Saturday, August 31, 2013

Happy Blog Day !!

ကိုရန်အောင် တဂ်ထားတာကို တွေ့တဲ့ အချိန်မှာ ရန်ကုန်အချိန်အနေနဲ့ ည ၇း၃၀ ဖြစ်နေခဲ့ပြီ။
အိမ်မှာ အင်တာနက်သုံးလို့ရတဲ့ သူတစ်ယောက်ဆိုရင်တော့ ၁၂ နာရီမတီးမချင်းရေးခွင့်ရှိလို့ အချိန်ကောင်းကောင်းမှီတယ်လို့ ဆိုနိုင်ပါမယ်...။

ဒါပေမယ့် ကျမ အင်တာနက်သုံးခွင့်က နောက်ထပ်တစ်နာရီခွဲပဲ ရှိတော့တယ်...။ ဘာကြောင့်ဆို ညကိုးနာရီအမှီ အဆောင်ကိုပြန်ဝင်ရမှာ ဖြစ်တာကိုးး..။ ရတဲ့ အချိန်လေးမှာပဲ အနည်းငယ်ပဲ ဖြစ်ဖြစ် ပို့စ်လေးတစ်ခုရေးခဲ့ဖို့ ဆန္ဒဖြစ်ခဲ့ပါတယ်..။ 

ကျမ အင်တာနက်စသုံးစဉ်ကတည်းက သူ့စာတွေကို ခိုး ခိုး ဖတ်ခဲ့ရတဲ့ ချစ်ခင်လေးစားရတဲ့ အကိုရန်အောင်အစပြုနှိုးဆော်ပြီး တဂ်ထားတာကို တလေးတစားပြုပေးချင်တာလည်း ပါ, ပါတယ်..။
နောက်တစ်ကြောင်းက ဘလော့ဂ်ရေးသားချင်းမှ အစပြုလို့ စာပေကိုပြန်လည်စိတ်ညွှတ်လာတာကြောင့် ဘလော့ဂ့်ဒေးမှာ အမှတ်တရရေးခဲ့ချင်တာလည်း ပါ, ပါတယ်...။

Facebook ထဲ ၀င်လိုက်တဲ့အခါ ဘလော့ဂ်ရေးဖော် အစ်ကို၊ အစ်မတွေက အသီးသီး ဘလော့ဂ်ဒေးအတွက် နှုတ်ခွန်းဆက်ထားကြတာကို တွေ့ရပါတယ်..။
သူတို့ ဘလော့ဂ်တွေမှာလည်း အမှတ်တရပို့စ်တွေ ရေးထားချင်ရေးထားနိုင်မှာ ဖြစ်ပေမယ့် ကျမ အတွက် အချိန်က ရှားပါးနေပြီဖြစ်တဲ့အတွက်ကြောင့် မပန်ဒိုရာရဲ့ ပို့စ်ကို ဖတ်အပြီးမှာ ဘလော့ဂ်ဘက်သာ ထွက်လာခဲ့ပါတယ်...။ 

(ကနဦးတဂ်ထားတဲ့ ကိုရန်အောင်ပို့စ်တောင်  မဖတ်နိုင်သေးဖြစ်နေခဲ့ပါတယ်..
နောက် ရက် အချိန် အေးအေးဆေးဆေးကျမှ ဘလော့ဂ်ဒေးအမှတ်တရပို့စ်တွေ လိုက်ဖတ်ပါတော့မယ်...။)
 
