အမိန့်အာဏာကို
နာခံတတ်သော မီးထွန်းသမားကို မြင်တွေ့သည့်အခါ၌မူ မိနစ်တိုင်း ပြောင်းလဲနေသည့် နေ၀င်ချိန်၊ နေထွက်ချိန် များနှင့် ကြုံတွေ့ရလေသည်။ သစ္စာရှိ ကျိုးနွံလှသော
မီးထွန်းသမားသည် ဟိုးး ယခင်တွေတုန်းက အပြောင်းအလဲ မမြန်သည့် နေ၀င်ချိန်တွေတွက်
အိပ်ချိန်၊ နားချိန်တောင် ရခဲ့ဖူးသည်တဲ့။ နဖူးမှ ချွေးစက်တို့ကို သုတ်ရင်း
နွမ်းနယ်စွာဆိုသည်။ အမိန့်အာဏာ သည် ပြောင်းလဲတတ်ပါသလား။
ဂြိုဟ်တွေပိုပြီး အလည်မြန်လာလေလေ နေထွက်ချိန်တွေက
ပိုပြီးစိပ်လာလေလေပေါ့။ နေထွက်ချိန် မီးထွန်း၍၊ နေ၀င်ချိန်
မီးငြိမ်းရသောမီးထွန်းသမားကို ကရုဏာသက်ချစ်ခင်စွာကြည့်ရင်း နေ၀င်ချိန်ကို
ရှာဖွေခဲ့သော ကာလများကို မင်းသားလေးပြန် ပြောင်းသတိရလာသည်။ နားချင်လျှင်
နားနေနိုင်မည့် နည်းလမ်းကိုများ မလိုချင်ပေဘူးလား။
“နေရောင်ထဲမှာ
အမြဲနေဖို့ ခင်ဗျား ဖြေးဖြေးကလေး လမ်းလျှောက်ရပေလိမ့်မယ်။ ခင်ဗျား
နားချင်တဲ့ဆန္ဒရှိရင် ခင်ဗျား လမ်းလျှောက်ရမယ်၊ အဲဒီ့တော့ ….နေ့တာ ရှည်လိမ့်မယ်”
ပူနွေးလင်းဖြာသော နေရောင်ထဲမှာ
ကြာကြာနေရဖို့၊ မီးငြိမ်းရတဲ့နေ၀င်ချိန်တွေ ရောက်မလာစေဖို့ ဖြေးဖြေးကလေး လမ်း လျှောက်ရမည်သာ။ လောဖို့မလို။ ဆောလျင်စွာ ပြုမူဖို့မလို။
ပင်ပန်းလှပြီဖြစ်သော ပြုမြဲဆောင်တာတို့မှ အနားယူလိုလျှင် လမ်း လျှောက် ရမည်သာ
ဖြစ်သည်။ လမ်းလျှောက်နေခြင်းသည် နေ၀င်ချိန်ကို ရောက်မလာစေခြင်းဖြစ်သလို အနားရစေရန် အတွက် လည်း
ရည်ရွယ်ပါသည်။ သို့သော် မီးထွန်းသမား၏ နှစ်သက်ခြင်းက “အိပ်နေခြင်း” ပဲ ဖြစ်သည်တဲ့။
မင်းသားလေးခေါင်းကို အသာရမ်း ကာ ပြောစရာစကားလည်း မရှိတော့သလို..။ “အဲဒီလို လူစားမျိုး” အမှတ်မထင်ရေရွတ်ရင်း ဘုရင်မင်းမြတ်သော် လည်းကောင်း၊ ဘ၀င်မြင့်သူ၊ အရက်သမား၊
စီးပွားရေးသမားတို့လည်းကောင်း ရှုံ့ချကြမည်ကို အလိုလိုသိမြင်မိသည်။
သို့သော် သူ မီးထွန်းခြင်း၊
မီးငြိမ်းခြင်းသည် သစ္စာရှိကျိုးနွံစွာ တာဝန်ကိုထမ်းဆောင်နေခြင်းဖြစ်ကြောင်း
