ကျွန်မ မှန်မကြည့်ဖြစ်တာကြာခဲ့ပြီ။
ကြေးမုံပြင်မှ ကျွန်မပုံရိပ်ကို မှင်သက်စွာငေးစိုက်ကြည့်နေမိသည်။
ကျွန်မကိုယ် ကျွန်မပင် သဲကွဲစွာမမှတ်မိပါ။ ကျွန်မ မျက်နှာပြင်တွင် အဖြူရောင်အခိုးအငွေ့များ၊ ခပ်ဝါးဝါးပုံရိပ်ယောင်များ၊ အဇ္ဈတ္တအပိုင်းအစများ တစ်ပိုင်းတစ်စ ယှက်သန်းဝိုင်းရံထားသည်။
ကျွန်မ သည် ကျွန်မအစစ်မဟုတ်ပါ။
ဝိုးတ၀ါးပုံရိပ်ယောင်များအောက်မှ ကျွန်မ ရုပ်သွင်ကိုစူးစိုက်စွာ မနည်းဖမ်းဆုပ်ကြည့်နေရသည်။
မြူထူတွေလို အခိုးအငွေ့များကြားမှ မျက်ဝန်းတို့ ခြောက်သွေ့ညှိုးရော်နေသည်ကို တစွန်းတစမြင်လိုက်ရသလိုရှိသည်။
အေးစက်နူးညံ့လှသော မြူထူတွေကို ဖယ်ပစ်လိုက်ဖို့ ကျွန်မ အားအင်ယုတ်လျော့နေသည်။
လက်လှမ်းမိသော် နှလုံးသားမှ စစ်ကနဲနာကျင်သည်။
'ညီမလေး' ခေါ်သံကို ကြားလိုက်ရသလိုရှိသော် မျက်ဝန်းမှ မရည်ရွယ်ပါဘဲ မျက်ရည်ပေါက်ကနဲကျသည်။
************
ဒီနှစ်ပိုင်းကာလတွေမှာ ကျွန်မ လူလေးယောက်နှင့် ထိတွေ့နွေးထွေးခဲ့ပါသည်။
ထိုအရာသည် ပုံရိပ်ယောင်များဆီမှ ဖြစ်သည်။ ထိုအရာသည် အီလက်ထရောနစ်လှိုင်းများဆီမှ ဖြစ်သည်။ ထိုအရာသည် ကူးလူးဆက်နွယ်ရာစာလုံးကလေးတွေမှ ဖြစ်သည်။
သို့သော် ကျွန်မ နှလုံးသားနွေးထွေးသိမ်မွေ့လျှက် ရှိသည်ကို ကျွန်မကိုယ်တိုင် သိပါသည်။
အစ်ကို သုံးယောက်နှင့် အစ်မ တစ်ယောက်ဆိုပါစို့။
အသက်အရွယ်အရ စာရင်းရေးထိုးရသော် အစ်ကို (၁)၊ အစ်ကို (၂)၊ အစ်ကို (၃) နှင့်
အစ်မ ဟုလွယ်လွယ် ပြောကြရအောင်ပင်။ သူတို့နှင့် ကမ္ဘာ့လူသုံးအများဆုံး social
network တစ်ခုမှ စတင်သိကျွမ်း ခဲ့သည်။ သူတို့၏ ဘ၀တွေသည် မည်သို့ မည်မျှ
တည်ရှိနေကြသည်လည်း၊ မည်မျှမြင့်မားနေကြသည်လည်း ကျွန်မ မသိရှိခဲ့ပါ။
(သို့မဟုတ်) စိတ်မ၀င်စားခဲ့ပါ။ ရိုးရိုးကလေးပင် ဖြူစင်သောမေတ္တာဖြင့် ကျွန်မ
ချစ်ခင်နေမိခဲ့ခြင်း ဖြစ်ပါသည်။
သူတို့ကို ကျွန်မ ချစ်သည်။
ကျွန်မ၏ နူးညံ့ပျော့ပျောင်းသော အားကိုးချစ်ခင်တွယ်တာမှုအရ၊ လေးစားမြတ်နိုးမှုအရ၊ သံယောဇဉ် တွယ်တာမှုများအရ သူတို့ကို ချစ်ခဲ့ပါသည်။ ယောကျာ်း၊ မိန်းမ ခွဲခြားမြင်ကြသော၊ သွေးသားရင်းချာ ဖြစ် မဖြစ်ကို
ပေတံနှင့်တိုင်းတာသော၊ လူ့ယဉ်ကျေးမှု အသိုင်းအ၀ိုင်း ဓလေ့ထုံးတမ်းစဉ်လာအရ
အစ်ကို များကို ချစ်သည်ဟု ကျွန်မ ပြောခွင့်မရှိခဲ့ပါ။
လူမှုဆက်ဆံရေးများပြားစာရင်းရှုပ်လှသော နေရာကြီးတစ်ခုမှ ကျွန်မ
ခဏပြေးထွက်ခဲ့ပြီ။ ထိုခဏသည် မည်ရွေ့မည်မျှ ကြာသောခဏဖြစ်မည်လဲ။ ကျွန်မ
သေချာစွာမပြောနိုင်ပါ။ ယခု ကျွန်မ ပိုင်ဆိုင်သည် ထင်ရသော
လူ့အဖွဲ့အစည်းတို့မှ ကင်းဝေးရာနေရာလေးတွင် ကျွန်မ ပြောချင်သည်များ ကိုတော့
