မနေ့က အမှတ်မထင် သီချင်းလေးတစ်ပုဒ်နားထောင်ဖြစ်ခဲ့တယ်။ ကြည့်ခွင့်ရခဲ့တာကတော့ Flash Song လေး အဖြစ်ပေါ့။ သံစဉ်နဲ့စာသားတွေမှာ စီးဝင်သွားခဲ့မိတဲ့အတွက် သီချင်းပိုင်ရှင်ထံဆက်သွယ်ပြီး MP3 ဖိုင်ကိုတောင်းယူခဲ့တယ်။
အင်တာနက်ဆိုင်မှာ ရှိနေတဲ့တစ်ချိန်လုံး အဲဒီ့သီချင်းကို
နားထောင်နေမိခဲ့သလို အိမ်ပြန်ရောက်တော့လည်း ဖုန်းလေးနဲ့
ထပ်ကာတလဲလဲနားထောင်လို့။ ဒီသီချင်းက ကျွန်မကို
ဟိုးးအဇ္ဈတ္တတွေအထိဆွဲခေါ်သွားခဲ့ တယ်။ အတိတ်ရဲ့စာမျက်နှာတစ်ချို့က
ပုံရိပ်တွေကိုလည်းပြန်ပြောင်းသတိရစေတယ်။ စုစုစည်းစည်းနဲ့
စိတ်လက်ညီစွာလှုပ်ရှားခဲ့ကြတဲ့ တွဲလက်တွေကိုလည်း ပြန်မြင်ယောင်လာတယ်။
ဘ၀ရပ်တည်ချက်တွေ အတွက် ရေရှည်မအောင်မြင်ဘဲ နေရာဒေသအသီးသီးကို
ကွဲထွက်သွားပြီး ရုန်းကန်လှုပ်ရှားနေကြရတဲ့ တွဲလက်လေးတွေကို
ဆွတ်ပျံ့စိတ်နဲ့လွမ်းမောနာကျင်လာမိတယ်။ ကျွန်မတို့ရဲ့ လက်တွေ ဘာလို့များ
သေချာမဆုပ်ကိုင်နိုင်ခဲ့ပါလိမ့်။
သီချင်းရဲ့စာသားတွေကို အသေအချာနားစိုက်နားထောင်ရင်း ရပ်တည်မှုတွေကို
စူးစူးစိုက်စိုက်တွေးနေမိ တယ်။ နှစ်သစ်ရဲ့အစမှာ “ရှင်သန်ခြင်းအနုပညာ”
ဆိုတဲ့အက်ဆေးတစ်ပုဒ်ကို ကျွန်မရေးခဲ့တယ်။ ပြီးဆုံး သွားတဲ့ သက္ကရာဇ်တွေကို
ပြန်ကြည့်ခြင်းမည်သလို (သူငယ်ချင်းတွေနဲ့ရယ်ဟဟပြောမိသလို) ၃
ဂဏန်းဆို တဲ့ ထိပ်စည်းပြောင်းလာတဲ့ သက်တမ်းအပိုင်းအခြားကို
ဆင်ခြင်တွေးတောခြင်းလည်းမည်တယ်။ ရှင်သန် တယ်ဆိုတာကို
လေးလေးနက်နက်တွေးခဲ့ပြီးပြီ။ အနည်းဆုံးတော့ ကမ္ဘာမြေပေါ် မလေးလံရဘူးဆိုတဲ့
အသိတစ်ခုနဲ့။
Teen မဂ္ဂဇင်းထဲမှာလား မသိဘူး။ စံပယ်ဖြူနုရေးတဲံ လက်ဖ၀ါးပြင်က
အသက်လမ်းကြောင်း အတို၊ အရှည်နဲ့ဆက်နွယ်ပြီး မိခင်ရဲ့မေတ္တာကို
သရုပ်ဖော်သွားတဲ့ ၀တ္တုတစ်ပုဒ်ကိုဖတ်ခွင့်ရခဲ့တယ်။ လက်ဖ၀ါးပြင် က
အသက်လမ်းကြောင်းက လူ့သက်တမ်းအပေါ်ဘယ်လောက်လွှမ်းမိုးချုပ်ကိုင်ထားသလဲ
