Monday, July 8, 2013

အဇ္ဈတ္ထသံစဉ်


(၁)
သူရောက်လာစဉ်က ကျွန်မ အတော်ကို အလုပ်ရှုပ်နေခဲ့သည်။ ကျောင်းသားတွေ၏ အဖြေလွှာကို စစ်ဆေး   နေရင်း ဘေးတွင် မီးပူတိုက်ရမည့် တစ်ပတ်စာအ၀တ်ခြင်းတောင်းကလည်း အသင့်စောင့်ကြိုနေသည်။

ရုံးမှ အကြွေးပါလာသည့်လချုပ်စာရင်းစာရွက်များကလည်း `လာပါ´ `လုပ်ပါ´ လက်ယပ်ခေါ်နေသည့်နှယ် အိတ်ထဲ မှ ထိုးထိုးထောင်ထောင်။ ပြောရမည်ဆိုလျှင် အသံတောင်ထွက်ချင်စိတ်မရှိသည့် အချိန်တွင် ဧည့်သည်တစ်ဦးကို ဧည့်ခံဖို့ ကျွန်မ စိတ်မပါလှပါ။ သို့တိုင် သူ့ကိုမြင်တော့ ကျွန်မ ပြုံးပြဖြစ်ပါသည်။

သူက တစ်ခုခုကို တွေးနေပုံမျိုးနှင့် ကျွန်မ ဘေးရှိထိုင်ခုံမှာ အသာအယာဝင်ထိုင်သည်။ `ဘယ်ကိုသွားမလို့ လဲ ညီမ´ ကျွန်မ အမေးစကားကို ကြားဟန်မတူဘဲ တာစူလာခဲ့ပုံရသော ကသောကမျော အမေးစကားနှင့် အလျင်စလိုပြောလေသည်။

`အစ်မ အလုပ်တွေ လျှောက်နေတယ်ဆို´
`အမ်….သြ´

ရုတ်တရက်ကြောင်တွေပြီးမှ သတိရသွားသည်။ Webdesigner နေရာကို အလုပ်လျှောက်လွှာ တင် တာကို ပြောတာဖြစ်မည်။

`ဘာအကြောင်းထူးသေးလဲ အစ်မ´
`ဟေ…ဘာမှ မထူးပါဘူး´
`အင်း စိတ်ညစ်ပါတယ် အစ်မရယ်။ သမီးလည်း တူတူပဲ၊ ဟိုဟာလည်းမရ….ဒီဟာလည်းမရ´

အစချီကာ သူ အလုပ်မှန်သမျှ လျှောက်သည့်အကြောင်း၊ ဘယ် အလုပ်မှ မရသည့်အကြောင်း၊ စီကာပတ် ကုံး တတွတ်တွတ်ပြောတော့သည်။ ကျွန်မ အသာအယာပြုံးကာ နားထောင်ပေးသည်မှ အပ မည်သည့် စကားမှ တုံ့ပြန်မပြောဖြစ်ခဲ့။ ကြည့်ရတာ ဒီ ကလေးမ ရင်ဖွင့်ချင်နေတာပဲ ဖြစ်ရမယ်။ အဖြေလွှာများကို ခပ် သွက် သွက်ခြစ်ရင်း သူ့ စကားကိုသာ ငြိမ်ငြိမ်သက်သက် နားထောင်နေခဲ့သည်။ ထိုစဉ်ရုတ်တရက်   ကောက်ကာငင် ကာ သူ ပြောလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်မ ကြက်သေသေ သွားသည်။

`အစ်မလည်း သနားပါတယ်….မထူးပါဘူး အစ်မရယ်၊ အလုပ်မရတဲ့ တူတူ ယောကျာ်းပဲ ယူလိုက် ပါ တော့´

****************
(၂)

သူကတော့ ပြောချင်တာတွေ ပြောပြီးသွား၍လား၊ ရင်ဖွင့်လိုက်ရ၍ ကျေနပ်သွားသည်လားမသိ။ ကျွန်မ ကို နှုတ်ဆက်လျှက် ပြန်လည်ထွက်ခွာသွားခဲ့ပြီ။ ကျွန်မ သာလျှင် တရွေ့ရွေ့သွားနေသော သူ့ နောက်       ကျောပြင် ကို ကြည့်လျှက် အံ့သြငေးမောရင်း ကျန်နေခဲ့သည်။

သူ ပြောသွားတာ ကျွန်မ ကိုမှ ဟုတ်ရဲ့လား။ “အလုပ်မရတဲ့ အတူတူ” တဲ့။ အဖြေလွှာတွေကိုကိုင်ရင်း၊ လချုပ်စာရင်းတွေကို ဝေ့ကြည့်ရင်း ရယ်ချင်သလိုဖြစ်သွားသည်။ သူ ဘာတွေ ပြောသွားပါလိမ့်။ သူ့ ပုံစံ ကြည့်ရ တာ ကျွန်မ အလုပ်ရှုပ်နေတာလည်း မြင်ပုံမရပါ။ (သို့မဟုတ်) ကျွန်မ ကို ကျွန်မအဖြစ်  မေ့လျော့  သွား    တာလည်း ဖြစ်ကောင်းဖြစ်နိုင်မည်။ ဖြစ်ချင်တဲ့ ဆန္ဒတွေ တစ်ပုံတပင်နှင့် မည်သည့်အရာမှ ဖြစ် တည်လာအောင် မစွမ်း ဆောင်နိုင် လာသည့်အခါ ရင်ဖွင့်ရင်း၊ ရင်ဖွင့်ရင်း နှင့် နောက်ဆုံးတွင် ထွက်ပေါက် မရှိသော သူ့ဇာတ်ကောင်က ကျွန်မ ဖြစ်သွားပုံရသည်။ ဖြစ်ရလေ….။ ကျွန်မ ပြုံးမိပါသည်။