ကိုယ်ရေးကိုယ်တာ ထက် ဦးစားပေးနေသည်ကို သိနေသဖြင့် မင်းသားလေးက
ဝမ်းနည်းစိတ်မကောင်းဖြစ်လှသည်။ “အဓိပ္ပာယ်တော့
မမဲ့လှပါဘူး” ခပ်တိုး တိုးရေရွတ်ရင်း မီးထွန်းသမားထံမှ ထွက်လာခဲ့ရခြင်းအတွက်
အားနာစိတ်မကောင်းဟန်က မင်းသား လေးမျက်နှာဝယ် အထင်းသား။
တစ်နေ့လျှင် အကြိမ်ပေါင်း
တစ်ထောင့်လေးရာလေးဆယ်ကြိမ် နေ၀င်နေခြင်းအတွက် မင်းသားလေးဘာမှ မတတ်နိုင် ခဲ့ပါချေ။
နေရောင်အောက်ဝယ် လမ်းလျှောက်ချင်စိတ်ရှိလာပါစေဟု ဆုတောင်းပေးခဲ့ရုံသာ ရှိတော့သည်။
“ကောင်းသော ဂုဏ်သတင်းရှိတဲ့ ကမ္ဘာမြေကြီးကိုသွားပါ”
*******
(၅)
ကမ္ဘာမြေပေါ် ရောက်ရှိသည့်အခါ
ဘုရင်တွေများစွာ၊ ပထ၀ီဆရာတွေများစွာ စီးပွားရေးသမားတွေများစွာ၊ အရက်သမား တွေများစွာ၊ ဘ၀င်မြင့်နေသူတွေ များစွာ သိန်း , သန်းနှင့်ချီတွေ့ရသည်တွင်
အံ့သြမှုများစွာ..။ ကမ္ဘာမြေဟာကြီးမား ကျယ်ပြန့်နေ သည်ကလွဲလို့ အခြား,အခြားသော သူ
ဖြတ်သန်းခဲ့သည့် ဂြိုဟ်ငယ်ကလေးတွေလို လူကြီးသူမတွေနဲ့ပါပဲလား။ သူ့ရဲ့
ကျယ်ပြော လှ တဲ့မြေနေရာ အနှံ့အပြားမှာ လူကြီးသူမကုဋေ ၂၀၀ ခန့်ကို
သိုသိုသိပ်သိပ်ထမ်းပိုးထားနိုင်သည်။ တိကျ မှန်ကန်လှတဲ့ မီးထွန်းသမား ၄၆
သန်းကျော်ရှိသော မီးထွန်းတပ်ဖွဲ့ကြီးများကိုလည်း
တွေ့ခဲ့ရရဲ့။မြောက်ဝင်ရိုးစွန်းနှင့်တောင် ၀င်ရိုးစွန်းမှလွဲ၍
ကျန်နေရာဒေသ အကုန်လုံးတွင် အလှည့်ကျခြင်းစိပ်စွာ တစ်ချက်လေးမှ အမှားမခံဘဲ တာဝန်ကို
ကျေပွန် စွာထမ်းဆောင်နေကြရသည်။ ၀င်ရိုးစွန်း နှစ်ခုကတော့
တစ်နှစ်လျှင်နှစ်ကြိမ်မျှသာ ထမ်းရွက်ကြရလျှက် တစ်နှစ်ပတ်လုံး
အေးငြိမ်းချမ်းသာစွာနေကြရသည်သာ။
ပထမဦးဆုံး သက်ရှိဖြစ်သည့် “မြွေ”
တစ်ကောင်နှင့်တွေ့သောအခါတွင်မူ သူ ရောက်နေသော ကမ္ဘာမြေကြီး နေရာမှာ
အာဖရိကဖြစ်ကြောင်း သိရလေသည်။ လူသူမနေသော သဲကန္တရတွင်းဝယ် မျက်စိတဆုံးကြည့်တိုင်း
ဟင်းလင်းပြင်ကြီးသာ။ နေရာသစ်ကို ခြောက်သွေ့အနေရခက်ကာ
ကောင်းကင်ကိုယောင်ယမ်းမော့ကြည့်တော့ မင်းသားလေး၏ ဂြိုဟ် ငယ်ကလေးက တလက်လက်ဖြင့်