ပြောခွင့်ရှိ သည် ထင်ပါသည်။
္ကဤနေရာသို့ မည်သူမှလာရန် ကျွန်မ မဖိတ်ခေါ်ပါ။ သို့မဟုတ် မဖိတ်ခေါ်တော့ပါ။ ကျွန်မ တိတ်ဆိတ်ခြင်းကို ပို၍နှစ်သက်တတ်လာခဲ့ပါပြီ။ လွန်ခဲ့သော နှစ်ကာလများစွာက တစ်ယောက်တည်း နှစ်သက်ရာစာတို၊ ပေစများကို ငြိမ်သက်စွာရေးသားနေရသည်ကို ကျွန်မ ပြန်လည် အလိုရှိလာပါပြီ။
ကျွန်မ ဘာ့အတွက် နာမည်တစ်လုံးအတွက် တိုက်ပွဲဝင်မိခဲ့ရပါသတည်း။
ကျွန်မ ဘာ့အတွက် ပရင့်မီဒီယာသို့ပြန်လည်တိုးဝင်ရန်ကြိုးစားခဲ့ရပါသနည်း။
ကျွန်မ ဘာ့အတွက် ကိုယ်မလုပ်နိုင်သောအရာများ၊ လူမှုရေးရာများလုပ်မိခဲ့ရပါသနည်း။
ကျွန်မ ဘာ့အတွက် မတူညီကွဟသော အသိုင်းအ၀ိုင်းများကို ချစ်ခင်ခဲ့ရပါသနည်း။
ကျွန်မ ကိုယ် ကျွန်မ သေချာစေ့ငှစွာ မြင်နိုင်ရန်ပြန်ကြိုးစားရပါမည်။
*************
အစ်ကို (၂)
သူနှင့် စာတစ်ပုဒ်မှ အစပြု၍ သိကျွမ်းခဲ့ပါသည်။ သူ့ကို ကျွန်မ မမြင်ဖူးပါ။
သို့သော် သူ့အတွေး၊ သူ့အရေးတွေ တွင် ပျော်ဝင်မိသော ကျွန်မ သူ့ကို
သိကျွမ်းရင်းနှင်္ီးဖို့ကြိုးစားမိခဲ့သည်။ သူ့တွင် လှပသောအနုပညာများရှိ သည်။
သူ့တွင် သိမ်မွေ့ညင်သာသော ကိုယ်ချင်းစာတရားများရှိသည်။ သူ့တွင်
လှိုက်လှဲနွေးထွေးပေးနိုင် သော အသိအမှတ်ပြုမှုများရှိသည်။ သူ့တွင်
ငိုညည်းသံများကို နားလည်လက်ခံပေးနိုင်သော နားတစ်စုံ ရှိသည်။
အလိုမကျမှုများကို နူးညံ့စွာရယ်မောပေးနိုင်သော ကြင်နာမှုများရှိသည်။ ကျွန်မ
ရင်ဖွင့်တိုင်ပင်ရာ မှန်သမျှ ကြားနာလက်ခံပေးနိုင်ခဲ့သော နှလုံးသားရှိသည်။
ကျွန်မ ဘ၀တော်တော်များများကို ပကတိ ရိုးရှင်းစွာ မြင်နိုင်ပြီး ကျွန်မကို
လူတစ်ယောက်အဖြစ် ချစ်ခင်စွာမြင်ပေးခဲ့သူဖြစ်သည်။ စိတ်အင်အားကို ရစေမည့်
စာလုံးလေးတွေ သီကုံးလျှက် ကျွန်မထံ ပေးပို့ခဲ့သူဖြစ်သည်။ ညီမလေးဟု
နူးညံ့ချိုသာစွာ ခေါ်ပေးတတ်သူ ဖြစ်သည်။ သို့ဆိုလျှင် ချစ်ခင်ဖို့
လုံလောက်လေပြီလား။ ဟုတ်ကဲ့..ကျွန်မ အတွက်တော့ လုံလောက်ပါသည်။ သူဘာဆိုသည်ထက်
သူ၏ ဖြူစင်လှပသောစိတ်နှလုံးကိုသာ ကျွန်မချစ်ခင်ခဲ့ပါသည်။
သူ့ကို ကျွန်မ ချစ်သည်။
သူ့ကို ကျွန်မ ချစ်သည်။
အစ်ကို (၃)
သူ့ကို စနောက်မှုများမှ စတင်သိကျွမ်းခဲ့ပါသည်။ အပြန်အလှန်စာရိုက်ကြသော
စာလုံးများတွင် ချစ်ခင်ဖွယ် ရာမရှိဟု ထင်ဖွယ်ရာရှိသော သူနှင့်
ရက်အနည်းငယ်လေလှိုင်းများမှ စကားလက်ဆုံကျပြီးသည်တွင် သူ၏ ဖြူစင်အေးချမ်းသော
စိတ်နှလုံးကို တစစ ကျွန်မ သိခွင့်ရလာခဲ့သည်။ နာရီပေါင်းများစွာ
ပြောခဲ့ဖူးသော စကားတို့တွင် အလိုမကျသော၊ လေသံမာသော၊ အရိပ်အယောင်ကျွန်မ
တစ်ရံခါမှ မကြားခဲ့ရဖူးပါ။ လူပုံ အလယ် စကားနည်းသော ကျွန်မက သူနှင့်တော့
