Wednesday, October 16, 2013
ဝါဇီမှ ချန်ဂီ (သို့) ထင်ကျန်ရစ်စေ
photo by- Cynthia Thet
 ငြိမ်သက်အိနြေ္ဒရသော စက်ရုံအ၀န်းအ၀ိုင်းတစ်ခုမှ အရိပ်သဏ္ဍာန်တစ်ခုလွန့်လူးကာ တိုးဖျဖျ ပြောလိုက်သံ ကြား လိုက်ရသည်။
           “၀ါဇီ”
      အ၀န်းအ၀ိုင်းတွင်း တိုးဝင်မည်ပြုတော့ ချက်ချင်းနှယ်တားဆီးသည်။ ဒါ ပိုက်ဆံထုတ်ရာ ကန့်သတ်နယ်မြေ။ အပြင်မှ ဧည့်သည်လာဖို့ ဧည့်စာရင်းကြိုတိုင်ရကာ အတွင်းမှ လူ အပြင်သွားချင်လျှင် Gate Pass ယူရသတဲ့။ ၀ိုးတ၀ါး အရိပ်အယောင်များကြားမှ ၀ါဇီသည် တစစပီပြင်လာသည်။ ဈေးတစ်ခု၊ ရုပ်ရှင်ရုံတစ်ရုံ၊ ဗီဒီယိုရုံတစ်ရုံ၊ ဘုရားစေတီတစ်ဆူ၊ ဆိုင်ခန်း ၆ ဆိုင်၊ လိုင်းခန်း ၃ လွှာတို့ဖြင့် ဖွဲ့စည်းထားသော ၀ါဇီ။ စက်ရုံ သည် လည်ပတ်မြဲ၊ လူတို့သည် ဟို သည် သွား လာ နေကြမြဲ။ ၀ါဇီ၏ လည်ပတ်မှုယန္တရားကို ကြည့်နေရင်း ကောင်းကင်သည် အရောင်ပြောင်းကာ မြူတို့ဖြင့် ယှက်သိုင်း လွှမ်းခြုံလာသည်။ မြူ တို့ များပြားလာသောအခါ ၀န်းကျင်သည် ပိန်းပိတ်ကာ အဖြူပြင်အတိ။
         လေတစ်ချက်အဝှေ့ ပိတ်လှောင်နေသော မြူ တို့ ကွဲပျက်လွင့်စင်ကာ မြင်ကွင်းသည် တဖြည်းဖြည်းကြည်လင် လာ၏။ ပျားပန်းခတ်သွားလာလှုပ်ရှားနေကြသော ဟိုမှသည်သို့ ခရီးသွားများ။ ခမ်းနားတောက်ပြောင်မှု အရှိန်အ၀ါများနှင့် ထွက်ခွာခြင်း၊ ပေါင်းဆုံခြင်းတို့ တပြိုင်နက်ကြုံတွေ့နေလေ့ရှိသော နေရာ။
            “ချန်ဂီ”
*****
            “ထင်ကျန်ရစ်စေ” ဟု အမည်နာမပေးထားသည့် ၀တ္တုတိုပေါင်းချုပ်ကလေးကို ကောက်ကိုင်လိုက်သည်အထိ “မိဇုစံ” ဟူသည့်အမည်ကို သိနှင့်နေသလိုလို၊ မသိသလို ဇဝေဇ၀ါဖြစ်နေသည်။ ၀တ္တုတိုများကို နှစ်သက်မက်မောလှသော ကျွန်မအတွက် အသစ်တစ်အုပ်ထွက်ရှိခြင်းမြင်ရသည်တွင် ၀မ်းသာအားရ ဖြစ်ရသည်။ သို့တိုင် အကျင့်ပါနေသော အလေ့ အထအရ အတွင်းစာမျက်နှာများကို တဖျပ်ဖျပ်လှန်ကာ အနည်းငယ်တော့ မြည်းစမ်းကြည့်မိသေးသည်။ စိတ်အာရုံကို တိုးဝှေ့မတိုက်ခတ်လျှင် New Available ဖြစ်စေဦး။ ချ , ရစ်ခဲ့မည်သာ။
