Friday, August 2, 2013

အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး (၄) (ဇာတ်သိမ်း)




(၆)

မင်းသာေးလးနှင့် အကျွမ်းဝင်ခြင်း

            ပြိုကွဲနာကျင်နေသောနှလုံးသားသည် “အကျွမ်းဝင်ခြင်း” ဟူသောအရာနှင့် ထိတွေ့ရသောအခါ အံ့သြထူးဆန်းမှုတွေ နှင့် လောကကို ပိုမိုသိမြင်လာလေသည်။ ဒါကို သိမြင်အောင် ဖြစ်တည်စေခဲ့သည်က မြေခွေးပင်။

            “ကျွန်တော် မိတ်ဆွေတွေကို ရှာနေတာပါ၊ ယဉ်ပါးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲဟင်”
            “အဲဒါဟာ တစ်ဦးနဲ့ တစ်ဦး အကျွမ်းတ၀င်ဖြစ်အောင် နှောင်ကြိုးဖွဲ့ခြင်းကို ဆိုလိုတာပဲ”

            နှောင်ကြိုးဖွဲ့ခြင်း….နှောင်ကြိုးဖွဲ့ခြင်း။ တဖွဖွ ရေရွတ်ရင်း ဂြိုဟ်ငယ်လေးပေါ်မှ သူ၏ ပန်းကလေးကို ပြန်ပြောင်း သတိရ လာပြန်သည်။ အမှန်စင်စစ် အကျွမ်းဝင်ခြင်းဖြင့် နှောင်ကြိုးဖွဲ့မှု ပြုခဲ့သည်က သူ ကိုယ်တိုင်ပေပဲ။

            “ခင်ဗျား အကျွမ်းတ၀င်နှောင်ကြိုးဖွဲ့ထားတဲ့ အရာအားလုံးအပေါ်မှာ ခင်ဗျားတာဝန်ရှိတယ်”

            ပန်းကလေးအပေါ်မှာများ သူ တာဝန်မဲ့ခဲ့လေပြီလား။ ထိုသို့တွေးမိတော့ စိတ်မကောင်းလှစွာ တွေတွေငေးငေး။ အကျွမ်း ၀င်ခြင်းကို ပြုမူခဲ့မှတော့ နှောင်ကြိုးဆိုတာ ဖြစ်တည်လာမှာပင်။ မာယာတွေများစေဦး၊ မဟုတ်မမှန်သော စကားကို ဆိုစေဦး…   နေ့စဉ်ရက်ဆက် အကျွမ်းဝင်အောင် ပြုမူခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသော နှောင်ကြိုးတို့ကိုကား သူ မစဉ်း စားခဲ့မိလေပြီလား။ မီးတောင် သုံးခုကိုတောင် အမြဲလိုလို ဆေးကြောသုတ်သင်နိုင်ခဲ့သော မင်းသားလေးသည် နှောင်တွယ် ရှုပ်ငင်သော ကြိုးတို့ကိုကား မရှင်းနိုင်ခဲ့လေပြီ။

            မြေခွေးကတော့ သူ့ကို အကျွမ်းတ၀င်ပြုလုပ်ပါဟု တစာစာ တောင်းဆိုနေသည်။ သူ မည်သို့လုပ်ရပါမည်လဲ။ မင်းသား   လေးအဖို့ရာ အချိန်က တိုတောင်းလှသည်။ မိတ်ဆွေတွေရှာဖွေဖို့ ဆက်လက်ခရီးထွက်ရပေဦးမည်။ သိနားလည်စရာတွေ ရှာဖွေ ဖို့လည်း အများသားပင်။ အကျွမ်းဝင်အောင် ပြုမူနေခြင်းဖြင့် အချိန်တွေ မကုန်ဆုံးစေလိုလှပါ။

            “လူတစ်ဦးတစ်ယောက်ဟာ မိမိအကျွမ်းတ၀င်ပြုလုပ်ထားတဲ့ အရာကို မိမိသာလျှင် သိနိုင်ပါတယ်၊ လူတွေဟာ ဘာကိုမှ နားလည်သိရှိအောင် ကြိုးစားဖို့ရာ အချိန်မရှိကြတော့ဘူး၊ ဆိုင်မှာ အသင့်ပြုလုပ်ပြီးသားများကိုသာ သူတို့ဝယ်ကြ တယ်၊ ဒါပေမဲ့ ခင်မင်မှုကို ၀ယ်နိုင်တဲ့ဆိုင်တွေကတော့ မရှိပါဘူး၊ ဒီတော့ လူတွေဟာ မိတ်ဆွေကောင်းဆိုတာ မရှိကြတော့ ဘူးပေါ့၊ အကယ်၍ ခင်ဗျား မိတ်ဆွေလိုချင်တယ်ဆိုရင် ကျုပ်ကိုအကျွမ်းတ၀င်ဖြစ်အောင် ပြုလုပ်ပါ”