သူ ထွက်သွားသည်ကို ငေးမောရင်း သူ့အကြောင်းတွေကို တနံတလျားဆက်တွေးနေမိသည်။ သူသည် ကျွန်မ သူငယ်ချင်းတစ်ဦး၏ ညီမဖြစ်ပါသည်။ သူ့ဇာတိမှာ ကန်ရွာဆိုလား၊ ကန်ချိုင်ဆိုလား ကျွန်မ သေချာ မမှတ်မိတော့သည့် ရွာတစ်ရွာမှ ဖြစ်သည်။ ငယ်စဉ်ကတော့ သူ့မိသားစုသည် ချောင်လည်ကြွယ်ဝသည့် ရွာ    ကြေးရတတ်တွေပင်။ ကျွန်မ သူငယ်ချင်းက သမီးအကြီး၊ သူက အလတ်၊ သူ့အောက်တွင် ညီမလေး   နှစ်ယောက် ရှိသည်။ ညီအစ်မလေးယောက်သာဖြစ်လျှက် မောင်ဘွား တစ်ယောက်မှမပါပါ။ မိဘများ က ပြေလည်သည့် အလျောက် သမီးတွေကို ရွာအလယ်တန်းကျောင်းအောင်မြင်ပြီးသော အခါ မြို့မကျောင်း သို့ ဆက်ပို့ပါသည်။ နေရေး၊ စားရေး အဆင်ပြေစေရန် မြို့ပေါ်ရှိ သင့်တင့်သော ရက်ကွက်တစ်ခုမှာ အိမ် တစ်လုံးဝယ်သည်။ အမေ ဘက်မှ တော်စပ်သော အဒေါ်တစ်ယောက်နှင့်အတူ နေထိုင်စေလျှက် သူတို့ ညီအစ်မတွေ၏ ပညာရေးကို လိုလေသေးမရှိ ပံ့ပိုးထားပေးခဲ့သည်။

တိုတိုပြောရလျှင် သူတို့၏ ငယ်စဉ်ဘ၀သည် ပြည့်စုံမှုတွေနှင့် သာယာချမ်းမြေ့ခဲ့သည်ဟုဆိုနိုင်သည်။ သို့ သာ် အချိန်ကာလက ရွေ့လျားနေသလို ကံကြမ္မာကလည်း တသမတ်တည်း တည်မြဲမနေပြန်ပါ။ ကျွန်မ သူငယ်ချင်း ဘွဲ့ရပြီးချိန် (သူ ဆယ်တန်းတက်သောနှစ်) တွင် သူ့ဖခင်တိမ်းပါးလေသည်။ အိမ်မှုကိစ္စသာ   နိုင်နင်း ၍ ခပ်ရိုးရိုးအတွေးအမြင်သာရှိသော သူ့အမေနှင့် မိဘအဆင်သင့်ဖန်တီးပေးမှုနှင့် အေးအေး သက်သာ ကျောင်း တက်နေဆဲ သူတို့ညီအစ်မတွေအတွက် ရွှေတောင်ကြီး ပြိုသကဲ့သို့ပင်။

မလုပ်တတ်၊ မကိုင်တတ်နှင့် လုပ်ငန်းတွင်း ခြေစုံပစ်ဝင်သော သူ့အမေကြောင့် ပျက်စီးလေလွင့်မှုတွေ၊ လူလိမ်ခံရမှုတွေ အက်ကြောင်းထပ်လာသည်။ သို့တိုင် သူ့ဖခင်ထားရှိခဲ့သော အသိုက်အမြုံသည် ခိုင်ခန့်လှ သဖြင့် သူတို့ညီအစ်မ၏ ၀င်ငွေသုံးစွဲလည်ပတ်မှုသည် ယခင်ကနှယ် မပြောင်းလဲခဲ့သေးပါ။ ဖတဆိုး သမီး   လေး တွေ မြို့ကျောင်းမှာ မျက်နှာမငယ်ရစေရန် သူ့အမေက လစဉ်ပို့ငွေကို ယခင်ကထက် ပိုလျှံအောင် ပို့ပေးသည်။ ၀င်ငွေမရှိဘဲ ထွက်ငွေသာ ပြနေသည်ထက် သူ့အမေ၏ အတွေးထဲတွင် သူ့သမီးတွေ ပညာ    ရေး အောင်အောင် မြင်မြင်ပြီးဆုံးဖို့၊ သူပလို တောရွာမှာ မကုန်ဆုံးရစေဖို့၊ မျှော်လင့်ချက်တွေ၊ မေတ္တာ    တွေ တပုံတပင်နှင့် ခြိုးခြံချွေ တာဖို့အရေး ယောင်လို့တောင် တွေးမိခဲ့ဟန် မတူပါ။

ဖခင်မရှိတော့သည့် သမီးတွေကို ချစ်ခြင်းမေတ္တာအပြင် ကရုဏာပါထပ်လောင်း၍ အသုံးအစွဲကို မပိတ်ပင် သည့်အပြင် တောင့်တသမျှဖြည့်ဆည်းပေးခဲ့သည်။ တစ်ခါတရံမြို့ပေါ်၌ အရေးကိစ္စကြီးငယ် ပေါ်ပေါက်လာ ပါ က ကိုယ်ပေါ်ရှိ ဆင်ထားသော လက်ဝတ်တန်ဆာတို့ကို ပေါင်နှံအသုံးပြုရန်ပင် မှာကြားထားသေးသည်။ မိခင်၏ ရည်ရွယ်ရင်းကတော့ ရွာမှပို့ငွေမရောက်သေးမီ လိုအပ်ချက်ရှိခဲ့ပါက ငွေကြေးအတွက်  ခေါင်းမခဲ   စေရန် ဖြစ်မည်။ သို့သော် “တစ်တက်စား ကြက်သွန်၊ နှစ်တက်စား ကြက်သွန်” ဆိုသလို တစ်ခါပေါင်နှံရာ မှ လက်လွယ်စပြုလာ သောအခါ ညီအစ်မတတွေ ငွေလိုတိုင်း ဆွဲကြိုး၊ လက်ကောက် စသဖြင့် လွယ်လင့် တကူ ပေါင်နှံ အသုံးပြုလာ တတ်သည်။

