Saturday, October 19, 2013

ဂိမ်းကစားခြင်း

photo-google

ချိန်ကိုက်ဖန်တီးထားသည့် ဒီဂျစ်တယ်အရုပ်ကလေးတွေက ကျွန်မကို ဖမ်းစားနိုင်လိမ့်မည်ဟု မထင် မှတ်ခဲ့။

******

ကျွန်မ ဂိမ်းကစားခြင်းကို ဘယ်သောအခါမှ မနှစ်သက်တတ်ခဲ့ပါ။ တမင်ပြုပြင်ဖန်တီးထားမှန်း သိသိနှင့် ပါဝင်ယှဉ်ပြိုင်ရသည်ကို ကလေးကလားဆန်သည်ဟု ထင်မြင်နေခဲ့သည်။ ဂိမ်းကစားတာစွဲသည် ဟု ပြောကြ လျှင်ဘာများစိတ်ဝင်စားစရာရှိ၍ စွဲသနည်းဟု အစဉ်စောဒကတက်ခဲ့သည်။ ဂိမ်းနိုင်လျှင် ဘာရ သလဲဟုမေးတိုင်း တိကျရေရာသောအဖြေကို မရရှိခဲ့ပါ။ “ပျော်စရာကောင်းတာပေါ့” ဟု တချို့ကဖြေသည်။ ဂိမ်းတစ်ခုရဲ့ အထာ၊ အသွားအလာကို သိသွားရင် ဂိမ်းနိုင်တာမဆန်းပါဘူးဟု တုံ့ပြန်ပြောမိလျှင် ကျွန်မကို ဆက်လက်စကားမဆို လို တော့သည့်နှယ် ပြန်လှန်မပြောကြတော့ပေ။

သင်တန်းတစ်ခုတက်နေစဉ် ဖဲချပ်များဖြင့် စီကာစဉ်ကာကစားရသည့် ဂိမ်းတစ်ခုကို စတင်ကစားဖူး သည်။ ရံဖန်ရံခါ သင်တန်းဆရာကို စောင့်ရခြင်း၊ တစ်ချိန်နှင့်တစ်ချိန် အားလပ်ချိန်အနည်းငယ်ရခြင်း စသည့် အချိန်များတွင် အများတကာနှယ် ဂိမ်းမဆော့တတ်သည့် ကျွန်မကို သူငယ်ချင်းအချို့က အလွယ်ကူဆုံး ကစား နည်းဖြစ်သည့် Spider ကို သင်ပေးလေသည်။ ပြင်ပလောကတွင် ဖဲချပ်များကို မရင်းနှီးသည့် ကျွန်မအတွက် အဆိုပါဂိမ်းမှ ဖဲချပ်စီရသည်ကိုပင် အတော်သင်ယူခဲ့ရသည်။ King, Queen, Jack ကို မကြာခဏပြောင်းပြန် မှတ်လိုက်၊ အတည့်လုပ်လိုက်နှင့် ဖဲချပ်သုံးချပ်ကို ထားစရာနေရာမရှိပါ။ အောက်ကဂဏန်းအစီအစဉ်ကိုတော့ သက်တောင့်သက်သာ မှတ်လို့ရပေသည်။ တစ် နှစ် သုံး လေး ဂဏန်းတွေကိုး။ အခြားမှ မဟုတ်လေဘဲ။ ဒါ တောင် အခြား level များကို တက်မကစားဝံဘဲ Beginner နဲ့သာ ထပ်ကာတလဲလဲဆော့ကစား ခဲ့ရပါလေ သည်။

အင်တာနက်ဆိုင်များတွင် ကွန်နက်ရှင်ကျသွားသောအခါ စက်ကို Free ဖွင့်ပေးထားသည့် ၀န်ဆောင်မှုကို နယ်မြို့တွင်ရှိစဉ်က ရခဲ့ဖူးသည်။ ထိုအခါ စာစီစာရိုက်လုပ်၍ ရသလို၊ Game ဆော့၍လည်း ရသည်။ အများသူငါ သည် ဂိမ်းဆော့ကြတာများ၍ ကျွန်မကတော့ စာစီစာရိုက်နှင့် ဖိုတိုရှော့ကလိနေတာ များပါသည်။ ထိုစဉ်က ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်နေသည့်အတွက် အင်တာနက် ဆိုင် တွင် အသုံးပြုခြင်းက အင်တာနက်ထက် မေးခွန်းရိုက်၊ မှတ်စုရိုက်နေဖို့က အဓိကဖြစ်   နေခဲ့ရာ ကွန်နက်ရှင် ကျ လျှင် ကျွန်မ ပျော်ပါသည်။


