Tuesday, May 28, 2013

ဗီလိန်၏ကမ္ဘာ






**သူ
ပြုံးတယ်
ကျမ တစ်ချက်ကြည့်
လက်ဖ၀ါးထောင်လိုက်တော့
သူ့ကို မြင်ရတယ်..။

**သူ ဟာ ဗီလိန်ပဲ
သူ က ခဲ့တဲ့ ဇာတ်ရုပ်
ကျမ အတွက်ခါးတယ်
သူ ဆိုခဲ့တဲ့သီချင်း
ကျမ အတွက် ၀ါးတယ်
သူ့ အပြော သူ့ မနော
မုသားအပြည့်
သဘာဝမဖြူစင်
သူ ဟာ ဗီလိန်...။

**သူ
မုတ်ဆိတ်မရိတ်
ဆံပင်မညှပ်
အရိုးဂေါက်ဂတ်ထွက်
နေ့ ည အမှတ်သညာမရှိ
ကောင်းသော စကား
ကောင်းသော အပြုအမူ
သူ မဖြစ်တည်
အများက ၀ိုင်းဝန်းလက်ညှိုးထိုး
လူလိမ် အမည်နာမဘွဲ့ရ
သူ ဟာ ဗီလိန်....။

**သက္ကရာဇ်တွေကြာ
နာရီတွေ ဟောင်း
ဌာနေတွေ ပြောင်း
လက်ဖမိုးကို လည်ပြန်ကြည့်
သူ့ ကို ကျမ တွေ့တယ်...။

**သူ
ကျင်စွယ်ရှားပါး
ကြည်စင်အသားနဲ့
ချိုသာသောစကား
တဖွဖွ ဆိုရဲ့
ဝိုင်းဝန်းကိုးကွယ်
တလေးတစား
လူအများလည်း
ပတ်ပတ်လည်တွေ့ရဲ့
ူသူ ဟာ.............။

**လက်ဖမိုးနဲ့
လက်ဖ၀ါး
နေရာဌာနနှစ်မျိုးကပဲ
အမြင်တွေ ၀ါးခဲ့သလား
ဝိုင်းဝန်းဖေးမ
နွေးထွေးခြင်းကပဲ
အသွင်ပြောင်းလေသလား
လူအများလှည့်စား
သူ့စွမ်းအားကပဲ
အင်အားကြီးခဲ့လေသလား.....။

**ကမ္ဘာ
လောက
ဘဝ
နေရာ၊ အချိန်
ရွေ့လျားမှုမှာ
ပြောင်းပြန်လှန် ပြောင်းလဲတတ်ပါသလား...။

**တစ်ခါတလေ
အံ့သြငေးမော
အတွေးမြောမိ
တစ်ခါက....
ကျမ ဆုံတွေ့ခဲ့ဖူးသော
ကျမ သိခဲ့သည့်
ဗီ
လိန်
.................
..............
။ ။

28.5.2013
PM:5:39

7 comments:

  1. အဲသည့် ဗိန်လိန် ကမ္ဘာကြီးမှာ
    သားကောင်ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ်
    ဒါပေမယ့် ဟို တစ်ချိန်ကပေါ့ ။

    အခုတော့
    ခေါင်းမော့ပါ
    ရင်ကော့ပါ
    အရှေ့ ဆူးဆူးမှာ အရုဏ်ဦးတို့ ချီလာပြီ ။


    ( မင်းဧရာ )

    ReplyDelete
  2. မိုက်စ် :)))
    အကို မင်းဧရာကြီး ရေးထားတာလဲ
    အရမ်းရမ်းမိုက်စ် :)))
    စီပုံးမှာ ရေးမရလို့ ဒီကပဲပြောခဲ့ပါရစေ...
    ကဗျာလာဖတ်သွားတယ်လို့ :)))
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  3. ကမ္ဘာ
    လောက
    ဘဝ
    နေရာ၊ အချိန်
    ရွေ့လျားမှုမှာ
    ပြောင်းပြန်လှန် ပြောင်းလဲတတ်ပါသလား...။
    ဗီလိန်၏ ကမ္ဘာမှာတော့ ပြောင်းလဲသွားတယ်နော်...။

    ReplyDelete
  4. သတိနဲ့ အသိမှန်လို့ ပြောင်းလဲလာတာကို ကြိုဆိုရမှာလို့ တွေးမိစေပါတယ် ...

    ReplyDelete
  5. နိုင်ငံရေး ဖြစ်စဉ်ကပဲ ကြည့်ကြည့်၊ လူမှုရေး ဖြစ်စဉ်ကပဲ ကြည့်ကြည့် တွေးချင်သလောက် ဆက်ပြီး တွေးနိုင်စေတဲ့ ကဗျာလေးကို စိတ်ဝင်တစားနဲ့ (၂ ခေါက်တိတိ) ဖတ်သွားခဲ့တယ် ညီမရေ...။း)

    ReplyDelete
  6. ကဗျာလေး အရမ်းကြိုက်တယ် ညီမရေ။
    သူများတွေများရေးတတ်လိုက်တာ။
    ဟောဒီ ရင်ဘတ် ဟက်တက်ပြန်ကွဲသွားတယ်။ ။

    ReplyDelete
  7. ကဗျာလေး ဖတ်ပေးသွားကြတာ ကျေးဇူးပါရှင် :) :)

    ReplyDelete