ကျမ အင်တာနက်ကို အသုံးပြုတာ အတော်နောက်ကျပါတယ်...။ ၂၀၀၈ ခုနှစ်ကုန်ခါနီးမှာမှ ရန်ကုန်ကို စာပေကိစ္စတစ်ခုအတွက် လာရင်း မိတ်ဆွေတွေနဲ့ လိပ်စာတွေလဲလှယ်ကြတဲ့အခါ သူတို့ပေးတဲ့အထဲမှာ အီးမေးလ်လိပ်စာတွေဆိုတာပါ ပါလာပါတယ်..။ အဲ့အခါမှ ကျမမှာ ဘာအီးမေးလ်မှ မရှိသေးတာ သတိရပြီး ပုသိမ်ပြန်ရောက်တဲ့အခါ အင်တာနက်စတင်အသုံးပြုဖို့ ကြိုးစားခဲ့တယ်..။ ဒါပေမယ့် အီးမေးလ်ပို့စရာ လူမရှိ၊ အများတကာလို ချက်တင်လုပ်ကြတာတွေလည်း စိတ်မပါနဲ့ ၂၀၀၉ ကုန်ခါနီးလောက်အထိ အီးမေးလ်တစ်ခုသာရှိပြီး ဘာမှမလုပ်တတ်ဖြစ်နေခဲ့တယ်..။

နောက်ပိုင်းမှာ ဖိုရမ်တစ်ခုထဲ အမှတ်မဲ့ရောက်သွားရာက မိတ်ဆွေတွေရလာခဲ့တယ်....အဲ့ကမှ တဆင့် multiply တစ်ခု ဖွင့်ကြည့်ခဲ့ပါတယ်..။ ဒါပေမယ့် ဘလော့ဂ်တစ်ခုဖွင့်ပြီးရင် တခြားဘလော့ဂ်တွေလည်း လိုက်လည်ရကောင်းမှန်းမသိတဲ့၊ ကိုယ့်ဆီ လာလည်ရင်တောင် ကျေးဇူးတင်ပါတယ် ပြန်ပြောရကောင်းမှန်း မသိတဲ့ ကျမ ရဲ့ မာတီဘလော့ဂ်လေးဟာ ခြောက်ကပ်ကပ်လေး  ဖြစ်နေ ပါတယ်..။ ခြောက်လို့   ခြောက်နေမှန်းလည်း မသိ....အဲ့ အချိန်တုန်းက web developmer သင်တန်းတက်နေခဲ့တော့ coding ဆိုတာတွေကို အထူးစိတ်ဝင်စားနေခဲ့ရာ မာတီစာမျက်နှာလေးဟာ ကျမ အမျိုးမျိုး ကလိစမ်းသပ်ရာ   နေရာလေးဖြစ်ခဲ့ပါတယ်..။ ဥပမာဆိုရရင် ခေါင်းစည်းစာသားတွေ b link ပေး တဖျတ်ဖျတ်ပြေးနေအောင် လုပ်....။ သို့ပေမယ့် မာတီဟာ စိတ်ကြိုက်ဖန်တီးခွင့်ကို ပေးမထားခဲ့ပါဘူး...။