နောက်ပိုင်းတွင် အင်တာနက်ပိုး တစစ၀င်လာသောအခါ စာစီစာရိုက်လုပ်စရာမရှိသော်လည်း အင်တာနက်ဆိုင်ထိုင်ချိန်များလာသည်။ ထိုအခါ မကြာခဏကျလေ့ရှိသည့် ကွန်နက်ရှင်ကြောင့် အလွယ် ကူဆုံး ဂိမ်း ကစားနည်းတစ်ခုကို ထပ်မံကစားဖြစ်လာသည်။ တူရာအရုပ်ကလေးများကို တွဲဖက်ပေးရသည့် ……ကစားနည်း ပင်။ ထို ကစားနည်းလေးကိုပင် အင်တာနက်ဆိုင်ဝန်ထမ်းကောင်မလေးတွေက ကျွန်မကို သင်ပြပေးခဲ့ရသည်။

အချိန်ဖြုန်းသည့် အနေနှင့်သာ ဆော့ကစားဖြစ်သည်။ ထို ကစားနည်းကို ကျွန်မ စိတ်မ၀င်စားလှပါ။ တူရာအရုပ်လေးများတွဲပေး၍ ပျောက်သွားသည်မှာ ဘာများအားကြိုးမာန်တက်ဖြစ်စရာပါလိမ့်။ သို့သော် တူရာ အရုပ်လေးများ မရှိတော့ဘဲ အရုပ်တွေကျန်နေကာ Game Over ဖြစ်လျှင်မူ ကျွန်မ မကျေနပ်လှပါ။ လွယ်ကူ သည့် ကစားနည်းဖြစ်လျှက် ရှုံးနိမ့်ရသည်မှာ မခံချင်စရာကောင်းလှသည်။

Web Developmer သင်တန်းတက်သောအခါတွင်မူ ကျွန်မ အထူးစိတ်ဝင်စားသောအရာမှာ Coding များဖြစ်သွားသည်။ ဘာမဟုတ်သည့် အရုပ်ကလေးများကို လှည့်မကြည့်တော့ပါ။ ဖန်တီးနိုင်စွမ်း   သောအတတ် ပညာတစ်ခုထဲ နစ်မြုပ်ပျော်ဝင်ရင်း ဂိမ်းသည် ရှိမှန်းသိလျက် အရေးမထားသော အနေ အထားဖြင့် ပတ်သတ် ခြင်း မရှိတော့ပြန်။

******

ဘ၀သည် နာကျင်ရှုံးနိမ့်စရာများနှင့် အစဉ်ရစ်ပတ်နေခြင်းမဟုတ်။ အောင်မြင်ပျော်ရွှင်မှုများနှင့် လည်း ထာဝစဉ်ရရှိနေသည်မဟုတ်။ တစ်ခုသောဆုံးရှုံးကြေကွဲရခြင်းအခိုက် ဆရာဖြစ်သူနှင့် စကားပြော   ဖြစ်သည်။ ကျွန်မ၏ ရင်ဖွင့်တိုင်တည်ရာအကြောင်းအရာမှန်သမျှကို ဆရာက ငြိမ်သက်စွာနားထောင်ရင်း အဆက်အစပ် မရှိသော အမေးတစ်ခွန်းကို မေးသည်။

“သူသူ ဂိမ်းကစားဖူးလား”

ရုတ်တရက် ကျွန်မ ကြောင်သွားသည်။ ထိုအခိုက်သည် နာကျင်ကြေမွခြင်းများဖြင့် မျက်ရည်သွင် သွင် ကျနေခိုက်ဖြစ်သည်။ ကျွန်မ၏ လတ်တလောဖြစ်ရပ်နှင့် မပတ်သတ်သော အမေးကို နားထွေးလှ   သော်လည်း အဖြေကိုတော့ ပြန်ပေးဖြစ်ပါသည်။