ထိုသို့ဖြင့် တစ်နှစ်ဟူသော အချိန်ပြည့်တတ်၊ မပြည့်တတ်တွင် ကျွန်မ သူငယ်ချင်းမှာ ကုမ္ပဏီတစ်ခု၌ အလုပ်ရဖို့ ဆိုင်ရာပိုင်ရာများကို  ကန်တော့ဖို့လိုအပ်လာသည်။ ထုံးစံအတိုင်းပင် အလျင်လို၍ သူ့လက်   ကောက် ကို ပေါင်နှံပါသည်။ ထို့နောက် အလုပ်ကိစ္စများ အဆင်ပြေချောမွေ့၍ သင်တန်းတက်ရန် အကြောင်းကိစ္စထပ်ဖန် လာသဖြင့် လက်ဝတ်လက်စားတို့ကို အသုံးပြုရပြန်သည်။ ကျွန်မ သူငယ်ချင်း၏ ကိစ္စ အ၀၀ပြီးဆုံး၍ အလုပ် တစ်ခုနှင့် အခြေကျသွားသော် သူငယ်ချင်းဖြစ်သူမှာ အမြင်တင့်တယ်ရုံ နားကပ်   လေးတစ်ရံနှင့်သာ ကျန်နေရစ် ခဲ့ပါသည်။ ရွှေတိုးဖြစ်၍ အတိုးသိပ်မများလှရာ သူ့တစ်ကိုယ်ရေ တကာယ အတွက် အချိန်အတိုင်းအတာတစ်ခု တွင် ပြေလည်ပြီးဆုံးသွားမည်ဟု မျှော်လင့်ကာ သိပ်တော့ စိုးရိမ်မှု မရှိလှကြပါပေ။

သို့သော် သူငယ်ချင်း၏ အောက်မှ ပညာသင်ယူနေဆဲ ညီမသုံးယောက်အတွက် ထွက်ငွေသည် အရှိန် မပျက်စီးဆင်းဆဲဖြစ်ရာ မိခင်၏ ပို့ရငွေသည် လျော့ပါးမသွားရပါပေ။ ရွာတွင် လုပ်ငန်းများဆက်လက် လုပ်ကိုင် နေသည့် မိခင်သည် အဆင်မပြေမှုတွေ တင်းကြမ်းဖြစ်လာသည်။ မဖြစ်ဘဲလည်း မခံနိုင်ပါ။ လုပ်ငန်းမကျွမ်းကျင် ၍အရှုံးပေါ်ရသည်တွင် မြို့သို့ပို့ရငွေက အဆက်မပြတ်များသထက် များလာရသည် သာ ဖြစ်သဖြင့် ယိုင်နဲ့ရာမှ ပြိုလဲ၊ ပြိုလဲရာမှ ရောင်းချစသဖြင့် အခြေအနေများသို့ တစတစ ကူးပြောင်းလာ ခဲ့သည်။ နောက်ဆုံးတွင်ရွာလယ် ရှိ ခိုင်ခံ့သော နေအိမ်ကြီးတစ်လုံးသာ ကျန်တော့၍ မြို့ပေါ်သို့ ငွေမပို့ နိုင်တော့ပေ။ တက္ကသိုလ်တက်နေကြ သည့် ညီမများအတွက် ကျွန်မသူငယ်ချင်း၏လစာမှာ အပြည့်အ၀ မဆိုထားဘိ၊ တစိတ်တဒေသပင် မပံ့ပိုးနိုင်ပါ။ ထိုအခါ ပေါင်နှံစရာမရှိတော့၍ လက်လွယ်သည့် အလေ့ အထက ငွေတိုးဘက်ကို ကူးပြောင်းလာသည်။ ရွာရှိ အိမ်ရောင်းထွက်လျှက် အကုန်အစင်ဆပ်နိုင်လိမ့်မည် ဟု စိတ်အေးလက်အေးရှိကြပုံလည်း ရှိသည်။ မိခင်ပါ မြို့ ပေါ်ရှိ အိမ်သို့ တပေါင်းတစည်းထဲ စုစည်းနေ ထိုင်ကြမည်ဟု စီစဉ်ပြုထားကြလေသည်။

************
(၃)

စင်စစ် ငွေတိုးဟူသည် ကျွံမိလျှင် ရုန်းမရ၊ ပြုမရနှင့် လှုပ်လေ၊ မြုပ်တတ်ကြောင်း သူငယ်ချင်းမိသားစု သိချိန်တွင် အချိန်ကလွန်ခဲ့ပြီ။ အိမ်တစ်လုံး ရောင်းရငွေသည် ရေ၀ပ်သော ရက်ကွက်တွင်ရှိသည့် မြို့ပေါ် ရှိနေ အိမ်ကို နေသာအောင်ပြုပြင်,ပြင်ဆင်ပြီးသည့်နောက် တရိပ်ရိပ်တက်နေသော အတိုးများနှင့်   ကြွေးမြီများကို အကုန်အစင်ဆပ်ခြင်းငှာ မတတ်နိုင်ကြတော့ပါ။ အသုံးအစွဲလျှော့ကာ ကြွေးမြီများရှင်း ရတော့မည် သိလာကြချိန် တွင် မိသားစုတတွေ အင်အားရှိသလောက်တော့ ကြိုးစားကြပါသည်။ မိခင်က ရွာနှင့် မြို့ကူးသန်းကာ ဒေသ ထွက်ကုန်များကို အရောင်းအ၀ယ်ပြုသည်။ ဆယ်တန်းဖြေပြီးကာစ အငယ်ဆုံးညီမကလေးက ဆိုင်တစ်ဆိုင် တွင် အရောင်းစာရေးအဖြစ် လုပ်ငန်းခွင်ဝင်ပါသည်။ ထိုကလေးမ အတွက်မူ အစဉ်အဆက်အစ်မများလက်ထက် ကလို တက္ကသိုလ်ဟူသည်ကို မက်ခွင့်မရှိရှာတော့ပေ။   ကျောင်းပြီးနေကြပြီဖြစ်သော ကျန် ညီအစ်မနှစ်ယောက် လည်း ရရာလုပ်ငန်းခွင်များ သို့ဝင်ကြရ သည်။