မာတီမှာ ပြုလုပ်နိုင်စွမ်းတွေကုန်လာတဲ့အခါ မာတီကို ကျမ ပျင်းရိလာပါတယ်..။ အဲဒီ့နောက် www.futuredream.ning.com ဆိုတဲ့ ဆိုရှယ်ဆိုဒ်တစ်ခုကို ကျမ ရောက်သွားခဲ့ပါတယ်...။ အဲဒီ့မှာ တင်ထားတဲ့စာတွေကို လိုက်ဖတ်ရင်း `သြော် ငါလည်း ဒီလိုစာတွေ ရေးလို့ရနေတာပဲ´ ဆိုပြီး ၀င်တဲ့နေ့မှာ ပဲ `ဖေဖေ ပျော်ပါစေ´ဆိုတဲ့ ပို့စ်လေးတစ်ပုဒ် တင်ထားပစ်ခဲ့ပါတယ်..။ အဲ့အချိန်က အင်တာနက် ကို နေ့စဉ်အသုံးမပြုသေးပါဘူး...။ စာသင်နေတဲ့ကာလဖြစ်တဲ့အတွက် စာသင်ချိန် တစ်ချိန်နဲ့ တစ်ချိန် အားလပ်ချိန်ကို အပျင်းပြေ၀င်တတ်တာပဲရှိပါသေးတယ်..။ သို့အတွက် ပို့စ်တင်ခဲ့ပြီး တစ်ပတ်ကျော်ကြာ တဲ့အခါမှ ကိုယ့်အီးမေးလ်ဖွင့်ကြည့်တဲ့အခါ ဆိုခဲ့ပြီးတဲ့ အနာဂတ်အိပ်မက်မှ check out စာတွေ activity စာတွေ များစွာတက်နေတာတွေ့လိုက်ရပါတယ်..။ အဲဒါနဲ့ အနာဂတ်အိပ်မက်ထဲ   ရောက်သွားခဲ့တယ် ဆိုပါစို့...။ မာတီမှာ နေစဉ်ကလို ပျင်းခြောက်ခြောက်မဟုတ်ဘဲ ကိုယ့် စာတွေကို ကွန်မန့်ပေးကြ၊ ကိုယ့်စာမျက်နှာမှာ အရုပ်ကလေးတွေ၊ ပုံလေးတွေ လာပေးကြတာတွေ မြင်ရတဲ့အခါ တောသူ ကျမ က အံ့သြဘနန်းနဲ့ အနာဂတ်အိပ်မက်မှာ တော်တော် ပျော်ခဲ့မိပါတယ်...။ နောင်သောအခါ `အနာဂတ် အိုအေစစ်´ ရယ်လို့ ပညာဒါနကျောင်းလေးတစ်ခုမှာ ကူညီအားပေးခဲ့တဲ့အထိ အဖွဲ့အစည်းတစ်ခုရယ်လို့ ပါဝင်ဖြစ်ခဲ့ပါတယ်..။

နောက် www.mistake51area.ning.com ဆိုတဲ့ ဆိုဒ်တစ်ခုကို ထပ်ရောက်ပါတယ်...။ သူကတော့ နည်းပညာတွေ ဖြန့်ဝေမျှရာဆိုဒ်ပါ..။ တည်ထောင်သူကတော့ (အခုထက်ထိလည်း မသိရင်မေးနေရ ဆဲဖြစ်တဲ့) ကိုထွန်း ဆိုပါစို့..။ အဲ့ဆိုဒ်က စီစဉ်တဲ့ Media Art Wave Online Journal ပြုလုပ်ရာမှာ စာပေရေးရာ ပါဝင်ခဲ့ရာက စ လို့ ၀ါဝါ (သူရဿဝါ) တို့နဲ့ သိကျွမ်းခဲ့ပါတယ်..။ နည်းပညာဆွေးနွေးပွဲ တစ်ခု အပြီးမှာ ၀ါဝါက အစ်မ ဘလော့ဂ်တစ်ခုတော့ ရှိသင့်တယ်လို့ အဆိုပြုပြီး သူကိုယ်တိုင် ဘလော့ဂ် တစ်ခု  ဖွင့်ပေးခဲ့ပါတယ်..။ အဲဒါကတော့ အခုထက်ထိ ရှင်သန်နေဆဲဖြစ်တဲ့ (အခု စာရေးသားနေ တဲ့) ဘလော့ဂ် စပေါ့ ပါပဲ..။ 1.5.2010 မှာ ဖွင့်ခဲ့တာ ဖြစ်ပါတယ်..။ စဖွင့်ဖြစ်တဲ့ မေလ မှာပဲ အနာဂတ်အိပ်မက် မှာ ရေး သားပြီးခဲ့တဲ့ ပို့စ်တွေကို ဘလော့ဂ်စပေါ့ကို တော်တော်များများ   ပြောင်းရွှေ့ဖြစ် ခဲ့ပါတယ်..။ ၀ါဝါက အစ်မ ပို့စ်တွေကို တပြိုင်နက်အကုန်မတင်နဲ့..။ တစ်ပတ် တစ်ပုဒ်တင်သွား...။ ကြားထဲလည်း အသစ်ရေးသွား...။ တခြားနေရာတွေလည်း လိုက်လည်လို့ ပြောပေမယ့် ကျမ သူ့ စကားနားမထောင်ခဲ့ပါဘူး :D ။