“သေချာ မကစားဖူးဘူး ဆရာ။ ကလေးဆော့တဲ့ အလွယ်ဆုံးဂိမ်းတောင် ခဏတဖြုတ်ဆော့ဖြစ်ခဲ့ တာ ရယ်။ ကျွန်မ စိတ်မ၀င်စားလှဘူး”
“အင်း သင်ပေးထားဦးမှပါပဲ”
“………..”
“မခံမရပ်နိုင်အောင် ထွက်ပေါက်မဲ့နေတဲ့ အခါမျိုးမှာ သေနတ်ပစ်တဲ့ ဂိမ်းကစားမျိုးကို ကစားပေးရ တယ်။ ဘယ်လိုပစ်နည်းနဲ့မဆို…အဓိက ကတော့ ကိုယ့် ရဲ့အဆက်မပြတ်ပစ်ခတ်မှုမှာ ချိန်ရွယ်ရာတွေ လဲ ကျ ဖို့ပဲ…. Game Over ဖြစ်ရင် ပြန်ကစား…အဲဒါလည်း လဲနေ ပြန်ထ ပဲလေ”

အေးဆေးတည်ငြိမ်စွာ ပြောနေသည့် ဆရာ့စကားသံများကို နားထောင်ကာ ကျွန်မ တအံ့တသြ။ ဂိမ်း ဟာထွက်ပေါက်မဲ့နေသည့် အခါမျိုးမှာ စိတ်ကိုထွက်ပေါက်ရှာတွေ့နိုင် သည့် ဖြေလျော့မှုမျိုး ပေး စွမ်းနိုင်သည် တဲ့လား။ ဆရာထပ်မံပြောသော စကားများအောက်ဝယ် ဂိမ်းနှင့် ပတ်သတ်၍ အတွေး တစ်စ မှာ ချက်ချင်းနှယ် ပျောက်ကွယ်သွားရသော်လည်း ဤအတွေးသည် နောင်ကာလများစွာတိုင် မကြာခဏ အမှတ်ရဖြစ်နေမှန်း ကျွန်မ ကိုယ်တိုင်ပင် မသိရှိခဲ့။

******

အများသူငါ အင်တာနက်ဂိမ်းများ ကစားနေကြချိန်တွင် ကွန်နက်ရှင်မကောင်းသော အရပ်ဒေသရှိ ကျွန်မအတွက်တော့ ကစားကြည့်ရန်မလွယ်ကူလှပါ။ ထို့ကြောင့်ပင် တစ်ရံခါမှ မမြည်းစမ်းကြည့်ဖူးတာ   ဖြစ်နိုင် မည်။ သို့ပေမယ့် Desktop ပေါ်တင်ထားသည့် ဂိမ်းတွေလည်း တို့ ထိ ကြည့်ဖို့ စိတ်အင်အား မပြင်းထန်ခဲ့ပြန်။

ကွန်ပြူတာ စကရင်အပြည့် သေနတ်ပစ်ဂိမ်းကို ကလေးအများစု ကစားနေတာကို မကြာခဏ   မြင် တွေ့ ဖူးသည်။ တွေ့သောအခါတိုင်း ဆရာပြောသော စကားကို အမှတ်ရလျက် စမ်းသပ်ကြည့်ဖို့ကို   တော့မလုပ်ဖြစ်ခဲ့။ သင်ပေးဦးမှပဲ ဟု ရေရွတ်ခဲ့သော ဆရာလည်း သင်မပေးဖြစ်ခဲ့။

လူမှုရေးအဖွဲ့အစည်းတစ်ခု၏ ရုံးဌာနသို့ဝင်ရောက်သောအခါတွင် ကွန်ပြူတာတစ်လုံးအပိုင်စား ရလေ သည်။ ထိုအခါ ရိုးစင်းလွယ်ကူလွန်းသည့် ဂိမ်းတစ်ခုကိုထပ်မံရင်းနှီးခဲ့ပြန်သည်။ သည်တစ်ခါတော့ သင်ကြားပေး မည့်သူမရှိတော့။ သင်ကြားစရာမလိုလောက်အောင်ပင် ကလေးများဆော့ကစားသည့် ဂိမ်းအနေအထားမျိုးဖြစ် နေခဲ့သည်။

