Monday, November 25, 2013
စံပယ်တစ်ပွင့် ခရေတစ်ကုံး
ကျောင်းဆရာ အလုပ်ကို ၀ါဿနာအကြီးဆုံး ၊စကားလုံး မြင့်မြင့်တွေနဲ့  အတွေးအခေါ်ပိနေသူကို ပြပါဆိုရင် ကျွန်တော်တို့ အုပ်စုထဲမှာ စိုးမြင့်ကိုပဲ ပြရမယ်...။ သူများတကာတွေ (ကျွန်တော် အပါအ၀င်ပေါ့ ) ကျောင်းအားခိုက် ဟိုယောင်သည်ယောင်   ဖြစ်နေ တုန်း စိုးမြင့်က ရိုးမဘက် ခပ်ကျကျ ရွာလေးတစ်ရွာရဲ့  တွဲဖက်ကျောင်းမှာ ဆရာ  လုပ်ဖို့ စီစဉ်ပြီးသွားပြီ...။ ဒီတုန်းက ကျွန်တော်တို့  အုပ်စုရှိရာ မြောက်ကြွမြောက်ကြွနဲ့ ရောက်လာတဲ့ စိုးမြင့်ပုံကို မှတ် မိနေသေးတယ်....။
            ”ဟေ့ကောင်တွေ .....ငါ အလုပ်ရပြီကွ...”
နည်းနည်းအံ့သြသွားပေမယ့်စိုးမြင့်ပုံကိုအမြင်ကတ်တာနဲ့သူတို့တတွေမသိသယောင်ဆောင်နေကြတယ်....။ ဟိုကောင် လင်းလင်းကလည်း အာပေါင်အာရင်းသန်သန် နဲ့  ဘယ်နိုင်ငံမှာဘာတွေဖြစ်နေကြောင်း ဟုတ်တာမဟုတ်တာ အသာထားစကား ဆက်မပြတ်အောင်ဆက်ပြောနေတယ်.....။ စိုးမြင့်ကလည်းမှုတယ်မထင်ပါဘူး....။ သူပြောချင်တာပဲ ဆက်ပြောပြီး စကားဝိုင်းထဲ ၀င်လာတယ်.....။
”စာသင်ရမှာ .....ကျောင်းဆရာပေါ့...နေရေးစားရေးက ပူစရာမလိုဘူး....။ ဒါတွေက အရေးမကြီးပါဘူး...။ ငါက စာသင် ရမှာပဲစိတ်ဝင်စားတာ...။ကလေးတွေဆိုတာပန်းလေးတွေလိုပဲ...။သိပ်ကိုနူးညံ့ဖြူစင်တာ...။ဒီလိုအရိုင်းပန်းလေးတွေကို ပြုစုပျိုး ထောင်ပေးရမှာ ဘယ်လောက်ပျော်စရာကောင်းလဲကွာ.....။လောကမှာ အမြင့်မြတ်ဆုံးက ပညာဥာဏ်မီး ထွန်းညှိပေးတဲ့ ကျောင်း ဆရာ အလုပ်ပဲကွ.....ကျောင်းဆရာအလုပ်ဆိုတာ..........................”
ပထမတော့သည်းခံပြီးနားထောင်ပေးနေသေးတယ်...။ နောက်တော့တစ်အုပ်စုလုံးဝိုင်းဆဲလိုက်ကြတာ တိုင်ပင်ထားတဲ့ အတိုင်း....။ စိုးမြင့်က မနာပါဘူး..။ ခပ်ပြုံးပြုံးပဲ...။ အရေထူနေတာလဲ ပါမှာပေါ့.......။
         ”မင်းတို့ မုဒိတာပွားစမ်းပါကွ....။လောကရဲ့ အလှတရားကို မခံစားတတ်ဘူး..။မနာလိုတာပဲ ဖြစ်ရမယ်...”
မိန်းမဆန်ကာမှဆန်ရော...။ဆဲချင်စိတ်ကိုကုန်ခမ်းပြီးပြစ်ပြစ်နှစ်နှစ်ကြီးပဲ မျက်စောင်းထိုးပစ်လိုက်တော့တယ်...။
         တကယ့်ခါချဉ်ကောင်.................................။
********************
တစ်နှစ်ဆိုတဲ့အချိန်ဟာကျွန်တော်တို့အတွက် ဟိုလှည့်သည်လှည့်နဲ့ ကုန်လွယ်သွားချိန်မှာစိုးမြင့်ကတော့ အတွေ့ အကြုံ ၊ ဗဟုသုတ တွေ ၊ ပြောစရာစကားလုံးတွေ အပြည့်နဲ့  ကျွန်တော်တို့ ဆီ ပေါက်ချလာပြန်တယ်...။ ဒီတစ်ခါ သူ့ စကားတွေကအရင်လို စာအုပ်မဆန်တော့ဘူး...။ သဘာဝပတ်ဝန်းကျင်၊ စိတ်ဝင်စားဖွယ်ရာ အပြည့်နဲ့ မို့ တစ်အုပ်စုလုံး ငြိမ်ငြိမ်သက်သက်ပဲ နားထောင်ပေး ကြတယ်...။
ရွာကလေးကရိုးမအစပ်နားမှာရှိတာတဲ့...။ အနောက်ရိုးမပေါ့..။ တစ်ရွာလုံးမှာရေတွင်းတစ်တွင်းပဲရှိ တယ်..။ နွေရာသီ ဆို ရေခန်းတယ်...။ စမ်းချောင်းတွေလည်းကောတယ်တဲ့...။ ရေသုံးချင်ရင် စမ်းချောင်းအနား တ၀ိုက် သဲမြေပြင်မှာ လက်ယက် တွင်း လေးတွေလုပ်ပြီးခပ်ရတယ်ဆိုပဲ..။အုန်းမှုတ်ခွက်ကလေးတွေနဲ့ပါလာတဲ့ရေအိုးထဲကိုမပြည့်မချင်း စိတ်ရှည်ရှည်လောင်းထည့် ရတာ...။..”ရေတစ်ခါခပ်ဖို့အတော်လက်ဝင်တာပဲ”လို့တစ်ယောက်ကမှတ်ချက်ချတော့ စိုးမြင့်က ၀င်ပြောသေးတယ်...။
”အဲဒီ့လိုအခြေအနေမှာကွာငါနေတဲ့အိမ်ကရေအပြည့်..။ကလေးတွေခပ်ပေးကြတာလေ..။ကျောင်းဆရာဆိုတော့လည်းကွာ......”
စိုးမြင့်ဆက်မပြောခင် ကမန်းကတမ်းလမ်းကြောင်းလွှဲရတယ်...။
” အေး..ခုဏက ပြောတဲ့ စမ်းချောင်းနားက စံပယ်ရုံတောကြီးဆိုလား ဆက်ပြောပါဦး....”
” အဲဒီ့ စံပယ်ရုံတောကြီး ကြီးချက်ကတော့ ကွာ..။ ငါ့စိတ်ထင် အိမ်ခြံတစ်ဝိုင်းစာလောက် ရှိမလားပဲ..။ တစ်သက်နဲ့ တစ်ကိုယ်တစ်ခါ မှမတွေ့ဖူးဘူး...။ စပယ်တွေပွင့်နေလိုက်တာလဲမနည်းမနော..။ ဘယ်သူမှမခူးကြဘူးကွ..။ မိန်းကလေးတွေသာ အနည်းအကျဉ်း ခူးကြတယ်..။ သူတို့ရွာကလူတွေကဘုရားကိုပန်းမတင်ဘူး..။ ရွက်လှလိုအရွက်ပန်းတွေပဲကပ်ကြတယ်..”
ထွန်းထွန်းနိုင်က ကောက်ကာငင်ကာ ၀င်ပြောတယ်..။
”အဲဒီ့ စံပယ်တွေခူးပြီး ဟို တရုတ်ကားထဲကလို လက်ဘက်ခြောက် လုပ်ရောင်းကြရအောင် ”
စိုးမြင့်က လက်ကာပြပြီး...
”နေစမ်းကွာ..စကားကောင်းပြောနေတာ ၀င်မဖောက်စမ်းပါနဲ့ ..၊ ငါ မင်းတို့ ကို ကျားတွေ့ ရပုံပြောမလို့ ..”