ကျမ ရဲ့ စိတ်အတိုင်း လုပ်ချင်တဲ့စိတ်ပေါ်တုန်း စုပြုံလုပ်ပြီး ကာလများစွာ ဘလော့ဂ်လေးကို ပစ်ထားခဲ့ မိပြန်တယ်..။ ရေးပြီးရင် လာတင်လိုက်....ပြီး ပြန်လှည့်မကြည့်လိုက်နဲ့ ဘလော့ဂ်လေးဟာ ကျမ ပြုသမျှ ဘာမှ ပြန်မပြောနိုင်ဘဲ နုရရှာပါတယ်...။

နောက် Facebook ရယ်လို့ ပေါ်လာတဲ့အခါ FB မှာ ပျော်ခဲ့ပြန်ပါတယ်...။ လူအများနဲ့ထိတွေ့ရတဲ့ နေရာတစ်ခုဖြစ်တော့ အထီးကျန်တတ်တဲ့ ကျမ အတွက် အဆင်ပြေလာပြန်တယ် ထင်ပါရဲ့...။ မလေးအိမ့်ချမ်းမြေ့ ရဲ့ စာတွေ ဖတ်ဖြစ်ရာက သူနဲ့ သိကျွမ်းခဲ့ပါတယ်..။ သူဟာ နာမည်ကြီးဘလော့ဂ်ဂါတစ်ဦးဖြစ်ပေမယ့် မာန်မာနမရှိခဲ့ပါဘူး...။ အူလည်လည်ကျမ အပေါ်တောင် နွေးထွေးခဲ့၊ ချစ်ခင်ပေးခဲ့ပါတယ်..။ မလေးနဲ့ ပတ်သတ်ရာက ကျမ အကြီးကြီး ကျိတ်အားကျ ခဲ့ရဖူးတဲ့ ကိုရန်အောင်ဆိုတာကို ထပ်မံသိကျွမ်းခဲ့ရပါတယ်..။ နောက် သိပ်မကြာခင်မှာပဲ ကိုရန်အောင် စီစဉ်တဲ့ `သက်တံ့ဆယ်စင်း´ ဆိုတဲ့စာအုပ်ကလေးတစ်အုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်...။ ၀န်ခံပါတယ်..။ အဲ့အချိန်တုန်းကတော့ ´သက်တံ့ဆယ်စင်း´ ကို မလေးနဲ့ ကိုရန်အောင် နှစ်မျက်နှာတည်းနဲ့ ဖတ်ဖြစ်ခဲ့ တာပါ...။ နောက် မလေးရဲ့ ကွန်မန့်လေးတစ်ခုကို အမှတ်မထင်သွားတွေ့ဖြစ်ပါတယ်..။ `အမြင်လေးတွေတော့ ကြားချင်မိသား´ တဲ့....။ ဒီမှာတင် ဆုံးဖြတ်ချက်တစ်ခုကို တစ်ထိုင်တည်းချလို့ ကွန်မန့်တစ်ခု ကျမ ရေးပေးဖြစ်ခဲ့တယ်..။ `မလေး နောက်လ ၁၀ ရက်နေ့မှာ ရေးပေးမယ်...ဒီလတော့ သူသူ စာမေးပွဲရှိနေလို့´..။ ကျမ စာမေးပွဲက နောက်တစ်လ ၉ ရက်နေ့မှာ ပြီးသွားတဲ့အခါ ကျမ စာမေးပွဲ က ပြန်လာလာချင်း လွယ်အိတ်ပစ်ချ....ရီဗျူးထိုင်ရေးပါတော့တယ်...။ အဲ့မတိုင်ခင်ကတည်းက အကုန် အစင်ဖတ်ပြီး စိတ်ထဲ ထည့်ထားခဲ့လို့ မြန်တာလည်း ပါပါ လိမ့်မယ်...။ ကျမ ကတိအတိုင်း ၁၀ ရက်နေ့မှာ တင်နိုင်ခဲ့ပေမယ့် တစ်ခါတည်း မပြီးလို့ အပိုင်း တစ် ရယ်လို့သာတင်နိုင်ခဲ့ပါတယ်..။