Purble Place ဟူသည့် ကိတ်မုန့်ဖုတ်ရသည့် ဂိမ်းသည် အတော့်ကိုရိုးစင်းလွယ်ကူသည့် ကစား နည်း ဖြစ်သည်။ ပုံစံအဖြစ်ပြထားသည့်ကိတ်မုန့်ပုံစံပေါ်အောင် တဆင့်ချင်းရွှေ့၍ ပြုလုပ်ပေးရကာ မှန်လျှင် အမှတ်ရ၍၊ မှားလျှင် အနားရှိစားဖိုမှုးက အသင့်စားပစ်လေသည်။ လွယ်ကူလွန်းလှ၍ တစ်ခါတရံမှာ တမင် မှားအောင်ပြု လုပ်ကာ ကိတ်မုန့်စားသည့်ဟန်ကို ရယ်ချင်စွာစောင့်ကြည့်တာလည်း ပြုခဲ့ဖူးသည်။

များမကြာမီပင် ထိုကစားနည်းသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသွားကာ ထပ်မံ၍ အသစ်, အသစ်   သော ကစားနည်းများကိုလည်း မရှာဖွေတော့ဘဲ နှစ်ကာလအနည်းငယ်ထိ ဂိမ်းကို မေ့လျော့သွားခဲ့ပြန် ပါသည်။

*****

မိုဘိုင်းဖုန်းများ ခေတ်စားလာကာ စကရင်ကိုအလွယ်တကူထိတွေ့ရုံဖြင့် အသုံးပြုနိုင်သည့် ဖုန်းများ တွင် ကျယ်လာချိန်တွင် ဖုန်းအတွင်းထည့်သွင်းအသုံးပြုရသည့် ဂိမ်းတွေ များပြားစွာမြင်တွေ့လာပြန်သည်။ Brand ပစ္စည်းမဟုတ်သည့် တရုတ်နိုင်ငံထုတ်ဟန်းဆက်များသည် ဂိမ်းဆော့တာများလျှင် အပျက်မြန်မည် ဟု စိုးရိမ်ကာ မိုဘိုင်းဆိုင်မှ အဆင်သင့်ထည့်ပေးလိုက်သည့်ဂိမ်းများကို မမြင်ဟန်ပြုနေခဲ့သည်။ တစ်ခါတရံ များပြားလွန်း သည်ဟုထင်လျှင် Unstall လုပ်ပစ်သည်မှာလည်း မကြာခဏ။ လက်ကိုင်ဖုန်းအတွင်း ရှိနေ သည့် ဂိမ်းများ သည် ပင် ကျွန်မနှင့် ရင်းနှီးခွင့် မရကြချေ။

တစ်ခုသောကာလ၌မူ ကျွန်မတွင် ဖုန်းကဒ်မရှိတော့သည့် အခြေအနေမျိုးနှင့် ကြုံကြိုက်လာသည်။ ထို အခိုက်အတန့်သည် အနည်းငယ်ကြာမြင့်သွားရာ အဆက်အသွယ်ပြုလုပ်၍ မရတော့သည့်ဟန်းဆက် အတွင်းမှ ဂိမ်းများကို စပ်စုထိတွေ့ကြည့်မိလေသည်။ ဒဂါင်္ပြားတွေပစ်ခတ်ကစားရသည့် Coin Pusher, Coin Dozer၊ အမျိုးအမည်တူရာသုံးခုကို တစ်တန်းတည်းပြုလုပ်ရသည့် Fruited, Diamond Twister, Jewellust၊ ဘော်လီ ဘောကစားနည်းမျိုးဖြစ်သည့် Basketball Shot စသဖြင့် အမျိုးစုံလင်စွာ ကစားကြည့်   ဖြစ်သည်။

နောက်ပိုင်းတွင်တော့ ဖုန်းစကရင်ပေါ်ရှိအသင့်တင်ထားသော ဂိမ်းများသာမက Appstaller ထဲရှိ ဂိမ်း များကိုပါ စိတ်ဝင်စားစပြုလာသည်။ ထို Installer ထဲတွင် ဂိမ်းပေါင်းမြောက်များစွာ ကိုမြင်တွေ့ရသော အခါ ကျွန်မ တအံ့တသြ။ နည်းပညာ၏ဖန်တီးမှုများသည် တဆိတ်တော့ အံ့အားသင့်စရာကောင်းလှသည်။