ဒီတစ်ခါတော့ ကျွန်တော်တို့ တတွေ စိတ်ဝင်စားသွားတယ်...။ ကျွန်တော်တို့ က ကျားဆိုတာကို တိရစ္ဆာန်ရုံထဲမှာပဲ တွေ့ ဖူးတဲ့သူ တွေကိုး....။
”ဒီမှာလသာတာကိုခံစားရတာသိပ်မထူးဆန်းဘူး..။ ဟိုမှာ လသာရက်ဆို သိပ်ကြည်နူးစရာ ကောင်းတယ်..။ ငါ့ကို ပေးထားတဲ့ အိမ်ကရွာစွန်မှာ...။ ညညဆိုကလေးတွေကငါ့အိမ်လာကြတယ်..။ စာလည်းကျက်ရင်း၊ ထွေရာလေးပါးလည်း ပြောကြရင်းပေါ့...။ အဲဒီ့ညကလသာတော့ ကလေးတွေ ထုတ်ဆီးတိုးတမ်း ကစားကြတယ်..။ အားလုံး ဆူဆူညံညံ ပျော်ပျော်ရွှင်ရွှင်ပဲ..။ အဲဒီ့အချိန်မှာ ဒီကောင်ကြီးကိုတွေ့တာပဲ...။ ကြောက်စိတ်ကိုဖယ်ပြီးပြောရရင်တော်တော်လှတဲ့ကျားကြီး..။ အမွှေးတွေက ရွှေရောင်တောက် တယ်လို့လည်းပြောလို့မရဘူး..။ ဘယ်လိုပြောမလဲ....လရောင်အောက်မှာလက်လက်ခါနေတာ...။ ခဏပါပဲ ငါတို့ဘက်ကို တစ်ချက် ဝေ့ကြည့်ပြီးတောထဲပြန်ဝင်သွားတာ...။ ကလေးတွေကပြောတော့တစ်ခါတစ်ခါလမ်းမှားပြီး ရောက်လာတတ်တယ်တဲ့..။ သမင်တို့ ၊ ဒရယ်၊ ဂျီ တို့ လဲ မြင်းဖူးကြတယ် ပြောတယ်..”
”မင်းရော မြင်ဖူးလား..”
”သမင်တော့ မမြင်ဖူးဘူးကွ..။ ဂျီပဲ မြင်ဖူးတယ်..။ အဲဒါကလဲ ဂျီပေါက်လေးပါ..”
လင်းလင်းက ပြုံးဖြီးဖြီးနဲ့ မေးတယ်..။
”ရွာက လုံမ လှလှလေးတွေကော တွေ့ ခဲ့ ရဲ့ လား..”
မထင်မှတ်ပဲ စိုးမြင့်က မျက်နှာထား တင်းတင်းနဲ့ ပြောတယ်..။
”လှတာမလှတာငါနဲ့မဆိုင်ပါဘူး..။ ငါက ဆရာပဲ..။ ဆရာဆိုတဲ့ ဂုဏ်သိက္ခာနဲ့ ညီအောင် နေရမှာပဲ..။ တွဲဖက်ဆရာ ၀င်လုပ်နေပေ မယ့် ဆရာဆိုတဲ့ ဂုဏ်ကို ထိန်းရမှာပဲ..”
လေသံနည်းနည်းမာလာတဲ့စိုးမြင့်ကို ပြေရာပြေကြောင်း လိုက်ပြောပေးရတယ်..။ လောလောဆယ် စကားဝိုင်းကို စိတ်ဝင်စား ဖွယ်အကြောင်းအရာတွေနဲ့ထိန်းထားတာ သူမဟုတ်လား..။ ကိုယ် မသွားနိုင်ဘဲနဲ့ အတွေ့ အကြုံတွေ ကြားရတာ ကျေးဇူး တင်စရာပေါ့..။
နောက်ပိုင်းသူပြောသွားတဲ့တောင်တက်တဲ့အကြောင်းတွေ၊ ချောင်းထဲမှာငါးလိုက်ဖမ်းတာတွေ၊ လျှိုမြောင်ကြီးထဲက ခက်ခက်ခဲခဲ တည်ထားရတဲ့ဘုရား ၊သဘာဝအလျှောက်ဖြစ်နေတဲ့ကျောက်လှိုဏ်ဂူ စတာတွေလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်..။ ကျွန်တော်တို့ တစ်အုပ်စုလုံး ပုတ်သင်ညို လုံးလုံးကို ဖြစ်လို့ ..။
အဲဒီ့နေ့ကစကားဝိုင်းက အတော်ညဥ့်နက်မှ ပြီးသွားတယ်....။ စိုးမြင့်ကတော့ပြောလို့ ဝပုံတောင် မပေါ်ဘူး..။ သူ့ သွင်ပြင် က ကျေနပ်ရိပ် ၊ ပျော်ရွှင်ရိပ်တွေ အထင်းသားနဲ့ ...။ ဒီကောင်တော်တော် ပျော်နေပုံရတယ်...။