            ရိုးသားသော အပြုံးများ၊ လက်ဆွဲနှုတ်ဆက် ကွန်ဂရက်ကျူလေးရှင်း၊ New Year Eve နှင့် ညင်သာသော ချစ်ခြင်း မေတ္တာ၊ အန်မိုကရိုချန်ဂီ..။
            အပြန်လမ်းတွင်တော့ “ထင်ကျန်ရစ်စေ” ဟူသည့် ၀တ္တုတိုပေါင်းချုပ်ကလေး ကျွန်မ နှင့် အတူ ပါလာခဲ့ပါပြီ။
  ******** 
                လူ့သဘာဝကို ပီပြင်စွာခြယ်မှုန်းထားသည့် မိသားစုအသိုင်းအ၀ိုင်းပုံရိပ်များ၊ သွေးသားရင်းချာများနှင့် သံယောဇဉ် ယှက်နှောင်ကြသော ချစ်စဖွယ်ပုံရိပ်များကို မြင်တွေ့လိုက်ရသည်။ ဘ၀တစ်စိတ်တစ်ဒေသကိုလည်း မြင်လိုက်ရသလိုပင်။ မသိ ကျွမ်းခဲ့သော ၀ါဇီကို သိခဲ့ရသည်။ မသိမြင်ခဲ့သည့် စက်ရုံလူနေမှုဘ၀ကို ထိတွေ့ရသည်။ ဟန်ဆောင်မှုကင်းသည့် လူ့ သဘာဝ စရိုက်များလည်း တစွန်းတစ လှစ်ဟ…။
            အဓိပ္ပာယ်သေသေချာချာ မသိပေမယ့် ဒါ ဟာ ကောင်းတဲ့ အဓိပ္ပာယ်ပဲ၊ ကိုယ့် အတွက် ကောင်းတာတစ်ခုခု ကူညီ ဖြည့်ဆည်းလုပ်ကိုင်ပေးလို့ သုံးတာပဲဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ လှိုက်လှိုက်လှဲလှဲ ပြောတဲ့ (ကွန်ကရက်ကျူလေး ရှင်း) တဲ့။ ဘာအတွက်လည်း ဟူသည့် မေးခွန်းအတွက် အဖြေတစ်ခွန်းက ရိုးသားဖြူစင်မှုနှင့် အားကိုးယုံကြည်သော ချစ်ခြင်းမေတ္တာ ကို ထုထည်များပြားနေကြောင်း ပေါ်လွင်ခဲ့သည်။
            “အို …ဘာ ဖြစ်ဖြစ်ပေါ့ တူမကြီးရယ်၊ တူမကြီး အတွက် အချိန်မရွေး ဂုဏ်ယူနေလို့ပေါ့”
            မတူညီခြားနားတဲ့ လူနေမှုဝန်းကျင်ရဲ့ ကွာဟနေတဲ့ယဉ်ကျေးမှုစရိုက်တွေကြား က တန်ဖိုးဆိုတာကို ဖွင့်ဆိုသွား တာ လှပလှသည်။
            “တကယ်တော့ တန်ဖိုးဆိုတာ သတ်မှတ်ချက်တွေနဲ့ မဆိုင်ဘူး။ အသိအမှတ်ပြု တန်ဖိုးထားတတ်မှုပေါ် မူတည် ပြီးသာ တန်ဖိုးတစ်ခု အတက်အကျ အနိမ့်အမြင့်ရှိတယ်”
            အသိုက်အမြုံအပေါ် သံယောဇဉ်ကြီးလှသော၊ အစစ အရာရာစွမ်းဆောင်ပေးနေသော အဒေါ်တစ်ယောက်၏ ပုံရိပ် “ဂမ်ဘာသီ”၊ ဘ၀တကွေ့မှ “အညို”ဘ၀ ဟာ ဘယ်သူ့အတွက်မှ လွယ်ကူတယ်မရှိခဲ့ဘူးဆိုတာကို (လွယ်လွယ် ကူကူ ညည်းညူတတ်တဲ့) ငါတို့ ပတ်ဝန်းကျင်က တချို့တချို့လူငယ်တွေအတွက် ငါ ကြိုးစားချန်ထားချင်ခဲ့တဲ့အရာပဲ” ဟု ဆိုခဲ့သော ခရီးလမ်းတလျှောက်မှ “ထင်ကျန်ရစ်စေ”..
