက်သူကြွယ်မှာဝတ်ထားသည့် ပလက်တီနမ်လက်စွပ်ကို နှလုံးသားနှင့် ချည်နှောင် ၍ မြက်ပင်ရှည်ကြီးတွေရှိရာဆီ ပစ်ပေါက်လွှင့်ပစ်ခဲ့သည်။ ဒါက ငွေ့ ဆုံးဖြတ်ချက်ကို မီးမောင်းထိုး   ဖော်ပြ သွားခဲ့တာပင်။ ငွေ မသိနိုင်သော တခြားဘက်ခြမ်းတွင် ဦးဦးနှင့် မမစိုး အခြအနေမှာ တစ်မျိုးတမည် ရှိကောင်းလည်း ရှိနေနိုင်မည်။   ငွေ့အပေါ် ဖြူစင်သိမ်မွေ့စွာ ချစ်ခင်ခဲ့သော ဦးဦး သည် မည်သို့ ရှိမှာပါလိမ့်။ တကယ်တော့ မဖော်ပြခြင်းသည်ပင် ဇာတ်၏ အလှတရားဖြစ်သည်။ အခြေအနေကို အလုံးစုံသိကာ စွန့် လွှတ်  သည်ထက် မိမိဘာသာမှန်ကန်ခြင်းလမ်းပေါ် လျှောက်လှမ်းခဲ့သော ငွေ့ စိတ်အားမာန်သည် ပို၍ လှပပါသည်။
ဟိုတစ်ဘက်ခြမ်းမှာရှိနေနှင့်သော အရာသည် ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်သည့်တိုင် ငွေ ကတော့ မတုန်လှုပ်   တော့ပြီ။ ပကတိတရားလက်ကိုင်ထားသော အရိုင်းမလေး ငွေ သည် စင်စစ်တော့ မရိုင်းခဲ့ပါပေ။ အချစ်ဆိုတာထက် ဘ၀မှာ စဉ်းစားဆုံးဖြတ်စရာတွေ အများကြီးရှိနေသေးကြောင်း ငွေ က ပြသခဲ့သည်။ အတူနေကြရမှ၊ ပိုင်ဆိုင်ရမှ ချစ်ခြင်းမေတ္တာ လား၊ အချစ်တစ်ခု ဆုံးရှုံးလျှင် ဘ၀လဲပြိုရတော့မည်လား.....ငွေ ကတော့ မှန်ကန်ခြင်းလမ်းပေါ်လျှောက်ပြသွားခဲ့ပါသည်။

ကျွန်မ တို့ ဘ၀တွေတွင် နှလုံးသားနှင့် ယှဉ်၍စဉ်းစားဆုံးဖြတ်စရာတွေ ကြုံတွေ့လာရသည့်အခါ၊ အချစ်   ကြောင့် နာကျင်ကြေကွဲ ဘ၀လဲပြိုလုလု ဖြစ်လာရသည့်အခါ၊ အထီးကျန်ကြေမွမှုတွေနှင့် မကောင်းမြင်   မောဟတွေ ကြီးစိုးနေသည့်အခါ၊ ရယူလိုမှု အတ္တတွေနှင့် ပူလောင်မြိုက်ရသည့်အခါ........................ ...........ခဏတဖြုတ်   တော့ဖြင့်   `ငွေ´ ကို သတိတရရှိစေချင်လှပါသည်။            ။


ချစ်ခြင်းမေတ္တာဖြင့်
ရွှေအိမ်စည်
25.12.2012
PM:11:48

7 comments:

  1. Chit Kyi Aye အစ်မချစ်ရေ..
    ဖတ်ကြည့်ပါဦး..:)

    ReplyDelete
  2. ရွှေအိမ်စည်ရဲ့လက်လို့ မပြောရဘူး..
    သုံးသပ်ထားတာလေးတွေက ကောင်းပါ့...
    ဆက်လက်ချီတက်ပါ ညီမရေ..

    ReplyDelete
  3. အရေးအသား လှတယ် ပုံဖေါ်ထားတာ နက်ရှိုင်းတယ် တစ်ခုခုကြုံခဲ့သလိုမိျုး ပဲ

    ReplyDelete
  4. အလုပ်များနေလို့ ညီမရေ။ ခု ခဏလေး လစ်လာတာ၊ သေသေချာချာဖတ်ပြီး စေ့စေ့စပ်စပ်လေး ရေးထားတဲ့ ဒီရီဗြူးလေးအတွက် ကျေးဇူးပါ ညီမသူသူ၊ ရွာပြန်လာလို့ လူချင်း တွေ့တဲ့အခါ မုန့်ကျွေးပါဦးမယ်း)

    ReplyDelete
  5. ညီမလေးက ဝတ္ထုတို သုံးသပ်ချက်တွေလည်း ရတာပဲကိုး ။

    စွယ်စုံရ အနုပညာရှင် ကြယ် တစ်စင်းအဖြစ်

    ထာဝရ လင်းလက် တောက်ပ နိုင်ပါစေဗျာ ။

    ReplyDelete
  6. အစ်မမြသွေးနီ ပြောသွားတဲ့အတိုင်း ရွှေအိမ်စည်ရဲ့ လက် အစစ်ပါပဲဗျား...၊း)

    ဇတ်ကို အတုံးလိုက်၊ အတစ်လိုက်ကြီး ပြန်မပြောဘဲ သုံးသပ်ဝေဖန်တဲ့ အတွေးအမြင်တွေ ထည့်ပြီး အဓိကပွိုင့်တွေကိုပဲ ဖော်ပြသွားတဲ့ ရေးဟန်ကို သဘောကျမိပါတယ်၊ စိတ်နဲ့ သူတင်ကိုယ်တင် တချိန်လုံး အားပြိုင်နေရတဲ့ ငွေ့ကိုတော့ သွားဖတ်ဦးမှ ပါပဲလေ..၊း) ဒီ ရီဗျူးလေးအတွက် ကျေးဇူးတင်ပါတယ် ညီမရေ...။

    ReplyDelete
  7. ကိုညီလင်း .>>အမြဲလာဖတ်ပေးတာကျေးဇူးပဲ အကိုညီလင်း။ အားရှိရတယ်။ အကို ပေးတဲ့ဆုနှင့်ပြည့်ရပါစေရှင့် :))

    ကိုညီ...>> မအားတဲ့ကြားထဲက ညီမစာလေးကို လာဖတ်ပေးတာ ကျေးဇူးပဲ အကို။ စိတ်ထဲမယ် လန်ဒန်ကပြန်ရောက်လာမှ အကို့ ကွန်မန့်လေးမြင်ရမယ်မှတ်တာ။ ငွေ ကို သွားဖတ်ဦးမယ်ဆိုတော့ ပိုလို့ ၀မ်းသာမိတယ်။ :)))

    ReplyDelete