            မိတ်ဆွေတိုးဖို့ အကျွမ်းတ၀င်ပြုခြင်သည်ဟာလည်း လိုအပ်သည်ပါပဲ။ သည့်နှယ် တွေးတောကာ “စကားမပြောပါ နဲ့၊ စကားတွေဟာ အမှားပါတတ်ပါတယ်” “လူတစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ်ကိုတိကျအောင်သိရှိနားလည်ထားဖို့ လိုအပ် တယ်” စသဖြင့် မြေခွေး၏ အဆိုစကားများကို လက်ခံလိုကနာပေးကာ နှောင်ကြိုးဖွဲ့ပြီးတော့ အချိန်ကထွက်ခွာရန် ကျ ရောက်ခဲ့ပြီ။

            အကျွမ်းဝင်ခြင်း၏ နောက်ကွယ်မှာ နှုတ်ဆက်ထွက်ခွာခြင်းဆိုတာလည်း တဆက်တည်းရှိနေသည်ပဲ။ အကျွမ်းဝင် ခြင်းကို ပိုမိုသိမြင်လာပြီးနောက် မြောက်များလှစွာသော နှင်းဆီပန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့သေးသတဲ့။ ယခု တော့ ထိုပန်းပွင့် ကလေးများသည် လှပရုံမှလွဲပြီး မည်သည့်အရာမှ ရှိမနေကြောင်း သိမြင်လာခဲ့ပြီ။ သူတို့အား မည်သူမှ လည်း အကျွမ်းတ၀င်ဖြစ်   အောင် မပြုလုပ်နှင့် ဘာများအဓိပ္ပာယ်ရှိနေပါသနည်း။ အရောင်အသွေးနှင့် ပုံသဏ္ဍန်သာ တူ ကောင်းတူမည်၊ သူ၏ တစ်ပွင့်တည်း   သော ပန်းကလေးနှင့် မတူညီခြားနားကြောင်း သူ့နှလုံးသားက သိရှိခဲ့ပြီ။

            “မျက်လုံးသည် အရေးကြီးသော အကြောင်းအချက်ကို ဘယ်တော့မှမြင်လိမ့်မည်မဟုတ်ပေ၊ အသည်းနှလုံးနှင့် ခံစားပြီးမှ သာလျှင် အသည်းနှလုံးမှ မှန်ကန်စွာမြင်နိုင်ပေလိမ့်မည်”

            မြေခွေးကိုနှုတ်ဆက်အပြီး ရှေ့သို့တူရှုနေသော ခြေလှမ်းများနှင့် အတွေးစကားလုံးတွေကို တဖွဖွရေရွတ်ရင်း ပုံရိပ် တို့ က ဝေ့၀ဲနေသည်။

            “အရေးကြီးသော အကြောင်းအရာများကို မျက်စိက မမြင်ပါကလား”
            “ကျွန်တော်ဟာ ကျွန်တော့်ရဲ့နှင်းဆီပန်းအပေါ်မှာ တာဝန်ရှိတယ်”

******
           

ဖြတ်သန်းမှု၊ ဦးတည်ရာနှင့်သိမြင်သောနှလုံးသား

            မီးရထားအလံချိုးအကူသမားနှင့် တွေ့သောအခါတစ်စီးပြီးတစ်စီး ဆိုက်ရောက်၊ ထွက်ခွာနေကြသည်ကို မင်းသားလေး   တွေ့မြင်ရလေသည်။ ဘယ်လို…လူတွေ အစုလိုက်၊ အပြုံလိုက် သုတ်သုတ်ပြာပြာ..။ တစ်ချို့က ညာဘက်၊ တစ်ချို့က ဘယ်ဘက်။   ပြန်လာသူက ပြန်လာ၍ ထွက်ခွာသူတွေက ထွက်ခွာနေကြသည်။ ရောက်ရှိနေရာမှာများ မကျေနပ်ကြရော့ ထင်..။

            “ဘယ်သူမှ သူတို့ရောက်နေတဲ့ နေရပ်မှာ ရောင့်ရဲတင်းတိမ်မှု မရှိကြပါဘူး”

            မီးရထားအလံချိုးသမားသည် အဖြေစကားဆိုနေစဉ်အတွင်းမှာပင် ရထားသည် နောက်တစ်စီးဖြတ်သန်းသွား လျှက်ပင်။ အရပ်မျက်နှာခွဲဖြာဦးတည်လို့ မည်သူက မည်သူ့နောက်ကိုများ လိုက်နေကြပါသည်လဲ။