            “အစမှ အဆုံးဆီ အန်မိုကရိုချန်ဂီ” တွင်မူ ကျွန်မ ငြိမ်သက်သွားသည်။ ရုန်းကန်နေရသော လူငယ်များ၏ ဘ၀ ပုံရိပ် များထဲမှ ခင်မင်ရင်းနှီးမှု သံယောဇဉ်များ၊ တစ်ဦးပေါ်တစ်ဦး အမှီသဟဲပြုကူညီရိုင်းပင်းကြသော အဖြူရောင်မေတ္တာများ စသည် တို့က ကျွန်မရင်ကိုလှုပ်ခတ်စေသည်။ အပြန်အလှန်ဖေးမမှုများကနေ ရင်ဆိုင်နိုင်သောအားအင်တို့ မွေးဖွားလာနိုင် စေပါသလား။ သူစိမ်းတို့၏ အလယ်မှာ ချစ်ခင်စွာသွေးစည်းခဲ့သော တွဲလက်တို့သည် နွေးထွေးနေနိုင်ပါသည်။ စင်ကာပူ နိုင်ငံ၏ လူနေမှု၊ အလုပ် ရှာရန်ရောက်ရှိလာသည့် မြန်မာလူငယ်များ၏ ပုံရိပ်များ၊ စင်ကာပူဗီဇာကုန်၍ မလေးရှားနိုင်ငံဘက် အထွက်ပြပြီး ဗီဇာလျှောက်ကာ ပန်ဝင်လာရသော အခြေအနေများစသည်တို့ကို ဇာတ်လမ်းနှင့် လျော်ညီစွာထည့်သွင်း ဖော်ပြသွားခဲ့သည်။ စ,လယ်, ဆုံး သေသပ် စွာချိတ်ဆက်ရေးဖွဲ့သွားသော ၀တ္တုလေးတစ်ပုဒ်ပင်။ တစ်ဦး၏ အပြောမှ ပါဝင် သောဇာတ်ကောင်အားလုံး၏ အသွင်သဏ္ဍာန်၊ စိတ်နေစိတ်ထား၊ ရုပ်လုံးရုပ်ကြွတို့ အသက်ပါလှသည်။
            `တစ်လောကလုံးနဲ့တစ်ယောက်´ ကိုတော့ ပြုံးရုံသာ ပြုံးဖြစ်သည်။ မထူးဆန်းလှပေမယ့် အဆင်မပြေတာတွေ များလာလျှင် ကိုယ်တိုင်လည်း စိတ်အချဉ်ပေါက်မိသည်သာ။ အတူယှဉ်တွဲနေထိုင်ရတဲ့ဝန်းကျင်တွေတွင် အလားတူကိစ္စရပ် များ ကြုံတွေ့နိုင်သည်မို့ ကိုယ်ချင်းစာနိုင်သည်။ ခါတရံ သူ့နှယ်ပင် ဖြစ်လေမလား။
            မတူညီခြားနားသော နေရာဌာနနှစ်ခုအတွင်း ရှင်သန်လှုပ်ရှားရာမှဝန်းကျင်၏ ၀ဲဂယက်ကို ထင်ဟပ်ပြသော `ကျွန်မနိုင်ငံခြားပြန်´။ မဖြစ်နိုင်ဘူး ဟုငြင်းဆိုစရာမရှိလောက်အောင်ပင် ဒီအဖြစ်အပျက်၊ ဒီစကားသံတွေက ကျွန်မတို့ ၀န်းကျင်တွင် ဝေ့ဝေ့၀ဲဝဲ။ နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်သူတွေ အလည်ပြန်လာချိန်တွင် ၀မ်းပန်းတသာကြိုဆိုသလောက် `အပြီးပြန်လာတာ´ ဟူသော စကားတို့တွင်တော့ `ဘာကြောင့်လဲ´ စသည့်မေးခွန်းတွေ ညံတတ်ကြသည်မှာ ဓမ္မတာ လို ပင် ဖြစ်လို့နေသည်။ သူများဌာနေတွင် ဧည့်သည်ဖြစ်ခဲ့လေသည့် သူတို့သည် ကိုယ့်ရပ်၊ ကိုယ့်ရွာဝယ် ဧည့်သည်ပင် ဖြစ်ပြန် နေသည်မှာ ၀မ်းနည်းစရာကောင်းလှသော သဘာဝထဲမှလက်တွေ့တို့ပင် ဖြစ်လို့နေသည်။ ဇာတ်ကောင် မိန်းကလေး ပြောသလို-