သူနားညည်းစေလာက်သည်အထိ များစွာပြောခဲ့ဖူးသည်။ သူ မငြီးငြူခဲ့ပါ။
လေသံအေးအေးနှင့် နှစ်သိမ့်လျှက် ကျွန်မ၏ ပူလောင်မှုအချို့ကို
ငြိမ်းအေးစေခဲ့သည်။ သူကိုယ်တိုင် ကျန်းမာရေးမကောင်းလှသော်လည်း
သူ့ကျန်းမာရေးနှင့်ပတ်သတ်၍ ကျွန်မကို တစ်လုံး တစ်ပါဒ မှ မငြီးငြူခဲ့ပါ။
သူများ ခြောက်သွေ့ပျင်းရိနေမည်လား စိုးရိမ်စိတ်နှင့် ကြုံတွေ့ရသမျှ
ပြောပြကာ၊ သူအပျင်းပြေစေရန်ဟု ကျွန်မက ကိုယ့်ဘာသာခေါင်းစဉ်တပ်ပေမယ့်
သူ့ဘက်ကတော့ ကျွန်မ ပြောချင် သမျှ ပြောခွင့်ပေးကာ
နားလည်ခွင့်လွှတ်ပေးနေခြင်းဖြစ်သည်ကို နောက်များစွာမှ ကျွန်မ
သိခွင့်ရခဲ့သည်။ တစ်ပါးသူအတွက်သာ တွေးပေးတတ်သော အေးချမ်းသော
သူ့စိတ်နှလုံးကို ကျွန်မ မြင်ခွင့်ရခဲ့သည်။ သူ၏ သီးသန့်နေချင်မှု၊
လူမှုရေးရာများကို သဘောမကျမှုတို့ကိုလည်း ကျွန်မ
နားလည်လက်ခံပေးနိုင်ခဲ့ပါသည်။
သူမည်သူဆိုသည်ထက် သူ၏ နွေးထွေးကြင်နာတတ်သော နူးညံ့မှုကိုသာ ကျွန်မ ချစ်ခင်ခဲ့သည်။
သူ့ကို ကျွန်မ ချစ်သည်။သူမည်သူဆိုသည်ထက် သူ၏ နွေးထွေးကြင်နာတတ်သော နူးညံ့မှုကိုသာ ကျွန်မ ချစ်ခင်ခဲ့သည်။
အစ်မ
သူနှင့် ကဗျာလေးတစ်ပုဒ်မှ အစပြုသိခွင့်ရခဲ့ပါသည်။ ထို့နောက်
အသိအမှတ်ပြုမှုလေးတွေ သူ့ထံမှ ကျွန်မ ရရှိခဲ့ဖူးသည်။ ရယ်စရာကောင်းလှစွာ
ယနေ့အထိ သူနှင့် မေးလ်အဆက်အသွယ် မရှိခဲ့ပါ။ သူ မြန်မာပြည် ကို
ရောက်နေစဉ်တွင် ကျွန်မထံ ဖုန်းတစ်ခါခေါ်ဖူးသည်။ ကျွန်မ နာမည်မေးကာ
'......ပါ' ဟုပြောလိုက် စဉ် တွင် ကျွန်မ သူ့ကို မြင်ယောင်ကာ ရင်တွေ
တဖျပ်ဖျပ်နှင့် ရုတ်တရက်ဆွံ့အသွားမိသည်။ ဒါကို သူက ကျွန်မ မသိဘူးအထင်နှင့်
'............' ဟု သူ့ကလောင်အမည်ကို ထပ်မံပြောသည်တွင် ကျွန်မ
တိုးဖွဖွရယ်မိသည်။ မ.....ဆိုတာ ညီမလေး ဘ၀မှာ တစ်ယောက်ပဲရှိတယ် မ.......။
သေချာရေရာအောင် နာမည်ပြောပြစရာ မလိုပါဘူးကွယ်။ သူမသိပါဘဲနှင့်
သူရေးသားသောစာများ၊ သူ့ status လေးများ၊ သူပြုမူလုပ်ကိုင်ရာလေး များကို
social network တစ်ခုအတွင်းမှနေ၍ စဉ်ဆက်မပြတ်ကြည့်ရှုမိရင်း သူ့ကို စိတ်ထဲက
တစစရင်းနှီး ကျွမ်းဝင်နေခဲ့တာ...။ သူမထင်မှတ်ဘဲ ပြုလုပ်ပေးခဲ့သည်များကို
ကြည်နူးပျော်ရွှင်ခဲ့တာ....။ သူ၏ နူးညံ့ သိမ်မွေ့မှုများ၊ သူ၏
ဖြူစင်အေးချမ်းသော စိတ်အလှ တို့ကို ချစ်ခင်မြတ်နိုးခဲ့ပါသည်။ မေတ္တာသည်
ထူးဆန်း စွာရောင်ပြန်ဟပ်ခဲ့ပါသလား...။ ကျွန်မ သူ့ကို တွေ့ခွင့်ရခဲ့သည်။
နူးညံ့ရိုးသားစွာအပြုံးများမှ ကြည်လင်မှု တို့ကို ကျွန်မ ခံစားသိရှိခဲ့ရသည်။
သူ၏အသိအမှတ်ပြုမှုလေးတွေအတွက် ကျွန်မ မျက်ရည်တ၀ဲဖြစ်ခဲ့ဖူး ပါသည်။
သူမည်သူမည်ဝါဆိုသည်ထက် သူ့ သက်သက်ကိုသာ ကျွန်မ ချစ်ခင်ခဲ့ခြင်းဖြစ်ပါသည်။