ကျွန်မမသိဘူး။ ကျွန်မ လက်ဖ၀ါးပြင်မှာ အသက်လမ်းကြောင်းက နှစ်ပိုင်းပြတ်လို့။
ထိစပ်လို့မရအောင် အဝေးကြီးရယ်။ ဒါကို ဟိုးးအရင်ကတည်းက သတိပြုမိခဲ့ပါတ.်။
ပိုင်ဆိုင်မှုရယ်လို့ သေသေချာချာမရှိလှတဲ့၊ ချစ်သူခင်သူရယ် လို့
သေချာချပြစရာမရှိလှတဲ့ ကျွန်မအတွက် သက်တမ်းက တစ်ပိုင်းပြတ်နေတယ်ဆိုရင်လည်း
သိပ်နောက် ဆံငင်စရာတော့ မရှိလှဘူး။ ဒါပမေယ့် ဟိုးးးခပ်ငယ်ငယ်ကတော့
အဲသလိုနောက်ဆံငင်စရာမရှိတာကိုပဲ ကြံဖန်ဝမ်းနည်းနေတတ်သေးတယ်။
နောက်ပိုင်း ဘာမှမရှိပါဘူးဆိုတဲ့ ခြောက်သွေ့သွေ့ဘ၀ထဲမှာတောင်
နာကျင်ပြိုလဲမှုတွေ၊ ဆုံးရှုံးမှုတွေ ထပ်ကာထပ်ကာကြုံတွေ့လာရတဲ့အခါ
အဲဒီ့နှစ်ပိုင်းပြတ်နေတဲ့ အသက်လမ်းကြောင်းလေးကို ကျွန်မ
ဝမ်းမနည်းမိတော့ဘူး။ ကမ္ဘာမြေပေါ် မတ်တမတ်ရပ်တည်ရတာ မောပန်းလာရတာလဲပါမယ်။
တရေးနိုးတဲ့ တစ်ချို့ညတွေမှာ ဆတ်ကနဲအကြောဆွဲသလို
တစ်ကိုယ်လုံးတဆတ်ဆတ်ဖြစ်တာမျိုး၊ ဘယ်ဘက် မျက်လုံးကြီးမားယောင်ယမ်းတဲ့နေ့တွေ
အဆက်မပြတ်တစ်ပတ် ဆယ်ရက် ခေါင်းတွေကိုက်ခဲကာ မျက်ရည် သွင်သွင်ကျတာမျိုး၊
အလကားနေရင်း အသက်ရှုလို့မရတော့တာမျိုး အကြိမ်အရေအတွက်တွေ စိပ်လာ တာနဲ့အမျှ
ကျွန်မ ခံနိုင်ရည်တွေပါးလျလာတယ်။ Medical Checkup ဆိုတာ
အနားတောင်မသီနိုင်တဲ့ ဘ၀ပိုင်ရှင်က သေဆုံးရင်ဘာတွေလှူလို့ရမလဲ
ကိုယ့်လိုခပ်မွဲမွဲသူငယ်ချင်းမနဲ့ တိုင်ပင်မိပြန်တယ်။ ရယ်စရာကောင်းလှစွာ
သူငယ်ချင်းမရဲ့ “နင့်သွေးတွေ၊ ဆဲလ်တွေက သန့်လို့လား” ဆိုတဲ့အမေးမှာ
ကိုယ်တိုင်ပါခပ်ကြောင်ကြောင်နဲ့ လှူလို့ရပါ့မလားစိုးရိမ်မိပြန်ပါသေးရဲ့။
နောက်မှ မျက်မှောင်ကြုတ်မိပြီး “နေပါဦး၊ ငါ က ဘာကိုမသန့်ရမှာတုန်း” လို့
ပြန်ဘုတောဖြစ်တယ်။ ကိုယ်နဲ့သိပ်မသက်ဆိုင်တဲ့ ရောဂါတွေအကြောင်း
ထည့်မစဉ်းစားဘဲ လူပြောများနေတဲ့ ဘီပိုး၊စီပိုးဆိုတာတွေ ကို တွေးမိနေတယ်.