            `ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ဘာကြောင့်ပဲ ပြန်သွား ပြန်သွား ဟိုကို မြန်မြန်ပြန်ရောက်သွားဖို့ကလွဲရင် ကျန်တာ ဘာမှ အရေးမကြီးတော့ဘူးလေ´
            ရည်ရွယ်ရာဦးတည်မှုတစ်ခုရှိပြီးမှတော့ အကြောင်းတရားတို့သည် များစွာမလိုအပ်တော့လေပြီ။
            `ငါ ကမ္မဌာန်း´ ကိုတော့ ဖတ်ရင်း, ဖတ်ရင်း တစိမ့်စိမ့်ပြုံးမိလာပါတော့သည်။ စိတ်၏ နှောင်ဖွဲ့မှု၊ အာရုံစေစား သွားလာမှု၊ တလွင့်တမောအတွေးစတို့ဖြင့် အသွင်သဏ္ဍာန်ပီပြင်လွန်းလှသည့်အခါ `ငါ ကမ္မဌာန်း´ ကို အခါခါသာ ပြုံးမိတော့သည်။
****
            `အတ္တမျဉ်းပြိုင်နှစ်ကြောင်း´ တွင် နှောင်ဖွဲ့ခဲ့သောသံယောဇဉ်တွေတွင် ချစ်ခြင်းမေတ္တာတို့ ရစ်ပတ်နေ မနေ ကို ရေရာစွာမသိခဲ့လေသော ဖွဲ့ဆိုမှုများကို ရည်ညွှန်းသည့်စာပိုဒ်များကို ဖတ်ရှုရသည်။ ဖြူစင်သည့် သံယောဇဉ်မှ ချစ်ခြင်း မေတ္တာတစ်ခုသို့ အရောင်ပြောင်းဖို့ရာ တားဆီးရုန်းကန်လေသော အသိစိတ်အဇ္ဈတ္တများ…။ အမှတ်တရများနှင့် ထုံမွှမ်းကျန် ရစ်ခဲ့သော New Year ၊ မျဉ်းပြိုင်ဟူသည် ဆုံမှတ်ရှိရိုးထုံးစံမရှိ။ မဆုံနိုင်တာ သေချာမှတော့ ဖွင့်ဟ၀န်ခံခြင်းနှင့် နှောင်တင်း နေခြင်းတို့ မရှိသင့်တော့ပါပေ။
            `တစ်နေ့နေ့၊ တစ်ချိန်ချိန်၊ တစ်နေရာရာမှာ ပြန်ဆုံတွေ့ဖြစ်သည့်အခါ ချစ်ခဲ့ဖူးလားဆိုသည့် မေးခွန်းမျိုးနှင့် သူ ပျော်နေခဲ့လားဆိုသည့် သိချင်စိတ်မျိုး ဘယ်သူ့ဘက်မှာမှ မရှိသင့်တော့ဘူးလို့သာ သူမ မျှော်လင့်မိပါသည်။´
            `ပုံပြင်လေးမှာ မင်း နဲ့ငါ´ သည် ကြည်နူးချမ်းမြေ့ဖွယ်ကောင်းသော ချစ်ခြင်းကို သရုပ်ဖော်သွားသည်။ ချစ်ခြင်းတရား   ဖြင့် ခိုင်မြဲကြသော ချစ်သူနှစ်ဦး၏ ထိတွေ့ရင်းနှီးမှုများကြားမှ ဖြစ်လေ့ဖြစ်ထ အထေ့အငေါ့များ၊ လက်ဖမိုးနှင့် လက်ဖ၀ါးဘက်မှ အတွေးအမြင်အယူအဆကွဟချက်များကိုလည်း ပြုံးချင်စဖွယ်မြင်တွေ့ရသည်။ အသေးအဖွဲကိစ္စရပ် များတွင် အကြိတ်အနယ်ငြင်းခုံ တတ်ခဲ့ကြသော ချစ်သူနှစ်ဦးသည် ဘ၀နှင့် ဆိုင်သည့်ဆုံးဖြတ်ချက်အသီးသီးတို့ အတွက် တော့ အလိုက်သိနားလည်စွာ နှုတ်ဆိတ်   နေခဲ့ကြသည်။ တားမြစ်လျှင် ထားမရစ်ခဲ့မှန်းသိလျက် တွဲလက်တွေအသာ ဖြေလျော့ရမည့် လမ်းကိုသာကိုယ်စီရွေးချယ်ခဲ့သည်မှာ ကိုယ့်အတ္တထက်စာနာနားလည်သော ချစ်ခြင်းတရားက လွှမ်းခြုံ လိုက်ခြင်းပင်။
          နှစ်ဦးချင်းပတ်သတ်ဆက်နွယ်သည့်ချစ်ခြင်းတွင် အသိုင်းအ၀ိုင်းမတူညီကွဟချက်များ၊ အနေဝေးကွာမှုများ၊ နှိုင်းယှဉ်ဖြစ် ရပ်များအပေါ် မတူညီသောရှုထောင့်များက တစစ ဖြိုဖျက်ပျက်စီးစေသည်ကို `သက်တမ်း´က ဖော်ပြထား သည်။ လူသားတစ်ဦး စီတိုင်း၊ မိသားစုပတ်ဝန်းကျင်တိုင်းတွင် အဆိုးအကောင်း အကြောင်းအရာတို့က ဘက်ညီစွာ တည်ရှိ နေကြမြဲ။ အားသာချက်တွေ အတွက် ဂုဏ်ယူတန်ဖိုးထားတတ်လျှင် အားနည်းချက်တွေအပေါ်လည်း ဖေးမစာနာ နားလည် ရမည်သာ။ တွေဝေတွန့်ဆုတ်ကာ   ရှောင်ခွာသောလျစ်လျူရှုမှုများကို တတိတိခံစားလာရပြီးနောက် ပြီးဆုံးခဲ့ပြီဟု သတ်မှတ် ခဲ့သောအဆုံးသတ်က မမျှော်လင့်စွာ ချိုးကွေ့လာချိန်တွင်တော့ တမ်းတမျှော်မှန်းခဲ့ဖူးသော စိတ်လှုပ်ရှားတို့က ဆိတ်သုဉ်း ပျောက်ကွယ်သွားရသည့် အကြောင်း သိမ်မွေ့ စွာတင်ပြထားသည်။
            “အနက်ရောင်လိပ်ပြာတစ်ကောင်ရဲ့ဒိုင်ယာရီ” သည် ယိမ်းယိုင်တွယ်ငြိတတ်သော စိတ်၏လေနှင်ရာကို ဆင်ခြင် တုံတရား၏ အသိဥာဏ်က ကျော်လွှားသွားနိုင်ကြောင်း ဖော်ပြသည်။ တစ်ကိုယ်စာထွက်ပေါက်လေးကို မမြင်နိုင်သေးသော လိပ်ပြာတစ်ကောင်၏ အားအင်မဲ့စွာရုန်းကန်ပျံသန်းနေမှုနှင့် တင်စားဖော်ညွှန်းထားသည်။ မှန်ကန်သောအနေအထား တစ်ခုကို လိပ်ပြာသန့်စွာရောက်ရှိနိုင်ဖို့ တွယ်ငြိတတ်သော သံယောဇဉ်ကို ဥပေက္ခာပြုရသည်မှာ မောပန်းနွမ်းနယ်လှ သော်လည်း ကိုယ့် အဇ္ဈတ္တကို ကိုယ် ရဲဝံ့စွာပြန်ကြည့်နိုင်ပါလေသည်။ ခြေကုန်လက်ပမ်းကျစွာ အားအင်ကုန်ခမ်းခဲ့သော် လည်း လိပ်ပြာလေးသည် ထွက်ပေါက်ကိုရှာတွေ့ခဲ့လေသည်။