သူ့ကို ကျွန်မ ချစ်သည်။
အစ်ကို (၁)
အွန်လိုင်းစာမျက်နှာဆီမှ ကျွန်မ၏ စာတိုပေစများကို ဟိုသည်ပို့ရာမှ သူနှင့်
သိကျွမ်းခဲ့သည်။ သူနှင့်ပတ် သတ် ၍ အဖုအထစ်အနည်းငယ် ရှိခဲ့သော်လည်း ကျွန်မ
ခွင့်လွှတ်နားလည်ခဲ့ပါသည်။ ခါတရံဖြစ်လေ့ဖြစ်ထ သဘောတရားများ။ သူသည် ကျွန်မ
ရေးသားသော စာပေများကို နှစ်သက်မြတ်နိုးပေးသော၊ ကျွန်မ၏ ရှားပါးလှသော
အားပေးသူတစ်ယောက်ဖြစ်သည်။ ကျွန်မ ရပ်တည်ချက်ကို ပိုမိုလေးနက်ခိုင်မာစေရန်
အား ထုတ်ပေးခဲ့သူဖြစ်သည်။ မကြာခဏပျော့ပျောင်းလွယ်သော ကျွန်မ စိတ်ကို
ခံနိုင်ရည်နှင့် ရင့်ကျက်ဖို့ ဆန္ဒ ရှိခဲ့သူလည်း ဖြစ်သည်။ သူသည်
စကားပြောမချိုသာပါ။ သို့သော် သူ၏ ပြတ်တောင်းသောစကားများထဲမှ ကျွန်မ
ကိုထွန်းလင်းစေလိုသော စေတနာကို မြင်တွေ့ရသောအခါ သူ၏ စိတ်နှလုံးကို
မြင်နိုင်ခဲ့ပါသည်။ စာပေကိုချစ်ခင်သော သူ၏လုပ်ဆောင်ချက်များကိုလည်း ကျွန်မ
နားလည်နိုင်ခဲ့သည်။ သူမည်သူဆိုသည် ထက်၊ သူဘာလုပ်ခဲ့သည်ဆိုသည်ထက်
ဖြူစင်သောအမြင်သက်သက်ဖြင့်ပင် ကျွန်မ ချစ်ခင်ပါသည်။
သူ့ကို ကျွန်မ ချစ်သည်။*************************
မလွဲမရှောင်သာ လူမှုဆက်ဆံရေးများ၊ လူ့အသိုင်းအ၀ိုင်းများနှင့် ပတ်သတ်မှုများ...... ဟန်လုပ်ပြုံးပြ ယဉ်ကျေးမှုများ..... အပေါ်ယံချိုသာမှုများ.......။
ထို ထို အရာတို့နှင့် တစစ ထိတွေ့လာရသည်တွင် ကျွန်မ ချစ်ခင်မှုများသည် မအေးချမ်းတော့ပါ။
မျှော်လင့်မှုတွေပါလာသည်။ ဆုံတွေ့ချင်မှုတွေပါလာသည်။ အတ္တတွေပါလာသည်။ ဖက်တွယ်နှောင်ငင်ထားချင်မှုတွေ ပါလာသည်။
မောပန်းနွမ်းနယ်မှုတွေနှင့် ပြန်လာသော ကျွန်မ စကားတချို့ကို ကြားယောင်မိသည်။
'မ......က ဘယ်သူဘယ်ဝါ..'
'ကို....က ဘယ်သူဘယ်ဝါ'
ကျွန်မ သည် သေးငယ်သောအမှုန်အစလေးမျှပင်ဖြစ်သည်ကို ယနေ့ည ပြတ်သားစွာမြင်ခွင့်ရခဲ့သည်။ ကျွန်မ အတွက် ဖန်တီးပြောဆိုပေးသော စကားများ၊ စေတနာနှင့်လမ်းညွှန်ပေးမှုများ...ထို ထို အရာတို့ကို လက်လှမ်း၍မမှီလောက်အောင် ကျွန်မ ဘ၀ သေးသိမ်ဗလာဖြစ်လှသည်ကို ကျွန်မ ကိုယ်စောင့်နတ်မှလွဲ၍ မည်သူမှ မသိနိုင်ပါ။
ဘာ့အတွက်များ အသိုင်းအ၀ိုင်းကွဟသောသူများကို ချစ်ခင်မိခဲ့ရပါသနည်း။
ဆုံတွေ့ခြင်းတွေတွင် သိမ်ငယ်နာကျင်မှုတွေ ရှိနိုင်သည်ကို ကျွန်မ ဘာ့အတွက် မေ့လျော့ခဲ့ရပါသနည်း။
'.မ.....' ကတွေ့တာ ညီမ ကံကောင်းတယ်။ ကျွန်မ ကံကောင်းသူလား။ ကျွန်မ ရိုးသားစွာချစ်ခဲ့မိခြင်းသက်သက်ပင်။ ပြောသူကတော့ ချစ်ခင်ရင်းနှီးစွာ ပြောခဲ့ခြင်းဖြစ်သည်။ သူ့တွင် မည်သည့်ပယောကမှမပါ။ သူသည်လည်း သူ့အနေအထား၊ သူ့အသိုင်းအ၀ိုင်းနှင့် မြင့်မားသူပင်။