ဤနေရာတွင် ကျွန်မ ဇာတ်လိုက်ကျော် (သူ) ၏ အကြောင်းက စပါပြီ။ အခြားသူများ ကိုယ်စီကိုယ်ငှ လုပ်ခ   ငွေများကို အိမ်သို့ပြန်လည်အပ်နှံကြသော်လည်း သူ့အတွက်မူ သူ့လစာငွေနှင့် သူ့ အသုံးစရိတ်ပင် မလောက်ပါ။ အလိုဆန္ဒဟူသည် အတောမသတ်နိုင်ဖြစ်ရကား ဒီတစ်လတစ်ခုဖြည့်ဆည်းပြီးလျှင်နောက်လ  တစ်ခုနှင့် သူ့တွင် တစ်ယောက်တည်း အလျင်မမီပါ။ လစာငွေ နည်းပါးတာကလည်း ပါ,ပါမည်။ ဤအထိက သူလည်း မိန်းမပျိုလေးတစ်ယောက်ဟု နားလည်ခွင့်လွှတ်ပေး၍ ရနေပါသေးသည်။ မိခင်သည် သမီးများကို အထူးချစ်ခင်အလိုလိုက်ပြီး သူငယ်ချင်းဖြစ်သူကလည်း ညီမများကို အနွံတာခံ သနားညှာတာ သူဖြစ်ရာ သူ့ အတွက် အိမ်အပေါ်ထပ်တွင် အခန်းတစ်ခန်းသတ်သတ်ပေးထားပြီး သူတင်မက ညီအစ်မများ အားလုံး ထမင်း လက်ဆေးစားရုံ အနေအထားမှာ ရှိစေခဲ့ပါသည်။

အ၀တ်လျှော်၊ မီးပူတိုက် တာဝန်များတွင် မိခင်နှင့် အစ်မကြီးဖြစ်သူကို အားနာကြသော ညီမအငယ်နှစ်   ယောက်က အလှည့်ကျပါဝင်ကူညီကြသော်လည်း သူ့အတွက်မူ ဒါတွေသည်က မသက်ဆိုင်သလိုဖြစ်နေ သည်။ သူ ၀တ်ပြီးလျှင် အိမ်အောက်ထပ်ရှိ ခြင်းတောင်းထဲသို့ လာထည့်မည်။ တဖန် ဘီရိုပုလေးပေါ်ရှိ မီးပူတိုက်ပြီး အထပ်တွေထဲမှ သူ့အ၀တ်များကို ရွေးယူကာ အိမ်အပေါ်ထပ် သူ့အခန်းသို့ ပြန်တက်မည်။ ထမင်းစားချိန်တန် လျှင် ထမင်းဆင်းစားမည်။ သူ့ပန်းကန် သူဆေး၍ သူ့အခန်းသို့သာပြန်တက်မည်။ တစ်အိမ်သားလုံးနှင့်လည်း စကားဟဟမပြောလှပါ။ ဖြူဖြူပိန်ပိန်သွယ်သွယ် အစဉ်တည်ထားသော မျက်နှာ ကလေးနှင့် အပြင်ပန်းကြည့် သော် အေးဆေးတည်ငြိမ်သော အသွင်ကိုတော့ ဆောင်ပါသည်။ သူ ၀ယ်ယူ ထားသော အသုံးအဆောင်များကို လည်း ညီအစ်မများအား ငှားယူသုံးစွဲခွင့်မပြုပါ။ ယုတ်စွအဆုံး သူ့အခန်း ကိုပင် အလုပ်သွားချိန်တွင် သော့ခတ်၍ သွားပါသည်။

ဤနေရာတွင် ပြောပြစရာရှိသည်မှာ သူငယ်ချင်း၏ အိမ်တွင် စက်ဘီးတစ်စီးသာရှိပြီး ညီမများ အလုပ် သွား၊ အလုပ်ပြန် တစ်ယောက်စီ အလှည့်ကျ အစ်မကြီးဖြစ်သူက နင်းကာ လိုက်ပို့သည်ကို ယုံကြပါမည် လား။ အမှန်ကိုပင် ညီမ သုံးယောက်လုံးကို တစ်နေရာစီ တင်နင်းကာ လိုက်ပို့ပါသည်။ ညီမများအားလုံးကို လိုက်ပို့ပြီး မှ အိမ်ပြန်ရေချိုးကာ သူ့အလုပ်ရှိရာ သွားသူမှာ ကျွန်မ သူငယ်ချင်း (အစ်မကြီး) ဖြစ်သူဖြစ်ပါ သည်။ အလုပ်ပြန် တွင်တော့ အလုပ်ဆင်းချိန်မတူညီကြလေသော ညီမများကို တာဝန်ကျေစွာ သွား   ရောက်ကြိုသည်ချည်း။ တစ်ခါ တရံ တစ်ယောက်ယောက်ကိုများ တလှည့်နင်းခိုင်းသည် မထင်ပါနှင့်။ သူသာ နင်းပို့ခဲ့သည်သာ။ မောပန်းနွမ်း နယ်နေသည့် သူငယ်ချင်းကို မကြာခဏတွေ့ရ၍ စိတ်မသက်သာ စွာ ကျွန်မ ပြောမိခဲ့သေးသည်။