            “တကယ်တော့ ဖြူစင်မှု၊ အပြစ်ကင်းမှု၊ ရိုးသားမှု ဆိုသည့်စိတ်ခွန်အားသတ္တိများအတွက် ပတ်ဝန်းကျင် ရဲ့ သတ်မှတ်မှု၊ လူတွေရဲ့ ထင်မြင်ယူဆမှုထက် ကိုယ့်လိပ်ပြာကိုကိုယ် ရဲဝံ့စွာ အစစ်ဆေးခံနိုင်၊ ရင်ဆိုင်နိုင်သော အခြေ အနေမှန်တစ်ခုသာ ပိုအရေးကြီးခဲ့ပါသည်
            “မှန်းဆ၍လည်း မလွမ်းသာပြီ” သည် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခုပင်။ ရည်ရွယ်သူရှိမှန်းသိရက် မခံချင် စိတ်တစ်ခုနှင့် ရှေ့တိုးမိရာက မလူးသာ၊ မလွန့်သာ အခြေအနေများ၊ နာကျင်မှုနှင့် ကြုံတွေ့ရသည့်အကြောင်း ပုံဖော် ထားသည်။
            “ဆယ်သွယ်မှုဧရိယာပြင်ပသို့” သည် ဖြူစင်စွာနှောင်ဖွဲ့ခဲ့သော သူငယ်ချင်းနှစ်ဦးတို့ကြား ပတ်ဝန်းကျင် အခြေ အနေ အကြောင်းအရာတို့က ဝေးကွာခြင်းသို့ တွန်းပို့ခဲ့သည်ကို ဖော်ညွှန်းသည်။ ခါတရံတွင်တော့ “ငါ မှန်သည်,ငါ ရိုးသား သည်” ဟု တစ်ခွန်းတည်းရွတ်ဆို မျက်စိစုံမှိတ်နေရုံနှင့် မပြီးဆုံးသေးသည့် အကြောင်းတရားများ,များစွာ ရှိ နေ သေးသည် သာပင်။ ဖြူစင်စွာချစ်ခင်သည် ဟူသော စိတ်ခံစားမှုတစ်ခုတည်းနှင့် မပြီးဘဲ သူ့ဘက်ကိုယ့်ဘက် အခြေအနေများစွာကို ငဲ့ညှာကြည့်ပေးသင့်လှသည်။
            မရည်ရွယ်သူသို့” “ထားရစ်ခဲ့ မင်းရှိတဲ့နေ့တွေ” “ဝေးခဲ့ပြီးနောက်” သုံးပုဒ်သည် ဇာတ်လမ်းလေးတစ်ခုကို အစ အဆုံးပြောပြသည့်နှယ် တစ်ပုဒ်နှင့် တစ်ပုဒ်ချိတ်ဆက်ထားသည်။ သူ့ဘက် ကိုယ့်ဘက်အမြင်ခံစားချက်များနှင့် မာန၊ အတ္တ များ ရောပြွမ်းနေသည့် ဇာတ်လမ်းမျှသာဖြစ်သော်လည်း ပြေပြစ်ညင်သာသော အရေးအဖွဲ့များကြောင့် ဆွဲဆောင်သော ၀တ္တုလေးတစ်ပုဒ်ဖြစ်ခဲ့ပါသည်။
******
            “သုံးနဲ့လေး” တွင် ခေါင်းစဉ်အတိုင်းပင် ခံယူချက်၊ အတွေး၊ အကျင့်စရိုက်တို့ မတူညီသော ချစ်သူနှစ်ဦး၏ အဆင် မပြေသည့်အိမ်ထောင်ရေးကို မြင်တွေ့ရပါသည်။ အကျင့်စရိုက်၊ စိတ်ဓာတ်မတူညီသောအခါ ချစ်ခြင်းမေတ္တာသည် တစစ မှုန်ဝါးပျက်ပြယ်စပြုလာသည်။ အပြုအမူ၊ လုပ်ရပ်များကို တစ်ဦးပေါ်တစ်ဦး ပြစ်တင်ဝေဖန်ရင်းက နာကျင်သည်ထက် နာကျင်အောင် ပစ်ခတ်တိုက်ခိုက်ကြခြင်း၏ အဆုံးသတ်က မလှပခဲ့ပါပေ။ နှစ်ယောက်စလုံးမှားတယ်ဆိုလျှင် နှစ်ယောက် စလုံးမှန်တယ်ဆိုတာလည်း တွေးနိုင်သည့် အနေအထားဖြစ်ပါလျက် ညှိနှိုင်းခြင်းမရှိကြတော့သည့် စိတ်အခြေအနေသည် အတ္တ၊ မာန်မာနများမှလွဲ၍ အခြားမဖြစ်နိုင်။