*****************
နှစ်နှစ်ဆိုတဲ့အချိန်ကို ကျော်လွန်သွားချိန်မှာ ကျွန်တော်တို့ တက္ကသိုလ်ဝင်ခွင့်တွေ ကျလာတယ်...။ တစ်အုပ်စုလုံး သင်္ချာကျပေမယ့်ပေမယ့် စိုးမြင့်ကတော့ မြန်မာစာ အဝေးသင်နဲ့ လိုင်းကွဲထွက်သွားတယ်..။ ကျွန်တော်တို့ နဲ့ လဲ သိပ်မတွေ့ဖြစ်ဘူး.။ ရွာမှာဆရာပဲဆက်လုပ်နေတယ်လို့ ပြောတယ်..။ ပထမနှစ် တက်နေတုန်း သူနဲ့ တွေ့ တော့ ဒီကောင် တော်တော်ပိန်သွားတယ်...။ ကျန်းမာရေးတောင် ကောင်းရဲ့ လားမသိဘူး..။ ဒါပေမယ့် စကားကတော့ ပြောနိုင်နေတုန်းပဲ...။
           သူ့ ရွာကလေးကိုစည်စည်ကားကား ဖြစ်လာဖို့ ကြိုးစားနေတဲ့အကြောင်း ၊ကျောင်းမှာကျောင်းသားတွေ များလာကြောင်း ၊ ရွာနီးချုံစပ် တွေကပါ လာတက်တဲ့အကြောင်း ၊ဆရာ အင်အားများလာရင် ဒီ့ထက်ပိုကျယ်ပြန့် မှာ ဖြစ်တဲ့အကြောင်း ပြောသွား လိုက်တာ ရေပက် မ၀င်....။ ကျွန်တော်လည်း တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ သူ့ ကိုကြည့်ပြီး နည်းနည်းတော့ အားကျမိတယ်...။ ကျွန်တော်တို့ က ဘာမှ ရေရေရာရာ မရှိလှဘူးမလား။
**************
            ဒီစကားပြောတဲ့သူသာမ၀ါ မဟုတ်ရင် ကျွန်တော် ယုံမိမှာ မဟုတ်ဘူး။ အခုတောင် ဇဝေဇ၀ါနဲ့ ...။ လင်းလင်းလဲ ကျွန်တော့် လိုပဲတအံ့တသြ ငြိမ်သက်လို့ ..................။
         ကျွန်တော်တို့ နှစ်ယောက်လက်ဘက်ရည်ဆိုင်ကိုသွားဖို့ ထွက်လာကြတာ။ လမ်းမှာ မ၀ါနဲ့ တွေ့ တော့ ” စိုးမြင့်ကြီးရွာမှာ ပဲလား”လို့အမှတ်မထင်မေးဖြစ်လိုက်တာ။ မ၀ါကစိုးမြင့်အစ်မလေ။ ဒီမှာတင်ခပ်ယဲ့ယဲ့အမူအရာနဲ့ မ၀ါပြောတာကို ကျွန်တော် တို့ကြားလိုက်ရတာပဲ။
”စိတ်ကျန်းမာရေးဆေးရုံမှာ...........အိမ်မှာထားလို့ မဖြစ်တာနဲ့ ဆေးရုံပဲ ပို့ လိုက်ရတယ်..”
                 ရုတ်တရက်ကျွန်တော်တို့သဘောမပေါက်ကြဘူး.။ ကျွန်တော်တို့နဲ့တွေ့တဲ့အခေါက်ကတောင်အကောင်းကြီးပဲမလား.။ မ၀ါကိုပဲ နီးရာ လက်ဘက်ရည်ဆိုင်ထဲ ၀င်ထိုင်ကြပြီး ဇာတ်ရည်လည်အောင် မေးရတယ်။
”ကောက်ကာငင်ကာကြီး ဘာဖြစ်တာတုန်း မ၀ါ ”
မ၀ါက နွမ်းဖျော့ဖျော့ အသက်မပါသလို ပြုံးတယ်...။
”ကြာပြီပဲ ကျော်ကျော်..။ သုံး လေး နှစ်လောက်ရှိပြီ။ သူဆရာ သွားလုပ်တဲ့ရွာကစတာပဲ။ အဲဒီ့ရွာ ပြဿနာနဲ့  နင့်သူငယ်ချင်း ဒီလိုအခြေအနေရောက်တာပဲ..”
”နေပါဦး....မ၀ါ..။ ရွာနဲ့ သူနဲ့ က အကုန်အဆင်ပြေတယ်မလား.......။ သူတောင်ပျော်နေသေးတဲ့ဟာ..”
”ဒါ..သူပြောတာမလား....။ သူကိုယ်တိုင်လဲထင်ယောင်ထင်မှားတွေဖြစ်နေတာလေ။ အေးလေမ၀ါတိုအပြစ်တွေလဲ ပါတာပေါ့...”