“နင့်ဟာ..မဟုတ်သေးပါဘူး။ လမ်းကြောင်းတူတဲ့ အငယ်နှစ်ယောက်ကို စက်ဘီးပေးလိုက်။ သူတို့ အတူတူ သွားပါစေ။ နင် နဲ့ အလတ်မက လမ်းလျှောက်ကြပေါ့။ ဝေးလှတာမှ မဟုတ်တာ။ နိစ္စဓူဝ ဆိုက်ကား သမားတောင် နင့်လောက်ပင်ပန်းမယ်မထင်ဘူး။”

ကျွန်မနှင့် နှစ်ယောက်တည်း တွေ့ဖြစ်ကြသည့် မုန့်ဆိုင်တစ်ဆိုင်တွင်ဖြစ်သော်လည်း ဘေးဘီကြားမည် စိုးလှသည့်အလား….မျက်လုံးပြူးကလေးနှင့် လေသံခပ်တိုးတိုး ပြောသံကို ကြားရသည်တွင် အံအား တသင့် ဖြစ်မိသည်။

“အဲ့စကားကို အလတ်မကြားရင် အရမ်းစိတ်ဆိုးလိမ့်မယ်”
“ဟမ်…ဘာကို စိတ်ဆိုးမှာလဲ”

“သူက ငါ့တုန်းက ပြည့်ပြည့်စုံစုံနေရတယ်။ သူ့အလှည့်မှသာ ဟိုဟာခြိုးခြံရ၊ ဒီဟာခြိုးခြံရနဲ့ မျက်နှာငယ် တယ်တဲ့။ ငါကျတော့ အလုပ်ကောင်းရတယ်ပေါ့ဟာ။ သူ့အတွက်ကျ အဲလို ပံ့ပိုးမပေးနိုင်တော့ ဆိုင်အလုပ် သမားပဲ ဖြစ်ရတယ်တဲ့။ အငယ်နှစ်ယောက်ကို စက်ဘီးပေးလိုက်ပြီး သူ့ကို လမ်းလျှောက်ခိုင်းရင် ပို စိတ်ဆိုး လိမ့် မယ်”

မဟုတ်သေးပါဘူး။ စိတ်ထဲမှသာ ကျွန်မ ညည်းတွားမိသည်။ အခြေအနေ၊ အချိန်အခါ၊ ကံကြမ္မာ ဆို သည် မှာ ဖန်တီးပြုပြင်၍ မရသော အကြောင်းအရာတွေ မဟုတ်မှန်း သူ သိဖို့ကောင်းပါသည်။ ယခုလို တက်ညီ လက်ညီ ရုန်းကြ၇မည့်အချိန်တွင် သည်လို သင်းကွဲတလွဲနာကျည်းနေခြင်းတော့ မဖြစ်သင့်လှပါပေ။ မိသားစု ကကော အကျိုးသင့် အကြောင်းသင့် မသွန်သင်ကြတော့ပဲ အလိုလိုက်ခြင်းဖြင့်သာဖြေရှင်းလေ သည်လား။ သူငယ်ချင်း ဖြစ်သူကိုတော့ ကျွန်မ မည်သို့မှ တုံ့ပြန်မပြောဖြစ်ခဲ့ပါ။ သူ့မိသားစု၊ သူ့ညီမ အရေးမို့ သူငယ်ချင်းမှာ လည်း သံယောဇဉ်နှင့် ဆက်နွယ်သော စိတ်ခံစားမှုတော့ ရှိပါလိမ့်မည်။

********
(၄)

အိမ်ပေါ်လှမ်းအတက် ဖူးယောင်နေသော သူ့မျက်နှာက ကျွန်မကို အထိတ်တလန့်ဖြစ်စေသည်။ အငယ် ဆုံးညီမလေးအတွက် သင့်တော်သော အလုပ်တစ်နေရာကို တွေ့ရှိ၍ လျှောက်လွှာလာရောက်ပေးရန် သူတို့အိမ် ရောက်ရှိလာခြင်းဖြစ်သည်။ အငယ်ဆုံးညီမမှာ အင်္ဂလိပ်စာအထူးပြုယူထားကာ အင်္ဂလိပ်စာ   တော်သော ကလေးမဖြစ်၍ သင့်တော်သူဟု သတ်မှတ်ခြင်းသာဖြစ်သည်။ လာရင်းကိစ္စပြောတော့ သူငယ်ချင်းဖြစ်သူတို့ ၀မ်းသာအားရဖြစ်ကြပါသည်။ ကလေးမကလည်း တက်တက်ကြွကြွရှိလှသည်။ ထိုစဉ် သူ သည် ကျွန်မ လက် ထဲမှ စာရွက်ကိုဆက်ကနဲဆွဲယူ၍ ဖတ်ရှုပြီး နှုတ်ခမ်းအစုံမဲ့ကွေးကာ “လူတွေ က ရေ များရာပဲ မိုးရွာတယ်။ မြေနိမ့် ရာ လှံစိုက်တယ်” ပြောပြီး အိမ်အပေါ်ထပ်သို့ တ၀ုန်းဝုန်းမြည်အောင် တက် သွားသည်။ ၀ုန်းဒိုင်းကျဲအသံများ ကြားမှ အိကနဲရှိုက်ငင်လိုက်သော အသံကိုတော့ ကြားလိုက်ရသလိုရှိ သည်။ ကျွန်မ နားမလည်မှုများနှင့် စိတ်မ ကောင်းလည်း ဖြစ်မိပါသည်။ သူက မြန်မာစာ ဘွဲ့ရမို့ ကျွန်မ    တွေ့ရှိခဲ့သော အလုပ်ကို သူ့အတွက် မမြင်မိတာ သမားရိုးကျသာဖြစ်ပါသည်။ ဖော်ရွေပျူငှာခြင်းကင်းစွာ မနာခံတတ်သောသူ့ကို ကျွန်မ အတွင်းစိတ်တစ်နေရာမှ မစဉ်းစားရဲတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါမည်။ ကျွန်မ တာဝန်ခံပေးရမည့် အလုပ်နေရာသည် သွက်လက်ချက်ချာကာ၊ အထက်လူကြီးစကားကို နာခံသော၊ အင်္ဂလိပ်စာအနည်းအကျဉ်းပြောတတ်ကာ၊ ရိုးသားပွင့်လင်း အပြုံးပန်းဝေနေတတ်သည့် ၀န်ထမ်းတစ်ဦး   ဖြစ်ရပါမည်။ သို့အတွက် အငယ်မလေးကိုသာ ကျွန်မမြင်မိခြင်း ဖြစ်သည်။