            ထို့ကြောင့် ဤအရာကိုမည်သို့ခေါ်ဆိုမည်” ကို ဖတ်အပြီးတွင်မူပြုံးမိသည်။ ပြတ်သားထက်မြက်လွန်းသည့် မိန်းမသားတစ်ယောက်သည် အေးဆေးကာ အပူပင်ကင်းတတ်သည့် ချစ်သူကို အားမလိုအားမရဖြစ်ကာ ကတောက် ကဆဖြစ်ကြသည်။ သူငယ်ချင်းများ၏ အိမ်ထောင်ရေးအသီးသီးကို လိုက်လံစပ်စုကြည့်တော့ သူ ကြုံတွေ့ရသည်မှာ အမျိုးမျိုးအဖုံဖုံ။ ငွေကြေးမပြည့်စုံတော့ ဒုက္ခတစ်မျိုး၊ ငွေကြေးပြည့်စုံတော့ သောကတစ်မျိုးနှင့် ပတ်ဝန်းကျင်၏ အဖြစ် သနစ်တွေကဒွိဟပွားစေသည်။
            “ကိုယ့် အနားမှာဆိုးတူကောင်းဖက်ရှိနေခဲ့သူတွေရဲ့ စိတ်ခံစားချက်နဲ့ ဖြစ်တည်မှုကို ဘာလို့ ကိုယ်ချင်းမစာနာ တတ်ခဲ့ကြတာလဲ”
            ဟူသည့် အတွေးတစ်ချက် ၀င်လာချိန်တွင်…..။
            “ချစ်သောအယ်ဒီတာ” သည် ဖတ်ခဲ့ပြီးသော ချစ်ခြင်းဖွဲ့ဝတ္တုများတွင် အလှပဆုံးဝတ္တုတစ်ပုဒ်ဖြစ်သည်။ ကမ္ဘာ့ အရှေ့   ခြမ်းနှင့် ကမ္ဘာ့အနောက်ခြမ်းရှိ မတူညီသော အရပ်ဒေသနှစ်ခုတွင် နေထိုင်သူနှစ်ဦး အတွေးအခေါ် အယူအဆ ဖလှယ်ရာက သံယောဇဉ်နှောင်ဖွဲ့မှုဖြစ်ပေါ်ခဲ့ရသည့် ချစ်သူနှစ်ဦး၏ ပုံရိပ်ကိုရေးဖွဲ့သည်။ ၀ါဿနာနှင့် အသက်မွေးဝမ်း ကြောင်းထပ်တူမကျစွာ ရုန်းကန်နေကြရသော ဘ၀တွေအတွင်း စာပေအနုပညာချစ်ခင်မှုတူညီစွာဖြင့် အပြန်အလှန် နှီးနှော ဖလှယ်မှုက သံယောဇဉ်ကို ပိုမိုရစ်ပတ်စေသည် ဖြစ်သည်လား။ အနုပညာပေါ် ယုံကြည်ကိုးစားသည့် အဇ္ဈတ္တတွေက ဝေးကွာနေသော နေရာဒေသများကို ချုံ့စေကာ နှလုံးသားတို့ကို နီးစပ်စေခဲ့သည်။ အနာဂတ်နေ့ရက်တွေကို မျှော်လင့် ယုံကြည်ရင်း လွမ်းဆွတ်တမ်းတမှုတို့ကိုတောင် တစ်ယောက်ကို တစ်ယောက်ဝန်ပိမှာစိုး၍ သိတတ်မှုတချို့နှင့် မျိုသိပ် နေခဲ့ရသည်တဲ့လေ။