”ကျော်ကျော်တို့ သိတဲ့အတိုင်း.....မောင်လေးက ဆရာအလုပ်ကိုသိပ်ဝါဿနာကြီးတာ။ ဒါကြောင့် သူအလုပ် လုပ်မယ်ဆိုတော့ မ၀ါတို့မတားခဲ့ဘူး။ လိုအပ်မယ့်ပစ္စည်းတွေတောင်စုစည်းထုပ်ပိုးပေးလိုက်သေးတယ်.။ စာသင်ဖြစ်တော့လည်း တော်တော်ပျော်တဲ့ အကြောင်းတွေပြောတယ်။ သူကကလေးတွေနဲ့နေရရင်ပျော်နေတာဆိုတော့ကလေးတွေကလည်း သူ့ ကိုချစ်ကြတယ်....”
”သန္တာဆွေဆိုတဲ့ကောင်မလေးကရွာမှာစတားလို့ပြောရမလား.......ပိုက်ဆံရှိတော့သြဇာရှိတယ်ပေါ့ဟယ်။ မောင်လေးကို ငှားတဲ့ အတွက်လဲသန္တာဆွေတို့မိဘတွေကပဲရွာအတွက်စိုက်ထုတ်ပေးကြတာလေ။ စားရေးသောက်ရေးလည်း သူတို့ ကပဲ စီစဉ်ပေး တာပေါ့။ ဒီတော့.....သန္တာဆွေနဲ့ သူနဲ့ ကတပူးတွဲတွဲပေါ့.။ စိုးမြင့်က ဒီမှာလည်း မိန်းကလေးသူငယ်ချင်းတွေနဲ့ အတူသွားလာ ရယ်မောပြောဆို နေ တတ်တော့အထွေအထူးမတွေးမိဘူးပေါ့။ ဒါပေမယ့် ကျော်ကျော်ရယ်.....ရွာဆိုတာမြို့ပြလိုမှမဟုတ်ဘဲ။ အတူသွားလာ နေကြ တော့  သရိုးသရီပြောကြတော့တာပေါ့....”
”ဘယ်တော့စားရမလဲ....မြို့ပြန်ရင်လိုက်သွားတော့မှာလား...ဘာလားနဲ့ကောင်မလေးကိုစကြပြောင်ကြတယ်ဆိုပဲ။ သူကတော့ မသိဘူးလေ။ ရွာကလူတွေကလည်း သူ့ ဆိုလေးစားကြတော့ သူ့ ရှေ့ မနောက်ကြဘူးပေါ့။ နဂိုကတည်းက ငြိတွယ်ချင်ချင်.... ပတ်ဝန်းကျင်ကလည်းဘေးတီးတော့ ကောင်မလေးကသူ့အပေါ်မျှော်လင့်နေရှာတာပေါ့။ ဘယ်တော့ဖွင့်ပြောမလဲဆိုပြီး စိတ်ရှည် ရှည်နဲ့စောင့်နေရာကနောက်ဆုံးမှာမမြိုသိပ်နိုင်တော့ဘူးထင်ပါတယ်။ မောင်လေးကိုစာပေးရော.......”
          မ၀ါကမောသွားဟန်နဲ့ရေနွေးတစ်ခွက်ကို့သောက်တယ်.။ ပြီးနဖူးကချွေးစက်တွေကိုခပ်ကြမ်းကြမ်းသုတ်တယ်။ မ၀ါ သွင်ပြင်က စိတ်မချမ်းမြေ့တဲ့ ပုံအထင်းသားပေါ်လို့ နွမ်းလျနေတယ်.........”
”ဒီတော့မှ..............နင်တို့သူငယ်ချင်းပြူးပြူးပြာပြာဖြစ်သွားတယ်လေ။ သူက ဆရာဆိုတဲ့ ဂုဏ်သိက္ခာကို သိပ်တန်ဖိုးထားတာ မလား။ သူ့အလွန်ဖြစ်မှာကြောက်ပြီးကောင်မလေးမိဘတွေဆီအဲဒီ့စာသွားပြတယ်။ နဂိုကတည်းကလည်း ရင်းနှီးနေကြတော့ တိုင်ပင်တဲ့ သဘောထင်ပါတယ်။ ကောင်မလေးကငယ်သေးလို့စိတ်ကစားနေတာပေါ့...သူက ဒီလိုထင်ပြီး ပြောပြတယ်.....”