အံ့သြစရာကောင်းလှစွာ သက်ဆိုင်သူ စာရေးသူများက ကျမ ကို နွေးထွေးစွာကြိုဆိုလက်ခံခဲ့ တာကို တွေ့လိုက်ရပါတယ်...။ ဒါဟာ ရီဗျူးကို အပိုင်း သုံး အထိ ပြီးအောင်ရေးနိုင်ခဲ့တဲ့ တွန်းအားတွေ ပါပဲ....။ အဲဒီ့ကာလက ၂၀၁၂ နိုဝင်ဘာဝန်းကျင်ဖြစ်ပါလိမ့်မယ်..။ တကယ်တော့ ဘလော့ဂ်ရပ်ဝန်းမှာ ကောင်းကောင်းခြေချဖြစ်ခဲ့တာ အဲ့ဒီကာလမှ စတယ်လို့ ဆိုရပါလိမ့်မယ်...။ ကျမ ဘလော့ဂ့်ဆိုတာ အဲ့တော့မှ ဖတ်ဖြစ်ခဲ့ပါတယ်..။ အစ်ကို၊ အစ်မတွေထံက အတုယူစရာတွေလည်း ယူမိခဲ့ရဲ့...။ ကွန်မန့်တွေကို စာပြန်နည်းလေးကိုဆို ကိုညီလင်းသစ်ဆီက အတုခိုးခဲ့ရပါတယ်..။ နောက် တချို့ ကျမ နားမလည်တာတွေ သင်ပြပေးခဲ့တဲ့ ကိုဏီလင်းညို....။ ဘလော့ဂ်မှာ တစ်ခုခုဖြစ်တိုင်း အပြေးရောက်လာတတ်တဲ့ ကိုညီလင်းနိုင်....။ ဘယ်သူမှ မရှိသေးခင် ရောက်လာပေးတဲ့ မစံပယ်ချို၊ ကိုလွင်ပြင်...။ နောက် ကျမ ရေးသမျှ စာတိုင်း အားပေး ပေးခဲ့တဲ့၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးခဲ့တဲ့ အကိုညီလင်းသစ်.....။

နောက်များမှာ တစတစနဲ့ ကျမ ဘလော့ဂ့်လေးဆီ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေး များစွာရောက်လာခဲ့ပါတယ်..။

အခုတော့ လစဉ်ဆိုသလို ကျမ ဘလော့ဂ်ကို ပုံမှန်တော့ ရေးဖြစ်နေပါပြီ..။
ဘလော့ဂ်ဂါဆိုတဲ့ အမည်နာမလေးကို နှစ်သက်စွာ သဘောကျနေတတ်ခဲ့ပါပြီ။
ဘလော့ဂ်ကြောင့် စာရေးသားခြင်းတွေကို ပြန်လည်စိတ်ဝင်စားလာတဲ့အတွက် ဘလော့ဂ်ဟာ ကျမ စာပေခရီးအတွက် ဆက်လက်သယ်ဆောင်ပေးခဲ့တဲ့ သဘောင်္လေးတစ်စီးသာ ဖြစ်ပါတယ်..။

ချစ်ခင်ရတဲ့ အစ်ကို၊ အစ်မများ၊ မောင်ငယ်၊ ညီမငယ်များ၊ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြ ပါစေ...။

