Wednesday, February 20, 2013

အတ္တပုံဆောင်ခဲများ



ငါတည်ထောင်သော၊ ငါစွမ်းဆောင်သော
ငါ ကြိုးပမ်းသည်၊ ငါ့လုပ်အားသည်
ငါ့ ချွေးစက်တို့၊ ငါ အရင်းတည်သည်
ငါ့ နာမည်နှင့်၊ ငါ့ဂုဏ်ဝင်းသည်
သူတစ်လူ၊ ငါ တစ်မင်း စစ်မခင်းကြနှင့်
ငါ သာလျှင် မင်း ဖြစ်သည်။

ငါ ပေးကမ်းသည်၊ ငါ့ကျေးဇူးရှိသည်
ငါ့ စကားတည်ရမည်၊ ငါ အမှန်ဖြစ်သည်
ငါ မချစ်လည်း ငါ့အပေါ်ချစ်ရမည်
ငါ့ ခြေရင်းဝပ်တွား၊ ငါ့ အာ့းသစ္စာရှိရမည်
သူတစ်ခွန်း၊ ငါ တစ်ခွန်းမငြင်းခုံကြနှင့်
ငါ့ စကားသာအမှန်ဖြစ်သည်။

ငါ ဖြူစင်လျှက်၊ ငါ သာခံရသည်
ငါ စိတ်ထားကောင်းလျှက်၊ တစ်ပါးသူတို့ယုတ်သည်
ငါ ပိုင်ဆိုင်သမျှ၊ တစ်ပါးသူတို့လုယူသည်
ငါ ကြေကွဲသည်၊ ငါ ထိခိုက်သည်
သတ္တလောကတစ်ခွင်လုံး၊ ငါ သာလျှင်သနားစရာဖြစ်သည်
ငါ့ ခံစားမှုသာ အကြီးကျယ်ဆုံးဖြစ်သည်
ငါ သာလျှင်နာကျင်သည်
ငါ ကျိန်ဆဲသည်၊ ငါ့ ကိုထိခိုက်စေသူမည်သူမဆို
ဒုက္ခအမျိုးမျိုးကြုံရစေ။

ငါ မဟုတ်ဘဲ၊ ငါ ရုပ်တွေနှင့်
ငါ စွဲတွေ တွင်တွင်ဆုပ်လို့
အလျှံညီးညီး၊ မီးတွေတောက်ကြ
ငါ......
ငါ............ငါ
ဘယ်အရာကိုများ၊ သူတို့ဖွေရှာ..........။

ရွှေအိမ်စည်

4 comments:

  1. "ငါ" စွဲဆွဲထားသူများ ၊ ပိုင်ဆိုင်ထားသူများကို ရေးထားသော ကဗျာလေး။
    တရားမှတ်မိစေတဲ့ကဗျာလေး။
    တစ်ခါတစ်လေလည်း လရိပ်မှာလဲ ငါဆိုတဲ့ အတ္တတွေ ရှိနေပြန်တယ်။

    ReplyDelete
  2. အတ္တကတော့ လူတိုင်းမကင်းနိုင်ဘူးပေါ့ လရိပ်ရယ်။ ဒါပေမယ့် တတ်နိုင်သရွေ့တော့ ဖျောက်ကြရမှာပလေ :)) ။

    ReplyDelete
  3. ဒီကဗျာလေးဖတ်မိပြန်တော့ “ ငါသည်သာလျှင် ငါ့ဘ၀ရဲ့အရှင်သခင်” ဆို ထားမိခဲ့တဲ့စိတ်တွေလဲ လျော့ချဦးမှ.. :)

    ReplyDelete
  4. ငါ မဟုတ်ဘဲ၊ ငါ ရုပ်တွေနှင့်
    ငါ စွဲတွေ တွင်တွင်ဆုပ်လို့
    အလျှံညီးညီး၊ မီးတွေတောက်ကြ
    ငါ......
    ငါ............ငါ
    ဘယ်အရာကိုများ၊ သူတို့ဖွေရှာ..........။ ။

း)))

    ReplyDelete