        ကျွန်တော် စိတ်ထဲကနေ တစ်ချက် ကျိန်ဆဲ လိုက်တယ်။ ညင်ညင်သာသာ ဖြေရှင်းလို့ ရတဲ့ ကိစ္စ တစ်ခုကို ဒီလိုလုပ်ရသလား။ လင်းလင်း လည်း မျက်လုံးပြူးသွားတယ်.။
”သန္တာဆွေ့ မိဘတွေက အရမ်းရှက်သွားကြတယ်....ကောင်မလေးကို ဆုံးမတာတဲ့ဟာ..တိုင်မှာကြိုးတုတ်ပြီးကို ရိုက်ကြတာ။ ဘယ်သူမှလည်း မဆွဲရဲကြဘူး။ အဲဒီ့နေ့ က သန္တာ့ဆွေ့ ကို နောက်ဆုံးမြင်ရတဲ့နေ့ ပဲ။ ကောင်မလေး....ကောင်မလေးဟာ ပိုးသတ်ဆေးတွေယူသောက်ပြီး.......သေ သွား ခဲ့ တယ်။ မသေခင်မှာဆရာလေးအတွက် ဆိုပြီးစာတစ်စောင် ရေးထားခဲ့သေး တယ်.....တစ်ရွာလုံးအုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားတာပေါ့...သေမှုသေခင်းအတွက် မြို့ ကတောင်ဆင်းစစ်ကြတယ်....”
”အဲဒီ့က ပြန်လာပြီးကတည်းက စိတ်အခြေအနေ မူမမှန်တော့တာပဲ။ မ၀ါတို့ ကလည်း သူစိတ်ချမ်းသာရင် ပြီးရော ရွာကလေး မှာ မောင်လေးဘယ်လိုနေခဲ့တာ။ ဘယ်လိုပျော်စရာကောင်းတာတွေပြောပြကြတယ်။ အဲဒါကို ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး တွေ့  သမျှလူ လိုက်ပြောတော့တာပဲ။ သူ့ စိတ်ထဲမှာ အခုထက်ထိ ရွာမှာ ဆရာလုပ်နေရတုန်းလို့ ထင်တယ်။ အရင်ကအခြေအနေ သိပ်မဆိုးတော့လူတကာလည်း မသိအောင် အိမ်မှာပဲ ကျိတ်ကုနေတာ။ အခုတော့မူမမှန်တဲ့ အချိန်တွေများလာတော့ ဆေးရုံပဲ ပို့ထားလိုက်ရတယ်...ကျော်ကျော်ရယ်.........”
*****************
               မ၀ါနဲ့ တွေ့ ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ စာမေးပွဲ ဖြေနေတာနဲ့  စိုးမြင့် ဆီ မရောက်ဖြစ်ကြဘူး။ တစ်ပတ်ကျော်   လောက် ကြာပြီးမှ ကျွန်တော်နဲ့ လင်းလင်း စိုးမြင့်ဆီ သွားဖို့ ပြင်တယ်။ သူ့ အိမ်ဖုန်းဆက်ကြည့်တော့ အိမ်ပြန်ခေါ်ထားတယ် ဆိုတာနဲ့  အိမ်ကိုပဲ တန်းသွားလိုက်ကြတယ်။
               အိမ်ပြန်ရောက်နေတယ်ဆိုတော့ အခြေအနေ ကောင်းလို့ ပဲ ဖြစ်မယ်...။
            အိမ်ရောက်တော့စိုးမြင့်အမေကြီးကအခန်းထဲမှာတဲ့။ လိုက်ပို့ တယ်။ ဒီကောင်ကတွေ့တွေ့ခြင်းပဲ ”ဟာ..ဖေကြီးကျော်” တဲ့။ ကျွန်တော်တို့ကိုမှတ်မိသေးတယ်။ သူကတောင်လင်းလင်းကိုတပြန်ကြီး ပြောနေသေး.......။
”မင်း..ကွာ..ပျောက်ချက်သားကောင်းလိုက်တဲ့....”
            ထူးခြားတာကအရင်လိုစကားများများသိပ်မပြောတော့ဘူး။ သူ့ရွာအကြောင်း...ကျောင်းအကြောင်း.......ဘာတစ်ခွန်းမှ မပြောဘူး။ သူ့ကိုကြည့်ရတာမျက်တွင်းချောင်ကျနေတာကလွဲရင်လန်းလန်းဆန်းဆန်းတော့ရှိတယ်။ စားပွဲခုံက ပန်းအိုးထဲမှာ စံပယ်တွေ ဖွေးဖွေးကို လှုပ်လို့ ......”