Jewellust ဟူသည့် ဂိမ်းသည် ဇာတ်လမ်း၊ ဇာတ်ကွက်နှင့်…။ ရတနာသိုက်တည်ရှိရာနေရာကို တစ် ဆင့်ခြင်းသွားရသည်။ ကြားထဲမှ ကျော်ဖြတ်ရမည့်အဆင့်များတွင်လည်း လျှို့ဝှက်အကွက်များဖြင့် တန်ဆာ ဆင်ထားသည်မှာ သဘောကျစွာပြုံးချင်စရာပင်။ ဂိမ်းနိုင်၍ ခရီးအဆုံးသို့ရောက်၍ ရတနာသိုက်ကို တွေ့ လိုက် ရသည်တွင် ၀မ်းသာပျော်ရွှင်မှုက အပြင်တွင်ပါ ရတနာများစွာကို ရလိုက်သည့်ပမာပင်။ ဂိမ်းတစ်ခု သည် အောင် မြင်ပျော်ရွှင်မှု အရိပ်အယောင်ကို ဖန်တီးပျော်ရွှင်ရာများ ဖြစ်လေသည်လား။

များသောအားဖြင့် ဂိမ်းအများစုသည် ဆုကြေးအဖြစ် ရွှေ၊ ငွေတို့ကို ပေးထားသည်က များသည်။ ငါးများ ကို ပိုက်ကွန်ဖြင့် အုပ်မိုးဖမ်းကာ ရွှေဒဂါင်္းပြားများ စုဆောင်းရသည့် Fishing Joy၊ မြေတွင်းထဲ မှ ရွှေတုံးနှင့် စိန် တုံး၊ ငွေထုပ်များကို ဆွဲယူရသည့် Gold Miner၊ ခုန်ကာပျံကာ ဒဂါင်္းပြားလည်း စုဆောင်း သွား နိုင်သည့် ငတက် ပြားဂိမ်း စသည်ဖြင့် မက်မောစရာများဖြင့် ဖန်တီးထားတတ်ကြသည်။

ရမှတ်များဖြင့် ဖန်တီးထားသ်ာလည်းရှိသည်။ Fruit Ninja, Paper Toss, All Bubble Shooter စသည် ဖြင့်…။ လူတို့သည် ရမှတ်တွေကို ဆင့်ကာ,ဆင့်ကာ လိုချင်သည်နှင့် Level တွေ ဆင့်ကာ,ဆင့် ကာ ရောက် အောင်သွားကြသည်။ ငယ်စဉ်အခါတည်းက ဆရာမထံမှ ရမှတ်အကြီးကြီးလိုချင်လှသည့် ခံစားမှုကို သတိရမိ သည်။ အရည်အချင်းစစ် စာမေးပွဲများတွင် ရမှတ်များဖြင့် အရှုံး,အအောင်၊ ထူးချွန်မှု ခွဲခြားသတ်မှတ်တာ သတိပြု မိသည်။ ရမှတ်တွေက လူ့ဘ၀ကို မည်မျှအထိ အကျိုးသက်ရောက်မှု ရှိစေမည် လဲ။ ဂိမ်း တည်ထွင်သူတွေက တော့ ထို သည်းခြေကို အသုံးပြုကာ ကစားသွားခဲ့ပြီ။ 

ဇာတ်လမ်း၊ ဇာတ်ကွက်သဖွယ် လပေါင်းကြာမြင့်စွာ ကစားရသည့် ဂိမ်းများလည်းရှိသေးသည်။ Smurt’s Village, Clouds&Sheep စသဖြင့်။ လယ်ယာမြေကို ထွန်ယက်၊ နေစရာအိမ်တည်ထောင်၊ ရပ်ရွာ ကို တည်ဆောက်၊ သိုးတစ်ခင်းကို ထိန်းကျောင်းမွေးမြူ စသည်ဖြင့် တဆင့်ခြင်း ပုံဖော်ဖန်တီးရသည့် လူ့ စိတ်ဝင် စားမှုကိုလည်း ဖမ်းဆုပ်ရယူနိုင်ရန် ဂိမ်းတို့က ကြိုးပမ်းကြသေးသည်။