မင်းသားလေးကို နှုဆ်ဆက်နေသည့်နှယ်..။
“ကြယ်ကလေးတွေကို
အလင်းရောင် ပေးအပ်ထားခြင်းဟာ တစ်နေ့ ဒီ ကြယ်လေးတွေကိ မိမိပြန်လည်တွေ့နိုင်ဖို့ ရာ
အလင်းရောင်ပေးထားခြင်းများလား”
တလက်လက်တောက်ပနေသော သူ့ ဦးခေါင်းပေါ်ရောက်နေ ပါလျှက် ဝေးလံလှသောနေရာ မှ ဂြိုဟ်ငယ် ကလေးကို ငေးကြည့်ရင်း အထီးကျန်လွမ်းဆွေးစိတ်က ထိန်းမနိုင် တားမရ။ မြွေ ကို ရုတ်တရက် ကောက် ကာ ငင်ကာ မေးမိသည်။
“လူတွေ အများကြားထဲမှာလည်း အထီးကျန်ဘ၀နဲ့နေရတာပဲ မဟုတ်လား”
မြွေတစ်ကောင်အတွက် ဖြေစရာအဖြေက
မဆိုင်းမတွပင်။ အထီးကျန်ခြင်းဟူသည့် အဘယ်အရာနှင့်များ ဆက်စပ်နေပါ လိမ့်….။ သေးသွယ်လှသည့်
သတ္တ၀ါလေးတစ်ကောင်ပေမယ့် သူကများ ဒေါသတကြီး ထိမိလိုက်ရင် သူတို့လာတဲ့ မြေကြီးထံ သို့
ပြန်ပို့နိုင်စွမ်းရှိသည်တဲ့..။ မြေကြီးပေါ်တွင် ရှင်သန်ကြသောလူများအတွက်
မြေကြီးထံမှာလဲလျောင်းအနားယူ ရတာ ဘယ်လို ဆုံးရှုံးကြေကွဲမှုရှိနိုင်မည်လဲ။ မြွေကတော့
အရာရာ တတ်နိုင်သူပမာ…။
******
လူသူလေးပါး တွေ့လို့တွေ့ငြား တောင်မြင့်ကြီးတစ်ခုအပေါ် ကြိုးစားတက်ခဲ့ရသော မင်းသားလေးသည် အရာအားလုံးနှင့် မတွေ့ရတော့ဘဲ ကြီးမားချွန်ထက်နေသော ကျောက်တောင်များကိုသာ တွေ့ရလေတော့သည်။ မင်းသားလေး၏ သေးငယ်လှသော ကိုယ်ခန္ဓာလွင့်မျောသွားမတတ် လေကတဟူးဟူး။ သည် တောင်မြင့်ကြီးထက် တက်လာသည်တွင် ၀န်းကျင်သည် အရာရာ ခြောက်သွေ့အေးစက်သွားသလို ခံစားလိုက်ရသည်။ ခြောက်သွေ့မှုဒဏ်မှ ပျောက်လိုပျောက်ငြား “မင်္ဂလာရှိသော နံနက်ခင်းပါ” ဟု ခွန်းနှုတ်ဆက်မိတော့ ပဲ့တင်သံကချက်ချင်းနှယ် ထွက်ပေါ်လာသည်။ ထိတ်လန့်ကြောက် ရွံ့စွာ မေးခွန်းများဖြင့် ဆက်၍ ဆက်၍ အော်ဟစ်သော်လည်း သူ ရရှိသည်က သံတူဝါကျများသာ။ “ဟေး” ဆိုလျှင် “ဟေး” လိုက်၍ “ဟား” ဆိုလျှင် “ဟား” လိုက်သည်ပဲ။ စိတ်ပျက်စရာကောင်းလှချည့်။ ကြည့်လေ မြင်လေရာရာလည်း အားလုံးက ချွန်ထက်ပြီး ကြမ်းတမ်းလှသည်။ ရုတ်တရက် စကား စ ဆို နှုတ်ဆက်သော ဂြိုဟ်ငယ်ကလေးပေါ်မှ ပန်းကလေးကို သတိ ရသည်တွင် မင်းသားလေးသည် ဖျတ်ကနဲကြေကွဲသွားသည်။