ကျွန်မ ကို အားတုံ့အားနာဖြစ်နေသော မိခင်ဖြစ်သူက
“အခုတင် ရိုက်နှက်ထားလို့ သောင်းကျန်းတာ သမီးရေ။ အရမ်းအားနာတာပဲ”

အားနာစကားထက် ရိုက်နှက်ထားတာဟူသော စကားကိုသာ အံ့အားတသင့်ဖြစ်စွာ နားထွေးလှသည်။ သူ့ မျက်နှာ ဖူးယောင်နေတာတော့ ကျွန်မ မျက်မြင်ပဲ။ ဘာဖြစ်မှန်းသာ သေချာစေ့ငှစွာ မသိခဲ့တာဖြစ်သည်။ ကလေးတွေကို အလိုလိုက် ချစ်ခင်ကာ အနွံတာခံလှသော မိခင်ဖြစ်သူနှင့် အစ်မကြီးဖြစ်သူအကြောင်းကို သိရှိ နေပြီးဖြစ်သည့်အတွက် ပိုလို့သာ နားမလည်နိုင်ပါ။ အဘယ်အရေးကြီးကိစ္စကများ ရိုက်နှက်သည် အထိဖြစ်ခဲ့ရ ပါသနည်း။

အကြောင်းစုံကို သိရတော့ သက်ပြင်းကိုသာ နာနာချမိပါသည်။ သည်လိုအနေအထားမျိုး၊ အချိန်မှာ မှ   ရောက်လာခဲ့မိသော ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည်။ လွန်ခဲ့သော သီတင်းပတ်က မနာခံတတ်   သောသူ သည် လက်ရှိအလုပ်မှ ရပ်နားခံရသည်။ ထို အတောအတွင်း စင်ကာပူနိုင်ငံတွင် အခြေချနေထိုင်   သော ဆွေမျိုး နီးစပ်တော်စပ်သူ အစ်မတစ်ယောက်ရောက်လာပါသည်။ ပင်နီဆူလာပလာဇာတွင်   မြန်မာဆိုင်ဖွင့်ထားရာ လူရင်းလိုသဖြင့် သူတို့ညီအစ်မတွေထဲမှ တစ်ယောက်ကို ခေါ်ရန်ရောက် လာခြင်း   ဖြစ်သည်။ ဆိုင်အတွက် ဆိုပေမည့် အကြော်၊ အလှော်၊ ဟင်းလျာများပါတင်ရောင်းသည် ဖြစ်ရာ အိမ်တွင် လည်း ထိုအကြော် အလှော် များ ကြော်ရ မည်ဖြစ်သလို ဆိုင်လည်း အလှည့်ကျထိုင်ပေး၊ ရောင်းပေးရ ပါမည်။ အိမ်အလုပ်လည်း အဆင်သင့် သလို လုပ်ရ ပါလိမ့်မည်။ မခိုမကပ်အစဉ် အလုပ်လုပ်နေသော   နိုင်ငံရပ်ခြားမှ ဆိုင်တစ်ဆိုင်သည် မြန်မာပြည်မှ ဆိုင်များလို သက်တောင့်သက်သာ ထိုင်ရောင်းနေရုံနှင့်   တော့ ရမည်မဟုတ်ပါ။

မညှာမတာပြောရသော် အပိုးကျိုးကျိုး၊ နာခံရိုကျိုးကာ အလုပ်ကိုထောင့်စေ့အောင် လုပ်ရပါမည်။ သို့ အတွက် ထိုအစ်မဖြစ်သူရွေးချယ်ခေါ်ယူသွားသည်မှာ အငယ်နှစ်ယောက်ထဲမှ အကြီးမလေးဖြစ်သည် ဆိုခြင်း ကိုမူ အထူးပြောစရာလိုမည်မထင်တော့ပါ။ ထို ကလေးမလေးအတွက် မိခင်ဖြစ်သူအပါအ၀င် တစ် အိမ်သားလုံး ပျော်ရွှင်ဝမ်းသာနေကြချိန်တွင် သူ က ရှိုက်ကြီးတငင်ငိုယိုသောင်းကျန်းသည်မှာ လာခေါ် သူအစ်မ မျက်စိ မျက်နှာပျက်သည်အထိပင်။ သူ့ရင်ထဲကို ကျွန်မ လှမ်းမြင်နိုင်ပါသည်။ ဒေါသမထွက်စဖူး ထွက်ကာ မိခင်ဖြစ်သူမှ ရိုက်နှက်ဆုံးမသည် ကြားသိရသော် ရင်ထဲမကောင်းပါ။ ထိုအချိန်မှာမှ ထပ်မံ   ရောက်ရှိလာမိသော ကျွန်မ အပြု အမူအတွက် သူ ပေါက်ကွဲတာ သဘာဝကျပါသည်။ သို့သော် ကျွန်မ မည်သို့မှ မတတ်နိုင်ခဲ့ပါ။ ရန်လိုစူးရှသော အကြည့်များနှင့် ဘေးပတ်ဝန်းကျင်အပေါ် အဆိုးမြင်သော မျက်ဝန်းနှင့်သွင်ပြင်ကို မြင်ယောင်မိတိုင်း အလုပ် တစ်နေရာအတွက် အာမခံပေးဝံ့လိမ့်မည်မထင်ပါ။ ထိုအရာသည် အမုန်းမခံ၊ ပြဿနာတွေနှင့် ဝေးရာကို ရှောင်ခွာချင်သော ကျွန်မ၏ အတ္တလည်းဖြစ်ပါသည်။