လိုရာသို့ ရေစီးဆင်းနိုင်ရန် စဉ်းစားတွေးတောရသည့် Where’s My Water ။ Candy ပါသည့် ကြိုး ကို ဖြတ်ကာ ကြယ်သုံးပွင့်ကို တိုက်ဖျက်၍ ဖားရုပ်လေးပါးစပ်သို့ Candy အရောက်ပို့ပေးရသည့် Cut the rope ။ ဘောလုံးလိမ့်ဆင်းရမည့် လမ်းကြောင်းကိုချိန်ဆကာ ခြင်းတောင်းထဲ အရောက်ထည့်ပေးရမည့် Amazing Alex ။ စင်စစ်တော့ မည်သည့်ကစားနည်းဖြစ်စေ ဦးတည်ရာပန်းတိုင်ကို အရောက်လှမ်းရန် မဆုတ်မနစ် အားထုတ် မှုကို ကြိုးပမ်းရသည်သာ။ ရုန်းကန်ရတာမောပန်းလှသည့်ကြားမှ ရုန်းကန်ရှင်သန်ရ တာကို ပျော်မွေ့ကြပါလေ သည့် လူ့သဘာဝကို အမျိုးစုံလင်လှသော ဂိမ်းတို့က ဖော်ဆောင်နေကြသလိုပင်။

********

တကယ်တော့ ကျွန်မ ကစားဖူးသည့် ဂိမ်းများသည် လက်ကိုင်ဖုန်းတစ်လုံးအတွင်းမှ ရိုးစင်းလှသည် ဟု ဆိုနိုင်သော ဂိမ်းများသာဖြစ်သည်။ Network ချိတ်ဆက်ကာ လူတစ်ဦးနှင့် တစ်ဦး (သို့) အဖွဲ့လိုက် ယှဉ်ပြိုင် ကစားရသော ဂိမ်းများ၊ အခြားသောအမျိုးအမည်စုံလင်သော ဂီမ်းများ များပြားစွာရှိနေပါဦးမည်။ ယှဉ်ပြိုင်ကြရာ ၌ နေရာဌာနတစ်ခုတည်းမှလည်း ဖြစ်နိုင်မည် (သို့) ကမ္ဘာ့နေရာအနှံ့အပြားမှ လည်း ဖြစ်   ကောင်းဖြစ်နိုင်ပါမည်။ မည်သို့ဆိုစေ ရယူလိုမှု အနိုင်ကိုသာ ဦးတည်ကြိုးစားကြစမြဲ။

ယခုတော့ တစ်စုံတစ်ခုသော ခံစားမှုဖြင့် ထွက်ပေါက်မဲ့လာသည့် အခါမျိုး၊ မျှော်မှန်းပြီးမှ မရရှိသည့် အခါမျိုး၊ လက်ဝယ်ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးရသည့်အခါမျိုး၊ လဲနေပြန်ထလျက် အခါခါလဲကျနေသည့် အခါမျိုး တို့တွင် ကျွန်မ ဂိမ်းကစားတတ်ခဲ့ပါပြီ။ အဝေးတစ်နေရာရှိ အိမ် ကို လွမ်းဆွတ်သည့်အခါ ဖခင်နှင့်အတူ ယှဉ်တွဲကစား ခဲ့ရသည့် နယ်ရုပ်ကလေးများကို မြင်ယောင်တိုင်း လက်ကိုင်ဖုန်းထဲမှ Chess Free ကို အာသာပြေဆော့ကြည့် ဖြစ်ခဲ့သည်။ ခါတရံ တီးလုံးသံစဉ် အမြင့်ဆုံးထားကာ လှုပ်ရှားပြေးလွှားနေသည့် အရုပ်ကလေးများနှင့် စိတ်ပါ ၀င်စားစွာ ဦးတည်ရာကို ကြိုးပမ်းကာ ပစ္စပ္ခနာကျင်မှုကို ဖြေဖျောက်ဖြစ်ခဲ့သည့် အခါလည်း ရှိခဲ့သည်။

ဂိမ်း သည် လူ၏ လိုအင်ဆန္ဒ၊ ဘ၀ရပ်တည်မှု၊ ရုန်းကန်လိုစိတ်ကို အခြေခံကာ ဖန်တီးတည်ဆောက် ထားသည့် အရာမှန်း ကျွန်မ  ရိပ်မိခဲ့လေပြီ။

******

အချိန်ကိုက် ဖန်တီးထားသည့် ဒီဂျစ်တယ်အရုပ်ကလေးတွေက ကျွန်မ ကို ဖမ်းစားနိုင်လိမ့်မည်ဟု ယခင်သောအခါက မထင်မှတ်ခဲ့။    
ရွှေအိမ်စည်
16.10.2013
PM:3:30

8 comments:

  1. ဂိမ်း သည် လူ၏ လိုအင်ဆန္ဒ၊ ဘ၀ရပ်တည်မှု၊ ရုန်းကန်လိုစိတ်ကို အခြေခံကာ ဖန်တီးတည်ဆောက် ထားသည့် အရာမှန်း ကျွန်မ ရိပ်မိခဲ့လေပြီ။
    ဟုတ်။ ကျွန်တော် ဂိမ်းကစားတတ်ခဲ့ပါပြီ။း))

    ReplyDelete
  2. အက်ဆေးလေးဖတ်သွားတယ်။
    ဖရုနင်ဂျာဆိုတာကိုဆော့တာ ကိုဏီ တစ်ခါမှ အမှတ်၁၅၀မကျော်ဖူးဘူး။ အဲ့သလိုတော်တာရယ်...