ခုံပေါ်မှာ စံပယ်တစ်ပွင့်နဲ့ ခရေတစ်ကုံး......။
”စံပယ်တွေ ၀ယ်ထားတာလား” လို့ မေးတော့ ခေါင်းယမ်းပြီး ”စမ်းချောင်းဘေးက ခူးထားတာ ” တဲ့.......။
               ကျွန်တော်စိတ်မကောင်းဖြစ်မိသွားတယ်။ လင်းလင်းလည်းမျက်နှာသိပ်မကောင်းလှဘူး.။ နောက်တော့ ကျွန်တော်တို့   ထွေရာလေးပါး တွေပြောကြတယ်။ အဆီအငေါ်တည့်တာကတည့်..... မတည့်တာကမတည့်....နဲ့ ပေါ့။ သူ့ကြည့်ရတာ ကျွန်တော် တို့ ရောက်လာ လို့ပျော်နေပုံတော့ရတယ်။ လက်ဘက်ရည်ဆိုင်သွားထိုင်ကြမယ် လုပ်နေလို့ဖျောင်းဖျရသေးတယ်။ အမှတ်မထင် စားပွဲပေါ် က စံပယ် တစ်ပွင့်နဲ့ခရေတစ်ကုံးကို လက်လှမ်းမိတော့ ပျာပျာသလဲတားတယ်။ မင်း ဘာလုပ်မလို့ လဲမေးတော့။
”ဟင့်အင်း....ဒါ သန္တာဆွေပန်ဖို့ ” တဲ့...
            ကျွန်တော့်ရင်ထဲမှာဒိန်းကနဲဖြစ်သွားတယ်။ လင်းလင်းလည်းအကြောင်သားနဲ့ စိုးမြင့်ကို ငေးကြည့်နေတယ်။
            စိုးမြင့်မျက်ဝန်းမှာမျက်ရည်တွေချက်ချင်းဝေ့သီလာတယ်။ သူ့ပုံကြည့်ရတာငိုချလိုက်တော့မလိုပဲ။ ဒါပေမယ့် သူ မငိုပါဘူး။ အခန်းအပြင်ဘက်ကိုတွေတွေငေးငေးစိုက်ကြည့်နေရာကဆွေးဆွေးမြည့်မြည့်နဲ့တစ်လုံးချင်းပြောတယ်။
”အခုချိန်ဆို....စမ်းချောင်းဘေးမှာ စံပယ်တွေပွင့်နေကြပြီ...
             ကျွန်တော်နဲ့ လင်းလင်းဆွံ့အနေသူတွေလို စိုးမြင့်ကိုငေးကြည့်နေကြတယ်။ စိုးမြင့်ကမျက်ရည်မကျဘဲ တစ်ချက်ရှိုက်ပြီး ဗလုံးဗထွေးနဲ့ ပြောတယ်။
”ငါ..က..သူ့ ကို ကောင်းစေချင်လို့ ပါကွာ.....” တဲ့
            စိုးမြင့်ကြည့်ရတာအသိစိတ်ဝင်တစ်ချက်.မ၀င်တစ်ချက်နဲ့။ သူပြောတဲ့စကားတွေတောင်သူကိုယ်တိုင်သိပုံမရဘူး။ ဒါပေမယ့် ကျွန်တော် ကတော့တစ်ခုခုကို သိလိုက်ရသလိုပဲ။ စကားလုံးကြီးကြီးတွေ ပြောတတ်တဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ရင်ထဲကို ကျွန်တော် မြင်လိုက်ရတယ်...။
           အချိန်တွေအများကြီးကြာသွားတဲ့အထိကျွန်တော်တို့တတွေစကားမပြောဖြစ်ကြဘူး။ စိုးမြင့်ကပန်းတွေကို ကျွန်တော့် လက်ထဲ ထည့်ရင်း ငိုင်တွေတွေနဲ့ ပြောတယ်။
”ငါ....ရွာ မပြန်ဖြစ်သေးဘူးကွာ....မင်းပဲ သန္တာဆွေ့ ကိုတွေ့ ရင် ပေးလိုက်...”