******

သူကတော့ ပြန်သွားပြီ။ ကျွန်မ အတွေးစတို့ ဟိုတစ်စ၊ သည်တစ်စလွင့်မျောနေဆဲ။ ယခုအချိန်မှာတော့ သူတို့ မိသားစုသည် တည်ငြိမ်စပြုလာသော အခြေအနေသို့ ရောက်လာပြီသို့ ပြောနိုင်သော အနေအထား မှာ ရောက်ရှိနေပြီ။ စင်ကာပူနိုင်ငံရောက်ရှိနေသည့် ကလေးမက လိမ်မာနာခံကာ အလုပ်,လုပ်နိုင် သည့် အတွက် အလုပ်ရှင်မှ ဆယ်လစာထုတ်ပေးမည်ဟူ၍ပင် အကြောင်းကြားလာရာ သူတို့မိသားစုတင်ရှိသော   ကြွေးမြီများ ကုန်စင်အောင်ဆပ်နိုင်ပါလိမ့်မည်။ ကျွန်မ တာဝန်ခံပေးသော အလုပ်နေရာမှာ အငယ်ဆုံး ညီမက အဆင်ပြေစွာ ရှိပြီး၊ သူငယ်ချင်းဖြစ်သူကလည်း မူလအလုပ်နှင့် အခြေတကျ။ ထိုအဆင်မပြေမှု အတွက် သာတောင့်သာယာ ပျော်ရွှင်ရမည့်အစား “ငါကျတော့” ဟူသည့်အတွေးများနှင့် ပူပြင်းလောင်မြိုက်   နေသူမှာ သူပင်ဖြစ်သည်။

မိသားစုနှင့် သူ သည် တစ်အိမ်ထဲအတူနေပါလျှက် ဝေးကွာသထက် ဝေးကွာလာသည်။ အမြဲ အလို လိုက် ချစ်ခင်ခဲ့သော မိခင်သည်လည်း စိတ်ရှည်တော့ဟန်မတူပါ။ သူ ရှာဖွေသောင်းကျန်းသော   ပြဿနာများ   နောက်ဆက်တွဲ ရိုက်နှက်သံတွေ မကြာခဏကြားလာရသည်။ အဖြစ်အပျက်က ဂျာအေး သူ့အမေ ရိုက် သကဲ့ သို့ပင်။ သူ က တလွဲပိုနာကျည်း၊ မိသားစုက ပိုစိတ်ညစ်..။ အတွင်းအဇ္ဈတ္တက ဘ၀ကို အခိုးရိုက်ခတ်   စေသည် လားမသိပါ။ သူ့အတွက် အလုပ်တစ်နေရာ အခုထက်ထိရှာဖွေမရပါ။ သို့တိုင် ယခုထက်ထိ ထမင်းလက်ဆေး စား အခြေအနေမှာပဲ သူတို့မိသားစုတွင်း ရှိနေပါသေးသည်။

******
(၅)

“ကံဆိုးမ သွားလေရာ၊ မိုးလိုက်လို့ရွာ” ဟူသောစကားပုံတစ်ရပ် ရှိနေပါသည်။ သံသရာမှ အကျိုးဆက် များကြောင့် မိုးရွာနေခြင်းတော့ မှန်ပါသည်။ ကံဆိုးမဖြစ်ခြင်းအား ကံကောင်းသူအဖြစ် ချက်ချင်း လက်ငင်း   ပြောင်းလဲ၍ မရသော်လည်း မိုးတုတ်တုတ်ကျ မစိုစေရန်ကား ကိုယ်တိုင်ကြိုးစား၍ ရပါသည်။ မိုးလွတ်ရာ အရိပ် အောက် ပြေးခို၍ရသလို၊ ကိုယ်ခန္ဓာကို အနည်းငယ်လုံခြုံစေမည့်ထီးတစ်လက်လည်း ဖန်တီး၍ ရပါသည်။ သို့သော် အရိပ်ခိုရာ နေရာဝန်းကျင်ကိုတော့ ဘာကြောင့်ဒီနေရာကျ ခြောက်သွေ့နေရသလဲ မမြင်မိရန် လိုပါ သည်။ ကံ ကံ၏ အကျိုးကို သော်လည်းကောင်း၊ ကိုယ်ပြုသော အပြုအမူသည် ကိုယ့်ကို သာ ပြန်လည်ရိုက်ခတ် စေနိုင်ကြောင်း နားလည်ရန်လိုပါသည်။ “ငါ့ကျမှ” ဟူသော အတွေးသည် “ငါ” ဟူသော အတ္တ၊ မာန်မာရှိနေကြ သော လူသားတိုင်း၏ မည်သည့်ဘ၀တွင်မဆို ရှိတတ်ကြကြောင်း သတိမူစေချင်ပါသည်။ စကားတစ်ရပ်ရှိပါ သည်။ “သနားကရုဏာသက်ရန်လွယ်ပါသည်၊ မုဒိတာပွားရန် မလွယ်ကူပါ” ။ မုဒိတာမပွားနိုင်ခြင်းမှ ဣဿာ မစ္ဆရိယ ဘက်ကူးပြောင်းသွားသော အတွင်းအဇ္ဈတ္ထသည် အခိုးအငွေ့များ ညစ်ထေးကာ လက်ရှိဘ၀နေထိုင် မှုကိုပါ ရိုက်ခတ်စေနိုင်စေသည်။ မစင်ကြယ်သော အဇ္ဈတ္ထရှိနေသရွေ့ “ငါ့ကိုမှ” “ငါ့ကျမှ” “ငါ အမှန်” ဟူသော အမှောင်ထုထဲမှ ရုန်းထွက်ရန် မလွယ်ကူလှပါ။

