Friday, December 3, 2010

ဒိုင်ယာရီ (Dec' 3,2010)




ဗုဒ္ဓဟူးနေ့က တွေ့ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က ဒီမနက်ရုံးကိုရောက်လာတယ်။ ပြီးတော့ အလုပ်လျှောက် လွှာ တွေယူသွားတယ်။ NGO တဲ့။ ဘာ NGO လဲ၊ ဘယ်မှာလုပ်ရမှာလဲ၊ ဘယ်လိုနေရာလဲ.. .မမေးဖြစ် လိုက်ဘူး။ ဆက်သွယ်ရန် ဖုန်းနံပါတ်ကလည်း သူက သူ့ဖုန်းနံပါတ်ပဲထည့်ပေးလိုက်မယ်တဲ့။ ဘာမှ ထွေထွေ ထူးထူးမပြောမိဘူး။ အခုနောက်ပိုင်း ကံကြမ္မာကိုပဲ ပုံချယုံတတ်တာ များနေပြီ။ မျှော်လင့်ချက်ဆိုတာလည်း သိပ်မရှိသလိုပဲ။ ဟိုးးးအရင်ကတော့ အားမာန်တွေရှိခဲ့ဖူးတယ်။ ယုံကြည်ချက်တွေ ရှိခဲ့ဖူးတယ်။ အောက်   ခြေသိမ်း အလုပ်မျိုးစုံ လုပ်နေခဲ့ရပေမယ့် ၀မ်းမနည်းခဲ့ဘူး။ လူဆိုတာ နိမ့်ရာကနေ တဖြေးဖြေးမြင့် လာနိုင်တာပဲ။ အတည်တကျ မဟုတ်လည်း တစ်နေ့ အတည်တကျ ဖြစ်လာနိုင်တာပဲ ဆိုပြီးး........။

  ဒါပေမယ့် အခြေကျမလိုလို ဖြစ်လာပြီးမှ အစကနေပြန်စရတဲ့အခါ ရှိခဲ့ဖူးတဲ့ အားမာန်တွေ၊ ယုံကြည်ချက် တဖြေးဖြေး လွင့်စင်ကုန်ပြီ။ Depression လား.....ဒီလောက်တော့လည်း မဟုတ်သေးဘူး။ ရယ်နိုင်မောနိုင်   နေသေးတာပဲ၊ စားနိုင် အိပ်နိုင်နေသေးတာပဲ (ကိုယ်အလေးချိန်တောင်တက်လာသေး)။ အနာဂတ်ကို မယုံကြည်တော့တာ...အင်းးး ပြောရရင် ကိုယ့်ကိုကိုယ် မယုံကြည်တော့တာ။ "ငါ ဘာတွေလုပ်နိုင်သလဲ" "ငါ ဘယ်အထိရှေ့ဆက်နိုင်သလဲ" တစ်ခါတလေ မဟုတ်ဘူး။ အမြဲတွေးမိနေတယ်။ 

အဖြေထွက်သလားဆိုတော့ ဗလာသက်သက်ဖြစ်နေတယ်။ ဦးနှောက်က ဗလာ၊ ခံစားချက်က ဗလာ၊ နှလုံး သားက ဗလာ... တစ်ချိန်က ရူးလုမတတ် ချစ်ခဲ့ဖူးတဲ့သူကိုလည်း   အေးစက်စက်ပြုံးပြနေနိုင်ပြီ ထင်တယ်။ "လွယ်လွယ်ချစ်တတ်ပြီး လွယ်လွယ်မုန်းတတ်သလား" တဲ့ မဆီမဆိုင် လူတစ်ယောက်က လာမေးနေသေး တယ်။ ဒါကိုလည်း အေးစက်စက်ပြုံးနေရုံကလွဲပြီး
ဘာမှပြန်ဖြေမနေတော့ဘူး။ လူတစ်ယောက်ရဲ့ညီမျှခြင်းဘေးမှာ ကိုယ့်အထင်၊ ကိုယ့်အမြင် နဲ့ကိုယ် လွတ် လပ်စွာ ရေးမှတ်ခွင့် ရှိတာပဲ မဟုတ်လား။ ကိုယ့်ကိုကိုယ် မှန်ရှေ့ရပ်တာကိုတောင် မမြင်ချင်တဲ့ နောက်   တော့ ဘယ်သူ့ဘယ်သူကိုများ ထူးပြီးဂရုစိုက်နေရဦးမှာလဲ။ ရုံးဖုန်းအနက်ရောင်လေးကို အဓိပ္ပာယ်မဲ့   ငေးစိုက်ကြည့်နေမိတယ်။ ကိုယ့်နာမည်ခေါ်သံကို မျှော်လင့်မိတာလား။ ပြီးမှ ခပ်ကြောင်ကြောင် ပြုံးမိ တယ်။ ကိုယ့်အပေါ် ဖြူဖြူစင်စင် မေတ္တာထားပေးခဲံကြတဲ့သူက လက်ချိုးရေရင်တောင် လက်တစ်ဖက်မှ မပြည့်တာ။ ကိုယ့်လို အားနေကြတာလဲ မဟုတ်။ နေပါဦး...ကိုယ်ကကော ဘယ်သူတွေအပေါ် ဘယ်   လောက်ကောင်းခဲ့လို့ ဘယ်သူ့တွေဆီက ဘာတွေကို မျှော်လင့် နေတာလဲ.......။ 