ဟက်ပီးဘလော့ဂ်ဒေးးးးးပါရှင်.. :) :) :) ။

ချစ်သော
သူသူ

17 comments:

  1. အလေးထား ကြိုးစားထားတဲ့ ဘလော့ဒေးလေး ဖတ်ရတာ ကျေနပ်စရာပါပဲလားမမေ၇... Happy Blog Day ..ပါလို့..:)

    ReplyDelete
  2. Happy Blog Day ပါညီမလေးရေ.....အမြဲပျော်ရွှင်ပြီးစာတွေဆက်လက်ရေးနိုင်ပါစေလို့နော်

    ReplyDelete
  3. ကိုဏီကတော့ ကော်နက်ရှင်ကြောင့် အရင်လို ဘလော့ဂ်လည်မဖတ်နိုင်၊ ပို့စ်ခဏခဏမတင်နိုင်တော့တာ အမှန်ပါပဲ။
    နို့ပေမယ့် သံယောဇဉ်က ခုထိ အမျှင်တန်းတုန်းပဲ...
    ဘလော့ဂ်ရေးရတဲ့ဘ၀ကို ဟိုးအရင်တုန်းက တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးပေမယ့် အခုချိန်မှာ ပြန်သတိထားမိလိုက်တာက ငါဟာ... ဒီလောကထဲမှာ တော်တော်လေး ကျင်လည်ခဲ့ပြီးပြီ ဆိုတာပါပဲ။
    ဘလော့ဂ်ရေးရင်းနဲ့ ခင်မင်စရာကောင်းတဲ့ ကူညီတတ်တဲ့ မောင်နှမတွေနဲ့ အွန်လိုင်းပေါ်မှာ ဆုံဆည်းခွင့်ရခဲ့တဲ့အတွက်လည်း တွေးမိတိုင်း ကျေနပ်နေမိတာပါပဲ။
    စာတွေအများကြီး ရေးသွားနိုင်ပါစေရယ်...

    ReplyDelete
  4. ရေးပေးတာ ကျေးဇူး ညီမလေး။ Blog Digest Page လေးမှာ အမှတ်တရ ရှဲထားလိုက်တယ်နော်.
    https://www.facebook.com/mmblogsdigest

    Yan.

    ReplyDelete
  5. ခုမှာလာလည်ဖူးပေမယ့် HAPPY BLOG DAY ပါလို့

    ReplyDelete
  6. ဟန်ကြည်September 1, 2013 at 11:53 AM

    ဦးဟန်ကြည်လောက် ဘလော့ပတ်တာ ရှိမယ်မထင်ဘူး...ဘာဖြစ်လို့ ဒီဘလော့ကို မရောက်ဖူးတာလဲဆိုတာ စဉ်းစားလို့မရအောင် ဖြစ်နေပြီ...ထင်တာကတော့ စာရေးကျဲလို့ လင့်ခ်အပေါ်မတက်တာနဲ့ပဲ မျက်စိလျှမ်းကုန်တာဖြစ်မယ် ဟုတ်စ...

    ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ပါစေဗျာ...

    တို့များလည်း အားကျမခံဟစ်လိုက်ပါရစေဦး...Happy blog day!

    ReplyDelete
  7. “.... သူ့စာတွေကို ခိုး ခိုး ဖတ်ခဲ့ရတဲ့ ချစ်ခင်လေးစားရတဲ့ အကိုရန်အောင်....”
    ညီမလေးက ဘာဖြစ်လို့ သူ့စာတွေကို ခိုးဖတ်ရတာလဲဟင်? ကျနော်သိသလောက်တော့ ကိုရန်က စာတွေကို ဖွက်ထားတတ်သူ မဟုတ်ပါဘူး၊းP