*****
            ချစ်ခြင်းပုံရိပ်များနှင့် ဖွဲ့ဆိုသော ၀တ္တုများတွင်မူ တစ်ပုဒ်နှင့်တစ်ပုဒ် အကြောင်းအရာ၊ ခံစားချက်များ မကြာခဏ ပုံတူဖြစ် သွားခြင်း၊ ထပ်တလဲလဲခံစားချက်များ ပါဝင်လာခြင်း စသည့် အားနည်းချက်များ မြင်တွေ့ရလေသည်။ ထို အခြင်း အရာများနှင့် ပတ်သတ်၍ တမင်တကာပင် ရွေးခြယ်စုစည်းစေမှုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါမည်။ မည်သို့ဆိုစေ လှုပ်ရှား ရုန်းကန်သော ရေခြား   မြေခြားရောက် လူငယ်တို့၏ ပုံရိပ်များ၊ အဖြစ်အပျက်များ၊ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်နှောင်ဖွဲ့မှု၊ စိတ်၏စေစားရာ အတွင်း အဇ္ဈတ္တသရုပ်ဖော်မှု၊ လူ့ လောက သဘာဝအပေါ် မှန်ကန်ကြည်လင်သောရှုထောင့်၊ အတွေး အခေါ် အရေးအသားတို့ဖြင့် ရသကို ပီပြင်စွာ သရုပ်ဖော်နိုင်သည့် စာအုပ်ကောင်းတစ်အုပ်ပင်…။                       
မေတ္တာဖြင့်
ရွှေအိမ်စည်
5.10.2013
*********************
နောက်ဆက်တွဲဖြည့်စွက်ချက်
*********************
၂၀၁၃၊ နိုဝင်ဘာလ၊ နယူးစတိုင်မဂ္ဂဇင်း
6 comments:
  1. မိဇုစံ ကြားဖူးတယ်။ မဖတ်ဖူးဘူးမမ။ အားရင် တရက် စာအုပ်ဆိုင်သွားပြီး ၀ယ်ဖတ်ရမယ်။
    ReplyDelete
  2. မောင်မျိုးOctober 17, 2013 at 3:33 AM
    ဖတ်ဖူုးချင်ပြန်ပြီ ဒီတစ်အုပ်လည်းး)
    ချစ်သော အယ်တီတာ ကို အစဆုံး ခုကိုဖတ်ချင်နေတော့တာ ။
    ReplyDelete
  3. ရီဗျူးကို စိတ်ရှည်လက်ရှည်ဖတ်သွားပေးတဲ့သူတွေ တွေ့ရင် တကယ်ကျေးဇူးတင်တယ် :))
    ReplyDelete
  4. ဟန်ကြည်October 17, 2013 at 6:58 AM
    ရီဗျူးတွေကိုတော့ သိပ်ဖတ်လေ့မရှိတာ ၀န်ခံရမယ်...ဘာကြောင့်လဲဆိုတော့ တကယ်ဖတ်ရင် ပေါ့သွားမှာစိုးလို့...နောက် ကိုယ့်အမြင် ကိုယ့်အယူအဆက ရီဗျူးက လွှမ်းမိုးသွားရင် ကိုယ့်သုံးသပ်ချက်ထဲမှာ အရောင်စွန်းသွားမှာကို စိုးတာလည်းပါမယ်ထင်ပါရဲ့...ကိုယ်တိုင်က ရီဗျူးဖတ်ရမှာ ပျင်းသလို ရေးရမှာလည်း စိတ်မပါပေမယ့် ရေးနိုင်တဲ့လူကိုတော့ လေးစားပါသဗျား...
    ReplyDelete
  5. မမသူသူ ညွှန်းတာနဲ့ စာအုပ်တွေ ဝယ်ဖတ်တာ များခဲ့ပြီ
    ဒီစာအုပ်လေးလည်း ဝယ်ဦးမယ်
    ဆရာမ မိဇုစံကိုတော့ မဟေသီမှာ ချစ်သောအယ်ဒီတာက စ ရင်းနှီးနေပြီ
    ဝယ်ဖတ်လိုက်ပါဦးမယ် မမသူသူရေ
    ReplyDelete
  6. This book is a real Good book.
    ReplyDelete