ကျွန်မ သာလျှင် ကျွန်မ ကိုယ် ကျွန်မ ပြန်လည်မြင်တွေ့မိပါသည်။
ဖမ်းဆုပ်ရန်ခက်ခဲသော ချစ်ခြင်းမေတ္တာများကို ပျော်မွေ့ရင်း ကျွန်မ ကိုယ် ကျွန်မ မေ့လျော့နေခဲ့သည်။
ကျွန်မတွင် မည်သည့်အရည်အချင်းရှိပါသနည်း။ သာမာန်ဘ၀ငယ်လေးမှ မိန်းမသားတစ်ယောက်သည် ဘ၀ကို ရိုးရိုးလေးမြင်တတ်ရုံသာ။
ထုထည်များပြားလာလေသော ချစ်ခြင်းမေတ္တာများကို တွန်းလှန်ပစ်နိုင်ဖို့ ကျွန်မ အားအင်မွေးရပေတော့မည်။
ထိတွေ့ပတ်သတ်မှုများ များပြားလှသော၊ လူမှုဆက်ဆံရေးစုံငှလှသော နေရာတစ်နေရာကို ကျွန်မ ကျောခိုင်းခဲ့ပါပြီ။ သုညမှ တစ်ဖြစ်လာဖို့ကိုတောင် မနည်းရုန်းကန်ရမည်ဖြစ်သော ကျွန်မ ဘ၀နှင့် သိပ်မသက်ဆိုင်လှတော့ပါ။ မည်သည့် မျှော်လင့်ချက်ကိုမှလည်း မဖမ်းဆုပ်ချင်တော့ပါ။ မည်သည့်လူ့ယဉ်ကျေးမှုနှင့်မှ ကျွန်မ မသိချင်တော့ပါ။
ကျွန်မ နေထိုင်ရာ ကုတင်ကျဉ်းကျဉ်းလေး၊ ပိတ်လှောင်သော အခန်းကျဉ်းကလေးသည် ကျွန်မ ဘ၀အစစ်အမှန်ဖြစ်သည်။ ကျွန်မ ပရင့်မီဒီယာကိုလည်း စိတ်မ၀င်စားတော့ပါ။ မည်သည့်နာမည်တစ်လုံးအတွက်မှလည်း မတိုက်ခိုက်ချင်တော့ပါ။ ဤနေရာလေးတွင် ကျွန်မ ခံစားရသမျှ ရေးနိုင်သည်။ ကျွန်မ ရင်ဖွင့်နိုင်သည်။ လူသိဖို့မလို၊ ညသန်းခေါင် အီးမေးလ်မျှော်စရာမလို၊ ညနက်နက်တွေတွင် သူတစ်ပါးကို စိတ်အနှောက်အယှက်ဖြစ်စေရန် ဖုန်းခေါ်သံမလို၊ ချစ်ခင်ရင်းနှီးစွာ ကျီစယ်ခြင်းတွေနှင့် ကွန်မန့်လေးတွေ ပေးစရာမလို...။ ကျွန်မ၏ အလိုဆန္ဒတွေကို ကျွန်မ ကိုယ်တိုင် ပယ်သတ်နိုင်ရန် ကြိုးစားရပေမည်။
*
*********************
ကျွန်မ ခုတင်ဘေးဆွဲခြင်းလေးထဲတွင် ပရင့်ထုတ်ထားသော အီးမေးလ်များရှိသည်။
ကျွန်မပိုင် ဖုန်းကလေး ထဲတွင် အသံသွင်းထားမိသော ညီမလေး ခေါ်သံများရှိသည်။
ဒေါင်းလုပ်ဆွဲထားမိသော အသံဖိုင်များရှိသည်။ တစ်ပိုင်းတစ်စ
ရုပ်သွင်များရှိသည်။ ခါတရံ လွမ်းဆွတ်မှုများနှင့် နာကျင်လှိုက်မောလာတိုင်း
မကြာခဏ ဖွင့်ကြည့်မိမည်ထင်ပါသည်။ သာမာန်ဘ၀သေးသေးလေးတစ်ခုမှ ကျွန်မ အတွက် ထို
ထို အရာတွေနှင့်ပင် လုံလောက်သင့်ပါသည်။
ခါတရံ ညနက်နက်များတွင် လွမ်းဆွတ်မိလာတိုင်း တစ်ကိုယ်တည်း စကားတွေ ပြောမိမည်ထင်ပါသည်။
*************************
လူမသိ၊ သူမသိ စကားလေးတစ်ခွန်းတော့ ကျွန်မ ပြောချင်ပါသည်။
သူတို့ကို ကျွန်မ ချစ်သည်။ ။
၂၄.၂.၂၀၁၃
ရန်ကုန် (ညး၈း၄၁)
မမချစ်ခင်ရသော အစ်ကို အစ်မများအကြောင်းဖတ်ရင်း ကြည်နူးသွားပါတယ် ...
ReplyDeleteအမလေး..မိုးညလေးရေ....။
Deleteအရင်ဆုံး မန့်တဲ့ ကွန်မန့်လေးကို နောက်ဆုံးမှ မြင်ရတော့တယ်..။
ခွင့်လွှတ်ပါကွယ်...ဒီနေ့မှ Spam ထဲ ရောက်နေတာမြင်ရလို့ပါ...။
:D :D
စာလေးကို... ကိုဏီဖတ်သွားပါရဲ့ဗျား...