ဒါကတော့ ဘတ်စ်ကားစီးလူတန်းစားတွေမှာ သိပ်အာမခံနိုင်ပါ့ မလား။ နောက်ထပ်
ကိုယ်မသိနိုင်တဲ့ ဆဲလ်တွေ၊ အစိတ်အပိုင်းတွေမှာ ဘယ်လိုရောဂါတွေ
ရှိနေနိုင်သည်လဲ။ ကျန်းမာရေး ဗဟုသုတနဲ့ပတ်သတ်ရင် ကျွန်မက ခပ်ပါးပါးရယ်။
“နင့်ဟာ လှူလို့ရမရ သိရမယ့်အရေး Checkupလုပ်ရ မလိုဖြစ်နေပြီ” ဆိုတဲ့
သူငယ်ချင်းမစကားကို အဲဒါသိမှတော့ ငါဖြစ်နေတာတွေလည်း သိပြီး
အဲသလို အခြေအနေရှိမှတော့ ငါလည်း ကုနိုင်ပြီပေါ့ လို့ စိတ်ထဲကပဲ
ပြန်ပြောမိတယ်။
လူ့သက်တမ်းက ၆၀ ပျမ်းမျှဖြစ်တယ်ဆိုရင် ကျွန်မ အသက်လမ်းကြောင်းလေးက
ခါးလည်ကနှစ်ပိုင်းပြတ်နေ တာ အခုသက်တမ်းတစ်ဝက်ကျိုးဟာ
သွားရမယ့်လမ်းနီးပြီလို့လား ဖော်ပြနေတာလား။ အဲသလို
အရူးစိတ် နဲ့နှစ်သစ်ရဲ့အစမှာ ရှားရှားပါးပါးချစ်ခင်မိတဲ့ သူတွေဆီကိုလည်း
နေ့စဉ်ရက်ဆက် ဆက်သွယ်မိပြန်ပါသေး ရဲ့။ ကျွန်မရဲ့ ထုံးစံယန္တရားအရ
တိတ်ဆိတ်အေးစက်မှုတုံ့ပြန်ခြင်းတွေ ရရှိခဲ့တဲ့အခါ ညဥ့်နက်နက်တွေမှာ
တိတ်တဆိတ်မျက်ရည်ကျခဲ့ပြန်တယ်။ အဲသလိုညတွေမှာ
စိတ်ရဲ့မရေရာယောက်ခတ်မှုကြောင့် အကြောဆွဲ တာတွေအကြိမ်များလာတဲ့အခါ
ခုတင်ကျဉ်းကျဉ်းထက် အထုပ်တွေနဲ့ဖိလို့ငိုကြွေးလို့ကောင်းခဲ့ပြန်တယ်။
အနည်းငယ်သက်သာသွားတဲ့ မိုးလင်းစပြုတဲ့အလင်းဖျော့ဖျော့မှာ
“ရှင်သန်ခြင်းအနုပညာ” ဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို ရေးဖြစ်ခဲ့တယ်။
အခု ဒီသီချင်းလေးကို တစိမ့်စိမ့်နားထောင်ရင်းက ကျွန်မ စိတ်တွေငြိမ်သက်သိမ်မွေ့နေတယ်။ ဘ၀ကိုမခင်တွယ်သူက ချစ်ခြင်းမေတ္တာတွေကို မျှော်လင့်နေတယ်တဲ့လား။ ဘယ်သူကမှငိုကြွေးခြင်းမရှိရင်၊ ဘယ်သူကမှ နှမြောတသခြင်းမရှိရင် ဘ၀တစ်ခုအဆုံးသတ်ဟာ အေးချမ်းတည်ငြိမ်နေမှာပဲ မဟုတ်လား။ သီချင်းလေးကပြောတယ် “ ကမ္ဘာမြေကြီးထဲတခရီးထဲလူ့ရွာရောက်ခိုက်ခဏမှာ ” တဲ့။ ရှင်သန်ရာအဓိကဘ၀မှာလူပီသဖို့ပဲလိုတယ်တဲ့။
မုသားဖြူဖြူတွေကလွဲလို့ ရွတ်ဆိုနေရတဲ့သီလတွေတော့လုံခဲ့သားပဲ။
တခြားတစ်ဦးတစ်ယောက်အပေါ် ယုတ်မာရက်စက်ခြင်းမျိုး ကျွန်မအဘိဓာန်မှာ
မရှိခဲ့ဖူးဘူး။ ကျွန်မ အပေါ်ပြုခဲ့ကြတဲ့ဝန်ထုပ်တွေကိုလည်း
ခွင့်လွှတ်ခဲ့တာများပါတ.်။ သံသရာကို ကျွန်မ ဘာမှသယ်မသွားချင်ဘူး။ ဒီကို
ထွက်မလာခင်အထိ မိဘတွေ ကို ဆယ်စုနှစ်တစ်ခုကျော် အလုပ်အကြွေးပြုခဲ့ပြီးပြီ။
အဲလောက်ဆို လူပီသပြီလား။