“အားလုံးခြောက်သွေ့နေပါလား၊ အားလုံး ချွန်ပြီး ကြမ်းတမ်းနေကြပါကလား၊ လူတွေမှာလည်း တွေးတောတတ် တဲ့ ဥာဏ်မရှိတော့ပါလား၊ သူ တစ်ဦးတစ်ယောက်က ဘာပဲ ပြောပြော ဒါကိုပဲ ပြန်ပြောနေတတ်ကြပါကလား”
ထို ထို အရာတွေကို ကျော်ဖြတ်သွားလာပြီး ပန်းများဝေဆာစွာပွင့်နေသော ခြံတစ်ခြံရှေ့အရောက် မင်းသားလေးသည် မြောက်များလှစွာသော ပန်းပွင့်များကို ငေးကြည့်နေမိသည်။ ထို ပန်းပွင့်များစွာသည် တူညီစွာလှပပွင့်လန်းနေကြပြီ်း သူ၏ ပန်းကလေးနှင့် လွန်စွာတူနေကြသည်။ သူ၏ ပန်းကလေးများ ကိုယ်ပွားများစွာ ဖန်ဆင်းလျှက် မျက်လှည့်ပြနေပေ သလား။ သို့သော် ပန်းပွင့်များ၏ အငွေ့အသက်ကတော့ ရင်းနှီးနွေးထွေးခြင်း မရှိနေတာ သေချာသည်။
“သင် ဘယ်သူလဲ”
“ကျွန်မတို့ နှင်းဆီပန်းတွေ ဖြစ်ပါတယ်”
မင်းသားလေး၏ ကြေကွဲနာကျင်မှုသည် အနက်ရှိုင်းဆုံးချောက်နက်နက်ထဲ ရောက်ရှိသွားသလို..။ နှင်းဆီပန်းတွေ … …နှင်းဆီပန်းတွေ…။ သည် ပန်းကလေးတွေ၏ အမည်နာမက နှင်းဆီတဲ့လား။ စကြ၀ဠာမဆိုထားဘိ။ ကမ္ဘာမြေရဲ့ ခြံ ကလေး တစ်ခြံတွင်းမှာပင် ဆင်တူယိုးမှားနှင်းဆီပန်းပေါင်း ငါးထောင်ခန့်ရှိနေသည်။ လောကတစ်ခွင်မှာ သူ သာလျှင် တစ်ပွင့်တည်းဟု မင်းသားလေးကို ကြွားဝါမာန်ဝင့်ခဲ့သော ပန်းကလေး။ ယခုတော့ သာမာန်နှင်းဆီပွင့်ကလေးမျှသာပါလား။ သူ့ လို နှင်းဆီပွင့်ပေါင်း မြောက်မားစွာရှိနေသေးတာပါပဲလား။ နုညက်လှပသည့် ပန်းကလေးကို ပိုင်ဆိုင်ခွင့်ရ၍ ကံ အကောင်း ဆုံးသူ၊ တန်ဖိုးထိုက်တန် တာကို ပိုင်ဆိုင်ခွင့်ရတဲ့သူ ဟု သူ့ကိုယ်သူ မှတ်ယူထားခဲ့သည်ကို ပြန်ပြောင်းတွေးမိသောအခါ ၀မ်း နည်းမှုအလျင်က မင်းသားလေး ကို ဖိစီးလေးလံလာသည်။
ယုံကြည်မှုကို ဖြိုလဲခံရ၍လား၊ တန်ဖိုးထားရာ အရာတစ်ခုပျက်ပြယ်ဆုံးရှုံးသွားသည့်အတွက်လား….မင်းသားလေး အတွက်တော့ နှလုံးအိမ်ကြေကွဲလှပါသည်။
No comments:
Post a Comment