    ဒီဘလော့ဂ်လေးက မေလ ၁ ရက်နေ့၊ အလုပ်သမားနေ့မှာ စ,ခဲ့လို့ ဘလော့ဂါလည်း ပို့စ်မတင်နိုင်အောင် တချိန်လုံး အလုပ်တွေ များနေခဲ့တာ ဖြစ်ရမယ်၊ အခုတော့ အချိန် ၁ နာရီခွဲအတွင်း အလုအယက် တင်ခဲ့လို့ ယတြာကျေသွား ပါပြီလေ၊းD စာအုပ်ရီဗျူးတွေ အများကြီး ဖတ်ဖူးပေမယ့် ရွှေအိမ်စည် ရေးခဲ့တဲ့ “သက်တံ့ဆယ်စင်း” ရီဗျူးကတော့ ကာလများစွာတိုင် အမှတ်ရနေမယ့် တကယ့် ရီဗျူးပါပဲဗျာ..၊ အနုပညာရော အတတ်ပညာရော.. နှစ်ခုစလုံး ပြည့်စုံတဲ့ အဲဒီရီဗျူးကြောင့် သက်တံ့တွေ အရောင်စိုလက် ခဲ့ရတယ်...၊

    အချိန်အခက်အခဲ၊ ကွန်နက်ရှင် အခက်အခဲကို အံတုပြီး အပြေးအလွှား ရေးခဲ့တဲ့ ညီမလေးရဲ့ ဘလော့ဂ်ဒေး အမှတ်တရ ပို့စ်လေးက နှစ်သက်၊ ကြည်နူးစရာ ကောင်းလှတယ်၊ (နည်းနည်းလေး နောက်ကျတဲ့) ပျော်ရွှင်ဖွယ်ရာ ဘလော့ဂ်ဒေး ဖြစ်ပါစေ ညီမသူသူရေ...။း)

    ReplyDelete
    Replies
    1. :D :D မနောက်ပါနဲ့ ဦးလေးရယ်
      အရင်တုန်းက ကွန်မန့်ပေးရတယ် ဘာညာ မသိသေးဘူးလေ အကိုရယ်..။
      (အဲလိုမျိုးရေးတဲ့သူက ကိုယ် နဲ့ အဝေးကြီး အကြီးကြီးလို့ ထင်ခဲ့မိတာကိုးး
      အခုလို အကိုတို့တွေနဲ့ သိကျွမ်းခွင့်ရမယ် တွေးတောင်မတွေးခဲ့မိပေါင်..။ )
      စာတွေ သွား သွား ဖတ်ရတာ တိတ်တိတ်ကလေး ခံစားမိလို့ ခိုးဖတ်တယ်လို့ သုံးလိုက်တာ...။

      ဘလော့ဂ်က မရေးနိုင်လောက်အောင် အလုပ်များခဲ့တာ မဟုတ်ဘူးရယ်..။
      ရေးရကောင်းမှန်းကို မသိတာ :D
      ရီဗျူး ကလေးကြောင့် ချစ်ခင်စရာကောင်းလှတဲ့ အကိုတွေ၊ အမတွေ ရခဲ့တာ ဒီနေ့အထိ အရမ်းကို ကျေနပ်ပါတယ် အကိုရာ...။

      ဘလော့ဂ့်နယ်ပယ်မှာ အစစ အရာရာ ကူညီဖေးမစောင့်ရှောက်ခဲ့တဲ့အတွက် ကျေးဇူးပါ :))

      Delete
  8. Happy Blog Day ပါ မသူး)

    မသူရဲ့စာလေးတွေကိုအမြဲတမ်းနှစ်သက်တဲ့
    ဆုမြတ်

    ReplyDelete
  9. အိန်ဂျယ်၊ အမညိုလေးနေ၊ ဆွေလေးမွန်၊ မမစံပယ်၊ ဆုမြတ်

    ဘလော့ဂ်ဒေးလေး လာဖတ်ပေးတဲ့အတွက် ကျေးဇူးပါနော်..။ :))