ကိုယ်ရပ်နေတဲ့ ကမ္ဘာမြေကို ယောင်ယမ်းငုံ့ကြည့်မိတယ်။ ကျွန်မကို
သယ်ပိုးနေရတဲ့ ကမ္ဘာမြေဟာလေးလံ တော့ မနေလောက်ဘူး။ လိုအင်ဆန္ဒမဲ့နေတဲ့
ကျွန်မရင်မှာတိတ်ဆိတ်ငြိမ်သက်နေတယ်။ အကြားအာရုံထဲ သီချင်းသံခပ်တိုးတိုးက
ပျံ့လွင့်လာတယ်။ ပြန်လည်မစုစည်းဖြစ်ကြတဲ့ တွဲလက်လေးတွေကို မြင်ယောင် လာ တယ်။
မျက်လှည့်ပြသလို အံ့သြစရာကောင်းလှတဲ့ လူ့မနောတွေကို တစစမြင်လာမိတယ်။
ခပ်လွန့်လွန့် အဝေးကို ပျံသန်းစပြုနေတဲ့ မျှော်လင့်အိပ်မက်ရဲ့နောက်ကျောကို
တစွန်းတစမြင်လိုက်ရတယ်။
အရာအားလုံးကို မမြင်တွေ့စေရဖို့ ကျွန်မ မျက်လုံးတွေခပ်ဖွဖွမှိတ်လိုက်ပါတယ်။
ကျွန်မ အကြားအာရုံမှာ သီချင်းသံသာပြန်လည်လွှမ်းမိုးသွားတယ်။
“ကမ္ဘာမြေကြီးထဲတခရီးထဲလူ့ရွာရောက်ခိုက်ခဏမှာ
ကမ္ဘာမြေကြီးအတွက် တစ်စုံတစ်ရာကျေးဇူးတုန့်ပြန်နော်
V2. မတူညီမှုအတွက်ဆန္ဒလှိုင်းတံပိုးတွန်းကန်အတ္တမိုးသည်းထန်
လာရာလမ်းကလေးခဏကိုခေါ်ဆောင်သွားကြတယ်
CHO:ကမ္ဘာမြေပြင်ပေါ်အမှန်တရားရှားပါးလွန်းတဲ့မျှမေတ္တာ
ရှင်သန်ခွင့်အတွက်တနေ့တော့ရောက်ရပါစေသား
အလို့အပ်ဆုံးကကိုယ်ကျင့်တရားဘ၀အတွက်အရေးအကြီးဆုံးပဲနော်
ရှင်သန်ရာအဓိကဘ၀မှာလူပီသဖို့ပါ .......
V3. ပိုင်ဆိုင်ခြင်းအတွက်ပြိုင်ဆိုင်ရင်းကအမှန်တရားတို့ပျောက်ရတယ်
လိုအပ်ခြင်းရမ္မက်လူတွေအတိုင်းအဆထက်လွန်တယ် ..”
ပေါက်ကနဲကျလာတဲ့မျက်ရည်တစ်စကို မသုတ်မိလိုက်ဘူး။
သူ့အတိုင်း ခြောက်သွေ့သွားပါစေလေ.................။ ။
ရွှေအိမ်စည်
20.1.2013
AM:2း45
သီချင်းမတင်တတ်လို့ တင်မပေးဖြစ်ပါဘူး။
ReplyDelete:D
ဒုတိယအကြိမ်မြောက် ထပ်ဖတ်ခဲ့ပါတယ် ညီမလေး .....
ReplyDeleteဘာရယ်လို့တော့ တိတိကျကျ မပြောတတ်ပေမယ့်
ရင်ထဲမောနေမိတယ်ဗျာ ။
အရာရာ အေးချမ်းပါစေလို့ ဆန္ဒပြုပါတယ် ။
မမောပါနဲ့ရှင်
ReplyDeleteအစ်ကိုလည်း ထပ်တူအေးချမ်းနိုင်ပါစေ
တကယ်ကောင်းတဲ့ သီချင်းလေးပါရှင့် :)
ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး အမ သူသူရယ် :) :)
ReplyDeleteMy Heart Pain, Thu Thu.
ReplyDeleteဒီစာစုလေးကို လာဖတ်ပေးတဲ့ ထရီဆာနဲ့ အမည်မသိစာဖတ်သူကိုလည်း ကျေးဇူးတင်ပါတယ်။
ReplyDeleteစာဖတ်သူတွေကို နာကျင်မှုတွေများပေးခဲ့မိပြီလားလို့ တွေးမိတယ်...။
တစ်ခါတရံဖြစ်လေ့ဖြစ်ထသဘောမျိုးပဲ မှတ်ယူပြီး နားလည်ပေးပါရှင်..။
ကျေးဇူးတင်ချစ်ခင်လျှက်........။