ReplyDeleteအေးဆေးပေါ့ကွယ်...
စိတ်ပြေလက်ပျောက် အေးအေးဆေးဆေးနေပါလို့ပဲ အကြံပေးလိုက်ချင်ပါတယ်....။
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
ညီမလေးလည်း လွမ်းသွားတယ်မမ ....
ReplyDeleteအရာရာ အဆင်ပြေ ချောမွေ့နေပါစေလို့ ..ဆန္ဒပြုရင်း...
ချစ်တဲ့ ..ညီမလေး..
ပျော်ရွှင်ပါစေကွယ်။
ReplyDeleteမပြောတတ်တော့ပါဘူး ညီမလေးရယ်။
ReplyDeleteအမလဲ ခုအနားယူနေတာပါကွယ်။
တိုတောင်းလှတဲ့လူ့လောကကြီးမှာ ပျော်ပျော်နေပါလို့ဘဲ အားပေးသွားမယ်နော်။
လူမသိ၊ သူမသိ စကားထက် လူသိ သူသိပြောရဲအောင်ပြောလိုက်ပါ
ReplyDeleteကျွန်မချစ်တယ်လို့
လူဆိုတာ လူတစ်ယောက်ဖြစ်နေရင်ကို ပြီးပြည့်စုံနေပါပြီကွယ်...၊ခင်မင်ရင်းနှီးမှုတွေမှာလည်း အဆင့်အတန်း
ReplyDeleteဆိုတာ ရှိနေစရာမှမဟုတ်တာ...။အကို၊အမ တွေကလည်း ဒီစိတ်ရှိဟန်မတူပါဘူး...၊ဘဝတိုတိုလေးမှာ ပျော်
ပျော်သာနေဗျ.......၊စိတ်ထဲသိပ်ထားမနေနဲ့နော့...။စကားမစပ် ညေးကို ခုမှဘယ်သူဘယ်ဝါဆိုတာ စပ်ဆက်မိ
တော့တယ်... :)))
ကိုဏီ၊ ညီမလေးအိန်ဂျယ်၊ နှင်းဆီရောင်၊ မလရိပ်၊ မမစံပယ်၊ အကိုညိမ်းနိုင်
ReplyDeleteအမှတ်မထင် ၀င်ကြည့်ရာက ကွန်မန့်ကလေးတွေနဲ့ အားပေးသွားကြတာတွေ့ရလို့ ၀မ်းသာကြည်နူးရပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
အကိုညိမ်းနိုင်ကိုလည်း ဖေ့ဘုတ်မှာ Ei Khu ဆိုတာ လက်ဝဲဖော်ကောင်လုပ်မှ ညီမလေး သိရတာရှင့် :D ။
ထပ်တူခံစားမိရင်း အားပေးသွားပါတယ်နော်
ReplyDeleteကျေးဇူးပါရှင်..။
Deleteဒီ ကွန်မန့်ကို ဒီနေ့မှ Spam ထဲက တွေ့မိလို့ပါ..။
အားပေးသွားတာ ကျေးဇူးပါနော်.. :) ။
အရေးအသားလေးတွေ ကောင်းတယ် သူသူရေ။ တိုတောင်းတဲ့လူ့ဘ၀ကြီးထဲမှာ ပျော်ရွှင်မှု စိတ်ဆင်းရဲမှု ဆိုတာ ကိုယ်တိုင်ဖန်တီးယူတာမို့ ပျော်ရွှင်မှုကို အနီးစပ်ဆုံးကနေ ရယူပြီး စိတ်ဆင်းရဲမှုကိုအဝေးဆုံးရောက်အောင် တိုက်ထုတ်ပစ်လိုက်ပါနော်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
အချိန်အားရင် ဖတ်စရာတွေ အများကြီးတွေ့ထားတယ်း)
မေတ္တာဖြင့်
အန်တီတင့်
ဒီကွန်မန့်လေးလည်း Spam ထဲကနေ ဒီနေ့မှ ထုတ်လာရတယ် တီတင့်ရယ်...။
Deleteတီင်္တင့် ပြောသလို စိတ်ဆင်းရဲမှုတွေကို အဝေးဆုံးရောက်အောင် တိုက်ထုတ်ပစ်ခဲ့ပါပြီ..။
ကျေးဇူးပါ တီတင့်ရယ် :)) ။
ညီမရေ..အစ်ကိုအမြင်အရပြောရရင်...တကယ်တမ်းခင်မင်မှူအစစ်အမှန်တွေမှာ “မ......က ဘယ်သူဘယ်ဝါ..ကို....က ဘယ်သူဘယ်ဝါ” ဆိုတဲ့ ပေတံနဲ့တိုင်းတာနေဖို့မလိုဘူးလို့ထင်တယ်..အစ်ကိုအတွက်တော့ အဲဒါတွေလည်းစိတ်မဝင်စားဘူး...အစ်ကိုအွန်လိုင်းမှာမိတ်ဆွေတော်တော်များများဟာ ညီမတို့လို စာရေးသူတွေဘဲ..သူတို့ရဲ့စာကိုတွေကိုကြိုက်တယ်.သူုတို့ကိုလးစားတယ်..သူတို့ဆီက ဘာမှ မမျှော်လင့်ဘူး..သူတို့တွေ ဘယ်သူဘယ်ဝါ တွေဆိုတာမသိချင်ဘူး....သူတို့နဲ့ ဒီ ကော်နက်ရှင်တစ်ခုထဲမှာနေနေရတာ အပြန်အလှန်ကောင့်မက်ပေးနေတာလေးတွေကို ကျေနပ်တယ်..ညီမအနေနဲ့လည်း ဘာမှ အားငယ်နေဖို့မလုပ်ဘူးလေ..ဘဝမှာ ကိုယ်လုပ်သင့်တာတွေ လုပ်ရမဲ့အလုပ်တွေ တစိုက်မတ်မတ် သာလုပ်သွားပါ..ညီမတစ်ယောက် အပူအပင်ကင်းကင်းနဲ့ လိုရာပန်းတိုင်ကိုလျှောက်လှမ်းနိုင်ပါစေလို့....
