မေတ္တာ
မြဲမြဲဆုပ်ကိုင်ထားတဲ့
လက်အစုံတွေမှာ
နွေးထွေးခြင်းတွေ
ရှိတယ်။
မော့ကြည့်နေတဲ့
မျက်ဝန်းဝိုင်းလေးမှာ
အားကိုးမြတ်နိုးခြင်းတွေ
ရှိသလို
ငုံ့ကြည့်နေတဲ့
ပြုံးရီရီမျက်ဝန်းတွေမှာလည်း
ချစ်ခင်စွာ
အုပ်မိုးပေးလိုစိတ်
ယုယကြင်နာခြင်းများ
ရှိတယ်။
လာ…ညီမလေး
ရဲရဲလျှောက်
မြေပြန့်လမ်းက
ပြန့်တယ်ထင်ရပေမယ့်
ဆူး ညောင့်
ခလုတ် ကန်သင်း
မမြင်နိုင်တာတွေ
ရှိတယ်။
လမ်းဆိုတာ
သွားတတ်လာတတ်ရင်
သိပ်လှပတဲ့
ပန်းမာန်လေးတွေလည်း တွေ့ရနိုင်တယ်။
ညီမလေး ပန်းခြင်းလေးထဲ
ပန်းလှလှလေးတွေ ထည့်မယ်။
လမ်းအဆုံးဟာ
မမြင်ရဘူး
တောင်တွေပြိုလေမလား
တိမ်တွေညိုလေမလား
တစ်ချက်တစ်ချက်
မော့ကြည့်တိုင်း
အားပေးသလိုပြုံးပြရင်း
လမ်းမှန်ကို မေးထိုးပြတတ်တဲ့
အစ်ကိုရှိနေသရွေ့
)))))
ညီမလေး ဘာကိုမှ
မကြောက်ဘူး
ညီမလေး ပန်းခြင်းလေးထဲ
ပန်းတွေ ပြည့်ချင်ပြည့်မယ်
လက်ဗလာ ခြေဗလာနဲ့
တောင်စောင်းကနေ
လျှောကျချင်ကျမယ်
ခါတစ်ရံ မော့ကြည့်တဲ့
ကောင်းကင်ရဲ့ မျက်နှာပြင်မှာ
အစ်ကို့ ပုံရိပ်ထင်ဟပ်နေသရွေ့
ညီမလေး ဘာကိုမှ
မကြောက်ဘူး။ ။
ရွှေအိမ်စည်
10.1.2013
ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေး....၊
ReplyDeleteသရုပ်ဖော်ပုံလေးထဲမှာ လမ်းကို အကွေ့လေးဖြစ်အောင် ဆွဲထားတာကို သဘောကျနေတာ..၊း) တကယ်တမ်းမှာလည်း ဘဝရဲ့လမ်းတွေက ဖြောင့်တန်းတာထက် အကွေ့အကောက် သေးသေးလေးတွေ၊ အကြီးကြီးတွေနဲ့ ပြည့်နေတတ်တာမျိုး မဟုတ်လား၊ အဝေးကို ကြိုမြင်နိုင်ဖို့ ခဲယဉ်းပါတယ်...၊
ကြမ်းတမ်းကောင်း ကြမ်းတမ်းမယ်၊ ဒါပေမယ့် အဲဒီလို လမ်းလေးပေါ်မှာ တွဲလက်ခိုင်ခိုင်နဲ့ လျှောက်နေကြတဲ့ မောင်နှမ နှစ်ယောက်ကတော့ လိုရာခရီးကို ရောက်လိမ့်မှာ အသေအချာပေါ့၊း)
အရမ်းကို ပီပြင်လွန်းတဲ့ကဗျာကောင်းလေးပါပဲ ။
ReplyDeleteအသံလှလှလေး စီးဆင်းနေတဲ့ ၊
ReplyDeleteပြေပြစ်လွန်းတဲ့ ကဗျာလေးလို့
ကျွန်တော် ခံစားရပါတယ် ။
ဆက်လက်ထုဆစ်နိုင်ပါစေ ညီမလေး ။
ကိုညီ၊
ReplyDeleteကဗျာလေးကို ချစ်စရာကောင်းတယ်လို့ ပြောလို့ပြုံးမိသွားတယ်။
ရေးတာကလဲ အစ်ကိုတွေကို မြင်ယောင်ပြီး ရေးတာကိုး :))
တကယ်တော့ သိပ်ချစ်စရာကောင်းတဲ့ ပုံလေးမြင်လို့ ရေးဖြစ်တာပါ။
ကိုညီ ပြောသလို လမ်းကလေး ကွေ့သွားတာလဲ သဘောကျလို့။
ကိုလွင်ပြင်။
ကဗျာဆရာက ပီပြင်တဲ့ကဗျာကောင်းလေးလို့ သတ်မှတ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ကိုညီလင်း။
အသံလှလှလေး စီးဆင်းနေတယ်လို့ တင်စားသွားတာကို သဘောကျမိသွားတယ်။
အမြဲ လာအားပေးတာ ကျေးဇူးပါ အစ်ကို။
ကိုညီ၊ ကိုလွင်ပြင်၊ ကိုညီလင်း
ReplyDeleteညီမ ဒီ reply ကို လေးကြိမ်မြောက်လာရေးရတာပါ။
ဒီကဗျာရဲ့ reply မှာ ဘာတွေဖြစ်တယ်မသိ။
ပထမတစ်ကြိမ် ရေးတုန်းက name/url နဲ့ပဲ ထည့်ပြီးပြန်တာပါ။ နောက်တစ်နေ့ ပြန်လာတော့ ဘာကြောင့်မှန်းမသိ မတွေ့ရတော့ပါဘူး။
ဒုတိယအကြိမ် ထပ်ရေးတော့ ရုံးက ကွန်နက်ရှင်က publish လုပ်တော့မှ ပြုတ်ကျပြီး ပျောက်ကွယ်သွားပါတယ် :( ။
တတိယအကြိမ် ညဘက် အင်တာနက်ဆိုင်မှာ လာရေးတော့ ရေးနေလို့ နောက်ဆုံးအဆုံးသတ်မှာ ဆိုင်က ညီမထိုင်နေတဲ့ နံပါတ် (၁၇) နဲ့ ပြီးသွားတဲံ့ နံပါတ် (၂၇) နဲ့ မှားပြီးပိတ်လိုက်ပါတယ် :((။
(အဲ့ နေ့က စိတ်ဆိုးပြီး ဆိုင်ကို ဘုဘောက်ပြောခဲ့ပါသေးတယ်။)
ဒီကနေ့ လေးကြိမ်မြောက် ဆိုင်မှာ လာရေးပါတယ် :D
ပြောစရာတွေ တော်တော်များများပြောခဲ့တာ electronic waves မှာ ပျောက်ကွယ်ရပြီမို့ တခြားမပြောတတ်တော့ပါဘူး။
ဒီအကြောင်းလေးပဲ လာရှင်းပြပါတယ်။
အစ်ကိုတို့ကို ကျေးးဇူးးးတင်ပါတယ်ရှင့် :)။
ဟီးးးး
ReplyDeleteဟိုပျောက်သွားတဲ့ ကွန်မန့်လေး ဒီနေ့မှ spam ထဲမှာ ပြန်တွေ့လို့ ပြန်ထည့်လိုက်ပြီ။
အဲဒါ အဲဒါလေးပေါ့..အပေါ်ကဟာ.. :D :D :D