    ခင်မင်ခြင်းအားဖြင့်....
    ဏီလင်းညို

    ReplyDelete
  3. ကျနော်လည်း ဂိမ်းကစားရတာ ဝါသနာ မပါဘူး မမ
    စွဲစွဲလမ်းလမ်း ရှိတာဆိုလို့ မာရီယိုဂိမ်းပဲ ရှိတယ်
    အဲ့ဒီဂိမ်းကတော့ တော်တော်လေး ကြိုတယ်
    ဒီအက်ဆေး အရမ်းသဘောကျတယ် မမရေ
    ဂိမ်းအကြောင်း စပ်မိစပ်ရာ ရေးချင်ပေမဲ့လည်း
    ဂိမ်းမကစားတဲ့ သူဆိုတော့လည်း ...

    ReplyDelete
  4. ခါရံ
    မွန်းကျပ်ပိတ်ဆို့လေ့ရှိသော
    စိတ်များကို ဖြေဖျောက်စေရန်တော့
    ကစားလေ့ရှိတယ် ။ ဘာရယ်မဟုတ်ပေမဲ့လို့
    စိတ်မလေလွင့်တော့ဘူးပေါ့ ။
    ဂိမ်းကစားတာကို စွဲလမ်းလှတယ်လို့တော့ မရှိလှဘူး ။

    ReplyDelete
  5. သူငယ်ချင်းတွေ ကန်တီ၊တူတဲ့စကားလုံး အရုပ်ရွေးတဲ့ ဂိမ်းတွေဆော့တဲ့အခါ ဘေးကနေ အားပေးဖူးပေမဲ့ ဂိမ်း ဘယ်တော့မှ မဆော့ဖူး..ဂိမ်းအကြောင်း ရေးထားတဲ့ အက်ဆေးလေးက စိတ်ဝင်စားစရာလေး...

    ReplyDelete
  6. ဟန်ကြည်October 24, 2013 at 6:27 AM

    ဂိမ်းတွေ ကစားဖြစ်ပါတယ်...ဟိုးလွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၀၀ လောက် ကွန်ပျူတာ ပေါ်ဦးပေါ်ဖျားကတည်းက ကစားဖြစ်တာ...ဂိမ်းထဲမှာ မဖြစ်နိုင်တာကြီးကို ဇွတ်အတင်းပြိုင်ခိုင်းတာမျိုးတော့ စိတ်မပါဘူး...ခေါင်းမူးနောက်နေအောင် ပစ်ခတ်နေရတာမျိုးကိုလည်း အားမသန်ဘူး...strategy ဂိမ်းမျိုးလေးတွေတော့ စိတ်အေးလက်အေး ကစားဖြစ်တယ်...ဘာပဲဖြစ်ဖြစ် ကိုယ်တွက် တစ်ခုခုတော့ ကျန်ချင်တဲ့ လောဘလေးကြောင့်လည်း ဂိမ်းဟူသမျှကို မကစားဘဲ ရွေးကစားဖြစ်တာဖြစ်မယ်...အွန်လိုင်းဂိမ်းတွေတော့ တစ်ခါမှ မကစားဖြစ်ဘူး...ခေါင်းမူးလို့...

    အက်ဆေးလေးကောင်းလို့ဖြစ်မယ် ကွန်မန့်တောင် အတော်ရှည်သွားပါလေရော...

    ReplyDelete
  7. ကျွန်​​တော်​က​တော့အရင်​က စွဲပါတယ်​ ကြိုက်​တာမှလွန်​​ရောခု​တော့ မကြိုက်​​တော့ပါဘူး COC ​တောင်​ပျင်း​နေပြီ နည်းပညာ​လေ့လာတာဘဲ လုပ်​ချင်​​တော့တာပါ

    ReplyDelete