ReplyDeleteဟုတ်ကဲ့ အကိုရန်မင်းအောင်။
Deleteကွန်မန့်လေးလာပေးသွားတာကော၊ အားပေးသွားတာကော တကယ်ကျေးဇူးတင်ပါတယ်။
ဖေ့ဘုတ်က မိတ်ဆွေတွေက ဘလော့ဂ်မှာ ကွန်မန့်ပေးရတာ စိတ်ရှုပ်ကြတာမို့ ပေးခဲကြတယ်လေ။
အကို့ ကွန်မန့်လေးဖတ်ရတော့ ကြည်နူးရတယ်..။
စိတ်ဒီရေ..အတက်အကျအလိုက်...ခါတစ်ရံတော့လည်း ညှိုးနွမ်းသိမ်ငယ်ချိန်ပေါ့ အကိုရာ..။
အမြဲတမ်းတော့ အဲလိုမဖြစ်မိပါဘူး..။
အကြောင်းတရား၊ အကျိုးတရားတွေ တိုက်ဆိုင်သွားတဲ့ အခိုက်အတန့်ရယ်ပေါ့...။
အကို့အားပေးစကားနဲ့ ဆုတောင်းလေးအတွက် ကျေးဇူးးတင်ပါတယ်ရှင်..။
သူရေ.....
ReplyDeleteအစ်မ ဆိုတာ မလေးများလား မသိဘူး (ဟိဟိ)
'.မ.....' ကတွေ့တာ ညီမ ကံကောင်းတယ်.. လို့ ပြောတာ မလေးမဟုတ်ဘူးထင်တယ်နော်.. ပြောမိရင်လည်း ရိုးသားစွာချစ်ခင်စွာ စ လိုက်တာဖြစ်မယ်..။
မလေးတော့ မပြောမိဘူးထင်တာပဲ.. ပြောမိတယ်ဆိုလည်း လူသိရှင်ကြား တောင်းပန်တယ်.. အဲလို မရည်ရွယ်ဘူးနော်... မလေး က လူကြောက် မို့လို့ပါ... မယုံမေမေ့သွားမေးကြည့် ငယ်ငယ်ထဲက အခန်းအောင်းတဲ့ သတ္တဝါဟာ မင့်အစ်မပဲ။ အွန်လိုင်းပေါ်သာ တစ်ချက်တစ်ချက် ထထ ဖောက်ခွဲတာ.. အဲလို။
တွေ့ခဲ့တဲ့ ဘလောဂါတွေကိုတော့ မကြောက်ဖူး.. ဒါကြောင့် တွေ့တာ :P
သူသူ ဘာကို စိတ်မကောင်းဖြစ်လဲဟင်.. မဖြစ်ပါနဲ့နော်..
ဘယ်သူကမှလည်း အသိုင်းဝိုင်းနိမ့်တာတွေ မြင့်တာတွေ မရှိပါဘူးရယ်..
ကိုရန်မင်းအောင်ပြောသလိုပဲနော်..။
ှုI love you too.
:)))
Deleteမလေး ကတော့ လုပ်ပြီ။
သူတို့ နာမည်လေးတွေ မဖော်ချင်လို့ နံပါတ်စဉ်တပ်တယ်.။
သူက အေးဆေးပဲ...လာကြေငြာသွားတယ် :D ။
တချို့အကြောင်းတရားတွေပါ မလေး ရယ်။
မလေး ကြောင့်ဟုတ်ပါဘူးရယ်.. ဘယ့်နှယ့်လာတောင်းပန်နေတာတုန်း :)) ။
ဘာမှ စိတ်မကောင်းမဖြစ်နဲ့ မလေး။
ညီမလေး အခုအေးဆေးပဲ။
အဲသလိုပါပဲ.. မလေး ညီမက တစ်ချက် တစ်ချက် ထဖောက်တယ်ပဲ သဘောထားလိုက်နော်။
Love you so much !!
<3 <3 <3
တင်းလွန်းပေမယ့် မပြတ်နိုင်တာ အဲ့ဒီသံယောဇဉ်ကြိုးပဲ..
ReplyDeleteသို့သော် - မေတ္တာဆိုတာမျိုးက ရောင်ပြန်ဟပ်တတ်ပါတယ် ညီမငယ်ရေ..
တီတင့်အိမ်မှာတွေ့ကတည်းက ချစ်စရာကောင်းတဲ့ညီမလေးကိုလည်းအမကချစ်မိပါတယ်....