တစ်ခဏ လူ့ဘ၀အတွင်းမှ ပြုပြင်ပြောင်းလဲ ဖန်တီး၍ရသော အဇ္ဈတ္တသံစဉ်များအား လှပစေချင် လှပါ သည်။                       ။


ရွှေအိမ်စည်
(ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း-၂၀၁၃ ဇွန်လ)

********************
နောက်ဆက်တွဲဖြည့်စွက်ချက် 
********************
၂၀၁၃၊ နိုဝင်ဘာလ၊ နယူစတိုင်မဂ္ဂဇင်း

12 comments:

  1. ငါ့ကျမှ ငါ့ကျမှ အမေက ဘာလို့ မချစ်တာလဲလို့ ခဏခဏတွေးတဲ့ အတွေးကို ဖျောက်ပါတော့မည် ကျေးကျေး အစ်မအိမ်စည်း)

    ReplyDelete
  2. ဖတ်လို့ကောင်းလိုက်တာအမရယ်း)

    ReplyDelete
  3. Tin Moe Moe KhaingJuly 9, 2013 at 2:34 AM

    ဖတ်ကြည့်ပြီး ခံစားသွားပါတယ်။

    ReplyDelete
  4. ရွှေအိမ်စည်July 9, 2013 at 2:37 AM

    ရည်ဝေ၊ ဆုမြတ် >> အားပေးသွားတာ ကျေးကျေး :))

    Tin Moe Moe Khaing >> မမ....ကြိုးစားပမ်းစားရေးရတဲ့ ကွန်မန့်..အဟဲ။ ချစ်လို့ စတာ :)) <3

    ReplyDelete
  5. Adora ပတ်ဝန်းကျင်မှာလဲ ဒီလိုလူမျိုးရှိတာမို့ မရွှေအိမ်စည်နဲ့ ထပ်တူခံစားသွားပါတယ်။

    ReplyDelete
  6. ဖတ်လို့ကောင်းလိုက်တာ

    ReplyDelete
  7. Adora etc , amy aung

    အားပေးသွားကြတာ ကျေးဇူးပါရှင် :)

    ReplyDelete
  8. ဖတ်ရှု ခံစားသွားခဲ့ပါတယ်။

    ReplyDelete
  9. ရေးထားတာလေးအရမ်းကြိုက်ပါသည်။ နောက်ဆုံးအပိုဒ်ကိုအကြိုက်ဆုံးပါ။

    ReplyDelete
  10. အင်း...
    ဒီဝတ္ထုလေးကို
    သူလို ငါလို ဘ၀တူ လူတန်းစားလေးတွေ
    ဖတ်စေ့ချင်လိုက်တာဗျာ ကျနော်ကိုယ်တိုင်
    အပြင်မှာ ထို သို့သော အကြောင်းများနှင့်
    ထပ်တူ မိသားစု နှစ်စုကို တွေ့ခဲ့ဘူးလို့ပါ ။

    ReplyDelete
  11. သဘောကျလိုက်တာ...
    “သနားကရုဏာသက်ရန်လွယ်ပါသည်၊ မုဒိတာပွားရန် မလွယ်ကူပါ” ။ မုဒိတာမပွားနိုင်ခြင်းမှ ဣဿာ မစ္ဆရိယ ဘက်ကူးပြောင်းသွားသော အတွင်းအဇ္ဈတ္ထသည် အခိုးအငွေ့များ ညစ်ထေးကာ လက်ရှိဘ၀နေထိုင် မှုကိုပါ ရိုက်ခတ်စေနိုင်စေသည်။ မစင်ကြယ်သော အဇ္ဈတ္ထရှိနေသရွေ့ “ငါ့ကိုမှ” “ငါ့ကျမှ” “ငါ အမှန်” ဟူသော အမှောင်ထုထဲမှ ရုန်းထွက်ရန် မလွယ်ကူလှပါ။
    သိပ်မှန်တဲ့စကားလေးတွေသုံးပြီးဝတ္ထုလှလှလေးရေးပြသွားတာသဘောကျလိုက်တာ..
    Areal Thu

    ReplyDelete
  12. ဟေမာန်ကိုNovember 10, 2013 at 10:04 PM

    မစင်ကြယ်သော အဇ္ဈတ္ထရှိနေသရွေ့ “ငါ့ကိုမှ” “ငါ့ကျမှ” “ငါ အမှန်” ဟူသော အမှောင်ထုထဲမှ ရုန်းထွက်ရန် မလွယ်ကူလှပါ။

    စကားလုံးတွေက အရမ်းကို အသက်ဝင်လိုက်တာ နားနားကပ်ပြီး ပြောပြနေသလိုဘဲ ညီမလေးရေ

    ရင်ထဲထိရောက်အောင်ဝင်သွားတယ် ဆင်ချင်စရာလေးတွေကိုပါ ကိုယ်.ကိုကိုယ် သိလာရတယ်

    ReplyDelete