ဒီတစ်ခါတော့  ခေါင်းမော့ပြီး   ကျယ်ကျယ် ရယ်မောလိုက်တယ်။ ဗလာသက်သက်ဆိုတဲ့ မိန်းမ တစ်ယောက် က အလွမ်းဆိုတာကိုများ ထိတွေ့နေတာလား ??????????     ကောင်းကင် ကို မော့ကြည့် လိုက်တော့ တိမ်စိုင်တွေ လွင့်မျောနေတာကို တွေ့တယ်။ ကိုယ်ဟာ တိမ်စိုင်နဲ့ တူတယ်။ ကောင်းမြတ် သီချင်းထဲကလို "မျောလွင့်နေတဲံတိမ်" ပေါ့။ လေညင်းတိုက်တိုက်၊ လေပြင်းတိုက်တိုက် အမြဲ လွင့်မျော   နေတာပဲ။ တချို့က ပြောတယ် ကိုယ်က တစ်လမ်းမောင်း တဲ့။ ကိုယ့်ကို အရမ်းချစ်တဲ့ ညီမလေးက မသိ မသာပြောတယ်။ တစ်ခါတလေ ရောတောရှိ လုပ်ပေးပါတဲ့။ ရောတောရှိ ဆိုတာ ဘာလဲ သူ့ကို ပြန်မေးရင် သူပြုံးနေမယ်ထင်တယ်..။သူသူလေး ရယ်လို့များညည်းတွားနေမလား...။တစ်ခါတလေ ရူးချင်ယောင်   ဆောင်ရတာ ပျော်စရာကောင်းပါတယ်။ ဟန်မဆောင်တတ်တာ ကောင်းသလား၊ မကောင်းသလား အခုထက်ထိ ကိုယ်မတွေးတတ်သေးဘူး။စိတ်ထဲရှိသလို ပြောချလိုက်၊ ပြုမူလိုက်...ဒါကလည်း သင့်မသင့် ကိုယ်ဝေခွဲမရသေးဘူး။ ဟိုးးအရင်က "Cry on my shoulder" ဆိုတဲ့သီချင်းတစ်ပုဒ် သီဆိုခဲ့ဖူးတယ်။

 အခုတော့ အဲဒီ့သီချင်းစာသားကိုတောင် ခပ်မေ့မေ့ဖြစ်နေပြီ။ ကိုယ် ငိုရင်ကော..မျက်ဝန်းကို စမ်းကြည့်မိ   တော့ ခြောက်သွေ့နေတယ်။ ငို ခဲ့ ဖူး သ လား....??? ဒါ လည်း မေ့တေ့တေ့ပဲ။ ကိုယ့်အတွေးတွေ၊ အသိဥာဏ်တွေ ခပ်ဝါးဝါးဖြစ်နေတယ်။ ဒါဟာ လမ်းပျောက်တဲ့သူရဲ့ အဖြစ်သနစ်လား။ ပျောက်နေရင် မလျှောက်ရုံပေါ့။ ဘာများဝမ်းနည်းနေစရာရှိလဲ...။ ပုသိမ်မီးက ရုက်တရက် ပျက်သွားတယ်.....။


  ကွန်ပျူတာထဲက Data တွေ Save မလုပ်မိတော့ အကုန်ပျောက်ကုန်ပြီ..။  
 ဘ၀မှာ မီးပျက်သွား ခဲ့ရင်.........။ ။

1 comment:

  1. ငသော်လည်း အဲလိုခံစားဖူးပါတယ် မအိမ်။ ကိုယ်တယောက်တည်းလေ။
    တယောက်တည်းလို့ ခံစားရတာ တခါတလေ နင့်တယ်။
    ဒါပေမယ့် ရပါတယ်။ တယောက်တည်းဆိုလည်း တယောက်တည်းပဲပေါ့။

    ReplyDelete