ReplyDeleteမမမြသွေး >> “တင်းလွန်းပေမယ့် မပြတ်နိုင်တာ အဲ့ဒီသံယောဇဉ်ကြိုးပဲ.” ဆိုတဲ့ စကားလေးကို သဘောကျနေမိတယ် မမ။ ဟုတ်တယ်နော်...ဖြတ်ဖို့မလွယ်တာလဲ သံယောဇဉ်ကြိုးပါပဲ..။
ReplyDeleteRose of sharon >> အေးအေးဆေးဆေးနဲ့ နွေးထွေးတဲ့ အပြုံးလေးနဲ့ ပြောတတ်တဲ့ မမကိုလည်း ညီမလေး ချစ်တယ် <3 :) ။
အမ အိမ်စည်ရေ...
ReplyDeleteထင်းခွဲမကြုံ ရေခပ်ကြုံနေကြရမယ့် ဒီလောက ကိုယ်တည်းတစ်ယောက် လမ်းမပျောက်ဘဲ့နဲ့ ရှေ့ဆက် အားတင်းပြီး ကျွန်တော်တို့လူငယ်တွေကို မောင်နှမအရင်းလိုမှတ်ပြီး...အမကြီးတစ်ယောက်လို လမ်းပြပါဦးဗျာ...
mrphone8792 >> လမ်းမပျောက်ပါဘူး မောင်လေးရယ်..။ ခင်မင်ရတဲ့သူတိုင်းကို မောင်နှစ်မအရင်းလို သတ်မှတ်ပေးပါတယ်.။ မျက်စိလည် ရောက်လာတာ ကျေးဇူးပါကွယ် :))
ReplyDeleteအဟိ မျက်စိလည်တာ ဟုတ်ပါဘူးဗျာ...တမင်လာလည်သွားတာပါ...အမ ကျန်းမာရေးကောင်းမွန်ပြီး စာကောင်းတွေဆက်ပြီးရေးသားနိုင်ပါစေ... :)
Deleteပေးတဲ့ ဆုနဲ့ ပြည့်ရပါစေ :)
Deleteအင်း... အစ်ကို (၂) ကိုတော့ သိတယ်။
ReplyDeleteညီမသူသူ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနှစ်သစ်မှာ ပျော်ရွှင်ပါစေ။း)
ဟင်...သင်္ကြန်ရက်ခံနေတာနဲ့...ဘလော့ဂ်ကို စစ်မကြည့်မိလို့ အခုမှ တွေ့တယ်..။
ReplyDeleteမမက အစ်ကို (၂) ကိုသိတယ်။
အစ်ကိုက ဒီပို့စ်ကိုတောင် သိဘူးရှင့်..:D
ရောက်လာခဲ့တာ ကျေးဇူးပါ မမဇွန်...နာမည်လေး ရင်းနှီင်္းနေတာ ကြာပါပြီ :))
ညီမကို အစက သူသူဟန်နဲ့ရွှေအိမ်စည် မတွဲမိဘဲ တစ်ယောက်စီလို့ ထင်နေတာ။ :D ညီမစာအရေးအသားကောင်းတယ်လို့ မဇွန်သူငယ်ချင်းက ပြောဖူးတယ်။ အချိန်ရတဲ့တစ်ရက်မှာ အေးအေးဆေးဆေး လာဖတ်မယ်နော်။း)
ReplyDeleteဟုတ် မမဇွန်...။ ကျေးဇူးပါနော် :))
ReplyDeleteသူသူ
ထူးထူးဆန်းဆန်း အဲ့ဒီ ၄ ယောက်စလုံးကို ကျနော်သိနေတယ်ကော
ReplyDeleteပျော်ရွှင်ပါစေ အသိမှတ်ပြုမှုတွေက သံယောဇဉ်တွေ ကိုခိုင်မြဲစေတယ်တဲ့ ။
လေးယောက်လုံးသိနေတာတော့ မောင်မျိုး တော်တော် တော်တာပဲကွယ်...။
ReplyDelete:))
ထပ်ခါ ထပ်ခါ ဖတ်မိတယ် အရောင်စွန်းထင်းနေသော
ReplyDeleteစာသားများ ခပ်တိုးတိုးလေး ညည်းတွားသွားတဲ့ ပုံရိပ်အချို့
လူ့ ဘ၀ ကိုက အဲဒီလိုပါဘဲ...။
အဲဒီပေတံကြီးကိုတော့ ကျတော်က သမိုင်းထဲမှာ ချန်ခဲ့တာ ကြာပြီ ဘယ်က၀ိ တွေက (က)ကနေ (အ) ထက်ပိုများတတ်နေကြလို့တုန်း ကျနော်တို့လည်း က ကြီးကနေ အ အထိ အဆုံးသင်ခဲ့ဘူးပြီလေ ။
ဒီ ကွန်မန့်ကို အခုမှ တွေ့တယ် အကိုရာ......
Deleteညီမလေး စကားတွေ အများကြီးပြောတော့ဘူးနော်..
တစ်ခွန်းလေးပဲ...ကျေးဇူး :))
မောင်နှမတွေရဲ.အဖြူရောင်ကြိုးလေးများ
ReplyDeleteဒီ.ထက်မက ခိုင်မြဲပါစေလို.ဆုတောင်းပေးပါတယ်
ခလေးရေ :)
မောင်နှမတွေရဲ.အဖြူရောင်ကြိုးလေးများ
ReplyDeleteဒီ.ထက်မက ခိုင်မြဲပါစေလို.ဆုတောင်းပေးပါတယ်
ခလေးရေ :)