            “ဘယ်သူ့နောက်ကိုမှ သူတို့မလိုက်ကြပါဘူး၊ သူတို့ မီးရထားထဲမှာ အိပ်နေကြတယ်”
            “ကလေးတွေသာပဲ သူတို့ ဘာကိုရှာနေတယ်ဆိုတာ သူတို့သိကြတယ်”

            “လူတွေဟာ သူတို့ အမြန်ရထားနဲ့သာခရီးသွားနေကြတယ်၊ သူတို့ ဘာကိုရှာဖွေနေတယ်ဆိုတာ သူတို့ဟာ သူတို့ မသိကြဘူး၊ နောက်ပြီး သူတို့ အဆောတလျင် ဟိုပြေး ဒီပြေးနဲ့ အလျင်လိုနေကြပြီး သူတို့စိတ်လှုပ်ရှားနေကြတယ်၊ သူတို့ ချာလည်လည်နေကြတယ်”

            ဘာကိုရှာဖွေနေတယ်ဆိုတာ မသိသလို၊ ဘယ်ကိုဦးတည်နေမှန်းလည်း မသိတဲ့ခရီးမှာ မည်သည့်အတွက်များ ပြေးလွှား   နေကြရပါလိမ့်။ ဘာလို့များ မောပန်းနွမ်းနယ်လောက်အောင် အလျင်လိုနေကြရတာလဲ။ အဲ့တော့ စိတ်လှုပ်ရှားမှုတွေနဲ့ ပိုမိုမယုတ်   လျော့ပေဘူးလား။ အတွေးများ၏အဆုံးမှာ မင်းသားလေး၏ နှလုံးသားသည် လှိုက်မောနာကျင်လာသည်။ သူ ကတော့ ဘာကို ရှာဖွေနေတယ်ဆိုတာ ကောင်းကောင်းသိမြင်ခဲ့သူပင်။ သို့ဆိုလျှင် မည်သည့်နေရာဦးတည်နေသည် ကိုကော…။ အဆုံးအစမဲ့   သော ကောင်းကင်ပြင်ကို မော့ကြည့်ရင်း ၀မ်းနည်းစိတ်က မင်းသားလေးတစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံသွားသည်။

            သဲကန္တာရအတွင်းမှ သူ နှင့် စကားပြောဖော်၊ ပြောဖက် လေယာဉ်မောင်းသမား၊ ဂြိုဟ်ငယ်ကလေးမှ ကျန်ခဲ့သော သူ၏ ပန်းကလေး၊ ဘုရင်ကြီး၊ ဘ၀င်မြင့်သောသူ၊ စီးပွားရေးသမး၊ အရက်သမား၊ မီးထွန်းသမား၊ ပထ၀ီဆရာ၊ မြွေ၊ မြေခွေး၊ မီးရထား အလံချိုးသမား…စသဖြင့် သူပအတွေးအာရုံဝယ် ပုံရိပ်တွေသည် တဖျပ်ဖျပ်။ သူ့ အသံတိုင်း လိုက်အော်တတ်သော ပဲ့တင်သံတွေ ပါသည်။ အကျွမ်းဝင်အောင်ပြုခဲ့ရသည့် ကာလတွေပါသည်။ ဖြတ်သန်းသွားလာခဲ့သော နေရာတွေပါသည်။   ကောင်းကင်သည် လည်းကောင်း၊ ကြယ်တွေသည်လည်းကောင်း၊ သဲကန္တာရသည်လည်းကောင်း တည်ရှိမြဲတည်ရှိလျှက်။ သို့သော် မြင်နိုင်သော   နှလုံးသားကအရောင်ကို ပြောင်းစေခဲ့ပြီ။

            “ကြယ်တွေဟာ သိပ်လှတာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ မမြင်နိုင်တဲ့ ပန်းတစ်ပွင့်ကြောင့်ပဲ”
            “သဲကန္တာရဟာ သိပ်လှတာပဲ”

            အလှတရားဆိုတာ စင်စစ်လက်ခံနိုင်သော နှလုံးသားပေါ်မှာသာမူတည်နေတာပါပဲလား။ သူ့ အကြောင်းအရာ တို့ကို သိရှိသူ တစ်ဦးတည်းသော လူသား လေယာဉ်မောင်းသမားအား တိုးညင်းစွာပြောလိုက်သည်။

            “ခင်ဗျားသိပါတယ်၊ ကျွန်တော် မြေပေါ်ကို ဆင်းလာတာ နက်ဖြန်ဆိုရင် တစ်နှစ်ပြည့်ပြီ”