    ကိုဏီ >> ဘလောဂ့်ကြောင့် စိတ်သဘောထားဖြူစင် အေးချမ်းတဲ့ ကိုဏီတို့နဲ့ ခင်မင်ခွင့်ရခဲ့တာ အမြဲအမှတ်ရနေမှာပါရယ်..။ စာတွေအများကြီး ရေးနိုင်ပါစေ ကိုဏီ :)

    ဆရာဟန်ကြည် >> အခုတော့လည်း သမီး ဘလော့ဂ်လေး တွေ့ပြီ မဟုတ်ာလးဟင်... :D ။ နောက် မသိချင်ယောင်ဆောင်မနေရဘူးနော် ;)

    အကိုရန် >> ရှဲပါ ရှဲပါ...အကိုရန် ( အမလေး ခလုတ်တောင် တိုက်တော့မယ် :P )

    ReplyDelete
  10. သူသူရေ..
    မနေ့ထဲက ဘလော့ဒေးပို့စ်တွေ ဖတ်နေတာ သိတဲ့အတိုင်း က၊ွန်နက်ရှင်က စိတ်သွားတိုင်း ကိုယ်မပါ.. ဒီနေ့ လက်ကျန်တွေ ဖြတ်ရင်းမှ နောက်ကျရောက်ရတယ်... စာရေးသူတစ်ယောက်ရဲ့ ဘလော့ဂါတစ်ဦးဖြစ်အင်အပေါ် ချစ်ခင်နှစ်သက်နေတာသိရလို့ ကြည်နူးမိတယ်။ စာရေးပျင်းတဲ့ သူသူတစ်ယောက် စာတွေအဆက်အပြတ် ရေးပါနော်..။

    ReplyDelete
  11. Happy Belated Blog Day !
    ဒီထက်မက ဘလော့ဂင်းပြီး စာတွေ အများကြီး ရေးနိုင်ပါစေ...

    ReplyDelete
  12. အမစာလေးတွေ စသိတာက.ရွှေအသစ်မှာသိတာ...
    အမဘလော့ဂ်ရေးမှန်းကိုသိတာက..မရှေးမနှောင်းကမှ..
    အမစာတွေကို..သဘောကျတယ်.
    Fighting!! :) :)

    ReplyDelete
  13. Blogging Sphere ထဲကို နောက်ကျမှ ရောက်တယ် ဆိုပေမယ့် ... အခုလို တက်တက်ကြွကြွ တစိုက်မတ်မတ် လုပ်နိုင်ခဲ့တာကို ချီးကျူးမိပါတယ် ခင်ဗျာ ... ။
    Blog Day က စ လို့ ... Blogger အပေါင်း လည်း ... အရင်လို Post တွေ ပြန်ရေးဖြစ်လာတော့မယ် ဟု ယုံကြည်မျှော်လင့်မိပါတယ် ခင်ဗျာ ... :)

    ReplyDelete
  14. ပျော်ရွှင်စရာ ကောင်းတယ်ဗျာ
    အကိုဆိုလည်း ဒီနေရာလေးကို ရောက်လာကာမှ
    မိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်းတွေနဲ့
    ထိတွေ့ခွင့်ရခဲ့လို့ ဒီလောက်ထိ လှမ်းနိုင်နေတာပေါ့ ။

    ပျော်ရွှင်စရာ ဘလောဒ့်ဒေးမှသည်
    နောက်နောင် နှစ်များတိုင်အောင်
    စာပေ အနုပညာများကို ဆက်လက်ပြီ
    သီကုံး ခြယ်သ နိုင်ပါစေနော် ။

    ReplyDelete
  15. အမှတ်တရမှတ်တမ်းစာကို ဖတ်ခဲ့ပါတယ် ... သင်္ဘောလည်း ဆက်လက်ထွက်ခွာ သမုဒ္ဒရာတစ်ခွင် ခရီးနှင်နိုင်ပါစေကြောင်း ...

    ReplyDelete