ကျွန်တော် ခေါင်းမညိတ်..ခေါင်းမခါ ဖြစ်ဘူး......။
***************
            ကျွန်တော်တို့ ပြန်လာတော့ကောင်းကင်ဟာညို့နေပါပြီ.။ လျှပ်ပန်း..လျှပ်နွယ်တွေတပြက်ပြက်လက်လို့။ အရှေ့ အရပ်ဆီ က မိုးသံလေသံ တခြိမ်းခြိမ်းကြားရတယ်။
           ကျွန်တော့်ရင်ထဲမှာတစ်ခုခုကိုဘ၀င်မကျသလို.....သန္တာ့ဆွေကိုလား.....စိုးမြင့်ကိုလား..သူ့အိမ်ကလူတွေကိုလား။ ကျွန်တော် ကိုယ်တိုင်လဲ ဘာရယ်အသေအချာမသိဘူး။ မည်းမှောင်နေတဲ့ကောင်းကင်ကိုမော့ကြည့်ရင်းကျွန်တော်တွေးမိတယ်။
ပတ်ဝန်းကျင်ဆိုတာလူတစ်ယောက်ရဲ့ဘ၀ကိုပြောင်းလဲပစ်နိုင်လား။ ဂုဏ်သိက္ခာ..ကိုယ်ကျင့်တရား..စတာတွေကကော ဘ၀ကို ဘယ်လောက်ထိလွှမ်းမိုးချုပ်ကိုင်ထားနိုင်သလဲ။ ကျွန်တော်ထင်ပါတယ်။ ဘ၀မှာလိုအပ်တဲ့ ကိုယ်ကျင့်သိက္ခာစောင့်စည်းမှုဆိုတာ ရှိနိုင်သလို.......မလိုအပ်တဲ့ကိုယ်ကျင့်သိက္ခာ စောင့်စည်းမှုလဲ ရှိ နေနိုင် တာ ပဲ။
              ဆုံးဖြတ်ချက်တစ်ခု...အတွေးအခေါ်တစ်ခု...မှားယွင်းမိရုံနဲ့ပတ်သတ်ဆက်နွယ်နေတဲ့လူတွေရဲ့ဘ၀ကျွမ်းထိုးမှောက်ခုံ ပြောင်းလဲ သွားခြင်းဟာ တကယ်တွေးကြည့်ရင်...................။
          ကျွန်တော် သက်ပြင်းကိုပဲ လေးလေးပင်ပင် ချလိုက်ရတယ်။ ဖတ်ဖူးခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲကလို “ ဘာတွေမှားယွင်း ခဲ့လို့ ....ဘာတွေဖြစ်ပျက်ခဲ့သလဲ.....” ဆိုတဲ့စာတစ်ကြောင်းကိုပဲ အပြန်ပြန်အလှန်လှန် ရေရွတ်မိတယ်။
           မိုးတွေကတဖွားဖွားကိုယ်ပေါ်ကိုကျလာတယ်။ လမ်းလေးဝဲယာကသစ်ပင်ပျိုတွေဟာ လအရှိန်နဲ့ယိမ်းနွဲယမ်းခါ နေတယ်။   အေးမြလှတဲ့ မိုးရေတွေအောက်မှာကျွန်တော်တို့ နှုတ်ဆိတ်စွာနဲ့ပဲခပ်သွက်သွက်လျှောက်နေကြတယ်။ ဖြစ်နိုင်ရင် ကမ္ဘာပေါ် မှာ ရှိတဲ့ အမှားအယွင်း တွေ အားလုံးသည်းကြီးမည်းကြီးရွာချနေတဲ့ မိုးစက်တွေရဲ့အောက်မှာ အကုန်လုံး ကင်းစင် လွင့်ပျောက် သွားစေ ချင်ပါတယ်။
ကျွန်တာ့်လက်ထဲကခရေတစ်ကုံးနဲ့စပယ်တစ်ပွင့်ကတော့မိုးစက်တွေအောက်မှာရှိနေဆဲပါ။                                   
ရွှေအိမ်စည်
(စကားဝါပန်းတို့ရဲ့ဒိုင်ယာရီစာမျက်နှာများ၊၂၀၁၃ နိုဝင်ဘာ)
4 comments:
  1. ဖတ်သွားခဲ့တယ်..မ။
    YNT
    ReplyDelete
  2. ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ် သူသူ။ “ဘ၀မှာ လိုအပ်တဲ့ ကိုယ်ကျင့်သိက္ခာစောင့်စည်းမှုနဲ့ မလိုအပ်တဲ့ကိုယ်ကျင့်သိက္ခာစောင့်စည်းမှု” ဆိုတဲ့ စာသားလေးက စိတ်နားထဲမှာ ပဲ့တင်ထပ်ခဲ့တယ်။
    ReplyDelete
  3. My favorite one so far. မနက်စောစောမှာ စာကောင်းကောင်းလေးတပုဒ်ဖတ်ရလို့ ကျေးဇူးပါအိမ်စည်ရေ။
    ReplyDelete
  4. စကားဝါပန်းတို့ရဲ့.... စာအုပ်မှာ ဖတ်ဖြစ်ကတည်းက အရမ်းသဘောကျတယ်။
    ဖတ်ပြီး ရင်ထဲဆို့နင့်သွားတယ် အမ။
    ချစ်ခင်လေးစားစွာဖြင့်
    ညီမငယ်
    ReplyDelete