*****

            အချိန်ဟူသည် ရပ်တန့်ထားနိုင်သောအရာမဟုတ်ရကား ရာသီစက်ဝန်းက တစ်ပတ်လည်၍ မူလနေရာကိုတော့   ပြန်ရောက်လာခဲ့ပြီ။ မင်းသားလေးမျက်နှာသည် ဖြူဖွေးဖျော့တော့ကာ ခြောက်သွေ့နေသည်။ အပြုံးတို့သည် ခပ်ယဲ့ယဲ့မျှ သာရှိ လျှက် ရေရာစွာမပီပြင်လှ။ ဂြိုဟ်ပေါ်က စတင်ဆင်းသက်ကာစ နေရာလေးတွင် ခြေစုံရပ်လျှက် အဆုံးအစမဲ့သော ဝေးလံလှ သည့်နေရာသို့ ငေးမောကာအတွေးပုံရိပ်တို့ဖြင့် အလေးအနက်ကြည့်နေသည်။ အနက်ရှိုင်းဆုံး ရင်တွင်းတစ်နေရာမှ စိမ့်ကနဲ နိမ့်ဆင်းသွားခြင်းသည် ကြောက်ရွံမှုပေလား။ ၀မ်းနည်းစိတ်မကောင်းစိတ်ကတော့ တားမရအောင် ဖြစ်လှသည်။

            “သိပ်လည်း ဝေးတယ်…..သိပ်လည်းခက်တယ်”
            ငိုကြွေးသံစွက်သောအသံကို ကြားမိလိုက်သလို။

            ထိုပူဆွေးဝမ်းနည်းသံသည် နားထောင်နေသူ လေယာဉ်မောင်းသမားထံမှလား၊ ကျွန်မ ထံမှလား။ သိမြင်မှုတို့၏ နိဂုံးမှာ ကွယ်ပျောက်မသွားစေဖို့ အဘယ်အရာကိုတောင်းခံရမည်နည်း။

            “လူတိုင်းမှာ ကြယ်တွေ ရှိကြတာပဲ။ ဒါပေမဲ့ ကြယ်တွေဟာ လူအမျိုးမျိုးအတွက် မတူကြဘူးပေါ့”
            “ကြယ်လေးတစ်လုံးထဲမှာ ကျွန်တော်ရှိနေမှာပါ၊ ဒီ ကြယ်ထဲမှာ ကျွန်တော်ရယ်နေမယ်၊ ခင်ဗျားညအခါ ကောင်း ကင်ကိုမော့ကြည့်ရင် ကြယ်တွေအားလုံးရယ်နေကြသလို တွေ့ရပါလိမ့်မယ်”
            “အချိန်ဟာ ၀မ်းနည်းမှုတွေကို ကုစားနှစ်သိမ့်စေတယ်”


            ထိုအခါ ကြယ်တွေသည် ရယ်မောနေကြပါမည်လား မင်းသားလေး။ အရာအားလုံးစွမ်းဆောင်နိုင်သည် ဆိုခဲ့သည့်   မြွေသည် ငြိမ်သက်စွာ။ ဂြိုဟ်ငယ်လေးရှိရာ အပြန်လမ်းသည် ဝေးလံလှချည့်။ လေးလံလှသော ခန္ဓာကိုယ်ကို သယ်ဆောင် ခြင်းငှာ မင်းသားလေး မတတ်နိုင်တော့ပါတဲ့။ သူ့နေရာသို့ လျင်မြန်စွာရောက်ရှိသွားနိုင်ဖို့ စွမ်းဆောင်ပေးနိုင်သည့်မြွေသည်  စောင့်ဆိုင်း   ခြင်း  အငွေ့ အောက်ဝယ် ငြိမ်သက်လျက်ရှိသည်။


*****

            ကန္တာရသည် တစပြင်ပမာ တိတ်ဆိတ်ခြောက်သွေ့သွားသည်။ သို့သော် မျက်စိဖြင့် မြင်တွေ့နိုင်ဖွယ်မရှိသော   ဖြစ်တည်မှုအရာတို့က နေရာဝန်းကျင်ဝယ် ယှက်မိုးလို့နေသည်။ ကြည်လင်သော ရယ်မောသံကို ကြားလိုက်သလိုရှိ၏။  ထိုအရာသည်…………………….။                               



ရွှေအိမ်စည်
15.6.2013
AM:1;12

           

2 comments:

  1. အခုမှ ဖတ်ခွင့်ရတော့တယ် ။

    တွေးစရာ မှတ်သားစရာလေးတွေ
    ခပ်ဖြေးဖြေး ဖတ် မှတ် သွားတယ် ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ရှင်
    ကျမ တင်ဖို့ မေ့နေခဲ့တာ..
    ကိုမင်းဧရာ ကွန်မန့်တွေ့မှ အဆုံးထိတင်ဖြစ်လိုက်တာပါ
    ဒီလို ဆောင်းပါးမျိုး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် :))

    ReplyDelete